• Today is: Sunday, January 29, 2023

စစ်တပ်က ပေါ်တာတွေကို သတ်တယ်

စစ်တပ်က ပေါ်တာတွေကို သတ်တယ်

…………

ကျနော်က xxx ပါ။ ကျနော်တာဝန်ထမ်းဆောင်တဲ့နယ်မြေက xxx ပါ။လုပ်သက် က ၈နှစ် ရှိခဲ့ပါတယ်။

တပ်ထဲမရောက်ခင်တုန်းက မိဘ​တွေက ထိုင်းမှာအလုပ်တာ။ ကျ​နော်က ငယ်ငယ်​လေးထဲက ထိုင်းမှာ​နေရတာ။ ဗမာပြည်ကို သွားလိုက်ပြန်လိုက်ပဲ။ ဗမာပြည်မှာ မွေးစားအ​မေရှိတယ်။ တပ်ထဲ မဝင်ခင် မွေးစားအ​မေနဲ့ပဲ နေခဲ့တာ။

မြန်မာနိုင်ငံကို ပြန်ရောက်တဲ့ အချိန် လူငယ် သဘာ၀ လျှောက်လည်တာတို့၊ ဘုရား သွားတာတို့ ပျော်ပွဲစားထွက်တာတို့ လုပ်ဖြစ်တယ်။ နောက်ကျ တော့ ပဲခူးမှာ ဘုရားပွဲရှိလို့ ဆိုပြီး သွားလည်တယ်။ အဲဒီမှာ တစ်နှစ်တစ်ခါကျင်းပတဲ့ ဘုရားရှေ့က ဘော်လုံးကွင်းကြီးမှာကျင်းပတာ လူအုပ် အများကြီး နဲ့ပေါ့။

အဲဒီအချိန်မှာ ကျနော့်ညီနဲ့ ၂ယောက်သွားတော့ သူကပြောတယ်.. အကို တဲ့ ကျနော် စစ်တပ်ထဲဝင်ချင်လို့တဲ့ စစ်တပ် ထဲ ဝင်ရင် အဲဒီလို သေနတ်ကိုင်လို့ရလားတဲ့။ သေနတ်တွေကတော့ မျိုးစုံ ဆိုတော့ ကိုင်ချင်စရာတော့ ဖြစ်မိတာပေါ့။

ပြီးရင် ပြည်သူက လက်ခုပ်တွေ ချီးမြှောက်တာတို့ ပန်းခုံးစွပ်တာတို့ ဝမ်းမြောက်ဝမ်းသာ နဲ့ ကြိုဆိုတာလုပ်တော့ ညီအကို ၂ယောက် စိတ်နည်းနည်း ပါသွားတယ်၊

အဲဒါနဲ့ စစ်တပ်ထဲ ဝင်ဖို့ဆိုပြီး တိုင်ပင်တာပေါ့ ညီအကိုမောင်နှမတွေ အဒေါ်တွေနဲ့ တိုင် ပင်တယ်၊ တစ်ယောက်မှ ပေးမဝင်ဘူး။ ပေးမဝင်တော့ ခိုးဝင် ဖို့ ဆိုပြီး ဆုံးဖြတ်တာ။

အိမ်က သဘောမတူလို့ အဒေါ်နဲ့တိုင်ပင်ပြီးတော့ တပ်ထဲ ခိုးဝင်ဖို့ဆုံးဖြတ်လိုက်တာ။

မနက်လေးနာရီလောက် အစောကြီးထပြီး ဘယ်သူမှ မသိသေးခင် စစ်တပ် ထဲ ခိုးဝင်တာပေါ့။ xxx မှာရှိတဲ့ တပ်မ xxx လက်အောက်ခံ xxx ကနေ သွားဝင်တာ။ ဝင်ပြီး စုဆောင်းရေးမှာ ၆လ ကြာတယ်။ ၆လ ကြာပြီး တပ်မ xxx ကို ရောက်လာတယ်။

အဲဒီအချိန်မှာတော့ အိမ်ကလဲ အဆက်အသွယ်မလုပ်ဘူး ၆လ ပြည့်ပြီး သင်တန်း ဆင်းလာမှ အိမ်ကို ဖုန်းလှမ်းဆက်တာ။

