• Today is: Sunday, January 29, 2023

ထိုင်း-မြန်မာ စစ်တပ်နှစ်တပ်ကြားက တူညီချက်များ

ထိုင်း-မြန်မာ စစ်တပ်နှစ်တပ်ကြားက တူညီချက်များ

ကျော်ကိုကို (သူ့အတွေးသူ့အမြင်)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့မှာ မြန်မာစစ်တပ်က အာဏာသိမ်းပြီး မကြာခင်ပဲ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာဆီ စာတစောင်ပေးပို့ ခဲ့ပါတယ်။

ပရာယွတ် ချန်အိုချာကလည်း ၂၀၁၄ ထိုင်းအာဏာသိမ်းပွဲကို ဦးဆောင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်း တဦး ဖြစ်ပါတယ်။

မင်းအောင်လှိုင်က ပရာယွတ်ကို အတုယူလိုစိတ်ပြင်းပြနေပုံရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပရာယွတ်က အာဏာသိမ်းပြီး စစ်အုပ်ချုပ်ရေးအောက်ကနိုင်ငံကို ငြိမ်ဝပ်ပိပြားအောင် အောင်အောင် မြင်မြင်ဆောင်ရွက် နိုင်ခဲ့တဲ့ အပြင် သူ့ကိုယ်သူ ဝန်ကြီးချုပ်ခန့်အပ်နိုင်ဖို့ ရွေးကောက်ပွဲလုပ်ပြီး ရွေးကောက်ခံ စစ်တပ်လိုလားတဲ့ အစိုးရအဖွဲ့ ခေါင်းဆောင်ဖြစ်လာနိုင်ခဲ့လို့ပဲဖြစ်ပါတယ်။

ပရာယွတ်ရော မင်းအောင်လှိုင်ရောဟာ စစ်တပ်ကို အရပ်သားထိန်းချုပ်မှုအောက်ထားရှိခြင်း မပြုတဲ့နိုင်ငံ တွေမှာ စစ်ရာထူးရရှိလာကြသူတွေဖြစ်တဲ့အပြင် စစ်တပ်ဟာ နိုင်ငံရေးမှာ အမြင့်ဆုံးအာဏာပိုင် အဖြစ် ခံယူထား ကြတဲ့ နိုင်ငံအသီးသီးမှာ နေထိုင်ကြသူတွေဖြစ်ပါတယ်။

သူတို့နှစ်ယောက်စလုံး ယုံကြည်နေတာက စစ်ဗိုလ်ချုပ်တွေ သာလျှင် နိုင်ငံရဲ့ အမျိုးသားရေးအတွေးအခေါ်ကို အကောင်းဆုံးပဲ့ပြင် ထိန်းကျောင်း နိုင်တယ်ဆိုတဲ့ အယူအဆပဲဖြစ်နေပါတယ်။

ထိုင်းနဲ့ မြန်မာ့နိုင်ငံရေးဘဝအတွင်းက စစ်တပ်ရဲ့အခန်းကဏ္ဍကို ပညာရပ်နယ်ပယ်က စိတ်ဝင်စားခဲ့ကြတာ ကြာမြင့်နေခဲ့ပါပြီ။ ဒီနှစ်နိုင်ငံစလုံးမှာ မကြာခဏ အာဏာသိမ်းပွဲတွေဖြစ်နေတာ ဘာကြောင့်လဲဆိုတာ အဖြေအသစ်တွေပေးနိုင်မယ့် စာအုပ်နှစ်အုပ်ကလည်းပဲ မကြာသေးခင်က ထုတ်ဝေဖြန့်ချီခဲ့တယ်လို့ သိရပါတယ်။

