• Today is: Sunday, January 29, 2023

ပစ်လို့သေသွားတဲ့အရပ်သားကို ဗျူဟာမှူးက ဖျောက်ဖျက်ပစ်ဖို့ အမိန့်ပေးတယ်

ပစ်လို့သေသွားတဲ့အရပ်သားကို ဗျူဟာမှူးက ဖျောက်ဖျက်ပစ်ဖို့ အမိန့်ပေးတယ်

ကျနော့်နာမည်က xxx ပါ။ ။ ဒီဘက်​ရောက်လာပြီး​နောက်ပိုင်း တော်လှန်ရေးမှာ  ဒီနာမည် နဲ့ပဲ ကိုယ်နိုင်သ​လောက် ဝင်လုပ်​နေပါတယ်။

စစ်တပ်ထဲမှာ ကျနော်က တပ်ကြပ်ကြီး။ CDM မလုပ်ခင်က ကျနော်နောက်ဆုံး ထမ်းဆောင်ခဲ့တဲ့ တာဝန်က လုံခြုံရေး တာဝန်ပါ။ အပြင်မှာ လုံခြုံရေး ယူရတဲ့ တာဝန် ထမ်းဆောင်ခဲ့တာ၊။

xxx ပတ်ပတ်လည်မှာ ကျနော်တို့လုံခြုံရေး ဂိတ်တွေ ရှိတယ်။ ကျနော် အနေနဲ့က ကင်းမှူး ပုံစံမျိုး အကြီးဆုံး အနေနဲ့ နေခဲ့ရတာပါ။

စစ်တပ်ထဲကို စဝင်တာ ၁၂ ရက် ၁လ ၂၀၁၆ ခုနှစ်မှာ။ ကျနော့် စစ်သက်က ၆နှစ်လောက် တာဝန် ထမ်းဆောင်ခဲ့တယ်။ ငယ်ငယ်က ဝါဒမှိုင်းတွေ မိခဲ့တယ်။ တပ်မတော်ကြီးကပဲ အမှန် ကောင်းတယ်လို့ ထင်ခဲ့တာပေါ့။ ငယ်ငယ်က ကလေးဘ၀ တုန်းက ယောင်္ကျားလေးတိုင်း ရဲ့ အိပ်မက်ပဲ။

ပွဲဈေးမှာ သေနတ်တွေ့ရင် တော်တော်များများက ဝယ်ချင်ကြတယ် လိုချင်ကြတယ်။ ဒါ ကျနော် တို့ ယောင်္ကျားလေးတွေ ရဲ့ ဖြစ်ချင်တဲ့ ဆန္ဒထဲက တစ်ခု ပေါ့။ ကျနော် တို့ သိတာက ဘာလဲ ဆိုတော့ ယောင်္ကျား ပီသ တဲ့ သူတွေပဲ စစ်သား ဖြစ်တာပေါ့။ တအား ယောင်္ကျား ပီသချင်တဲ့ ကောင်တွေပေါ့။

ဒီ နိုင်ငံတော် အတွက်ကိုလဲ အကျိုးပြုချင်တယ်။ စစ်သား ဖြစ်တဲ့ အတွက် ပြောရမယ် ဆိုရင် ဂုဏ်ယူခဲ့ရတာတွေ ကိုယ်ကလဲ ဂုဏ်ယူချင်တဲ့ဟာတွေပေါ့။ စိတ်ထဲမှာ သိတာ နိုင်ငံတော် နဲ့ ပြည်သူကို ကာကွယ်မယ်။

အဲဒီ ယူနီဖောင်းကို မြင်တာနဲ့ တအား ဝတ်ချင်တာ။ သူတို့ လျောက်ရင် တအားညီညာနေတာ မိုက်တယ်ပေါ့။ အားကျခဲ့ရတယ်။ ၁၀တန်းအောင်ပြီး တော့လဲ ယောင်္ကျားလေး တော်တော်များများက စစ်ကျောင်းတွေ တက်ချင်ကြတယ် စစ်သား ဖြစ်ချင်ကြတဲ့ အတွေး ရှိတာပေါ့။ ကျွန်တော် တို့တွေက ရိုးရှင်းတယ်။

ဘာလို့ စစ်သား ဖြစ်ချင်လဲဆို  နိုင်ငံတော်နဲ့ ပြည်သူကို ကာကွယ်ချင်လို့ ဝင်ခဲ့တာ။ အဲဒီအထဲ ရောက်မှသာ ဒီတပ်မတော်ကြီးက မကောင်းကြောင်း ဒီတပ်မတော်ကြီးက ဘယ်လို ဖြစ်နေလဲ သိခဲ့ရတာ။ အဲ့ဒီကျမှ ဟာ ငါတော့ သွားပြီပေါ့  အဲဒီလို ဖီလင် တွေ ဖြစ်ခဲ့ရတာပါ။

ကျနော့ဇာတိက xxx  မြို့ကပဲ။ အဲ့တာကြောင့် မို့လို့ပဲ CDM လုပ်ဖြစ်တာ။ ကျနော် က xxxမြို့သား ဖြစ်တယ်။ အဲဒီမြို့မှာပဲ လုံခြုံရေး ယူရတော့ ကျနော့ဆီကို ဝါဒမှိုင်းတွေ မမိဘူးပေါ့။ ကျနော့ကို သူတို့ ပြောချင်တိုင်း ပြောလို့ မရဘူး။ ဘာလို့ဆို အပြင်မှာ ကျနော့ အသိုင်းအဝိုင်း တွေ ရှိတယ်၊ မိသားစုတွေ ရှိတယ်၊ သူငယ်ချင်းတွေ ရှိတယ်၊ သူတို့ဆီက ပြန်ကြားရတာ ရှိတယ်။ အဲတာ ကြောင့်လဲ ကျနော် CDM လုပ်ဖြစ်သွားတာ အဲ့တာလဲ ပါတယ် ။

ကျနော် မှာ မိသားစု ၄ယောက် ရှိတယ်။ အဲဒီမှာ ကျနော် က အကြီးဆုံး။ ကျနော် အောက်မှာ ညီ တစ်ယောက် ရှိတယ်။ ကျနော် အမေ ကတော့ ဆုံးသွားပြီ ။ ကျနော် အမေ က တော်လှန်ရေးကာလ ၄လပိုင်းမှာ ဆုံးသွားတာ အခု တော့ မိသားစု ၃ယောက်ပဲ ရှိတော့တယ်။

ကျနော် တို့က သာမာန် အခြေခံ လူတန်းစားပါပဲ။ ကျနော် ဆိုလဲ ငယ်ငယ်က အမေနဲ့ ရုန်းကန်ခဲ့ရတာ ရှိတယ်။ ဈေးရောင်းပြီးတော့ ရပ်တည်ခဲ့ရတယ်။ တပ်ထဲဝင်တဲ့သူ အမျိုးထဲမှာ မရှိဘူး ကျနော် က တစ်မိပေါက်တစ်ယောက်ထွန်း။ ကျနော် အမေရဲ့ မောင်နှစ်မ နှစ်ဝမ်းကွဲ ဘာညာ ကတော့ တပ်မတော်က အရာရှိကြီးတွေတော့ ရှိတယ် ။ ဒီဘက် အမျိုး ထဲမှာတော့ ကျနော် တစ်ယောက်ပဲ စစ်သား ။

တပ်ထဲဝင်တာကလဲ အဲ့ဒီတုန်းက ကျနော် တို့ ရပ်ကွက်ထဲမှာ စစ်သား ရှားတယ် ။ ကျနော် တို့ ရပ်ကွက်ထဲမှာ စစ်သား ၃ယောက်ပဲ ရှိတယ်။ အဲဒီ ၃ယောက်က တစ်ယောက်က ကျနော့်သူငယ်ချင်းရဲ့ အကို။ သူကကျတော့ အခုဆို ၃ပွင့်ဖြစ်နေပြီ ဗိုလ်ကြီး ဖြစ်နေပြီ။ ကျန်တဲ့ ၂ယောက်က ကျနော့အမေ ရဲ့ မောင်နှစ်မ နှစ်ဝမ်းကွဲ အမျိုးစပ်ရင် တော့ တော်တယ်။

သူတို့ကျတော့ တစ်ယောက်က ဒုဗိုလ်မှုးကြီး အဆင့် တစ်ယောက်က ဗိုလ်မှုး ကြီး အဆင့် အဲတာကြောင့် သူတို့ ပြန်လာရင် ကိုယ်က တွေ့နေတော့ အဲ့တာတွေလဲပါတယ် အားကျအထင်ကြီးတယ်​ပေါ့ ။

