• Today is: Thursday, April 25, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 5, January 17, 2023)

၁။ စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် ထန်တလန်ရှိ စာသင်ကျောင်းများ ယာယီပိတ်
January 17, 2023

စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုအန္တရာယ်ကို စိုးရိမ်သဖြင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိ ကြား ကာလပညာ သင်ကြားရေး စာသင်ကျောင်းများကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီဖြစ်ကြောင်း ထန်တလန်မြို့နယ် ကြားကာလပညာရေးဘုတ်အဖွဲ့ထံမှ သိရသည်။ အိန္ဒိယ- မြန်မာနယ်စပ်တွင် အခြေစိုက်ထားသည့် ချင်းအမျိုးသား တပ်ဦး (CNF) ဗဟိုဌာနချုပ်အား ယခုလအတွင်း စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ပြီးသည့်နောက်တွင် ထန်တလန်မြို့နယ်အတွင်း ဖွင့်လှစ် ထားသည့် ကျောင်းပေါင်း ၉၅ ကျောင်းကို ဇန်နဝါရီလ ၁၆ ရက်ကစ၍ ပိတ်လိုက် ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုသို့ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ပြီးသည့်နောက်တွင် ထန်တလန်မြို့နယ် အတွင်း ကင်းထောက်လေယာဉ်များ ပျံသန်းမှုရှိနေသည့်အတွက် ကျောင်းများကို ပိတ်လိုက်ရခြင်း ဖြစ်ကြောင်း ထန်တလန်မြို့နယ် ကြားကာလပညာရေး ဘုတ်အဖွဲ့တာဝန်ခံက ပြောသည်။ ၎င်းက “လေကြောင်းရန်ရှိလာလို့ ပိတ်လိုက်တာပါ။ အကြမ်းဖက် စစ်တပ်က လူစုလူဝေးရှိတဲ့နေရာ ပြည်သူ လူထုနဲ့ ဆိုင်တဲ့ နေရာကိုလည်း မချန်တာ ရှေ့မှာသာဓကတွေလည်း ရှိထားတော့ လက်ယက်ကုန်းရွာလိုမျိုးဖြစ်မှာ စိုးရိမ်တယ်။ ကရင်နီမှာလည်း ကျောင်းကို ဗုံးကြဲတယ်လေ” ဟု ပြောသည်။ ထန်တလန်မြို့နယ်တွင် ကျောင်းများသာမက လူစုလူဝေး ဖြစ်စေနိုင်မှုများကို မလုပ်ဆောင်ရန် ကာကွယ်ရေးတပ်ဖွဲ့များက ပြည်သူများကို သတိပေးထားကြောင်း သိရသည်။ ဒေသခံ တဦးက “ဘောလုံးပွဲက အစ ရက်အကန့်အသတ်မရှိ ပိတ်ခိုင်းတာ။ တိုက်ပွဲအခြေအနေအရ လေကြောင်းက လာပစ်လို့ပေါ့။ လေယာဉ်တွေလည်း ခဏခဏ ပျံနေလို့။ ပညာရေးဘက်က ကြည့်ရင်တော့ အနှောက်အယှက်တော့ ဖြစ်တယ်။ လုံခြုံရေးအရဆိုရင်တော့ မဖြစ်မနေ ပြည်သူလူထုကတော့ လိုက်နာရမှာပဲပေါ့” ဟု ပြောသည်။

ယခုကဲ့သို့ စာသင်ကြားမှုအရှိန်ရလာသည့်ကာလတွင် ကျောင်းများ ပိတ်လိုက်ရခြင်းသည် ကလေးများ၏ ပညာရေး အတွက် နစ်နာသလို စစ်ကောင်စီက စာသင်ကျောင်းများပါမချန် ဗုံးကြဲတိုက်ခိုက်သည့် ဖြစ်စဉ်များကြောင့် ကလေးငယ်များ သေဆုံးမှု ရှိခဲ့သည့် ဖြစ်စဉ်များလည်းရှိနေရာ လေယာဉ် မပျံသန်းရ နယ်မြေများကို အမြန်ဆုံး သတ်မှတ်ပေးရန်လိုအပ်နေပြီ ဖြစ်ကြောင်း ထန်တလန်မြို့နယ် ကြားကာလပညာရေး ဘုတ်အဖွဲ့တာဝန်ခံ တောင်းဆိုသည်။ ၎င်းက “အကြမ်းဖက် စကစ စိတ်ကြိုက် လေကြောင်းသုံးပြီးတော့ ဗုံးကြဲလို့ မရအောင် နိုင်ငံတကာအနေနဲ့ No Fly Zone မြန်မြန်သတ်မှတ်ပေးရင်တော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်လည်း သက်သာရာရမယ်။ ပညာသင်ကြားရေး မှာလည်း အနှောင့်အယှက် လျော့ပါးလာမှာပေါ့။ မဟုတ်ရင်တော့ လေကြောင်းအန္တရာယ် ရှိနေသရွေ့ကတော့ မြန်မာနိုင်ငံ ဘယ်နေရာမှာမဆို မလုံခြုံပါဘူးခင်ဗျာ။ ကျောင်းတွေ လည်း ဖွင့်လိုက် ပိတ်လိုက် ဒီအခြေအနေပဲ ကြုံနေရမှာပဲ ဖြစ်ပါတယ်” ဟု ဆိုသည်။ စာသင်ကျောင်းများအား စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများတွင် အထင်ရှားဆုံးဖြစ်စဉ်မှာ စက်တင်ဘာလ ၁၆ ရက်က ကလေးငယ် ၇ ဦး အပါအဝင် လူ ၁၃ ဦး သေဆုံးခဲ့သည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ကျောင်းသား ၂၀၀ ခန့် ပညာသင်ယူနေသော လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ် ဖြစ်သည်။ ထို့ပြင် ကယားပြည်နယ်၊ ဒီးမော့မြို့နယ် အနောက်ခြမ်းတွင် ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားသည့် မူကြိုကျောင်းကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး မူကြိုကျောင်းတွင်း ကျရောက် ပေါက်ကွဲပြီး ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ဒေသခံ ပြည်သူ ၈ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ https://burma.irrawaddy.com/news/2023/01/17/257386.html?fbclid=IwAR2uZrjVBYOEAKxDw33 FWFqb

၂။ မတူပီတိုက်ပွဲ CDF-Matupi က ရဲဘော်တစ်ဦးကျဆုံး၊ သေနတ် ၄ လက်နှင့်ကျည်ဆံအမြောက်များရှုံးဆုံး
January 16, 2023

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ် ငလိုင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် CDF-Matupi တပ်ဖွဲ့အကြားဖြစ်ပွား သည့် တိုက်ပွဲတွင် CDF-Matupi က ရဲဘော်တစ်ဦးကျဆုံးပြီး သေနတ် ၄ လက်နှင့် ကျည်ဆုံအမြောက်များရှုံးဆုံးခဲ့ရ သည်ဟု သိရ သည်။ ဇန်နဝါရီလ ၁၅ ရက်နေ့မနက်ပိုင်း ၉ နာရီခန့်က မတူပီ-ဟားခါးလမ်းမပေါ်ရှိ ငလိုင်ကျေးရွာကို အင်အား ၁၀၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာတွင် CDF-Matupi တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ ကြခြင်းဖြစ်သည်။ ယင်းတိုက်ပွဲတွင် CDF-Matupi မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး မောင်းပြန်(M4) သေနတ် ၂ လက်၊ ခါးချိူးသေနတ် ၂ လက်၊ မော်တော်ဆိုင်ကယ် ၁၁ စီး၊ လက်ကိုင်ဖုန်း ၇ လုံး၊ မောင်းပြန်ကျည်အမြောက်အများနှင့် မြန်မာကျပ်ငွေ ၁၅ သိန်း လက်လွှတ်ရှုံးဆုံးခဲ့ရသည်ဟု CDF-Matupi က ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည်။