စိမ့်ဝင်ခံနေရသောလူ့အဖွဲ့အစည်း

——————————

တအုပ်ကတော့ ချူလာလောင်ကွန်းတက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာရှင် ပဝမ်သွန်း ပါဝကပန် ရေးသား ထားတဲ့ “စိမ့်ဝင်ခံနေရသောလူ့အဖွဲ့အစည်း – ထိုင်းစစ်တပ်ရဲ့ ပြည်တွင်းလုံခြုံရေးကိစ္စရပ်များ”ဆိုတဲ့ စအုပ်ပဲဖြစ်ပါတယ်။ပါဝကပန်ဟာ သူမရဲ့စာအုပ်မှာ အာဏာသိမ်းပွဲတခုထဲနဲ့ ထိုင်းစစ်တပ်ကြီးစိုးမှုကို တိုင်းတာလို့မရဘူးလို့ ထောက်ပြထားပါတယ်။ ထိုင်းစစ်တပ်ဟာ “ပြည်တွင်းလုံခြုံရေးစစ်ဆင်ရေးဌာနချုပ်” အတိုကောက် (ISOC) အရှည်အားဖြင့် – Internal Security Operations Command ဆိုတဲ့အဖွဲ့ကိုဖွဲ့ပြီး ဒီအဖွဲ့ကတဆင့် ထိုင်းလူထုရဲ့ အတွေးတွေ၊အပြောအဆို အပြုအမူတွေကို လိုသလိုပုံဖော်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုထားပါတယ်။

ISOC ဟာ ထိုင်းစစ်တပ်ရဲ့ အရပ်ဖက်တောင်ပံသဖွယ်ဖြစ်လာပြီး ထိုင်းလူထု အကြားကျယ်ပြန့်စွာ ရောက်ရှိ သွား အောင် ဆိုရှယ်မီဒီယာကတဆင့် နေရာယူလာခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ်အကောင့်တွေဖွင့်ပြီး ဒီမိုကရေစီ ဆန့်ကျင်တဲ့ စစ်တပ်အစဉ်အလာကို နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လာအောင် ဝါဒဖြန့်ခဲ့ကြပါတယ်။

မတူကွဲပြားတဲ့ ဒီမိုကရေစီအလေ့အထဟာ လုံခြုံရေးအရ ခြိမ်းခြောက်မှုတခုဖြစ်တယ်ဆိုတဲ့ ရှုထောင့်ကနေ အမျိုးမျိုးသော ဆိုင်ဘာထောက်လှမ်းမှုတွေကိုပါ လုပ်ဆောင်လာခဲ့ပါတယ်။ ကာတွန်းရုပ်ပြောင်တွေ ရေးဆွဲတာတွေ လုပ်ပြီး ISOC ဆီကို ထောက်လှမ်းရေးသတင်းတွေ ပေးပို့ပေးဖို့လည်း တိုက်တွန်းတာတွေ ရှိခဲ့ပါတယ်။

ထိုင်းစစ်တပ်က ဒီမိုကရေစီကို ရန်သူလို သဘောထားလာတာ အခုမှဖြစ်ပေမယ့် အရင်ကဆိုရင် ကွန်မြူနစ် ဝါဒကို ဒီမိုကရေစီထက်ပို ကြောက်လန့်ခဲ့ကြတာအမှန်ပါပဲ။ ၁၉၈၀ကျော်ကာလတွေမှာ ထိုင်းကွန်မြူနစ် ပါတီကို လုံးဝအပြီးအပိုင်ဖျက်သိမ်းပစ်ဖို့ ဖိနှိပ်မှုရော လူမှုနိုင်ငံရေးနည်းလမ်းတွေပါ ပေါင်းစပ်ပြီး မဟာဗျုဟာချ ကြိုးစားခဲ့ကြပါတယ်။

ထိုစဉ်အချိန်က ကွန်မြူနစ်ဖိနှိပ်ရေးစစ်ဆင်ရေးဌာနချုပ်ကို ဖွဲ့စည်းခဲ့ကြပါတယ်။ဒီဌာနချုပ်က အခု ISOC ရဲ့ ရှေ့ပြေးအဖွဲ့အစည်းပါ။ သူတို့ဟာ လူထုအဖွဲ့အစည်းတွေ လိုက်ဖွဲ့ပြီး CPT (ထိုင်းကွန်မြူနစ်ပါတီ)နဲ့ ပြည်သူလူထုကို ကင်းကွာအောင်ဖန်တီးခဲ့ကြပါတယ်။