အမှန်အတိုင်း ပြောရရင် ၁၀တန်းအောင်ပြီး အမေ ကျနော် DSA ဖြေချင်တယ် ပြောတော့ ဟာ သား မဖြေနဲ့ အမေတို့ စိတ်မချဘူး ဘာဖြစ်လို့လဲဆို DSA က စစ်တိုက်ရတယ် စိတ်မချဘူး တပ်ထဲ မထည့် ဘူး ပြောတယ်။ နောက်ရက်ကျတော့ ဘယ်ကဘယ်လို စိတ်ကူးပေါက်သွားလဲ မသိဘူး ကျနော် တပ်ထဲ ရောက်သွားတယ် ။

ကျနော် အခု တက်ခဲ့တဲ့ ကျောင်း တောင်ကြီး ဟိုပုန်းမှာ ရှိတဲ့ တပ်မတော် ကွန်ပြူတာ နဲ့ နည်းပညာ သိပ္ပံကျောင်းမှာ ကျွန်တော် ၃နှစ် တက်ခဲ့ရတယ်။ အဲ့ဒီ ကျောင်း ရှိတယ်လို့လဲ မသိခဲ့ရဘူး ။ ကျနော်သိခဲ့တာ DSA DSTA DSMA အဲ့တာပဲ သိခဲ့တယ် အဲ့ဒီကျောင်း ရှိမှန်း မသိခဲ့ဘူး အဲ့ဒီတုန်းက ကြေးမုံ သတင်းစာထဲ ပါလာတယ် အဲဒီ သတင်းစာကို ကျနော့် အိမ်က မြင်တဲ့ နေ့ ကျနော့် အတွက် ကံဆိုးတဲ့နေ့ပေါ့။

ကျနော်လဲ အော် ငါ DSA မဖြေရတော့ဘူး ဆို တော့ အပြင်မှာပဲ နေရတော့မယ်၊ အပြင်မှာပဲ ကျောင်းတက်ရတေ့ာမယ် ဆိုပြီး ပေါ့ပေါ့ပါးပါး နေ လိုက် တာပေါ့ ။ ပြီးတော့ ကျနော့် အိမ်က ဗြုန်းစားကြီး နင် ဒီဟာ တက်ပါလား စစ်မတိုက်ရဘူးပေါ့တဲ့။

တကယ်တော့ စစ်တိုက်ချင်တာ မတိုက်ချင်တာထက် အိမ်က စိတ်မချတာလဲ ပါတာပါ။ တကယ်တမ်း ကျနော် တို့ ခံယူထားတာက ဒီထဲကို ရောက်သွားတာနဲ့ စစ်တိုက်ရတာ မတိုက်ရတာ ဘာမှ မဖြစ် တော့ဘူး ကိုယ်က စစ်သား ဆိုပြီး ခံယူလိုက်တော့ ကျနော့် စိတ်ထဲမှာ အဲ့ဒီလို ခံယူချက် တော့ ရှိ တယ်။

စစ်အင်ဂျင်နီယာ ကျောင်း GTI သင်တန်းကျောင်း အဲ့ဒီမှာ တက်ပြီး စစ်တပ်ထဲ ဝင်ဖြစ်သွားတာ။ ကျနော့် အိမ်ကတော့ ဒီဟာမှ ဒီဟာ ဖြစ်သွားတယ် အမေ ရဲ့‌ေဝမ်းကွဲ မောင်နှမတွေ ကတော့ ကောင်း တာပေါ့၊ ငါတို့ ရပ်ကွက်ထဲမှာ စစ်သား ရှားတယ် ဘယ်လိုဖြစ်တယ် ညာလိုဖြစ်တယ်နဲ့ ကျနော့် အိမ်က စည်းရုံးရေး ဆင်းတဲ့ အတိုင်းပဲ စစ်တပ်ထဲကို ရောက်ဖြစ်သွားတာ ။

ကျနော်တို့ ထင်ထားတာ စစ်သား ဆိုတာ နိုင်ငံတော် နဲ့ ပြည်သူ အတွက်၊ ပြောရမယ် ဆိုရင် ကိုယ့်ကို တန်ဖိုးထားမယ် လေးစားမယ် ပေါ့ ။ အပြန်အလှန် Respect ရှိမယ် ထင်ခဲ့တာ။ ပြီးတော့ သွားတက်မယ့် ကျောင်း ကလဲ အဆင့်အတန်း တစ်ခု ရှိမယ် ထင်တာပေါ့။ ဒါ အရပ်သား အတွေးပေါ့ ။ ဟိုရောက်တော့ အဲ့ဒီမှာ ဆိုင်းဘုတ် ရှိတယ်။ သစ္စာ သူရ သိပ္ပ။

လူတစ်ယောက် မှာ သစ္စာ ရှိဖို့ အရေး ကြီးတယ် သစ္စာ ပြု ဖို့ ကတိတည်ရတယ် ကိုယ့်လုပ်ရပ်တွေက မှန်ရတယ်။ အဲဒီလိုတွေတွေ့ပြီး တကယ်လို့ထင်ခဲ့တယ်။ စစ်သားဆို အထင်ကြီး ခဲ့တယ်။ ။ ကိုယ်ကိုတိုင်ကလဲ အဲဒီထဲ ဝင်ရတော့မယ် ဆိုတော့ ငါတို့ စိတ်တွေ ပြောင်းရတော့မယ် အရပ်သားဘ၀ တုန်းက ငါတို့ စစ်သားဖြစ်ရင် ငါတို့ စိတ်တွေ အကုန် ပြောင်းလဲရမယ် ဆိုပြီး စိတ်သစ်လူသစ်နဲ့ ဝင်သွားခဲ့တယ် ။ ဟိုလဲ ရောက်ရော စတာပဲ။

ဒီ စစ်တပ်ကြီးက ထေစောင်းနေတာ။ ထေစောင်းနေတာ။ စစ်တပ် သဘော အရဆို ညစ်ပတ် ပေတူး စုတ်ပြတ် သတ်နေတဲ့ ပုံစံပေါ့။ ထေစောင်း ဆိုတဲ့ သဘောပေါ့ ဘယ်လို သိခဲ့ရလဲ ဆိုတော့  သူတို့ ရဲ့ အပြောတွေ လုပ်ရပ်တွေ။ ဝါဒ ဖြန့်နေတဲ့ စစ်ကားတွေ ကြည့်ပြီး အဲ့ဒီ ကားတွေ နဲ့ တခြားစီ သူတို့ ရဲ့ လုပ်ရပ်တွေ ။ သင်တန်းသားတွေ အပေါ် ပြုကျင့်တဲ့ အမူအရာတွေ တလွဲဖြစ်နေတယ် ။ 

သူတို့က ကျနော်တို့ကို ကျွန်တွေ ပုံစံ သဘောထားတယ်။ ကျနော် တို့ကတော့ နိုင်ငံတော် နဲ့ ပြည်သူ ကို ကာကွယ်မယ် ဆိုပြီး ခါးဆန့် ရင်ကော့ပြီး ဝင်သွားတယ်။ စစ်တပ်ထဲမှာ ရှိတဲ့ သူတွေက ဘယ်လို ထင်လဲ ဆိုရင် ငါတို့ ခိုင်းမယ့် ကောင်တွေ ရောက်လာပြီ ငါတို့ရဲ့ ဝေယျာဝေစ္စ တွေ လုပ်ပေးမယ့် ကောင်တွေ ရောက်လာပြီဆိုပြီး သူတို့က အဲ့လို မှတ်ယူကြတယ် ။

 စစ်သင်တန်းကျောင်းကို သွား တက်တော့ စီနီယာ ဂျူနီယာ စနစ်က ရှိတော့ ကျနော် တို့ ရောက်သွားတဲ့ အချိန်မှာ သူတို့ ကိုယ်တိုင် က တန်းစီပြီး ပြောတာ။ မင်းတို့ ဒီကျောင်းကို ရောက်လာတယ် ဒီကျောင်းမှာ မင်းတို့ ထက် နိမ့်ပါးတာ ဆိုလို့ ဒီမှာ ဘာမှ မရှိဘူး။ မင်းတို့က ဒီစစ်သင်တန်းကျောင်းမှာ ခွေးထက်တောင် နိမ့်တယ်ပေါ့။