“ကျွန်တော်တို့ထက် သာလွန်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ဒီရှေ့တန်း Post ကို နည်းနည်းလေး ပြန်ပြီးတော့ ဆုတ်ခွာလိုက်ရတယ် ” ဟု CDF- Matupi တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ အာရွန်ကပြော သည်။ စစ်ကောင်စီတပ်ဖွဲ့သည် ငလိုင်ကျေးရွာက လူနေအိမ်များကိုလည်း ဖောက်ထွင်းကာ ဇန်နဝါရီလ ၁၆ ရက်နေ့မနက်ပိုင်း ၇ နာရီခန့်တွင် အိမ်သုံးလုံးကို စက်ကြီးနှင့်ဖြိုခွင်း၍ နှစ်လုံးမီးရှို့ဖျက်ဆီးခဲ့သည်ဟု CDF-Matupi က ဆိုသည်။ ငလိုင်းကျေးရွာ တိုက်ပွဲတွင် စစ်ကောင်စီဘက်ကလည်း တစ်ဦးသေဆုံးခဲ့သည်ဟု သိရသည်။ https://www.facebook.com/Khonumthung Burmese/photos/a.1681578358776866/3343042235963795/

၃။ လွိုင်လင်လေးတွင် စစ်ကောင်စီလက်နက်ကြီးရမ်းသမ်းပစ်ချမှုကြောင့် မိသားစုဝင်(၃)သုံးထိခိုက်ဒဏ်ရာရ
January 16, 2023

ကရင်နီ(ကယား)ပြည်နယ် လွိုင်လင်လေးမြို့အတွင်း ဇန်နဝါရီလ(၁၅)ရက် မွန်းလွဲသုံးနာရီအချိန်ကတိုက်ပွဲမရှိပဲ စစ်ကောင်စီ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးပေါ်ကျရောက် ပေါက်ကွဲပြီး မိသားစုဝင် (၃) ဦး ထိခိုက် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။ လက်နက်ကြီးပေါက်ကွဲမှုကြောင့် နေအိမ်ပျက်စီးပြီး ထိခိုက်ဒဏ်ရာရသည့် မိသားစု (၃)ဦးမှာ အသက်(၃၈) အရွယ် ဒေါ်ဇင်ညွန့်၊ အသက်(၂၁) မသန်းသန်းစိုးနှင့် အသက်(၅၄) အရွယ် ဦးကျော်ဝင်းတို့ဖြစ်ပြီး ပေါက်ကွဲသည့် ယမ်းမှုန့်ကြောင့် အမျိုးသမီးအနည်းငယ်ဒဏ်ရာရရှိကာ အမျိုးသားဖြစ် ဦးကျော်ဝင်းက ဘယ်ဘက် ခြေချောင်းနှစ်ချောင်းပြုတ် ထွက်ပြီး ညာဘက်လက်မောင်းပွင့်ထွက်သွားကြောင်း သိရသည်။ “မနေ့(၃)နာရီဝန်းကျင်လောက်ကပါဗျာ့ လူနေအိမ်ပေါ်ကျပြီး မိသားစုဝင်(၃) ယောက်လုံး ထိခိုက်သွားတယ် အမျိုးသမီး(၂)ယောက်တော့ နည်းနည်းထိခိုက်တယ် အမျိုးသားတော့ ဒဏ်ရာ ပြင်းထန်တယ် ခုတော့အသက်အန္တရာယ် ကနေလွတ်ပါပြီ”ဟု ရွှေလွိုင်ကော်ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်နက် ကြီးရမ်းသမ်းပစ်မှု ကြောင့် လွိုင်လင်လေးမြို့အတွင်း ဒေသခံများကြောက်လန့်နေပြီး ဈေးဆိုင်များပိတ်ကာ နေရပ်မှ နေတိမ်းရှောင် နေရသူများလည်းရှိနေကြောင်း သိရသည်။

လွိုင်ကော်မြို့ဒေသခံ အမျိုးသားတစ်ဦးကလည်း “နေသားကျသလိုတောင်ဖြစ်တယ် သူတို့လက်နက်ကြီးအမြဲတမ်း ပစ်ချနေ ထုနေတော့အသံကြားရတာ နေ့နေ့ညညပဲညဘက်ဆိုအသံကြားရင်း အိမ်ပျော်သွားတယ် မကြားရသေးရင် အိပ်မပျော် တော့သလိုမျိုးပဲပြောရမလားမသိဘူး”ဟု ပြောသည်။ စစ်ကောင်စီ လက်နက်ကြီးပစ်ချသည့် အချိန်တွင် လွိုင်လင်လေးမြို့ အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ရည်ရွယ်ချက်ရှိရှိပစ်ချခဲ့ကြောင်း ဒေသခံက ပြောသည်။ လက်ရှိ ၂၀၂၃ ခုနှစ်ဝင်ခါစ ဇန်နဝါလ အတွင်းမှာ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ်ပျက်ဆီးခြင်းရှိနေသလို အပြစ်မဲ့ပြည်သူသေဆုံးရမှုလည်း ရှိနေကြောင်းသိရသည်။ https://www.facebook.com/KhamSarNgor/photos/a.625260164310576/2250036908499552/

၄။ တနိုင်းမြို့နယ်ရှိ ရွှေမှော်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး မှော်လုပ်သားများကို နှင်ထုတ်
January 17, 2023

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ရွှေမှော်နဲ့ ပယင်းမှော်တွေမှာ ဘက်ဟိုးမြေတူးစက်တွေနဲ့ မှော်တဲတွေကို စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးနေပြီး မှော်လုပ်သားတွေကို နှင်ထုတ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ လပူခမှော်နဲ့ ပယင်း တောင်မှော်မှာ ပယင်းနဲ့ ရွှေတူးဖော်တဲ့နေရာတွေကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၁၃ ရက်က စတင် ကာ စီမံချက်နဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး မှော်လုပ်သားတွေကို နှင်ထုတ်နေတယ်လို့ ရွှေမှော်ဒေသခံတဦးက ပြောပါတယ်။ “တိုင်းစစ် ဌာနချုပ် အမိန့်စီမံချက်နဲ့ လပူခမှော် ပယင်းတောင်မှော်ကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်က ဝင်ဖမ်းတယ်။ တရားမဝင်လုပ်ငန်း အကြောင်းပြချက်နဲ့ ဝင်ဖမ်းတာ။ ဘက်ဟိုး အစီး ၂၀ နဲ့ မှော်တဲ အလုံး ၂၀ ဖမ်းဆီး မီးရှို့မှတ်တမ်းယူရမယ်ပြောလို့ မှော်လူကြီး တွေနဲ့တော့ ညှိနေကြတယ်။ မှော်တဲတွေတော့ မီးရှို့နေပြီ။ မှော်လုပ်သား တွေကိုလည်း နှင်ထုတ်နေပြီ။” တိုင်းစစ်ဌာနချုပ် အမိန့် စီမံချက်ကြောင့် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်း တပ်ဖွဲ့က လက်ရှိမှာ လပူခမှော်မှာရှိတဲ့ ဘက်ဟိုး ၆ စီးကို သိမ်းယူထား ကာ မှော်အတွင်းက ဈေးဆိုင်ခန်းနဲ့ တဲအိမ် ၂၀ ကျော်ကို မီးရှို့ ဖျက်ဆီး ဓာတ်ပုံမှတ်တမ်းယူထားတယ်လို့ သိရပါတယ်။