မွေးစားအမေ ကတော့ စစ်တပ်ထဲ ဝင်သွားပြီ ဆိုတာသိတော့ သွေးတွေ ဘာတွေတက်ပြီး ဆေးရုံတွေ ဘာတွေ တင်လိုက်ရတဲ့ အခြေအနေအထိ ဖြစ်သွားတယ်။ တပ်ထဲဝင်တုန်းကအသက် ၂၀ ကျော်ကျော်လောက်ရှိပြီထင်တယ်။ သိပ်ပြီး မမှတ်မိဘူး ။

တွေ့ကြုံခဲ့တာ  အများကြီးပဲ။ သူတို့ ပြောတဲ့ စကားတွေ နားယောင်ခဲ့တယ်။ ကျနော့်ကို လာခေါ်တဲ့ ဆရာကြီးဆို သူပြောတဲ့ စကားတွေကို နားယောင်ခဲ့တယ်။ သူတို့ ပြောသလို မြို့မှာ တစ်နှစ် တစ်ခါ စစ်ရေးပြတွေလုပ်ရတယ် ပြည်သူတွေနဲ့ ရောရောထွေးထွေး နေရတယ်လို့ အဲဒီလို စကားတွေ အများကြီး ကြားခဲ့တယ်။

တကယ့်တကယ် သင်တန်းကျောင်း ရောက်တော့ ပြည်သူဆိုတာ ဘယ်မှာမှန်း မသိဘူး။ ကျနော် တို့ သင်တန်းတက်တဲ့ နေရာနဲ့ ကားလမ်းတောင်မှ အဝေးကြီး သွားရတယ်။ အပြင်လူဆိုတာ ဘယ်မှာမှန်းမသိဘူး။ အပြင်မှာ ဘာတွေ ပြောင်းလဲသွားပြီ ဘယ်လိုမျိုးတွေ ဖြစ်နေလဲ ဆိုတာ ဘာမှ မသိခဲ့ရဘူး။ အဆိုးဆုံးက သူတို့ ပြောထားတာ နဲ့ တပ်ထဲမှာက တခြားစီပဲ။

သင်တန်းကျောင်း ရောက်တာနဲ့ မျိုးစုံ စစ်ဆေး မေးမြန်းတာပေါ့။ သူတို့ ပြောတာနဲ့ တစ်ခြားစီပဲ။ သင်တန်းကျောင်းက ဘယ်လိုကျွေးတယ် ဘာညာနဲ့ ဟိုလဲ ရောက်ရော တလွဲဆီ။ ငါးဒန်ဟင်း ကျွေးရင်တောင်မှ ဖင်မြီး နဲ့ ခေါင်းတွေပဲ။ အလယ်အသားတွေက ဘယ်ပျောက်နေမှန်း မသိဘူး။ ငါး ကလဲ မကျက်တကျက်နဲ့ ၊အထဲမှာ သွေးတရဲရဲနဲ့၊ အဲသလိုတွေကျွေးတယ်။ ဝက်သားဆိုလဲ တစ်ပတ်တစ်ခါ မှစားရတယ်။

ကျွေးတဲ့ဝက်သားတောင်မှ ဘယ်လောက်လဲဆို တစ်သျှူးစက္ကူကို နေပူထဲ ထောင်ကြည့်ရင် ဟိုဘက် မြင်ရ ချင်မှ မြင်ရတာ၊ ဝက်သား ဟိုဘက်ဒီဘက် မြင်ရတဲ့ အထိ ပါးပါးလေး ကျွေးတာ။ အဲလိုမျိုးတွေ ကြုံခဲ့ရတယ်။

တစ်နေ့လာလဲ ပဲဟင်းနဲ့ငါးပိ၊ နောက်တနေ့လာလည်း ပဲဟင်းနဲ့ ငါးပိ ဒါပဲ။ နောက် အဆိုးဆုံးတခုကက ဧည့်တွေ့လာတဲ့ မိဘတွေ ဘယ်လောက်ထိ စိတ်ပျက် သွားလဲဆို ဧည့်တွေ့ မိဘတွေကို ထမင်းတွေ ဘာ တွေ ကျွေးတာ ရှိတယ်။ အဲဒီလိုကျွေးတဲ့ အခါကျတော့ ဧည့်တွေ့ မိဘတွေက ပန်းကန်ဆေး ဘာဆေးကျ မီးဖိုချောင်ထဲကို သွားဆေးရတာပေါ့။