လက်ရှိထိုင်းစစ်တပ်ကလည်း ISOC ကတဆင့် လူထု အဖွဲ့အစည်းတွေ လိုက်ဖွဲ့စည်းပြီး ပရာယွတ်လိုချင်တဲ့လမ်းကြောင်းကို ပုံဖော်နေကြပါတယ်။

ထိုင်းစစ်တပ်က ကွန်မြူနစ်ကို နှိပ်ကွပ်ဖို့အကြောင်းပြချက်နဲ့ နိုင်ငံရေးနယ်ပယ်ထဲ ဝင်ပါလာပြီး CPT ပြိုကျသွားသည့်တိုင်အောင် နိုင်ငံရေးထဲက မထွက်တော့ဘဲ သူတို့နဲ့မဆိုင်တဲ့ နယ်ပယ်တွေအားလုံးကို ဝင်ရောက်စွက်ဖက်နေပါတော့တယ်။

ကျေးလက်ဒေသမှာ လက်နက်ကိုင်ပြည်သူ့စစ်တွေဖွဲ့စည်းတာမျိုး၊ထောက်လှမ်းစုံစမ်းရေးကွန်ရက်တွေ ဖွဲ့စည်းတာမျိုး၊ စစ်တပ်အတွက် ဝါဒဖြန့်ချီတာမျိုးနဲ့ ဘုရင်လိုလားသူ-အမျိုးသားရေးဝါဒီတွေကို မြှောက်ပေးနေတာ မျိုးတွေဟာ ထိုင်းစစ်တပ်ရဲ့ လုပ်ဟန်တွေပါပဲ။

ပဝမ်သွန်းက ထိုင်းစစ်တပ်ရဲ့ လူမှုနိုင်ငံရေးပါဝင်စွက်ဖက်မှုတွေကြောင့် ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီ ပုံပျက် ပန်းပျက်ဖြစ်ကာ အားပျော့ခဲ့ရတယ်လို့ ဝေဖန်ထောက်ပြပါတယ်။ သူမရဲ့ စာအုပ်ဟာ ထိုင်းစစ်အုပ်ချုပ်ရေး တစုံလုံးကို အပြည့်အစုံဖော်ပြထားနိုင်ခြင်းမရှိပေမယ့် ဖုံးကွယ်နေတဲ့ ISOC ရဲ့ တည်ရှိမှုကို တူးဆွပြီး ဒီအဖွဲ့ဟာ စစ်တပ်ကြီးစိုးရေးရဲ့ ခံကတုတ်ဖြစ်တယ်ဆိုတာ အများပြည်သူ မြင်အောင် ပြသနိုင်ခဲ့ပါတယ်။

ဒီနေရာမှာ မြန်မာစစ်တပ်ကလည်း ထိုင်းအာဏာသိမ်းစစ်တပ်ဆီက အကြံဉာဏ်နဲ့ လုပ်နည်းကိုင်နည်းတွေကို အတုယူနေတာဖြစ်လို့ ISOC လို အလားတူအဖွဲ့အစည်းတွေဖွဲ့စည်းပြီး လူထုအတွင်း စိမ့်ဝင်ပြန့်နှံ့ဖို့ ကြိုးစားနေမှာ အမှန်ပါပဲ။

တော်လှန်ရေးသမားတွေရဲ့ သတင်းအချက်အလက်တွေကို စုဆောင်းပေးပို့ဖို့ ဆိုင်ဘာထောက်လှမ်းရေး ကွန်ရက်တွေ တည်ဆောက်တာမျိုးတွေ၊ ကျေးလက်မှာ လက်နက်တပ်ဆင်ထားတဲ့ ပျုစောထီးတွေ ဖွဲ့စည်းတာ တွေအပြင် နောက်ထပ်လူမှုအဖွဲ့အစည်းကြီးကြီးမားမားတွေ ထပ်မံဖွဲ့စည်း တည်ဆောက်လာမှာ တို့ကို သတိထားစောင့်ကြည့်ပြီး ဆန့်ကျင်ရမယ်လို့ ယူဆပါတယ်။