မှော်လူကြီးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက“စစ်တပ်ဘက်က ဘက်ဟိုးအစီး ၂၀ ဖမ်းရမယ် ပြောတယ်။ ခုတော့ ၆ စီး ဖမ်းလို့ရသွားပြီ။ မှော်ထဲက ဈေးဆိုင်ခန်းနဲ့ တဲအိမ်တွေကို မီးရှို့ပြီး ဓာတ်ပုံမှတ်တမ်းယူနေတယ်။ မှော်လုပ်သားတွေ ကိုတော့ နှင်ထုတ်နေပြီ”လို့ ပြောပါတယ်။ တနိုင်းမြို့အဝင် တိန်းကောက်ကျေးရွာ ရွှေမှော်သွားရာလမ်းကြောင်းတွေကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့က ဇန်နဝါရီ ၁၄ ရက်က စတင်ကာ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပြီး စစ်ကောင်စီတပ်ရဲ့ နှင်ထုတ်မှုကြောင့် လပူခမှော်နဲ့ ပယင်းတောင်မှော်က မှော်လုပ်သား ၁၀၀၀ ကျော်ဟာ ရွှေမှော်တွေကနေ ထွက်ခွာခဲ့ရတာပါ။ http://burmese.dv b.no/archives/573898

၅။ သိန္နီမြို့မှာ နှစ်ရက်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း MNDAA ထုတ်ပြန်
January 16, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်မှာ ဇန်နဝါရီလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်အတွင်း စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုများတယ်လို့ MNDAA တပ်ဖွဲ့က ဇန်နဝါရီလ ၁၅ ရက်နေ့ က သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ ၁၃ ရက် နေ့လယ်တစ်နာရီခန့်ကစပြီး MNDAA တပ်မဟာ ၂၁၁ နဲ့ စစ်ကောင်စီရဲ့ စကခ – ၁၆ လက်အောက်ခံတပ်တွေ တိုက်ပွဲစဖြစ်ခဲ့ပြီး MNDAA ဘက်က တစ်ဦးသေဆုံးခဲ့သလို လေးဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါ တယ်။ ဇန်နဝါရီလ ၁၄ ရက်နေ့မှာလည်း မနက် ၁၀ နာရီကနေ နေ့လယ်တစ်နာရီကျော်အထိ တိုက်ပွဲဆက်ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြောက်ပိုင်း ညီနောင်သုံးဖွဲ့မှာပါဝင်တဲ့ MNDAA ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေး နွေးဖို့ ကမ်းလှမ်းမှုကို လက်မခံတဲ့အဖွဲ့ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို သင်တန်းပေးနေတဲ့ အပြင် လက်နက်ပါ တပ်ဆင်ပေးနေတာပါ။ MNDAA အဖွဲ့ဟာ ရှမ်းပြည်မြောက်ပိုင်း သိန္နီ၊ မုံးကိုး၊ လားရှိုး၊ ကွတ်ခိုင်၊ ကွမ်လုံ စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်လေ့ရှိပါတယ်။ https: //www.facebook.com/rfaburmese/photos/a.10150522560153128/10162371563248128/

၆။ လက်နက်ကြီးထိမှန်ကွယ်လွန်ခဲ့သူရဲ့ နာရေးမှာ စစ်ကောင်စီက အရပ်ဝတ်နဲ့ ရောက်လာပြီး ဆန္ဒပြ
January 16, 2023

ဇန်နဝါရီ ၁၅ ရက် မနက် ၉ နာရီဝန်းကျင်ခန့်မှာ ကရင်နီပြည် မီးသတ်ကုန်းရပ်ကွက်အတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တာ ကြောင့် အသက် ၇၅ နှစ်အရွယ် ဦးသိန်းဆွေ (ခ) ဦးပေါက်စီ သေဆုံးခဲ့ပါတယ်။ သေဆုံးသူရဲ့ စျာပနပို့ဆောင်စဥ် မှာ အရပ်ဝတ် စစ်သားများက ဆိုင်းဘုတ်များ ကိုင်ဆောင်လာပြီး ဓာတ်ပုံလာရိုက်ခဲ့တယ်လို့ လွိုင်ကော်ဒေသခံတဦးက ပြောပါ တယ်။ “စစ်တပ် ဘက်ကတော့ ပြည်သူတွေက ဆန္ဒပြသလို ပြောနေကြတယ် ပေါ့နော၊ ဒါပေမဲ့ အဲ့လိုမဟုတ်ပါဘူး၊ ယာဥ်တန်းက စျာပနပဲ ပို့တဲ့ ယာဥ်တန်းပဲ၊ ပို့တဲ့သူတွေကများနေတော့ အဲ့ဒါကို သူတို့ဘက်က လမ်းတဝက်မှ ဆိုင်းဘုတ်တွေနဲ့ ဖြတ်ဝင်လာပြီး ဓာတ်ပုံလာ ရိုက်တင်သွားတာ” လို့ လွိုင်ကော်ဒေသခံ အမျိုးသမီးတဦးက ပြောပြပါတယ်။

“အကြမ်းဖက်လုပ်ရပ် အလိုမရှိ” အပါအဝင် ဆိုင်းဘုတ်များ ကိုင်ထားတဲ့ အရပ်ဝတ်လူ ၂၀ ကျော် ပါဝင်တဲ့ ဓာတ်ပုံ တပုံ ဟာ စစ်တပ်ရဲ့ ဝါဒဖြန့် မီဒီယာများမှာ ပြန့်နှံ့နေတာ ဖြစ်ပါတယ်။ “ဆန္ဒပြသယောင် လုပ်သွားတာ၊ စျာပန ယာဥ်တန်းကို ရှေ့က ပိတ်ပြီးတော့ PDF အလိုမရှိလို့လည်း အော်သွားကြသေးတယ်၊ လမ်းပိတ်နေလို့ ကျန်တဲ့သူတွေက တောင်းပန် ယူရတယ်၊ အရပ် ဝတ်စစ်သားက စျာပနပို့တဲ့သူတွေကို ငါတို့လုပ်တာလို့ထင်နေလားလို့လည်း အော်မေးသွား တယ်”လို့ နောက်ထပ် ဒေသခံတဦး က ဆက်လက်ပြောပြပါတယ်။ သေဆုံးသူကို ထိမှန်ခဲ့တဲ့ လက်နက်ကြီးဟာ ဘယ်သူ၊ ဘယ်အဖွဲ့အစည်းက ပစ်တာလဲဆိုတာကို တော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ https://www.facebook. com/photo?fbid=206333561919244&set=a.169994352 219832