အဲဒီလို အပြောခံရတာ ကျနော်တို့ ရင်ထဲမှာတော့ နာတာပေါ့။ အဲဒီကျောင်းမှာ စီနီယာ ဂျူနီယာ စနစ်ဆိုး တွေ ရှိတယ်။ ထိုးကြိတ် ရိုက်နှက်တာ တွေ ရှိတယ်။ နိုင့်ထက်စီးနင်းမှုတွေ ရှိတယ်။ လာဘ်စားမှုတွေလဲ ရှိတယ်။ စာအုပ်ထဲမှာဆို ရပိုင်ခွင့်တွေ ရှိတယ်။ ကာကွယ်ရေး အသုံးစရိတ် တို့ ဘာတို့ တင်တောင်းရတာ။

တကယ်တမ်း ကျနော်တို့ စားရသောက်ရ နေရထိုင်ရတာတွေက တခြားစီပဲ။ စာအုပ်ထဲမှာတော့ အရမ်းကောင်းတယ်။ သင်တန်းသား ဆိုရင် ဥပမာ စားရိပ်သာ မှာဆို မီနူးက အရမ်း လန်းတယ်။ တနင်္ဂနွေကနေ စနေနေ့ အထိကို မီနူး ရှိတယ်။ ဘယ်နေ့ ဆိုရင် ဘာ ဟင်းကျွေးရမယ် အသား ဟင်းက အမြဲပါတယ်။

မီနူးထဲမှာက ကြက်သား ဝက်သား အမဲသားနဲ့ ကြည့်ရင်တော့ အပြင်အရပ်သား တစ်ယောက် ကြည့်ရင်တော့ ဟာ ရှယ်ပဲပေါ့။ မင်းတို့ ထမင်းစားမကောင်းစရာ ဘာရှိလဲပေါ့။ တကယ် တမ်း ကျွေးတော့ ကြက်သားဆို အသားက အတုံးသေးသေးလေး အရသာလဲ မရှိဘူး တချို့ဆို သိုးနေ တာတွေ ရှိတယ်။

ပြီးတော့ ပြောရမယ်ဆို ဂေါ်ဖီထုပ်ဆို အစိမ်းတောင် တို့ပြီး စားကြတာ စားလို့ကောင်းတယ်၊ အဲ့ဒီ စားရိပ် သာ က ဂေါ်ဖီထုပ်ကြော်က ဘယ်လိုမှ စားမရတာ။ ဒီအတိုင်း အစိမ်းလိုက် ချကျွေးလိုက်တာကမှ စားရအုံးမယ် ။ ဒါတောင်မှ ဥပမာ ပေးပြီး ပြောပြတာ လာဘ်ပေးလာဘ်ယူ မှု ဆိုတာ အဲ့ဒါပဲ။

သင်တန်းသားတွေကို ဘယ်လိုကျွေးတယ် ဆိုပြီး အထက်ကို တင်ပြ ပိုက်ဆံ တောင်းတယ်။ ကျနော်တို့ကို ကျွေးတော့ နှစ်ပြားမတန်ဘူး ။ ပြီးတော့ စစ်တပ် အယူတခု ရှိတယ်။ မင်းတို့ ငါပြောသလိုလုပ် ငါ့လိုမျိုး မလုပ်နဲ့။ အဲလို ရှိတယ်။ င့ါလို မလုပ်နဲ့ ဆိုတာ ပြောတဲ့သူ ခိုင်းတဲ့သူက သူ မှားနေတာတော့ သိတယ်၊ သူ့ပါးစပ်က ထွက်သမျှကို မင်းတို့ကောင်တွေ အကုန် လိုက်လုပ် ရမယ်ဆိုတာမျိုး။

အဲဒီ အကျင့်ကို သင်တန်းကျောင်းမှာ ရိုက်သွင်းပေးခဲ့တာ။ ကျနော် တို့ ထင်ခဲ့ တာနဲ့ တခြားစီပဲ နိုင်ငံတော် နဲ့ ပြည်သူ့ အတွက်လို့ ထင်ခဲ့တာ တပ်ထဲ ရောက်တော့ သူတို့ရဲ့ ဝေယျာဝေစ္စတွေပဲ လုပ်ပေးခဲ့ရတယ်။ သူတို့ရဲ့ စိုက်ပျိုးရေး နဲ့ မွေးမြူရေးတွေ လုပ်ပေး ခဲ့ရတယ်။ ဖက်ထိပ် ခေါ်တာပေါ့။

ဖက်ထိပ်ကိုလဲ ကျနော်တို့ရဲ့ သင်တန်သားအချိန်တွေ ထဲက ပေးပြီး သူတို့ အတွက် ပေးဆပ်ခဲ့ရတယ်။ ငါတို့ မျှော်လင့် ထားတဲ့ တပ်မတော် နဲ့ တခြားစီပဲ သွားပြီ ဆိုပြီး ဖြစ်တာ၊ ကျနော်တင် မဟုတ်ဘူး ကျနော့်မိသားစု ပါ သိသွားတယ်။ ဘာလို့လဲ ဆိုတော့ ကျနော့် အဖေ က အစ ပြော တယ်။ ကျနော့် ညီ ၁၀တန်း အောင်တော့ ပိုက်ဆံ ဘယ်လောက်က် ပုံပေး ပုံပေး ငါ့သားကို တပ်ထဲ မထည့်ဘူး ဆိုပြီးပြောတာ။

ကျနော့်တစ်ယောက် ဝင်ပြီးသွားပြီ။ အမှန်တော့ မဖြစ်သင့်ဘူးလေ။ စစ်သား တစ်ယောက် ဖြစ်သွားရင် နောက်ထပ် တစ်ယောက် ငါ့ အကိုတော့ အားကျတယ် ငါ့သားလေး အားကျ တယ် ဆိုပြီး ဖြစ်ရမှာ စစ်တပ် ရဲ့ အမှားကြီးပေါ့ ။ အမှားကြီးတွေကြောင့် အခုလို ဖြစ်နေတာပဲ ။

အဖြစ်မှန်​တွေသိလာ​တော့ တပ်ကထွက်ဖို့ စဥ်းစားလာရတယ်။ နည်းလမ်းရှာရတယ်။ ဒါ​ပေမယ့် တပ်ကထွက်လို့က မရနိုင်ဘူး။ ဘာလို့ ထွက်လို့ မရလဲ ဆိုတော့ စစ်တပ်ထဲ စဝင်မယ်ဆို စာချုပ်ချုပ်တယ် ကြေးမုံ တို့ ဘာတို့မှာ ထည့်တယ်လေ အနည်းဆုံး ၁၀နှစ် တာဝန် ထမ်းဆောင် ရပါမယ် ဆိုပြီး သူတို့ အနေနဲ့ ပါတယ်။ ပထမ ၅နှစ်၊  ၅နှစ် ဆိုပြီး စာချုပ် ချုပ်ရတယ်၊ ၁၀နှစ်ပြီးရင် မင်းတို့ ထွက်ခွင့် ရှိတယ် ဘာညာ ပြောကြ တယ် ။

စစ်တပ်ထဲမှာက ၁၀နှစ်ပြည့်ပြီး ဘယ်မှာလွယ်လွယ် ထွက်လို့ ရလို့လဲ၊ ဘယ်သူ့ကို ထွက်ခွင့်ပေးလို့လဲ စစ်တပ်က ဝင်ဖို့သာ လွယ်တယ် ထွက်ဖို့ တအားခက်တယ် ။ စာချုပ်က ၁၀ နှစ် ချုပ်ထားတယ်။ ကျောင်းဆင်းမယ့် အချိန် Final year ပြီးတော့ မြန်မာတစ်နိုင်ငံလုံး မှာရှိတဲ့ ကျောင်းတွေမှာ စာတွေ ထွက်လာတယ်။ ဘာလဲ ဆိုရင် ၁၀နှစ်ပြည့်လို့ ထွက်တဲ့ အထဲမှာ မင်းတို့ မပါဘူးဆိုမျိုးပါတဲ့စာတွေ။

တကယ်တော့ အဲ့ဒီစာတွေက တစ်နိုင်ငံလုံးမှာ ရှိတဲ့ စစ်တပ်တွေကို ဖြန့်လိုက်တာ။ ၁၀နှစ်ပြည့် လည်း ထွက်ခွင့် မပေးဘူးပေါ့။ စစ်သား ဖြစ်သွားပြီ နိုင်ငံတော် ရဲ့ လိုအပ်ချက်ကအရ မင်းတို့ တာဝန် ထမ်းဆောင်ရမယ် ဆိုပြီး စာတွေ ထွက်လာတယ်။