အုပ်စိုးသူများ၊အကျိုးအမြတ်ရှာသူများ

————————————

“အုပ်စိုးသူများ,အကျိုးအမြတ်ရှာသူများ သို့မဟုတ် ကြေးစားစစ်သားများလား”ဆိုတဲ့ စာအုပ်မှာလည်း ထိုင်းနဲ့မြန်မာက စစ်အာဏာရှင်စနစ်တွေကို ဆောင်းပါးရှင်တွေက လေ့လာသုံးသပ်ပြီး ဝေဖန်မှတ်ချက်ပေး ရေးသားထားတဲ့ ဆောင်းပါးတွေပါဝင်ပါတယ်။

ထိုင်းနိုင်ငံရေးမှာ စစ်တပ်ပါဝင်ခွင့်ရရှိနေတာ အခြေအနေနှစ်ရပ်အပေါ်မူတည်တယ်လို့ ဆောင်းပါးရှင် တဦးက ဆိုပါတယ်။ ပထမအချက်က တော်ဝင်မိသားစုကို စစ်တပ်က အကာအကွယ်ပေးနေပြီး အပြန် အလှန် အားဖြင့် စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်စွက်ဖက်မှုကို ဘုရင်က တရားဝင် အသိအမှတ်ပြု ပေးထားတာ ဖြစ်တယ်။

ဒုတိယအချက်အနေနဲ့ နိုင်ငံကို ကယ်တင်ဖို့၊ကာကွယ်ဖို့၊တည်ဆောက်ဖို့ စစ်တပ်က ကြားဝင်စွက်ဖက်တာ မှန်တယ်ဆိုတဲ့ တရားထူထောင်ထားတာ ရာစုနှစ်နဲ့ချီနေပြီဖြစ်တဲ့ အခြေအနေပါပဲ။

ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ်ကြားက တူညီချက်တွေ ထပ်ဆွဲထုတ်ပြရရင် ပုဂ္ဂလိကပိုင်ဆိုင်မှုကဏ္ဍမှာ စစ်တပ်နှစ်တပ်စလုံးနဲ့ အဆိုပါစစ်တပ်နှစ်တပ်စလုံးရဲ့ အကြီးအကဲတွေက အပြည့်အဝ လက်ဝါးကြီးအုပ်ထား ကြတာပဲဖြစ်တယ်။

ထိုင်းနိုင်ငံမှာဆိုရင် အကြီးမားဆုံးသော မြေပိုင်ရှင်က ထိုင်းစစ်တပ်ဖြစ်နေတာကို တွေ့ရပါတယ်။ ဘုရင်ပိုင်တဲ့မြေထက် အဆပေါင်း ၁၁၀ နီးပါးကို ထိုင်းစစ်တပ်က ပိုင်ဆိုင်တယ်လို့ ထောက်ပြပါတယ်။ ထိုင်းမှာ အာဏာတခါသိမ်းပြီးတိုင်း စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ပိုမိုကြီးထွားလာတယ်လို့ ပြောစမှတ် ပြုကြတယ်။

စစ်တပ်ပိုင်ဘဏ်တွေ၊ အသံလွှင့်ရုံတွေ၊ ရုပ်မြင်သံကြား ထုတ်လွှင့်တဲ့ လုပ်ငန်းတွေအပြင် ဆောက်လုပ်ရေး လုပ်ငန်းတွေ၊ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေအဆင့်အထိ လုပ်ငန်းမျိုးစုံကနေ စစ်တပ်က အကျိုးအမြတ် ရရှိနေတာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဆိုရင်လည်း စီးပွားရေးဦးပိုင်လိမိတက်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းဆိုတဲ့ လုပ်ငန်းစုကြီး နှစ်ခုကို ပိုင်ဆိုင်ထားတဲ့အပြင် စစ်တပ်မိသားစုတခုချင်းစီက လျှို့ဝှက်ပိုင်ဆိုင်ထားတဲ့ စီးပွားရေး လုပ်ငန်းမျိုးစုံ ရှိပါသေးတယ်။ဘီယာထုတ်လုပ်ရေးကအစ အာမခံလုပ်ငန်း၊ စွမ်းအင်လုပ်ငန်း၊ သစ်ထုတ် လုပ်ရေး အလယ် ကြေးနီ၊ကျောက်မျက်ရတနာနဲ့ ကျောက်စိမ်းတွင်းတွေအဆုံး စစ်တပ်ကပဲ လက်ဝါးကြီး အုပ်ထားတာ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တာဟာ သူတို့ပိုင်စီးပွားရေးလုပ်ငန်းတွေ စိတ်ကြိုက်လုပ်ချင်တိုင်း လုပ်လို့ ရအောင် စည်းမျဉ်းတွေ၊ဥပဒေတွေကို ရေးဆွဲပိုင်ခွင့်အတွက် လုပ်တာလို့ ဆောင်းပါးရှင်က သုံးသပ်ထား ပါတယ်။