၇။ AA နှင့် စစ်ကောင်စီတို့ စစ်သုံ့ပန်းများ ထပ်မံလှဲလှယ်
January 16, 2023

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ ရခိုင်ပြည်။ ပုဏ္ဏားကျွန်းမြို့နယ်ဖက်တွင် စစ်သုံ့ပန်းများ ထပ်မံလှဲလှယ်မှုတို့ ပြုလုပ် ခဲ့ကြကြောင်း ဒေသတွင်းသတင်းရင်းမြစ်များမှ တစ်ဆင့်သိရသည်။ စစ်သုံ့ပန်းလှဲလှယ်မှုမှာ ဇန်နဝါရီ ၁၅ ရက် နေ့လည်ပိုင်း အချိန်ခန့်တွင်ဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကွမ်းတောင်နှင့် ပဒေသာကြားတွင်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည် အဆိုပါအနီးတစ်ဝိုက် မှ ဒေသခံများကပြောသည်။ ရက္ခိုင့်တပ်တော်ဖက်မှ တပ်သားအင်အား ၅၀ ဝန်းကျင်ခန့် ကား ၅ စီးနှင့် စစ်ကောင်စီဖက်မှ စစ်ကား ၁ စီးပါရှိကြပြီး တွေ့ဆုံကြသည်ကို မြင်တွေ့ခဲ့ရသည်ဟု ပဒေသာဒေသခံတစ်ဦး ကပြောသည်။ “နေ့လည်ပိုင်းလောက်မှာ တွေ့ကြတာပါ။ အေအေဖက်ကတော့ အင်အား ၅၀ ဝန်းကျင်လောင်ပါမယ်။ ကားက ၅ စီးပါတယ်။ မှန်လုံကားက ၂ စီး။ စစ်ကောင်စီဖက်ကတော့ စစ်ကား ၁ စီးပဲ။ သူတို့လူလှဲကြတယ်” ဟုပြောသည်။ ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများ အလှဲလှယ် လုပ်ရာတွင် ရက္ခိုင့်တပ်တော်ဖက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်လွှတ်ပေးခဲ့ပြီး စစ်ကောင်စီဖက်မှ AA တပ်ဖွဲ့ဝင် ၃ ဦးခန့် လွှတ်ပေးခဲ့သည်ဟု သွားရောက်ကြည့်ရှုခဲ့သည့် အနီးဝန်းကျင်မှ ဒေသခံများကဆိုသည်။ “ကျနော်တို့ လှမ်းတွေ့သလောက်တော့ အကုန်လုံးကတော့ ယူနီဖောင်းအပြည့်ဝတ်လာကြတယ်။ AA က ၁၀ ယောက် လွှတ်ပေးတယ်။ စစ်ကောင်စီဖက်ကတော့ ၃ ယောက်လွှတ်ပေးတယ်” ဟုပြောသည်။

ဖမ်းဆီးထားသူများ အပြန်အလှန်လှဲလှယ်မှုနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ ကို ဆက်သွယ်ခဲ့ရာတွင်လည်း တစ်စုံတစ်ရာ တုန့်ပြန်ပြောဆိုခြင်း မရှိသလို ရခိုင်ပြည်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး ကျော်သူရတို့ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ စစ်သုံ့ပန်းလှဲလှယ် မှုမှာ ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့တွင်လည်း တစ်ကြိမ်ရှိခဲ့ပြီး ထိုစဥ်ကလှဲလှယ်မှုမှာလည်း ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်နှင့် ပဒေသာကြားတွင်ပင်ဖြစ်သည်။ ထိုသို့လှဲလှယ်မှုနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအား မေးမြန်း ခဲ့စဥ်က အပစ်ရပ်ကာလတွင် မတရားဖမ်းဆီးခံထားရသည့် ရခိုင်ပြည်သူများနှင့် AA တပ်ဖွဲ့ဝင်များ လွတ်မြောက်နိုင်ရန် ညှိနှိုင်း ဆောင်ရွက်နေသည်များရှိသည်ဟု ပြောဆိုခဲ့သည်။ https://www.facebook.com/westernnewsagency/photos/a.1192 86173211229/693993695740471/

၈။ မွန် – ကရင်နယ်စပ်ရှိ ကော့ဘိန်းရွာရဲစခန်း မီးရှို့ဖျက်ဆီးခံရ
January 16, 2023

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ် ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းရွာရဲစခန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့ တစ်ခုက ဇန်နဝါရီ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်မီးရှို့သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောပြသည်။ “သူတို့ဖြစ် တဲ့အချိန်က ၁၁ နာရီလောက်မှာ ဖြစ်တာ။ ကော့ဘိန်းရွာ။ စခန်းရှို့ခံရတာ ဟုတ်တယ်။ ကြားရတာက အဖွဲ့အစည်းတစ်ခု ဝင်လာ ပြီးတော့ ရဲစခန်းတွေမီးရှို့မှုဖြစ်သွားတယ်တဲ့။ အထိအခိုက်ကတော့ အရပ်သားထိသွား တယ်။ အပြန်အလှန် ပစ်တာက စခန်းမှာ မပစ်ဘူး။ မွန်ငြိမ်းချမ်းရေးစခန်းမှာ ဖြစ်ကြတယ်။ မွန်ငြိမ်းချမ်းရေးအဖွဲ့ တစ်ဖွဲ့ရှိတယ်။ သူတို့က မွန် BGF ပုံစံပေါ့။ မွန်ပြည်သစ် ပါတီနဲ့ မဆိုင်ဘူး။ အဲဒီစခန်းကို သူတို့ဝင်စီးပြီး နောက်ပိုင်း ရဲစခန်းကို လာရှို့လိုက်တာ”ဟု ဒေသခံက ပြောသည်။ တိုက်ခိုက်မှု အတွင်း အရပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူ နှစ်ဦးကို မော်လမြိုင်ဆေးရုံ၌ ကုသနေသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။ “ရဲစခန်းမှာ အပြန်အလှန် ပစ်တယ်ဆိုတာ မမှန်ပါဘူး။ အမှန်ဖြစ်တာက မွန်ကာကွယ်ရေးတပ်မှာ ပစ်တာ။ ပြီးပြီးမှ သူတို့(လာရောက်တိုက်ခိုက်သည့်အဖွဲ့)က ရဲစခန်းကို လာရှို့တာ။ ရဲစခန်းမှာ ရဲတွေမရှိပါဘူး။ သူတို့ ဘယ်မှာရှိ လည်း ကျွန်တော်တို့လည်း မသိပါဘူး။ အဆောက်အဦးတွေ အကုန်လုံး ရဲစခန်းမှာ ။ အထက်တန်းကျောင်း ကပ်လျက်မှာ သူတို့ မရှို့ပါဘူး။သူတို့ ရှို့တာက တိုက်ခန်း ပြည်သူတွေ အန္တရာယ်မဖြစ်တဲ့နေရာ ရှို့တာ။”ဟု ဒေသခံက ပြောသည်။

မွန်ငြိမ်းချမ်းရေးတပ်နှင့် ရဲစခန်းမှာ နှစ်မိုင်ခန့်ဝေးကြောင်း ဒေသခံက ပြောသည်။ “ငြိမ်းချမ်းရေးအဖွဲ့က ထိလားတော့ ကျနော်တို့ သတင်းမကြားရသေးဘူး။ အဲဒီ အနီးအနားကို ရွာသားတွေ သွားမရဲကြဘူးလေ။ သူက ကော့ဘိန်းနဲ့ နည်းနည်းဝေး တယ်။” ဟု ဒေသခံက ပြောသည်။ လက်ရှိတွင် စစ်ကောင်စီတပ်က ကော့ဘိန်းရွာသို့ ရောက်ရှိလာ၍ ပြည်သူလူထုများ စိုးရိမ် ထိတ်လန့်နေကြရသည်ဟု ဆိုသည်။ “ဒီညလည်း သတင်းကြားတာ စစ်ကောင်စီဘက်က ရဲစခန်းမှာ ရောက်နေပြီ။ ရွာသားတွေ တိတ်ဆိတ်နေရောပဲ။ ဘာမှ မလှုပ်ရှားရဲဘူး အိမ်မှာပဲ ပုန်းနေကြတယ်။ ညမှာလည်း လူတွေ သွားလာတာ တစ်ယောက်မှ မရှိဘူး” ဟု ဒေသခံက ပြောသည်။ https://www.facebook.com/LuduNwayOo/photos/pcb.558898116299645/558897 902966333/

၉။ ပုလောတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦးနှင့် ပျူစောထီးခေါင်းဆောင် ၁ ဦးသေဆုံး
January 16, 2023