အစကတော့ ငါတို့ ဝင်ပြီးသွားပြီ မှားတယ်ဆိုပေမယ့်လဲ ၁၀နှစ်အောင့်လိုက်ရင်ရတယ်လို့ မှန်းထားမိတယ်။ စစ်တပ်ထဲဝင်တာ ၁၆ ၊ ၁၇ မှာ ဝင်တယ် ထမ်းဆောင် ပြီးရင် မ ၃၀ မပြည့်ခင်မှာ အပြင်ထွက်မယ် ဆိုပြီး အဲ့ဒီလို စိတ်ကူးတွေလဲ ရှိခဲ့တယ်။ ဟုတ်မှမဟုတ်တာ။

ဒီ တပ်မတော် မကောင်း ကြောင်း ကို ကျနော် တို့က အရင် သိခဲ့ရတာ။ အခုလို ဖြစ်ပျက်မှ တစ်နိုင်ငံလုံးက စစ်တပ် မကောင်း ကြောင်း သိကြတာ။ ကျနော်တို့ က စစ်တပ်ထဲကို စဝင်ကတည်းက တပ်မတော် မကောင်းကြောင်းကို ခါးဆီး ခံခဲ့ရတာ။ အဲလိုတွေ သိနေမှန်းသိလို့ ထွက်မရတာလည်း ပါတယ်။

စစ်သားတွေ မထွက်ချင် အောင် စည်းရုံးတာတွေလဲ ရှိတယ်။ မှားနေရင်တောင် ဒီကောင်တွေ စိတ်ဓာတ် ပျက်ပြီး ထွက်သွားမှာ ကြောက် လို့ မလုပ်ရက် မကိုင်ရက် ဖုံးဖိ ပေးတာမျိုးတွေ ရှိတယ် ။ ဥပမာ အရာရှိ တစ်ယောက်က လာဘ်စားနေတယ်၊ ဒါကို မှားမှန်း သိတယ်။ စစ်တပ်ထဲက ထုတ်သင့်တာ ဒါပေမယ့် မထုတ်ဘူး။ လူအင်အား တွေ နည်းမှာ စိုးတဲ့ အတွက်ကြောင့် ကျန်တဲ့ အရာရှိတွေပါ စိတ်ဓာတ် ပျက်ပြီး အဲ့တာကြောင့် လာဘ်ပေးလာဘ်ယူ မှုတွေနဲ့ ချုပ်လိုက်တာ။

၃ နှစ် သင်တန်းတက်တယ်။ ပြီးတော့ ကျောက်ဆည်မှာ တာဝန်ကျတယ်။ ကျောင်းဆင်းတာ ၂၀၁၉ မှာ၊ ၂၀၁၉ ကနေ အခုချိန်ထိပါပဲ မန္တလေး နန်းတွင်း ဆိုတော့ ယာယီ တာဝန်ပေါ့ ။ အာဏာသိမ်းပြီးတော့ မန္တလေး နန်းတွင်းမှာပဲ ။

အာဏာသိမ်းလိုက်တာ ဘယ်လိုသိလဲ ဆိုတော့ နည်းနည်းတော့ ကြားတယ် စစ်တပ်က အာဏာ သိမ်း တော့မယ် ဆိုပြီး ကြားတယ် အာဏာမသိမ်းခင် တစ်လလောက် အလိုကတည်းက ရိပ်မိတယ်။ တန်းစီ စကားပြောတယ် ည  ၇နာရီ တန်းစီတဲ့အချိန်မှာ ပြောတယ်။ 

သေနတ် တွေ ဘာတွေ ထားတဲ့ ဗဟိုကင်း ဆိုတာ ရှိတယ်၊ အဲဒီမှာသေနတ်တွေ ဘာတွေ အဆင်သင့် လုပ်ထားဖို့၊ ပြီးတော့ ယူနီဖောင်း ဘာညာလည်း ပြင်ထား ရှေ့တန်း ထွက်တဲ့ ပုံစံမျိုး အသင့်အနေအထား အမြဲ လုပ်ထားပါ ဆိုပြီး မှာတယ်။ အဲဒီအချိန်ကတည်းက မှာတယ် ရိပ်မိတယ် ဘာလဲပေါ့။

သူတို့ အနေနဲ့ တကယ်တမ်း လုပ်တော့မှာလားပေါ့။ ကျနော့် အိမ်တောင် လှမ်းပြောသေးတယ် တကယ်လုပ်မယ် ထင်တယ် သားတို့ကို ပြင်ဆင်ခိုင်းထားတယ်ပေါ့။ ဘယ်သူမှလဲ မယုံကြဘူး။ ကျနော့် အဖေကတောင် ပြောတာ။

ဘယ်လို ဖြစ်နိုင်မှာလဲ လုပ်မရတော့ပါဘူး အခုက အရပ်သား အစိုးရမို့ အရင်လို လုပ်ချင် တိုင်း လုပ်လို့မရတော့ဘူးပေါ့လို့ ပြောတာ။ ကျနော်လည်းဟုတ်ပါတယ်လေ အဖေတို့လဲ သတိထားပါဦးလို့ပဲ ပြောလိုက်တယ်။

အာဏာသိမ်းတဲ့နေ့ ရောက်တော့ မသိသေးဘူး။ လိုင်းတွေဖြတ်သွားပြီးတော့ မနက် ၇နာရီ မနက်စာ သွားစားတဲ့အချိန် မှာ စစ်ကားတွေ နဲ့ ရောက်လာတဲ့ အချိန်မှ ကျနော် နဲ့ သိတဲ့ ကောင် လေး က ပျောက်ကြား ဝတ်စုံ ရှေ့တန်းထွက်တဲ့ ပုံစံမျိုးနဲ့ လက်ထဲမှာလည်း သေနတ်ရော ကျည်တွေရော အဲဒါနဲ့ ကျနော့်ဆီ လာနှုတ်ဆက်တာ။

မနက်စာ လာစားတာလားလို့ နှုတ်ဆက်တာ။ သူက အကို သိလားတဲ့ အာဏာသိမ်းသွားပြီလေတဲ့။ ဟုတ်လား လိုင်းတွေ ဖြတ်ထားတော့ မသိဘူး  ဆိုတော့။ သူတို့က အခု မန္တလေး ဝန်ကြီချုပ်ကို ဖမ်းလာရတယ်။ ဟုတ်လား တကယ်ကြီးလား ဆိုတော့ ဟုတ်တယ် တကယ်ကြီး မယုံရင် သတင်းထဲမှာ ပါလာလိမ့်မယ် လို့ပြောတော့ စိတ်ထဲမှာ သူလျောက်ပြောနေတာ သူ့ဘာသာ လုံခြုံ ရေး သွားတာကို နောက်ပြီး ပြောသွားတယ်လို့ပဲ ထင်တာ။

အရင်ကလဲ စနေ နောက်နေကျ ဆိုတော့လေ။  ပြီးတော့မှ မနက် ၈နာရီ မြဝတီ သတင်းမှာ နိုင်ငံတော် ရဲ့ အာဏာကို စစ်တပ်ကနေ အာဏာထိမ်းလိုက်ပါပြီ ဆိုတာ သိခဲ့ရတယ်။ တချို့ စစ်သားတွေက ပျော်နေကြတယ် မြင်တယ်။

သူတို့ ခေါ်ခေါ်နေတဲ့ သာဝ တို့က တကယ်လုပ်ပြီ မြင်လား၊ စစ်တပ်က မလုပ်နိုင်တာ မရှိဘူး  ဘာညာနဲ့ ပြောတဲ့သူတွေ အများကြီးပဲ။ စစ်သားအိုကြီးတွေတောင် ပါသေးတယ်။ ကျနော်က ဟာ ဘာလို့ အာဏာသိမ်းတာလဲ၊ တကယ် အာဏာသိမ်းသွားပြီလား ဆိုပြီး လူ ၃ ၊ ၄ယောက်လောက်ကို မေးတာ နေ့လည်ခင်းကြီး မယုံနိုင်ဘူး။