အဲ့လို ဝင်သွားရင် ကျနော် တို့ကို ကျွေးဖို့ ဆိုပြီး ဒယ်ကြီးနဲ့ ဟင်းချိုချက်ထားတာတွေ တွေ့ရတတ်တယ်။ မိုးပြဲဒယ်ကြီးနဲ့ ဂေါ်ဖီတို့ ဆလပ် တို့ မုန်လာတို့ကို ရောပြီးချက်ထားတာ။ ဧည့်သည် အဒေါ်ကြီး တစ်ယောက် က မေးတယ်။

ကျနော့်ကို ငါ့တူ တဲ့ ဒီဟာက ဘာလဲတဲ့ ဝက်စာလားတဲ့။ မဟုတ်ဘူးလို့ ကျနော် တို့ စားဖို့ ဟင်းချို ချက်ပေးထားတာလို့ ပြောတော့ ဟာ နင်တို့ သင်တန်း ကျောင်းက ဒီလိုကျွေးတာလားတဲ့။ ဒါ ကျနော် တို့ နေ့တိုင်း စားရတာ။ အဲဒီဟင်းအိုးကြီး အပေါ်ယံ တစ်ကြောလုံးက ရေတွေက ပြာနှမ်းပြီး အပေါ်မှာ အရွက်တွေ ဘောလော ပေါ် နေတာ တကယ့် ဝက်စာ နဲ့ တူတယ် ။ 

သင်တန်းက ၆လ တက်ခဲ့ပြီး စစခြင်း ကျတဲ့ တပ်က xxx မှာ။ ပထမက တပ်မ ဌာနချုပ်မှာကျတာ။ ကျပြီး ၂လ ကျော်ကျော်လောက်ပဲ ရှိအုံးမယ် တပ်ကို ပြန်ရောက်လာတာ။ xxx လက်အောက်ခံ ခ.မ.ရ ကို ပြန်ရောက်လာတယ် ။

ကျနော်က တပ်မှာ နေခဲ့ရတာ ၁နှစ်ကျော်ကျော်လောက်ပဲ ရှိလောက်မယ်။ တောက်လျောက် နေရတာ မဟုတ်ဘူး ရှေ့တန်း သွားရတယ် ။ ပြန်လာတာနဲ့ သင်တန်း ရောက်တယ်။ ကျနော်ဆို သင်တန်းရောက်ကတည်းက ရှေ့တန်း ကို အရင်ဆုံး အပို့ခံရတာ။

တပ်မှာဆို ၂ရက် နေရသေးတယ်။  ပြီးတော့ xxx တန်းခေါ်တာ။ xxxမှာ တာဝန်ထမ်းဆောင်တာ ၉လ ၊  ၉လ ပြည့်ပြီးတော့ နောက်တန်းကို ပြန်ခေါ်တယ်။ သင်တန်းကျောင်းမှာ ဆုရတဲ့သူတွေက သင်တန်းသွားပြန်တက်ရတယ်။

သေနတ်ပစ် သင်တန်း တက်ပြီး ပြန်လာတော့ တပ်ကို ရောက်ပြီး ရှေ့တန်း အင်အားနဲ့ ပြန်ပို့၊ ရှေ့တန်း နဲ့ သင်တန်း သွားနေရတော့ နောက်တန်းမှာ ဘာတွေ ဖြစ်နေတယ် ဘာတွေ လုပ်နေတယ် မသိရဘူး။ တခါတလေကျ ကိုယ့် မိဘ ကိုယ့် အိမ်က ဖုန်းတောင် အဆက်အသွယ်မရဘူး ကျန်တဲ့ဟာတွေဆို ပို လို့ တောင် ဆိုးသေးတယ်။ 

ကျနော်တို့ ဘ၀ တွေ က ရှေ့တန်းမှာ ကိုယ် ဘယ်လောက် ပင်ပန်း ပင်ပန်း ဘယ်လောက် ရုန်းထွက်ချင်တယ် ပြောပြော ရုန်းထွက်လို့ မရနိုင်ဘူး။ 