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ရှပ်ပုံစံပြကျေးရွာမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား ဇန်နဝါရီ ၁၆ ရက် နေ့လယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးနဲ့ ပျူစောထီးခေါင်းဆောင် ၁ ဦး သေဆုံး တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “တိုက်ပွဲက နေ့လယ် ၁ နာရီလောက်က စတာ။ ၅ နာရီအထိ အပြန်အလှန် ပစ်ခတ်ပြီး စကစတပ် သား ၂ ဦးနဲ့ ပျူစောထီး ၁ ဦးသေတယ်။ ပျူစောထီးခေါင်းဆောင်ပါသေတယ်။ ကျနော်တို့ ဘက်က အထိအခိုက်မရှိဘူး”လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တဦးကပြောပါတယ်။ နေ့လယ် ၁ နာရီကနေ ၅ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင် စီဘက်က ပြည်သူနေအိမ် နှစ်လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ “နေ့လယ်ပိုင်းမှာ ပစ်ခတ်သံတွေကြားရ တယ်။ ရွာသားတွေတော့ ပုန်းရှောင်နေရတာပေါ့။ အဆင်သင့်တော့ ပြင်ထားရတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

မြိတ်ခရိုင်တပ်ရင်း ၁ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက “ပျူတွေ သောင်းကျန်းနေတာ ကြာပြီ။ ရွာသားတွေကလည်း တိုင်ထားတာ ကြာပြီ။ လာပစ်စေချင်နေကြတာ။ အခုတော့ ပျူခေါင်းဆောင်ပါ သေတယယ်။ အခုအချိန်မှာ အချိန်မရွေး နေရာ မရွေး ဖြစ်နိုင်တာမို့လို့ ပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့တုန်းကလည်း မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်တာကြောင့် ပြည်သူနေအိမ် တချို့ ထိခိုက်ပြီး ဒေသခံပြည်သူနှစ်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ http://burmese.dvb.no/archives/573866

၁၀။ စစ်ခေါင်းဆောင်ခရီးစဉ်ကြောင့် စစ်တွေမြို့၌ လမ်းဘေး‌ဆိုင်များဖျက်ဆီးခံရပြီး လမ်းများ အပူတပြင်း ပြင်ဆင်နေ
January 17, 2023

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် လာရောက်မှာဖြစ်လို့ လမ်းဘေး‌ဆိုင်တွေ ဇန်နဝါရီ ၁၆ ရက်မှာ ဖျက်ဆီးခံခဲ့ရပြီး စစ်တွေမြို့လမ်းမကြီးကို စည်ပင်သာယာရေးအဖွဲ့က အခုရက်ပိုင်း အပူတပြင်း ပြင်ဆင်နေ တယ်လို့ စစ်တွေဒေသခံတွေဆီက သိရပါတယ်။ စစ်တွေမြို့ ဘီလူးမတံတား လမ်းဘေးရှိ ဈေးရောင်းချ နေသူ အမျိုးသမီးကြီး တဦးက “လူကြီး လာမယ်လို့ ပြောတယ်။ ဈေးဆိုင်ခေါင်မိုးတွေကို ဒီနေ့ ဖြိုဖျက်သွားတယ်။ ထီးဆောင်းပြီး ရောင်းပါလို့တော့ စည်ပင်က ပြောခဲ့တယ်”လို့ ပြောပါတယ်။ စစ်တွေမြို့အဝင်ဂိတ်မှ လေယာဥ်ကွင်း ဆင်းလမ်း လမ်းခွဆုံ မေယုလမ်းတလျှောက်ရှိ လမ်းဘေးဈေးဆိုင်တွေအပြင်လမ်းမကြီး ဘီလူးမတံတားအနီးရှိ ဈေးဆိုင်တွေနဲ့ မင်းဘာကြီး ဘယ်/ညာလမ်းတလျှောက်လမ်းဘေးဈေးဆိုင်တွေကို ဇန်နဝါရီ ၁၆ ရက်မှာ စည်ပင်သာယာ ရေးအဖွဲ့က လာရောက် ဖြိုဖျက်ခဲ့ကြတာပါ။ ဇန်နဝါရီ ၁၃ ရက် က မြို့အဝင်လမ်းမှ လေယာဉ်ကွင်း အဝင်လမ်းအထိ လမ်းဘေးဈေးသည်တွေကို စည်ပင်တာဝန်ရှိသူတွေက ဖယ်ပေးဖို့ သတိပေး ထားခဲ့ပြီး ဇန်နဝါရီ ၁၆ ရက် နေ့လယ်ပိုင်းမှာ နာရီစင်ကနေ ဘီလူးမတံတား မေယုလမ်းတလျှောက်ရှိ လမ်းဘေးဆိုင်တွေကို ဖြိုဖျက်ခဲ့ကြ တာလို့ လမ်းဘေးစျေးဆိုင် ရောင်းချနေတဲ့ လူငယ်အမျိုးသမီးငယ်လေးက ပြောပါတယ်။

“ကျမတို့က ထီးနဲ့ရောင်းချနေတာပါ။ အဲဒီထီးကိုတောင် ရုပ်သိမ်းဖို့ ပြောလာပါတယ်။ လူကြီး လာမယ်လို့တော့ ပြောပါ တယ်။ လူကြီးက တရက် လာမယ်လို့ ပြောခဲ့ပါတယ်။ ထီးတွေကို ရုပ်သိမ်းခိုင်းပြီး ထီးတွေကို သူတို့က ဒီဘက်ကနေ ဟိုဘက်ကို ဖြိုချခဲ့ကြတယ်။ ကျမတို့က တနေ့လုပ်မှ တနေ့ လုပ်ကိုင်စားသောက်နေရသူတွေပါ”လို့ ပြောပါတယ်။ အဖြိုဖျက်ခံလိုက်ရတဲ့ လမ်းဘေးဈေးဆိုင်တွေဟာ စည်ပင်သာယာအဖွဲ့ လေလံတင် ရောင်းချသူတွေဆီကို တနေ့ ၂ ကြိမ်ကျ အခွန်ပေးဆောင်နေကြရ တဲ့ ဈေးဆိုင်တွေ ဖြစ်ပါတယ်။ စစ်တွေမြို့ကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိုင်းစစ်ဦးချုပ် ကိုယ် စားလှယ်အဖွဲ့တို့ ဇန်နဝါရီ ၁၉ ရက်မှာ လာရောက်ကြမှာ ဖြစ်တဲ့အတွက် စစ်တွေမြို့ရှိ လမ်းဘေးဈေးဆိုင်တွေကို ဖြိုဖျက်ပြီး စစ်တွေလမ်းမကြီးကို အပူတပြင်း နိုင်လွန်ကတ္တရာ ခင်းနေပါတယ်။ မင်းအောင်လှိုင်နဲ့အဖွဲ့ဟာ စစ်တွေကတဆင့် သံတွဲ၊ ကျောက်ဖြူနဲ့ ထိုင်းနိုင်ငံ နည်းပညာနဲ့ တည်ဆောက်မယ့် ဂွမြို့နယ်ရှိ လေအားလျှပ်စစ်လုပ်ငန်းကို သွားရောက်ကြမယ်လို့ အစိုးရ အဖွဲ့နဲ့ နီးစပ်သူထံက သိရပါတယ်။ http://burmese.dvb.no/archives/573908

၁၁။ ကြာအင်းဆိပ်ကြီးမှာ ဒေသခံငါးဦး အသတ်ခံရကြောင်း နဂါးနီစစ်ကြောင်းပြော
January 16, 2023