အာဏာသိမ်း မှာကို ရိပ်မိတယ် ဒါပေမယ့် တကယ်ကြီး လုပ်မယ်လို့ မထင်ထားဘူး။ လိုက်မေးတော့ ပြန်ဖြေတဲ့လူတွေက မင်းကတော့ တကယ်ကြီးလား လုပ်နေတာ နန်းတွင်းထဲမှာ ရှိတဲ့ ထောင် မှာတော့ မန္တလေး ဝန်ကြီးချုပ်တွေက အစ ရောက် နေပြီတဲ့။ အဲ့နေ့က တကယ်လဲ အလုပ်ရှုပ်တယ် အကုန် ဖမ်းဖမ်းပြီး ခေါ်လာတာကိုး။ အဲ့တုန်းကဆို ရင်နာစရာ ဇာတ်လမ်းတွေလဲ ရှိတယ်။

 မန္တလေး ဝန်ကြီးချုပ်ကို သွားဖမ်းတဲ့ အချိန်က ဘယ်သူ သွားဖမ်းလဲ ဆိုတော့ စစ်တပ်ထဲမှာ ဘာမှ သုံးစား မရတဲ့ တပ်ကြပ် အဆင့်ရှိသူကို ရဲဝတ်စုံ ဝတ်ခိုင်းလိုက်တယ်။ ပခုံးပေါ် ၂ပွင့်တင်ပြီး သွားဖမ်းခိုင်းတယ် ။ တအား ရက်စက် တယ် ရာထူး အဆင့်ရှိတဲ့သူလည်း ပါတော့ ပါတယ်။ ဒါပေမယ့် မန္တလေး ဝန်ကြီးချုပ်ကို လက်ထိပ် ခတ် ဘာညာ လုပ်တဲ့အချိန်မှာ စစ်တပ်ထဲက ရဲ ယူနီဖောင်း ဝတ်တဲ့ကောင်တွေ ဖမ်းခဲ့ တာပေါ့ ။

ါကတော့ အရမ်း စိတ်မကောင်းစရာ ဖြစ်တယ် ။ တခြား နှိပ်စက်တာတော့ မကြားရဘူး။ ဒါပေမယ့် ဖမ်းပြီ ဆိုကတည်းက သူတို့အနေနဲ့ အနုနည်းနဲ့ မရရင် အကြမ်းနည်းနဲ့ လုပ်မှာပဲ ၊ဘာဖြစ် လို့လဲ ဆိုရင် စစ်ကြောရေး အကြောင်းကိုလဲ ထုတ်ဖော် ပြောပြဖူးတယ်။ နန်းတွင်း စစ်ကြောရေး က ဘယ်လိုလဲ ဆိုတာ အဲ့လို ပြောထားတာ ရှိတယ်။

ကိုယ်ကိုတိုင် ကြုံတွေ့ခဲ့ရတာလဲ ရှိတယ်။ ကိုယ်ကိုတိုင် မကြုံတွေ့ရပေမယ့်လဲ ကိုယ်မြင်ခဲ့ သိခဲ့ ရတာ တွေ လဲ ရှိတယ်။ အာဏာသိမ်းကတည်းက ပျော်တဲ့သူတွေ အများကြီး ရှိတယ်။ သူတို့က ဘာလို့ ပျော် လဲ ဆို အရင်ခေတ် ပြန်ရောက်တော့မယ်။

စစ်သားဆို အကုန်လုံးက ကြောက် ကြရမယ်၊ အခွင့်ထူးခံ လူတန်းစား ဖြစ်မယ် ဆိုပြီး ပျော်နေတဲ့လူမျိုးတွေလည်းရှိတယ်။ တအားကို သိပ်ကျပ်မပြည့်တဲ့လူတွေ။ ကျနော်တို့ စစ်တပ်ထဲ ဝင်တာ ၂၀၁၆ ဆိုတော့ အရပ်သား အစိုးရ  စနေတဲ့အချိန် ရက်ပိုင်းပဲ ရှိသေးတယ်။ ကျနော် အိမ်ကလဲ စပ်ကူးမတ်ကူးကာလမှာ တပ်မတော်ကြီး ကောင်းလာမယ် ထင်ကြတာ။

ကျနော့် အိမ်က တောင် ပြောပါသေးတယ် ရွေးကောက်ပွဲကြီး ပြီးတော့ တပ်မတော်ကြီးက ထပ်ပြီးတော့ ကောင်းလာဖို့ ပဲ ရှိတယ်။ အမေစု တက်လာတဲ့ အချိန် ငါ့သားတို့ အနေနဲ့ ကောင်းလာမယ်လို့ ထင်ခဲ့ကြတာ။ ကျနော် လဲ ထင်ခဲ့တယ် ။ အာဏာသိမ်းပြီးတော့ ဆန္ဒပြ ပြည်သူကို ထိန်းသိမ်းတဲ့နေရာကို မလိုက်ခဲ့ ရဘူး ။

ကျနော့်ကို စေလွှတ်ခြင်း ခံရတယ်။ မန္တလေးသားလည်း ဖြစ်တာမို့ မသွားနိုင်ဘူး ငြင်းပယ် ခဲ့တယ်။ အဲ့လိုမျိုး ငြင်းပယ်လို့ ဆိုပြီး ကျနော့်ကို ဗဟိုကင်းမှာ ကင်း စောင့် ခိုင်းတယ်။ ကျနော်ဆို တပ်ကြပ်ကြီး။ တပ်ကြပ်ကြီးက ဗဟိုကင်း ဝင်စရာ အကြောင်း မရှိဘူး။ ဗဟိုကင်းမှာ တာဝန်ထမ်းဆောင်တဲ့ ကင်းမှုး အမြင့်ဆုံး တာဝန် ထမ်းဆောင်တဲ့ သူတောင်မှ တပ်ကြပ် အဆင့်ပဲ ရှိတယ်။

ကျနော်က သူတို့ထက် ရာထူးကြီးတယ် ဒါပေမယ့် ကျနော်က ငြင်းရကောင်း လား ဆိုပြီး စိတ်ညစ်အောင် မသွားသွားအောင် ဖိအားပေးတယ်။ ဗဟိုကင်းမှာ ကင်းစောင့်ခိုင်းတယ်။ ပင်ပန်း တဲ့ ဖက်ထိပ်တွေ ခိုင်းတယ်။ အပြစ်ပေးတဲ့ အနေနဲ့ပေါ့။ ကျနော် ကလဲ ပြောလိုက်တယ်။ မသွား နိုင်ဘူး တခြား ဘာအလုပ်လုပ်ခိုင်း လုပ်မယ် အဲ့တာတော့ မသွားနိုင်ဘူးပေါ့။

ဆန္ဒပြပြည်သူတွေကို မဖြိုခွဲ နိုင်ဘူးလို့ ငြင်းနေတဲ့ အချိန်မှာပဲ ကျနော် နဲ့ သိတဲ့ သူငယ်ချင်းတွေ ပါသွားတယ်။ အဲ့ဒီက စတာပဲ စစ်တပ် မကောင်း ကြောင်း။ စစ်သားတွေ အကုန်လုံး  သိတယ်။ ဒါပေမယ့် ဒီကောင်တွေ ဘာလို့ မထွက်နိုင်တာလဲ ဆို စစ်သား တွေကို မက်လုံးတွေ ပေးပြီး ချုပ်ထားတယ်။ မသိကျိုးနွံပြုပြီး ချုပ်ထား တယ်။ ဆိုတာ အရင်က စစ်တပ်ထဲမှာ နေလို့ screen ဆိုတဲ့ ဖုန်းတောင် မကောင်းမကန်း ကိုင်နေတဲ့ ကောင်တွေက ဆန္ဒပြပြည်သူတွေကို ဖြိုခွင်းပြီး ပြန်လာတဲ့ အချိန်မှာ ဖုန်းတွေ ၃ ၊ ၄ ၊ ၅လုံး ပါလာတယ်။

မင်း တို့ ဖုန်းဝယ်မှာလား ၅သောင်း နဲ့ ယူမလား ၁သိန်း နဲ့ ယူမလားနဲ့ မြင်မကောင်းဘူး။ ဆန္ဒပြ ပွဲ နေရာ သွား တာ ဘယ်လိုတွေ ရလာတယ် ဆိုပြီး အားကျိုးမာန်တက် နဲ့ ပြောတာ။ တစ်ရက်ကို ဘယ်လောက် ဝင်တာ တွေ ပြောကြတာ။ မင်းတို့ အဲ့လို လုပ်တာ အရာရှိတွေ မသိဘူး လား စစ်ကြောင်းမှုး တွေ မသိဘူး လား ဆိုတော့ သူတို့လဲ လုပ်တာပဲ ဘာမှ မဖြစ်ဘူး။ ငါတို့လဲ လုပ်ပြီးရင် သူတို့ကို နည်းနည်းပါးပါး ပြန်ပေးရင် ရတယ်တဲ့။