ရှေ့တန်းကော တိုက်စည်းကော ၂ခါ တိတိ ပါဖူးတာ။ ရှေ့တန်း ကနေ ကျောပိုးအိတ် နဲ့ သင်တန်းကျောင်းကို တန်းသွားရတာ။ ဘာဝတ်စုံ ဘာတစ်ခုမှ မပါဘူး ဟိုရောက်တော့ အဲ့ဒီကပစ္စည်းတွေ ငှားပြီး သင်တန်း ပြန်တက်ရတယ်။

၂၀၁၅ခုနှစ် မေလ မှာ xxx ကိုရောက်တယ်။ အဲဒီအချိန်ကာလက တိုက်ပွဲ​တွေဖြစ်နေတဲ့ ကာလပဲ ရှိသေးတယ်။ စခန်းကုန်းကို  သွားသိမ်းဖို့ လုပ်တဲ့အချိန် ကျနော်တို့ဆီမှာ ဒဏ်ရာရတဲ့သူတွေနဲ့ ပြန်သွားတဲ့သူတွေကျန်ခဲ့တဲ့ လက်နက်ကြီးတွေအများကြီးရှိနေတယ်။ ရှိသမျှလူနဲ့ ဒီဟာတွေ သယ်ဖို့က တစ်ခေါက်ထဲနဲ့ မဖြစ်နိုင်ဘူး။

နှစ်ခေါက်ဆိုလဲ လုံး၀ အဆင်မပြေဘူး။ ၃ခေါက် ၊ ၄ခေါက် သယ်ရမယ့် အခြေအနေ ဖြစ်နေတယ်။ အဲ့လောက် အကြောင်းရေ များသွားရင် ကြားမှာ ချောင်းပစ်ခံရနိုင်ချေရှိတော့ တပ်ရင်းမှုးက ရွာသားတွေခေါ်သယ်ခိုင်းမယ်တဲ့။

အဲဒီ ကုန်းအောက် ဆင်းလိုက်ရင် ရွာသား တွေ ရှိတယ်။ အဲဒီမှာက ကြံတွေဘာတွေလာခုတ်တဲ့ လူမျိုးပေါင်းစုံရှိတယ်။  ဗမာလည်းပါတယ်၊ ကချင်တွေ ကုလားတွေ (မူရင်းပြောကြားချက် ဖြစ်ပါ သည်)အစ ပါတယ်။

ပြီးရင်  ပလောင်လူမျိုးတွေ(မူရင်းပြောကြားချက်ဖြစ်ပါသည်)လည်းရှိတယ်။ ပလောင်တွေရဲ့ လားတွေ ယူပြီး အဲဒီ ပစ္စည်းတွေ သယ်တယ်။ ပြီးရင် လူတွေကိုကျ အဲ့ဒီ အထုတ်တွေကို တံပိုးတွေ နဲ့ ထမ်းခိုင်းတယ်။ 120 ပြောင်းတွေကို ကြိုးချည်ပြီး ရှေ့တစ်ယောက် နောက်တစ်ယောက်ထမ်းခိုင်းတယ်။

အဲဒီလို ချောဆွဲတယ်။ ရွာထဲမှာ တွေ့တဲ့ သူမှန်သမျှ ချောဆွဲတာ။ တခါတလေကျ အဘိုး ကြီးတွေ ပါတယ်၊ စိတ်မကောင်းတော့ ဖြစ်မိတယ်။

ဒါပေမယ့် ကျနော် တို့က ဘာမှလုပ်မရဘူး။ တပ်ထဲမှာတောင် အသက်ကြီးတဲ့သူတွေက ကုန်းတွေ ဘာတွေဆို မတက်နိုင်လို့ သူတို့ သေနတ်တွေ၊ ကျောပိုးခြင်းတွေ ယူပြီး ကိုယ်တွေက ဝိုင်း သယ်ပေးရတာမျိုး  ခဏခဏ လုပ်ဖူးနေတော့ အရပ်သား အဘိုးကြီးတွေဆိုပိုဆိုးမှာပေါ့။ သူတို့ကိုသနားမိတယ်။ ကြားထဲက ဝင်ပြောလို့ရတဲ့ အခြေအနေလဲ မဟုတ်ဘူး။