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့မှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်တိုက်ဖြစ်နေပြီး ဒေသခံ ငါးဦးကိုလည်း စစ်ကောင်စီတပ်သားတွေ ပစ်သတ်သွား တယ်လို့ KNLA နဲ့ ပူးပေါင်း တိုက်နေတဲ့ နဂါးနီစစ်ကြောင်း ပြောခွင့်ရသူက ပြောပါတယ်။ “အလယ်ရွာ တစ်ယောက်၊ ကျွန်းဝိုင်းမှာ နှစ်ယောက်၊ သမိန်လစ်မှာက တစ်ယောက် စုစုပေါင်း ငါးယောက် အသတ်ခံရတယ်။ ဝင်ဝင်လာချင်း ကျနော်တို့ရဲ့ဂိတ်စခန်းကို သူတို့ မီးရှို့ သွားတယ်။ အလယ်ရွာတို့၊ နတ်ချောင်းဖျားတွေဘက်ကို လျှောက်ပတ်တယ်။ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ သူတို့တပ်စွဲတယ်။ စုစုပေါင်းအသတ်ခံရတာက ငါးယောက်လောက်ရှိ တယ်” ဒေသခံတွေကို စစ်ကောင်စီတပ်စစ်ကြောင်းက ဝင်ရောက်ပစ်သတ်ခဲ့တာလို့ တော်လှန်ရေး အဖွဲ့တွေဘက်က ပြောပေမယ့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူ။

ကြာအင်းဆိပ်ကြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ် စစ်ကြောင်းဟာ အရပ်သားတွေကို လူသားတံတိုင်းပုံစံခေါ်ဆောင်ပြီး ဝင်လာတာကြောင့် တော်လှန်ရေးအင်အားစု တွေဘက်က ပြည်သူ တွေနဲ့ ရွာတွေကို မထိစေချင်တာကြောင့် နောက်ဆုတ်ပေးခဲ့တယ်လို့ ရေးသားထားပါတယ်။ ရွာတွေနဲ့ဝေးတဲ့ နေရာတွေမှာတော့ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အကျဆုံးရှိခဲ့လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ တိုက်ပွဲတွေ ကြောင့်လက်ရှိရွာပေါင်း ၂၀ ကျော်က ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရသလို နောက်ထပ်ရွာတွေ ဆက်တိုးလာနိုင်တယ် လို့လည်း ဆိုပါတယ်။ KNU ဗဟိုရဲ့ ဇန်နဝါရီလ ၇ ရက်နေ့ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဒူးပလာယာခရိုင် KNU တပ်မဟာ (၆) နယ်မြေထဲ စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီး အလုံး ၁၂၅ ကျော် ကျရောက်ခဲ့တာကြောင့် ဦးဇင်း နှစ်ပါး ပျံလွန်တော်မှုပြီး ဦးဇင်းလေးပါး၊ ကိုရင်တစ်ပါး၊ အသက် ၁၀ နှစ်အောက် ကလေးငယ်နှစ်ဦး အပါအဝင် ၁၃ ဦး ဒဏ်ရာရရှိ ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ https://www.rfa.org/burmese/news/5-death-in-kyainseikgyi-01162023054708.html

၁၂။ သထုံမှာ ဓာတ်ငွေ့ပိုက်လိုင်း လုပ်သားနှစ်ဦးပစ်သတ်ခံရပြီး နှစ်ဦးဖမ်းဆီးခံရ
January 16, 2023

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဓနုကတိုက် ကျေးရွာအုပ်စုမှာရှိတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုပ်ကွက်ထဲကို ဇန်နဝါရီလ ၁၃ ရက် နေ့လယ်ပိုင်းက လက်နက်ကိုင်လူတစ်ခု ဝင်ရောက် ပစ်ခဲ့တာကြောင့် အလုပ်သမားနှစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရ ခဲ့သလို နှစ်ဦးကိုလည်း ဖမ်းသွားတယ်လို့ သထုံဒေသခံတွေက ပြောပါတယ်။ အဲဒီပိုက်လိုင်း လုပ်ကွက်ဟာ ဘီးလင်းချောင်း အနား မှာရှိတဲ့ ကတိုက်မြောက်ခွဲ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လုပ်ကွက်ဖြစ်ပြီး ဘယ်အဖွဲ့က ဝင်ရောက်ပစ်ခဲ့သလဲ ဆိုတာတော့ တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။ ဘီးလင်းချောင်းထဲကနေ လူ ၁၀ ဦးခန့်က စက်လှေနဲ့ရောက်လာပြီး ပစ်ခတ်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သထုံဒေသခံတစ်ဦးက ပြောပါတယ်။ “ နေ့လယ် ၁၂ နာရီလောက်မှာ ဖြစ်သွားတာပါ။ အမျိုးသားနှစ်ဦးက သေနတ်နဲ့ ပစ်သတ်ခံရပြီး သေသွား တယ်။ လေးဦးက ထိခိုက်ဒဏ်ရာရလို့ နှစ်ဦးကို ရန်ကုန် ဆေးရုံကြီးမှာ ပို့ထားပြီး နောက်နှစ်ဦးကိုတော့ မော်လမြိုင် ခုတင် ၃၀၀ စစ်ဆေးရုံကြီးမှာ ဆေးကုသ ပေးနေပါတယ်။ ကြီးကြပ် အင်ဂျင်နီယာနဲ့ နောက်တစ်ဦးကတော့ ဖမ်းဆီးခံ ထားရပါတယ် ” စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီပစ်ခတ်မှုကို ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေက လုပ်တာဆိုပြီး စွပ်စွဲရေးသားနေပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။

သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကတော့ ဒီဖြစ်ခတ်မှုနဲ့ပတ်သက်ပြီး သူတို့ မသိရသေးတဲ့အကြောင်းပြော ပါတယ်။ ဇန်နဝါရီလ ၁၃ ရက် ညနေပိုင်းကလည်း သထုံမြို့နယ်၊ တောင်စွန်းရွာမှာ အိမ်ထောင်စုစာရင်း ကောက်ပြီး ပြန်လာတဲ့ အုပ်ချုပ်ရေးမှူးဦးစိုးသိန်းနဲ့ ရုံးစာရေးမတစ်ဦးကို သထုံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခဲ့တာကြောင့် နှစ်ဦးစလုံး သေဆုံးခဲ့ပါတယ်။ https://www.rfa.org/burmese/news/thaton-gas-workers-killed-01162023041617.html

၁၃။ ပင်လောင်း စစ်ရှောင် ၂ ဦး ခွဲစိတ်ကုသမှု ကုန်ကျစရိတ်လိုအပ်နေ
January 16, 2023

သျှမ်းပြည် ပင်လောင်းမြို့နယ်အတွင်း စစ်ဘေးရှောင်ခိုလှုံနေသည့် ကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦးသည် ခွဲစိတ် ကုသမှု ကုန်ကျစရိတ် အကူညီ လိုအပ်နေကြောင်း သိရှိရသည်။ စစ်ရှောင်စခန်းမှ အသက် ၃ နှစ်အရွယ် ကလေးတစ်ဦးသည် ခြေထောက်ပေါင်တွင် မွေးရာပါအဖုအတိပ်များဖြစ်ပြီး ခွဲစိတ်ရမည်ဟုဆိုသဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံး ပတ်တွင် ပင်လောင်းမြို့နယ် ဆေးရုံမှတစ်ဆင့် တောင်ကြီးမြို့သို့ ပို့ဆောင်ပြီး ခွဲစိတ်ကုသ နေရကြောင်းသိရသည်။ အလားတူ အသက် ၄၀ နှစ် ဝန်းကျင် အမျိုးသားတစ်ဦးက အစာအိမ်ရောဂါ အခံရှိရာကနေ အစားအသောက် ပုံမှန်မရသည့်အတွက် အူတက် ပေါက်ဖြစ်ပြီး တောင်ကြီးဆေးရုံတွင် ခွဲစိတ်ကုသနေရကြောင်း ပင်လောင်းစစ်ရှောင် အမျိုးသမီးတစ်ဦးကပြောသည်။ “ပေါင်ခွဲ စိတ်ရတဲ့ ကလေးတစ်ယောက်က ရက် ၂၀ လောက်ကြာပြီရှင့်..။ ဆေးရုံကနေ မဆင်းလာရသေးဘူး။ သူက မွေးရာပါ လို့ဘဲ ပြောရမလား ပေါင်ပေါ်မှာ အဖုအတိပ် အကြီးဖြစ်လို့ ခွဲစိတ်ရတာ။ နောက်တစ်ယောက် အူတက်ပေါက်ဖြစ်တာ၊ ခွဲစိတ်ဖို့ ကုန်ကျ စရိတ်၊ စားစရိတ်၊ ဆေးရုံမှာ နေထိုင်စရိတ်တွေ ကျပ်သိန်း ၂၀ လောက်၊ အများကြီး လိုအပ်နေတယ် “ ဟု ၎င်း စစ်ရှောင် အမျိုးသမီးတစ်ဦးကပြောသည်။