သူတို့ကလဲ လွှတ်ထားတာ ဆိုတော့ ကျနော်က သူတို့ကို မေးကြည့်တယ် မင်း တို့ ဒါ တရားလား မတရားလား သိလား ဆိုတော့ အဲ့ဒါတွေ စိတ်မဝင်စားဘူး အခု ငါ အဆင်ပြေတယ် ဒီလိုမျိုးတွေ ရတယ်တဲ့။ တပ်ထဲမှာ အကြွေးပတ်လည် ဝိုင်းနေတဲ့ ကောင်တွေကလဲ ဆန္ဒပြပွဲတွေ ဖြိုခွင်းတာ သွားလိုက်ရော သူ့မိသားစုကအစ ရွှေတွေ ဘာတွေ နဲ့ ဖြစ်ကုန်တာ။

ပြောရမယ် ဆိုရင် တော်တော် ဆိုးဆိုးဝါးဝါး အစကတော့ မယုံဘူး အပြင်က လူတွေ ပြော ကြတာ မင်းတို့ စစ်သားတွေက သူခိုး ဓားပြ ပုံစံတွေပေါ့ ။ ဟာ မဟုတ်ပါဘူး ကျနော် တို့ဆို အဲ့လို စိတ်မျိုး မရှိပါဘူးပေါ့။ ဒါပေမယ့် ကျနော်လည်း သိလိုက်ရရော ဒါတွေက တကယ်ပါလားပေါ့။ တချို့ဆို လုံခြုံရေးသွားတဲ့သူ အချင်းချင်း လောင်းကစားတွေ လုပ်ကြတယ်။ လေ နဲ့ လောင်းကြ တာပေါ့။

ဘောလုံးပွဲ လောင်းကြတဲ့အခါ ဆိုင်ကယ်တစ်စီးကြေး လောင်းပါလားတို့ ဖဲတွေဘာတွေ ရိုက်တော့လည်း ဆိုင်ကယ် တစ်စီး ထိုးတယ် ဆိုတာမျိုးတွေ ဖြစ်ကုန်တယ်။ လုပ်ချင်တိုင်းတွေ လုပ်ကြတယ် ပြီး တော့ ကျတော့ နောက်ပိုင်း ပစ်ကြခတ်ကြတွေ ဖြစ်လာတဲ့ အချိန်မှာလဲ အားရဝမ်းသာစွာတွေ ပြော ကြ တယ်။

ဘယ်လိုမျိုးတွေ ပစ်လိုက်တာ၊ ပစ်ရတာ ဘယ်လိုမိုက်တယ်တွေပြောကြတာ၊ ဟာ မင်း တို့ ဘာတွေ ပြောနေကြတာလဲဆိုတော့ ဟာ မသိဘူး ကျနော် ကတော့ မှန်တယ်လို့ ထင်တယ် တပ်မတော်က အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ဘူး ဆိုပြီးပြန်ပြောကြတာ။

အဲ့ဒီကတည်းက မဟုတ်သေးဘူး ဆိုပြီး သူတို့ကို ပြောတယ်။ ဒါပေမယ့် မရခဲ့ဘူး။ သူတို့အနေနဲ့ ဆန္ဒပြ ပြည်သူတွေ ဆီကနေ ဖုန်းတို့ ဆိုင်ကယ် တို့ လုယူခဲ့ရတာတွေ ရှိတယ်။ ဆိုင်ကယ်ဆိုလဲ ကားပေါ် တင်ပြီး ယူသွား တာ တွေ အများကြီး ရှိတယ် ။ အဲ့ဒီ ဆိုင်ကယ်တွေကို ပြန်ရောင်းစားတယ် စမတ်ကီး ကလစ် ဘာညာ တွေ ဆိုလဲ ၅သိန်း ၆သိန်း နဲ့ ပြန်ရောင်းတာတွေ ရှိတယ်။

တီဗီတွေဆိုလဲ ယူတယ် အိမ်တွေဆိုလဲ ဝင် စီးတယ်။ သူတို့ မနိုင်တာဆို ဖျက်ဆီးတယ်။ နိုင်တဲ့ဟာ တန်ဖိုးကြီးတာ မှန်သမျှ အကုန် ယူသွားတယ်။ ဒီလို မျိုးတွေပေါ့ အများကြီးပဲ ကျနော်တို့ မန္တလေးမှာ ဖြစ်ခဲ့တယ်။ ကျနော်က ဆန္ဒပြပွဲ ဖြိုခွင်းတာတော့ မသွားဘူး ဆိုပြီး ငြင်းခဲ့တော့ နောက်ကျ ဘယ်လို ဖြစ်လာလဲ ဆို အထက်က ဒါ မင်း ဆန္ဒပြ ဖြိုခွင်းရမှာ မဟုတ်ဘူး xxx ပတ်ပတ်လည်လည်မှာ လုံခြုံရေး ချထားတယ် အဲ့ဒီ မှာပဲ မင်း နေရမှာ ဆိုလို့ သွားလိုက်ရတယ်။

 ဂိတ် တစ်ခု ကို သွားတဲ့ အချိန်မှာ စပြီး ကိုယ်တိုင် ကြုံတွေ့ရတာက ဂိတ် အဲဒီမှာနေတဲ့ အချိန် ကျနော်က ကျနော့်ထက် ရာထူးငယ်တဲ့ သူတွေကို အမြဲမှာတယ်။ မင်းတို့တော့ ဒါတွေ မလုပ်သင့်ဘူး။ လူတွေ စိတ်ထဲမှာ စစ်သားတွေ မကောင်းဘူး ထင်ကြတယ်။ ဒါပေမယ့် ငါတို့ တွေက ဘယ်လို နေရမလဲ ဆိုရင် သူတို့ ထင်ထားတဲ့ စစ်သားတွေ မဟုတ်တဲ့ အကြောင်း၊ ပြည်သူကို ငဲ့ညှာတဲ့ စစ်သား ဖြစ်ကြောင်း၊ ဘယ်လိုနေရမယ် ဆိုတာ အမြဲပြောခဲ့တယ်။

ကျနော်တို့ ဂိတ်မှာ ပြောစကား နားမထောင်တဲ့ကောင် တစ်ကောင် ရှိတယ်။ ဒီကောင် က အရက် အမြဲ သောက်တယ် မသောက်နဲ့ နောက်တစ်ခါ သောက်ရင် ဘယ်လို လုပ်မယ် ဘာညာ ပြော တယ်။ တရက်တော့ သင်္ကြန် အတက် နေ့ ညကြီး၊ မာရှယ်လောက ည၈နာရီမှာရှိတယ်။ ည ၈နာရီ ကျော်ပြီးတော့ ကျနော် တို့ ဂိတ်ကို ဖြတ်ဖို့ လာရတဲ့ အချိန်မှာ အရပ်သားတွေက မူးပြီး သီချင်းတွေ အော်ဆိုပြီး ဆိုင်ကယ် ၂စီး နဲ့ လာတယ်။

ရောက်လာတော့ ကျနော်တို့ အနေနဲ့ ဂိတ်က နေပြီး တားရတယ်။ ကျွန်တော်က အဲ့ဒီ အချိန်မှာ တခြား ဂိတ်ကို ရောက်နေတယ်။ ဘယ်လို ဖြစ်လဲ ဆိုတော့ တားတဲ့ အချိန်မှာ အရပ်သား ရဲ့ဆိုင်ကယ်က တန်းရပ်လို့ မရဘူး နည်းနည်းလေး အရှိန်လျော့နေပြီ။  ရပ်ခိုင်းတဲ့ အချိန်မှာ ချက်ခြင်း မရပ်လို့ ဆိုပြီး ဟိုမူး‌နေတဲ့စစ်သားက သေနတ် နဲ့ ပစ်လိုက်တယ်။ ၂ချက်ပစ်လိုက်တယ်။ ရှေ့ရော နောက်ရော ၂ယောက်လုံး မှန်သွားတယ်။