ဘာမှ ပြောပိုင်ခွင့် မရှိဘူး။ သူတို့ ရှိသမျှလူ အကုန် ဆွဲတယ်။ မိန်းမတွေဆို ထမင်းချက် ဟင်းချက်လိုက်ပေးရတဲ့ သူတွေတစ်ပုံကြီးပဲ။  ထွက်ပြေးတဲ့ ၂ယောက် မြင်ဖူးတယ်။  ပေါ်တာဆွဲလာပြီး ညနေစောင်းကျတော့ အကုန် ရေခပ်သွားမယ်ဆိုပြီး လမ်းတစ်ဝက် ရောက်တော့ အဲဒီ ဆွဲလာတဲ့ ၂ယောက်က ထွက်ပြေးတာ။

အနောက်က ကျန်ခဲ့တဲ့ အဖွဲ့နဲ့ မိလိုက်တော့ ဖမ်းသွားတယ်လို့ပဲကြားတယ်။ ဘာလုပ်လိုက်လဲ ဆိုတာ ဘာမှ မသိလိုက်ဘူး။ ဖမ်းသွားတယ် လို့ပဲ ပြောတာ။ ဒါပေမယ့် သတ်လိုက်တာလား ဘာလုပ်လိုက်တာမှန်း အစအန ပျောက်သွားတယ်။

ရွာသားတွေကလည်း ပြောတယ်။ သူတို့လူ အိမ်ပြန်မလာဘူးတဲ့။ ကြားထဲမှာတင် ပျောက်နေတာ။ အဲဒီ ၂ယောက်ကို သေချာပေါက် သူတို့ သတ်လိုက်တာပဲ ဖြစ်မှာပေါ့။

ပြီးရင် မိန်းမတွေကို ဘာတွေ ထမင်းချက်ခိုင်းရင် လူအများကြီးစာ ထမင်းအိုး အကြီးတွေ ငှဲ့ရတာ၊ ဝိတ်တွေကို မ မနိုင်ဘူး။ အဲလိုမနိုင်ရင် ဆဲဆိုပြီးခိုင်းသေးတာ။ တစ်ပြား တစ်ချပ်မှ မရပဲ ဒါကြီး လာလုပ်ရတယ် အဆဲအဆိုလည်း ခံရတယ်။

မကျေနပ်ရင်ဆံပင်တွေ ဆွဲတာမျိုး ပါးတွေ ရိုက်တာမျိုး ခဏခဏ မြင်ရတယ်။ ကျနော်တို့က ဝင် ပြောလို့မရဘူး ပြောလိုက်ရင် သူတို့က ဝင်​ပြောတဲ့သူကို ထိုးရင်ထိုး မထိုးရင် ပါးရိုက်တာ။ အဲသလိုတွေ ကြုံရတာ တစ်ပုံကြီးပဲ။ xxxတင် မဟုတ်ဘူး xxxမှာလဲ ကြုံဖူးတယ် ။ 

xxxမှာတုန်းကဆို ၂၀၁၉ မှာ တာဝန်ကျတယ် ၂၀၁၉ မှာ xxx ကနေ xxx ကို လေယာဉ်နဲ့ သွားတော့ ဟိုလဲ ရောက်ရော အဖွဲ့ တွေ အကုန်လုံး အတက်လမ်းကို အထုပ်တွေပါ ယူပြီးတော့ လျောက်တာ။ ကျနော် တို့ဆို  ၄လလုံးလုံး တောထဲကနေ ဖြတ်ပြီး လမ်းလျောက် ခဲ့ရတာ။

တ​နေရာမှာ ချောင်းကူးဖို့ ချောင်း က နည်းနည်းကျယ်တော့ ပစ္စည်းတွေ၊ သေနတ်တွေနဲ့ အဆင်မပြေဘူး ဆိုပြီး ရွာထဲက ရွာသားတွေ ကို တစ်အိမ် တစ်ယောက် ဆိုပြီး သွားခေါ်တာ။ သွားခေါ်ပြီးဖောင်တွေ လုပ်ခိုင်းတယ်။ အထုပ်တွေ၊ ပစ္စည်းတွေ နဲ့ စစ်သားတွေက ဖောင်ပေါ်က လိုက် တယ်။ အရပ်သား တွေက အောက်မှာ ဖောင်ဘေးကနေ ကပ်ပြီး ရေကူးပြီး လိုက်လာရတယ်။ ဟိုဘက်ကမ်းရောက်ရင် အထုပ်တွေကို သူတို့က ကုန်းပေါ်ကို ထမ်းတင်ပေးရတယ်။