အရေးပေါ် ခွဲစိတ်ရန်လိုအပ်သည့် စစ်ရှောင်ကလေးတစ်ဦးနှင့် အမျိုးသားတစ်ဦးသည် ပင်လောင်းမြို့နယ် ဆေးရုံ၌ ကုသနေစဉ် ဆေးဝါးလုံလောက်မှု မရှိခြင်း နှင့် ကျန်းမာရေးစောင့်ရှောက်ပေးသူ ဝန်ထမ်းများ အားနည်းခြင်းကြောင့် ခွဲစိတ်မရ သဖြင့် ၎င်းတို့မှာ ပြည်နယ်ဆေးရုံ တောင်ကြီးမြို့သို့ ခွဲစိတ်ရန် ပို့ဆောင်ရသည်ဟု သိရသည်။ ထို့အပြင် အလုပ်အကိုင် အခွင့် အလမ်း မရှိသည့် (ပင်လောင်း) မြို့က စစ်ရှောင်များမှာ အလှူရှင် ပြတ်တောက် လာသည့်ချိန်မှ စပြီး ပုံမှန် ထမင်းမစားရခြင်း၊ ဆေးဝါးများ လုံလောက်မှု မရှိခြင်း စသည့်ဖြင့်ကြောင့် ရောဂါအခံရှိသူ စစ်ရှောင် အချို့မှာ ကျန်မားရေး စောင့်ရှောက်မှုမှာ ကျဆင်း လာရခြင်း ဖြစ်ကြောင်း သိရသည်။ “အူတက်ပေါက် ဖြစ်တဲ့ တစ်ယောက်က အရင်က သူအစာအိမ်ရောဂါ ဖြစ်ဖူးတယ်တဲ့။ အခု အူမကြီး ထွက်ပေါက်သွားတဲ့ အဆင့်ထိဖြစ် သွားတာ။ သူက အစားအသောက်ကို ပုံမှန်မစားတာရယ်၊ ဆေးဝါး လုံလောက်မှု မရှိတာတွေကြောင့် အဲ့အဆင့်ထိ ဖြစ်သွားတာ “ လို့ ၎င်းနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ၂ နှစ်နီးပါး ပင်လောင်းမြို့နယ်အတွင်း စစ်ဘေးရှောင် ခိုလှုံနေရသည့် စစ်ဘေးဒုက္ခသည် ဦးရေမှာ (၅,၀၀၀) ဝန်းကျင် ရှိကြောင်း သိရသည်။ https://burmese.shannews.org/archives/32574

၁၄။ စစ်ကောင်စီ၏ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေသစ်ကြောင့် ကရင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများ အခက်ကြုံ
January 17, 2023

ကရင်ပြည်နယ်အတွင်း အသင်းအဖွဲ့များ ပြန်လည်မှတ်ပုံတင်ရန် စစ်ကောင်စီ၏ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေသစ် ကြောင့် အခက်ကြုံတွေ့နေကြရသည်ဟု ကရင်ပြည်နယ်ရှိ အရပ်ဘက်အဖွဲ့များနှင့်နီးစပ်သူများထံမှ သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ယခု ဇန်နဝါရီလအတွင်း နောက်ဆုံးထားပြီး မည်သည့် အရပ်ဘက်အသင်းအဖွဲ့များမဆို စစ်ကောင်စီမှ ပြန်လည် အသစ်ရေးဆွဲထားသည့် အသင်းအဖွဲ့များဆိုင်ရာ ဥပဒေနှင့်အညီ ပြန်လည်မှတ်ပုံတင်ရမည်ဟု အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။ ထိုအသင်းအဖွဲ့များက အချိန်မှီ ပြန်လည်မှတ်ပုံတင်ခြင်း ပျက်ကွက်ပါက အဆိုပါအသင်းအဖွဲ့များသည် ဖျက်သိမ်း ခြင်းနှင့် ဆက်လက်လှုပ်ရှားပါက အရေးယူခံရနိုင်သည့်အပေါ် မိမိတို့ အသင်းအဖွဲ့ ဆက်လက်ထားရှိရန် မထားရှိရန်ကို ဆွေးနွေး နေဆဲဟု ဖားအံမြို့အရပ်ဘက်အဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ ၎င်းက“ ကျနော်တို့အဖွဲ့ကတော့ ရိုးရိုးနာရေး အသင်းပါပဲ။ ကျနော်တို့ အလှူရှင်ကတော့ ရပ်ကွက်၊ မြို့တွေမှာပါပဲ။ အခု စစ်ကောင်စီဥပဒေသစ်နဲ့တော့ ကျနော်တို့ဘက်က နည်းနည်း စဉ်းစားရခက်တယ်။ ဥပဒေမှာ ပါတာက တရား မဝင်အဖွဲ့အစည်းနဲ့သူတွေနဲ့တော့ ဆက်နွှယ်လို့မရပါတော့ ကျနော်တို့ အလှူရှင်တွေက တစ်ဦးစီတိုင်း အကုန်သိထားဖို့တော့ လိုတယ်လေ။ အဲဒါတွေကြောင့် ကျနော်တို့က ပြန်လည်မှတ်ပုံတင်နိုင်ဖို့က ခက်သား”ဟု ပြောသည်။ အဆိုပါ စစ်ကောင်စီ၏ ဥပဒေတွင် မည်သည့် အရပ်ဘက်အဖွဲ့အစည်းမဆို မှတ်ပုံတင်ရမည်ဖြစ်ပြီး ပျက်ကွက်ပါက ထောင်ဒဏ် (၃)နှစ် (သိုမဟုတ်)ငွေဒဏ်ကျပ် (၁၀) သိန်းပေးဆောင်ရမည်။ တရားမဝင် အကြမ်းဖက် အဖြစ် သတ်မှတ်ထားသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ပါက ဒဏ်ငွေကျပ်(၅၀)သိန်းနှင့် ထောင်ဒဏ် (၅)နှစ်အထိ ချမှတ် ခံရမည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီ၏ ဥပဒေသစ်ကြောင့် လူမှုရေး၊ ဒေသဖွံ့ဖြိုးရေ၊ ကျန်းမာရေးနှင့် ပညာရေးများအတွက် အကျိုးပြုနေကြ သည့် အရပ်ဘက်အဖွဲ့အစည်းများ အားနည်းလာနိုင်ဖွယ်ရှိပြီး စစ်ကောင်စီလက်ထက်တွင် ပြန်လည် မှတ်ပုံတင်မည့် အဖွဲ့အစည်း များ နည်းပါးလာနိုင်သည်ဟု ပရဟိတလုပ်ငန်းလုပ်နေသူ လှိုင်းဘွဲမြို့ခံ လူငယ်တစ်ဦးက ပြောသည်။ “ကျနော်တို့က ပြန်လည် မှတ်ပုံတင်ဖို့ အခြေအနေတော့ရှိတယ်၊ ဒါပေမယ့် အခုထိတော့ပြောဖို့ မသေချာသေးဘူး၊ ရွေးကောက်ပွဲလည်း သူတို့လုပ်တော့ မယ်လို့လည်းကြားတယ်၊ ရွေးကောက်ပွဲဖြစ်လာမလား မဖြစ်လာဘူးလားတော့ မသိဘူး၊ ဘယ်လိုဖြစ်ဖြစ် အချို့အရပ်ဘက်အဖွဲ့ တွေကတော့ ရွေးကောက်ပွဲပြီးမှ ပြန်လည် မှတ်ပုံတင်ကြမယ့်အဖွဲ့ လည်း ရှိတယ်လို့ ကြားတယ်၊ အခုအချိန်တော့ ဘာတစ်ခုမှ တိတိကျကျ မပြောနိုင်သေးဘူး”ဟု သူက ပြောသည်။ စစ်ကောင်စီ အသစ်ပြန်လည်ရေးဆွဲထားသည့် အသင်းအဖွဲ့ဥပဒေတွင် အသင်းအဖွဲ့များအနေဖြင့် နိုင်ငံရေး၊ ဘာသာရေးနှင့် ပြည်တွင်းရေးကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ၊ အစိုးရဌာန များက အချိန်မရွေး ဝင်ရောက်စစ်ဆေးခွင့်ရှိသည်ဟု ဖော်ပြထားသည်။ ၎င်းဥပဒေသည် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အသစ်ပြန်လည်ရေးဆွဲထားပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့တွင် စစ်ကောင်စီထိန်းချုပ်ထားသည့် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။ ယခု ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးထားပြီး အသင်းအဖွဲ့များ အပြီးသတ်ပြန်လည် မှတ်ပုံတင်ရမည်ဟုလည်း စစ်ကောင်စီက ညွှန်ကြားထားသည်။ https://kicnews.org/2023/01/%e1%80%85%e1%80%85 %e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1/