စစ်တပ်က သုံးတဲ့ သေနတ်တွေက တအား ပြင်းတယ်လေ။ ရှေ့ မှန်တဲ့သူက မသေဘူး နောက်က ထိုင်တဲ့ လူက သေသွား တယ်။ ရှေ့က ထိပြီး နောက်က လူက ပွင့်ထွက် သွားတာ ဆိုတော့ အဲ့ဒီအချိန်မှာ ဆိုက်ကယ် ပါ လဲသွား ယ်။ လဲသွားတဲ့ အချိန်မှာ ရှေ့ က အရပ်သား တစ်ယောက်က ပြောသွားတာရှိတယ်။

အဲ့ဒါကို ကျနော့်ထက် အရင် CDM လုပ်တဲ့ ကောင်လေးက ပြောပြလို့ ကျနော်သိတာ။ ဘာပြောသွားလဲဆိုတော့ ကျနော် တို့မှာ ဘာအပြစ်ရှိလို့ ပစ်ရတာလဲတဲ့။  အဲ့လိုပြောပြီး ဆိုင်ကယ် မြေကြီးပေါ် ကျပြီး လဲသွားတယ်။ အဲဒီ တစ်ယောက် က သေသွားတယ်။ တစ်ယောက်ကလဲ ဘရိတ်က တန်းမမိဘူးလို့ ပြောပြီး အလူးအလဲ ခံစား နေရတယ်တဲ့။  အဲဒီအချိန် ကျနော့်ကို ဖုန်းလှမ်းဆက်တယ် ပြောတော့ ကျနော်လည်း ချက်ချင်းပြေးသွားလို့ ဖြစ်စဉ် ကို အကုန် သိခဲ့ရတယ်။

ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး ကျနော့် အမျက်စိရှေ့မှာ တစ်ခါမှ မမြင်ခဲ့ရဘူး ပစ်တဲ့ကောင်ကို ထိုးကြိတ်လိုက်သေးတယ်။ ပြီးတော့ ပတ်ပတ်လည်မှာ တာဝန် ယူထားတဲ့ အရာရှိတွေကို လှမ်းအကြောင်းကြား ဆက်သွယ်ရတယ်။ တစ်ယောက်က မသေသေး ဘူး ဆိုတော့ အရာရှိ တစ်ယောက် က လူနာတင်ကား သွားခေါ်တယ် ။ လူနာတင်ကား သွားငှားတဲ့ အချိန်မှာ လူသေသွား တယ်။

ကြားတော့ နန်းတွင်းက ဗျူဟာမှုး အဆင့်ရှိတဲ့ ဗိုလ်မှုး တစ်ယောက်က ကားနဲ့ ရောက်လာပြီး ကျနော် တို့ကို ဆဲတာ။ တကယ် ဖြစ်တဲ့ ဂိတ်လဲ ရောက်ရော မဆဲတော့ဘူး။ လေသံက တန်းပြောင်း တာ မင်းတို့ ကောင်တွေ ဖြစ်ပြီးသွားမှတော့ ဘယ်တတ်နိုင်မှာလဲလို့ပြောတယ်။

ပြီးတော့ ပြောရင်း နဲ့ စိတ်တိုလာပြီး မင်းတို့ ပစ်ပြီးပြီ ဆိုလဲ ကိုယ့်ဟာကိုယ် နေလိုက် ပတ်ဝန်းကျင် ရှိတယ် လူနေအိမ်တွေကလည်း ကပ်နေတာ။ ဒီတော့ သူက မင်းတို့အဲ့လောက် မတုံးနဲ့ မအနဲ့၊  သူတို့ကို အမှောင်ထဲမှာ ဖြစ်ဖြစ် ပစ်ထားလိုက် လူမသိအောင် မလုပ်တတ်ဘူးလား ဆိုပြီး ငေါက်တယ်။

မမိရင်အပြစ် မဟုတ်ဘူး မိသွားရင် အပြစ် ဆိုပြီး စစ်တပ်ထဲမှာ ပြော တဲ့ စကား ရှိတယ်။ လူမမိအောင် ဘယ်လိုလုပ်ရမလဲ မသိဘူးလား ဆိုပြီး ဆူငေါက်နေတဲ့ အချိန်မှာပဲ ခုနကပြောတဲ့ လူနာတင်ကား သွားငှားတဲ့ အရာရှိက နာရေးကူညီမှုကားနဲ့သူ ရောက်လာတယ်။

သူက ဗျုဟာမှူးကို ဒဏ်ရာ ရတဲ့သူ လာခေါ်တာပါ ဆိုတော့ မင်း ရူးနေလား ဦးနှောက် မရှိဘူးလားလို့ပြောပြီး သူ့ကို ပါးတွေ ရိုက်တာ မင်းဒီလောက်တုံးရလား သေနတ်နဲ့ ပစ်ထားတော့ ဒီလိုအရပ်ကားနဲ့ တင်သွားရင် တခြားသူတွေ မိကုန်မှာပေါ့။

မင်း ဒီအမှုကို ဘာမှတ်နေလဲ ဆိုပြီး အဲ့ဒီ ဗိုလ်ကြီးကို ဆူငေါက် ပါးတွေ ရိုက်ပြီး အဲ့ဒီကားကို ပြန်လွှတ်လိုက်တယ်။ တာဝန်မဲ့တဲ့ စကားတွေ ပြောပြီး စစ်တပ် ထဲက ကားကို ခေါ်တယ်။ ဆိုပြီး စစ်ကား ရောက်လာဖို့ကလဲ တစ်နာရီလောက် ကြာသွားတယ်။ တမင်သေအောင်ပဲ လုပ်တာလားပဲ။ ဖြစ်ချင်တော့ ကံကောင်းတာလား ကံဆိုးတာလား မသိဘူး။ သူမသေခဲ့ဘူး။ ညတွင်းချင်း အရေးပေါ် ဆေးရုံ ကို ပို့လိုက်တယ်။

အဲဒီမှာ ပြောခဲ့တဲ့ စကားတွေ ဆေး အသိုင်းအဝိုင်း က အရာရှိ အသိုင်းအဝိုင်း က ပြန်ကြားတာ ကတော့ ဒီကောင်မသေဘူး ငါတို့တော့ ရှင်းရပြီ ထင်တယ် ဆိုပြီး ကြားတယ်။ ဒီအမှုက လူသတ်မှု မြောက်သွားတာ။ တကယ်က ဆိုင်ကယ် ၂စီး နဲ့ ရောက်လာတာ နောက်ထပ် တစ်စီးက ပြေးသွားတာ သူတို့လဲ သေသွားတာ သိမှာပေါ့။ ကျန်ခဲ့တဲ့ တယောက်ကလည်း မသေတော့ အမှုဖွင့် အရေးယူတာ ရှိမှာပေါ့။

ပစ်ခံလိုက်ရတဲ့ ၂ယောက်က အခြေခံ လူတန်းစားတွေ။ ဆိုင်ကယ်ဝမ်းတူးဖိုက်အစုတ် လေးနဲ့။ ဖုန်းတွေ စစ်ကြည့်တဲ့ အခါ ပိုက်ဆံအိတ်ထဲမှာ ငွေလေး၅၀၀၀ ပဲ ရှိတယ်။ သူ့ဖုန်းလေး ဖွင့်ကြည့်တော့ သူ့ မိသားစု ပုံ တွေ့ရတော့ တကယ် စိတ်ထဲ မကောင်းဘူး။

ဆုံးသွားတဲ့ တစ်ယောက်က ဒီအတိုင်း ဆုံး သွားတယ်။ မသေတဲ့ တစ်ယောက်ကျ ကံကောင်းလို့ မသေတာ။ သူ့ခမျာ ကောက်ညှင်းကမစီးပဲ ဆန်ကြမ်းကစီး ဆိုတဲ့ စကားလို ကျူးလွန်ခံရတဲ့သူက အမှု မဖွင့်ရပဲ စစ်တပ်က အမှုပြန်ဖွင့်တာ။ ရဲ နဲ့ ပေါင်းပြီး ညှိပြီး ဒီကောင်တွေက ကျနော် တို့ ဂိတ် ကို မူးပြီး ရောက်လာတယ် မီးပုလင်း လာပစ်တယ်၊ လက်လုပ်ဗုံး လာပစ်တယ်ဆိုတဲ့ပုံစံ နဲ့ လုပ်ပစ်လိုက်တာ။