အောင်မျိုးတို့လို စစ်တပ်ဘက်ယိမ်းတဲ့ စာရေးဆရာတွေက စစ်အာဏာသိမ်းတာဟာ တိုင်းပြည်ဖွံ့ဖြိုးရေး၊ နိုင်ငံတည်ဆောက်ရေးမှာ စစ်တပ်ကိုယ်တိုင်ပါဝင်ဖို့ဆန္ဒရှိနေလို့ ဖြစ်တယ်လို့ လျှာအရိုးမရှိတိုင်းပြောပေမယ့် တကယ့်လက်တွေ့မှာ စစ်တပ်ဟာ တိုင်းပြည်ကာကွယ်ရမယ့်နေရာမှာ မနေဘဲ လူမှုနိုင်ငံရေး အခန်းကဏ္ဍအထိ ပါဝင်စွက်ဖက်လာတာ တိုင်းပြည်အကျိုးစီးပွားကြောင့်မဟုတ်ဘဲ သူတို့စစ်အုပ်စုရဲ့ အကျိုးစီးပွားကြောင့်ဆိုတာ ပညာရှင်တွေက ဖော်ထုတ်ပြသနိုင်ခဲ့ပါတယ်။

ပရာယွတ်ဦးဆောင်တဲ့ ထိုင်းအစိုးရက မြန်မာစစ်ကောင်စီဝန်ကြီးတွေကို ဖိတ်ခေါ်ပြီး ဘန်ကောက်မှာ မြန်မာ့အရေး အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲတွေလုပ်ပြီး ညှိနှိုင်းအဖြေရှာတာကို တွေ့ရပါတယ်။

အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ စစ်ကောင်စီခေါင်းဆောင်တွေကို ပိတ်ပင်တားမြစ်ထားပေမယ့် အသွင်တူတဲ့ ထိုင်းစစ်ဝါဒီတွေက မင်းအောင်လှိုင်တို့ကို ဆေးဖော်ကြောဖက်လုပ်တဲ့ သဘောပါပဲ။

နောက်တချက်ကတော့ အလွတ်သဘောအစည်းအဝေးသွားတက်ကြရတဲ့ ကိုကိုလှိုင်နဲ့ ကံဇော်တို့ကတဆင့် အကျပ်တွေ့နေတဲ့ မင်းအောင်လှိုင်ကို ဘယ်လိုဆက်လုပ်ရမလဲဆိုတာ အကြံပေးတာမျိုးလည်း ပါဝင်လိမ့် မယ်လို့ ယူဆရပါတယ်။

ထိုင်းနယ်စပ်မှာ ရောက်ရှိနေထိုင်နေတဲ့ ဗမာနိုင်ငံရေးသမားတွေ အထူးသဖြင့် NUG အစိုးရအဖွဲ့ဝင်တွေ အနေနဲ့လည်း ပရာယွတ်အစိုးရလို စစ်တပိုင်းအစိုးရလက်အောက်မှာ သတိဝီရိယနဲ့ နေထိုင်ဖို့လိုအပ်မှာ ဖြစ်ပြီး ဗမာစစ်ထောက်လှမ်းရေးများရဲ့ အန္တရာယ်က အချိန်မရွေးရှိလာနိုင်မှာဖြစ်တယ်လို့ ယူဆမိပါတယ်။

ကိုးကား-https://asia.nikkei.com/…/Book-review-Thai-Myanmar…