သူတို့ကိုအဲ့လို ၃ ၊ ၄ခေါက် ခိုင်းတာ။ ခိုင်းပြီးရင် ပြန်လွှတ်တယ်။ တခါတလေကျရင် တော်တော်နဲ့ ပြန်မလွှတ်ဘူး။ ရှေ့တန်း ကုန်းတွေထိ ခေါ်တာမျိုးတောင်ရှိတယ်။ ကျနော့် စိတ်ထင် ရှေ့တန်းကုန်းကို ရောက်ဖူးတဲ့သူတွေကို သွားပြန်ပို့တဲ့ အဖွဲ့က အိမ်တော့ ပို့မယ် မထင်ဘူး။ သူတို့ သတ်ပစ်မှာပဲ။

ဘာဖြစ်လို့လဲဆို စခန်းကုန်း တည်နေရာတွေ  သိသွားရင် ဒီလူတွေက ဒလန် ပြန်လုပ်မလားဆိုတဲ့ အတွေးတွေ  သူတို့ မှာ အများကြီး ရှိတယ်။ ဒီလူတွေကို မယုံရဲဘူး ။ မယုံရဲတော့ အိမ်ပြန်ပို့ မယ် မထင်ဘူး။ သူတို့ နှုတ်ပိတ်တဲ့ အနေနဲ့ တနေရာမှာ တခုခုတော့ လုပ်မှာပဲ။ 

နဂိုကတည်းက စစ်အတွေ့အကြုံ၊ တိုက်ပွဲအတွေ့အကြုံ မနည်းတော့တဲ့ သူတွေ၊  စစ်သက်တွေ ကပဲ လေးငါးခြောက်ဆယ် ပြည့်တော့မယ့်  သူတို့ ဆီမှာ သနားစိတ်လဲ မရှိတော့ဘူး။ ညှာတာစိတ်လဲ မရှိတော့ဘူး။ သတ်မယ်၊ရိုက်မယ်၊နှက်မယ် ဒီလောက်ပဲ တွေးတတ်တယ်။

အဲသလိုမျိုး အတွေးတွေပဲ ရှိတော့ သူတို့ ဆီ မှာ အရှင်မိတဲ့သူတွေကိုဆိုလည်း ဒီတိုင်းမထားဘူး။  ယာလုပ်ပြီး စခန်းကုန်း အောက်က ဖြတ်သွားတဲ့လူမျိုးကိုတောင် သူလျို လာလုပ်ပါတယ်ဆိုပြီး ဖမ်းခေါ်နှိပ်စက်တာတို့ ဘာတို့ ရှိတယ်။ ခဏခဏ ကြုံရတယ် ။

ကျနော် xxx မှာ ၉လပိုင်းလောက်ထိလားမသိဘူး ရှိတယ်။  ထွက်တာ ၁၀လပိုင်းဖြစ်မယ်။ ၁၁လပိုင်းမှာ ဒီကို ရောက်နေပြီ။ အမှန်တော့ ကျနော်က အခုမှ CDM တွေ ရှိတယ်ဆိုတာသိတာ။ ကိုဗစ်ကာလထဲက တပ်က လစ်ဖို့ ကြံထားပြီးသား။

ကိုဗစ်ကာလမှာ အောက်စီဂျင်ဘူးတွေ ဆေးတွေ လုထိုးနေရတဲ့အချိန် အဲဒီအချိန်မှာ စစ်တပ်ဆိုတဲ့ အာဏာကြီး နဲ့ ဆေးရုံမှာ ဆေးထိုးဖို့ တန်းစီတဲ့သူ တွေ အကုန်လုံး ကို နောက်ဆုတ်ခိုင်းပြီး တစ်တပ်လုံးက ဆေးဝင်ထိုးကြတာ။ 

အဲဒီနောက်ပိုင်း ကျနော့် ကောင်မလေး နဲ့ တိုင်ပင်တယ်။ ကျနော် အပြင်ထွက်ဖို့ ဆေးကတ် အတုတွေ ဝန်ထမ်းကတ် အတုတွေ လုပ်ခိုင်းတယ်။ ကတ်ရတော့ အာဏာကလဲ သိမ်းနေပြီ။ ဒီမှာကလည်း ပြဿနာတွေက တက်နေပြီ၊ အချင်းချင်း တွေလဲ ဇယားတွေက တက်ကုန်ပြီ ဆိုတော့  ထွက်တယ်။ ထွက်လို့ မရဘူး၊ ရုန်းလို့ မရဘူး။