သတင်းစာ ထဲပါ အမှုတွေတပ်ပြီး ထည့်လိုက်တာ။ စစ်တပ်နဲ့ ပတ်သက်တဲ့ ခုံရုံးတွေ စစ်တပ်နဲ့ ပတ်သက်တဲ့ တရားရေးတွေ ဆို ရှုံးပြီသာမှတ်။ မှန်လဲ ရှုံးတာပဲ။ ရှေ့နေ နဲ့ ဘယ်လောက်ပဲ ကောင်းကောင်း ဟိုဘက်က လိုက်ပေးတဲ့ ရှေ့နေတောင် အရေးယူ ခံလိုက်ရတယ်နဲ့ တူတယ်။ ဒါ ကျနော် ကိုယ်တိုင် ကြုံတာ။

CDM လုပ်တာ ၉လပိုင်း ။ ၄လပိုင်းထဲက CDM လုပ်ချင်တာ ၄လပိုင်းမှာ ကျနော့် အမေ ဆုံးသွား တယ်။ အဲ့ဒီ အမှုတွေလဲ ဖြစ်တော့ ပိုပြီး CDM လုပ်ချင်တယ်။ ပြီးတော့ ကျနော့် အဘွား ဆုံးတယ်၊ ဦးလေးဆုံးတယ်၊ အဘိုးဆုံးတယ်။ နာရေး ကိစ္စတွေလဲ လုပ်နေရတော့ အဲ့ဒီ အချိန်တုန်းက CDM လုပ်ရင် ဘယ်သွားရမယ်မှန်းလဲ မသိဘူး။

၉လပိုင်းကျမှ CDM လုပ်ဖြစ်ခဲ့တယ် ။ မတရားမှုတွေကတော့ အများကြီး ကြုံခဲ့ရတယ်။ xxxမှာ ဖြစ်သွားတာတခုက သုံးဘီးဆိုင်ကယ် နဲ့ အရက် သောက်ပြီး အိမ်ပြန် နောက်ကျတဲ့ သူတွေပေါ့ ။ ဟိုကောင်တွေကလဲ သောက်နေတဲ့ အချိန် မူးနေတဲ့ အချိန်နဲ့ သွား တွေ့တော့ ပစ်လိုက်တာ တစ်ယောက် သေသွားတယ်။

သူတို့ အနေနဲ့ ရှေ့ ပုံစံ ၏အတိုင်းပဲ အမှုတွေ လိမ်တယ်။ အမှုတွေ ဖျောက်တယ် ဂွင်ဆင်တယ်။ ဒီ နွေဦးတောင်လှန်ရေး မှာ ပြည်သူတွေ မသိပဲ သေသွားတဲ့သူတွေ အများကြီးပဲ။ ကျနော်တာဝန် ထမ်းဆောင်နေတဲ့ အချိန် xxxမှာတင် ဘယ်သူမှ မသိပဲ မတရား အမှုတွေနဲ့ ပျောက်သွားတဲ့ သူတွေ လူ ၁၀ယောက် လောက် ရှိတယ် ။

ပြီးတော့ နေ့ခင်းကြီး ပစ်လိုက်တာ သေသွားတဲ့ သူတွေလည်းရှိတယ်။ သူတို့ တားတာကို မရပ်လို့ သတ်ပစ်တဲ့ ကောင်တွေကို အရေးယူသင့်တယ်။ ဒါပေမယ့် သူတို့တန်းမထုတ်ဘူး ။ငါတို့က လက်အောက်ငယ်သားကို ဘယ်လို ကြည့်တယ် ဆိုပြီး ဖုံးဖိထားတယ်။

ပြောရမယ်ဆို တခြား နေရာတွေ ပြောင်းလိုက်တာ ရှိတယ် ပြည်သူတွေကို ကြက်ကလေး ငှက်ကလေးလို သတ်ပစ်တာ သတ်ပြီးတော့လဲ သူတို့မှာ အရေးယူ မခံရဘူး ဘာအရေးယူမှုမှလဲ မရှိဘူး ။

စစခြင်းတော့ ဒီ တော်လှန်ရေးကို အရမ်းအားရတယ်။ နိုင်ကို နိုင်မှာ ပြည်သူတွေ နိုင်ကို နိုင်မှာ။ စစ်သားတွေ ကိုယ်တိုင်ကအစ အများကြီး ပါတယ်။ CDM လုပ်ကြတယ် ။ နိုင်မယ်လို့ ယုံကြည်တယ် ။ နောက်ကျ ပြည်သူတွေကိုလဲ အပြစ်ပြောတာတော့မဟုတ်ဘူး။ မြို့ပေါ်တွေမှာ ပြည်သူတွေရဲ့ ပါဝင်မှုက နည်းနည်း သွေးအေးသွားသလို ဖြစ်ကြတယ်။

ဘယ်သူ သေ သေ ငတေ မာရင် ပြီးရော ငါတို့ အသက်ရှင်နေသေးရင် ပြီးတာပဲ ဆိုတဲ့ အတွေးတွေ ရှိကြတယ်။ ဒါ တကယ်တော့ စစ်တပ် ရဲ့ ဆိုက်ဝါးတွေ ဝင်သွားတာ။ အကြောက်တရားနဲ့ လုပ်ပစ်တာ။ မဆိုင်တဲ့သူကို မလုပ်ဘူး ဆိုင် တဲ့သူကိုသာ လုပ်ပစ်တာဆိုတဲ့ အကြောက်တရား နဲ့ လုပ်ပစ်တော့ ပြည်သူတွေ ငြိမ်သွားတယ်။

နားလည် တယ် ဒါပေမယ့် ပိုလုပ်သင့်တာ မြန်မြန် ကူရင် ပြီးသွားနိုင်တယ်။ ဒါပေမယ့် တော်လှန်ရေး ပြီးဖို့ကလဲ ကြာအုံးမှာ တော်လှန်ရေး တပ်ဖွဲ့တွေ အနေနဲ့ ပိုပြီး အားစိုက်သင့်တယ်လို့လဲ ထင်တယ်။

အခက်အခဲ ကတော့ အိမ်နဲ့ ဝေးနေတာ တခုပဲ။ ကျန်တာ အကုန် အဆင်ပြေတယ် ။ ဒီဘက် ရောက် လာ ကတည်းက အရင်လို ဘ၀ မဟုတ်တော့ဘူး။ ကိုယ်လုပ်ရင် လုပ်သလောက် ရတယ် ။ လွတ်လပ်မှု ဆိုတာ ဘာလဲ သိရတယ်။ တရားမျှတစွာ နေနေရတယ် ။

အရင်က ကိုယ့်ဘက်က မှန်နေလဲ မပြောရဘူး။ သတင်း ပို့စရာ ရှိလဲ ကိုယ်က ပြောချင်တယ် ဆိုရင်တောင် သူတို့ ကျေနပ်အောင် မရှိပါဘူး၊ ပြီး တော့ ဟုတ်၊ဟုတ် ဆိုတဲ့ တစ်ခွန်းပဲ ပြောခဲ့ရတယ်။ ဟုတ်၊ မဟုတ်၊ မရှိ၊ ရှိ အဲ့ဒီ စကားတွေပဲ ပြောခဲ့ ရတယ်။ အခုချိန်မှာ ကျနော် တို့ တရားမျှတစွာ နေနေရတယ် လွတ်လပ်စွာ နေနေရတယ် ဒါပေမယ့် လွတ်လပ်လား ဆို မလွတ်လပ်ဘူးပေါ့ ပြောပြတာ။

ဒါကြီးသာ အမြန်ဆုံး ပြီးသွားရင် မိသားစုကို အချိန်ပေးမယ်။ ကျန်ခဲ့တဲ့ ညီ နဲ့ အဖေ ရှိတယ်။ ကျနော့်အမေ ဖြစ်စေချင်တာတွေ လုပ်သွားမယ် စိတ်ကူး ထားတာတွေ ရှိတယ်။ သာမန်ပြည်သူ တစ်ယောက်လိုပဲ နေသွားမယ်။ ဘဝကို အေးအေးချမ်းချမ်း နဲ့ပဲ ဖြတ်သန်း သွားဖို့ စိတ်ကူး ထားတယ်။ တပ်ထဲ ဝင်ဖို့က​တောမရှိတော့ဘူး ။

#တရားမျှတမှုရရှိဖို့အမှန်တရားထုတ်ဖော်ပြောကြစို့ 

#Let’sTelltheTruthtoGetJustice

#CDMစစ်သား

#CDM

#TransitionalJustice

#TruthTelling

#နွေဦးတော်လှန်ရေး

#မြန်မာစစ်တပ်

#Myanmar_army