အိပ်ရင်တောင်မှ လူကြီးနဲ့အခန်းထဲမှာ သူနဲ့ကျနော်က မျက်နှာချင်းဆိုင် ကုတင်မှာ အိပ်ရတာ။ ကျနော့်မှာ ဘာမှ လုပ်လို့မရဘူး တခါတလေကျ ၂နာရီထိုးကြီး အိပ်နေတဲ့အချိန် လာခေါ် ရင်ခေါ် ၊ ပြီးရင် လမ်းကြောင်း ရှိရင်လဲခေါ်။

တကယ်တမ်း သူတို့က စစ်သား အလုပ်မဟုတ်တော့ဘူး၊ သစ်တွေ ဆိုလဲ ဖမ်းတယ်၊ ငါးကားတွေ ဘာတွေဆိုလဲ အကုန်ဖမ်းတယ်။ ပဲကားတွေဆိုလဲ ဖမ်းတာမျိုး ဒဏ်ငွေ ရိုက် တာမျိုး အကုန်လုပ်တာ။ ကြာလာတော့ သူတို့လုပ်တဲ့ ဟာတွေက ရဲအလုပ်လဲ သူတို့ လုပ်တယ်၊ ပြီးရင် မော်တော်ပီကယ် အလုပ်လဲ လုပ်တယ်။

တခြား ရပ်ကွက် လူကြီးပုံစံ မျိုးလဲ ပေါင်းပြီး လုပ် တာတွေလည်း ရှိတယ်။ ဒီ​တော့ကျနော်ကလဲ မွန်းကြပ်တော့ ကောင်မလေးနဲ့ တိုင်ပင်ပြီး ထွက်ဖို့ကြိုးစားတာ။

ကျနော် ထွက်လာတုန်းက မိုးရေထဲ နေပူထဲ ဘယ်မှာမှ မနားတမ်းထွက်ခဲ့တာ။ ကျနော် တစ်နေရာမှာ ရပ်လိုက်ရင်  မိမှာ စိုးရိမ်တာ။ ကျနော်က ထောင်ကျ အပြစ်ပေးခံရရုံရှိမှာ။ ကျနော့်ကောင်မလေးပါ ပါတော့ သူ့ကိုစိုးရိမ်တာ။ ကျနော့်ကြောင့်နဲ့ သူပါ ခံရမှာလေ။ အဲတော့ မိုးရေထဲလဲ မရှောင်ဘူး တောက်လျောက် ခရီးဆက်တာ။ ဒီကို ရောက်ဖို့ ၃ရက် တိတိ ခရီး တောက်လျောက် ဆက်ရတယ် ။

ဒီမှာ ကတော့ အခက်အခဲ မရှိတော့ပါဘူး စားရေးသောက်ရေး နေရေး အဆင်ပြေတယ်။ အခုနောက်ပိုင်း လူတွေက များလာတော့ လုပြီး မီးအားသွင်းရတာမျိုး မနက် အစောကြီး ထပြီး သွင်းရတာမျိုး လိုအခက်အခဲလေးလောက်ပဲရှိမယ်။ အဲဒီတစ်ခုပဲ။

ဒီမှာက စားတာက သူတို့ ရိက္ခာ ထောက်ပံ့ ပေး ထား တာ ဆိုတော့ နေဖို့ထိုင်ဖို့ ကလဲ ကိုယ့်အိမ်နဲ့ကိုယ် ဆောက်ပြီး နေထားတာ ဆိုတော့ အဆင်ပြေ တယ် အိမ် ဆိုပေမယ့် အကြီးကြီးတွေ မဟုတ်ဘူး တဲတွေ ဆောက်ပြီး နေရတာပါ။

#တရားမျှတမှုရရှိဖို့အမှန်တရားထုတ်ဖော်ပြောကြစို့

#Let’sTelltheTruthtoGetJustice

#CDMစစ်သား

#CDM

#TransitionalJustice

#TruthTelling

#နွေဦးတော်လှန်ရေး

#မြန်မာစစ်တပ်

#Myanmar_army