၁၅။ ပျောက်ဆုံးသွားတဲ့ ဒေသခံသုံးဦး စစ်ကောင်စီရိုက်နှက်စစ်ဆေးပြီး ပြန်လွှတ်လာ
January 16, 2023

ပျောက်ဆုံးသွားတဲ့ ဒေသခံ ၃ ဦးဟာ စစ်ကောင်စီက ၁၂ ရက်ကြာ ဖမ်းဆီးစစ်ဆေးပြီး ပြန်လွတ်ပေးခဲ့တယ်လို့ မိသားစု ဝင်တွေကပြောပါတယ်။ တအာင်းလက်နက်ကိုင်နဲ့ PDF လို့စွပ်စွဲပြီး ဖမ်းဆီးခံရတာဖြစ်တယ်လို့ဆိုပါတယ်။ ဖမ်းခံရတဲ့ မိုင်းကျန်ညွန့် ရဲ့ မိခင်က “ဖမ်းခံရတာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့က အဲမှာ ၁၂ ရက် လောက်သူတို့ ချုပ်ထား တယ်။ သူတို့ ဖုန်းစစ်တယ်လေ ဖုန်းထဲမှာ တအာင်းစစ်သားပုံရှိလို့ဆိုပြီး စစ်ဆေးရိုက်နှက်တာဖြစ်တယ်” လို့ဆိုပါတယ်။ ဖမ်းဆီးခံရတဲ့ ၃ ဦးထဲ မှာ အမျိုးသား ၂ ဦး နဲ့အမျိုးသမီး တစ်ဦးဖြစ်ပါတယ်။ ၎င်းတို့မှာ မိုးကုတ်မြို့နယ် လွယ်ငင်းကျေးရွာကနေ ပြည်တော်ပေါက်ဖက် ကို သွားနေချိန်မှာ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခြင်းခံ ရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ရိုက်နှက်မှုကြောင့် ဒဏ်ရာပြင်းထန်ရရှိတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဖမ်းဆီးခံ ကိုနိုင်ဦးဇနီးက “အိမ်ကိုတော့ဒီနေ့မှရောက်တယ်။ ရိုက်တာတစ်ကိုယ်လုံး ရစရာတောင်မရှိတော့ဘူး။ ခေါင်းစ ခြေဆုံးပဲ။ ဒဏ်ရာက မျက်လုံးထဲမှာသွေးတွေကျန်တယ်။ ခြေထောက်လည်းယောင်နေတုန်း ရင်ဘက်မှာ အများကြီး ရိုက်ထား တော့ အညိုကွတ်တွေကျန်နေတုန်းပဲ။ ပေါင်တွေမှာလဲ ဒဏ်ရာကျန်သေးတယ်”လို့ပြောပါတယ်။ ကိုနိုင်ဦး နဲ့ မိုင်းကျန်ညွန့် တို့ကို အမျိုးသား ၂ ဦး ဆိုင်ကယ်တစ်စီးတည်းစီးလို့ ရပ်တန့်စစ်ဆေးရာကနေ နောက် ဆိုင်ကယ်တစ်စီးနဲ့ လိုက်ပါလာတဲ့ အမျိုးသမီး တစ်ဦးပါ တစ်ဖွဲ့လုံးဖမ်းဆီးသွားတာဖြစ်ပါတယ်။ ဖမ်းဆီးရိုက်နှက်ခံ အရပ်သား ၃ ဦးဟာ ကွတ်ခိုင်ဇာတိဖြစ်ပြီး မိုးကုတ်မြို့နယ် မှာ ပြည်တော်ပေါက်ရွာမှာ ဦးလေးဖြစ်သူရဲ့ အသုဘကို သွားနေစဉ် အဖမ်းခံရတာဖြစ်ပါတယ်။ https://www.facebook.com /photo/?fbid=493898246250778&set=a.4045 03215190282

၁၆။ အင်းတော်ကြီးတွင် ရွှေတူးနေသည့် စက်ယန္တရားအချို့နှင့် ရွှေလုပ်သား ၂၀ နီးပါးကိုစစ်ကောင်စီဖမ်းဆီး
January 16, 2023

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် တရားမဝင် ရွှေတူးဖော်နေသည့် စက်ယန္တရားကြီးများနှင့် ရွှေလုပ်သား (ကျင်းသား) ၂၀ ဦး နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့ အထိ မမုံကိုင်ကျေးရွာ အနောက်ဘက်ခြမ်းရှိ ရွှေလုပ်ကွက်များကို စစ်ကောင်စီတပ်မှ စစ်ဆေး ဖမ်းဆီးမှု များပြုလုပ်ခဲ့သည်ဟု မိုင်းနောင်ကျေးရွာနေအမျိုးသားတစ်ဦးက ပြောသည်။ ”မိုင်းနောင်တောမှာ ရွှေလုပ်နေတဲ့ဟာတွေ ဖမ်းခံရ တာ စစ်ကြောင်းက အင်အား ၃၀ လောက်ရှိတယ်။ ၁၁ ရက်နေ့က စစ်ကြောင်းထိုးသွားတာ မနေ့ကပြန်လာတယ် ပြန်လာတော့ ဘတ်ဟိုးရယ် မြေကောတဲ့ကားရယ် မောင်းလာတယ်။ ပြီးတော့ ကျင်းသားတွေလည်း အများကြီးဖမ်းလာတယ် ကျင်းသားဦးရေ က အတိအကျမသိရဘူး ၂၀ နီးပါးရှိ မယ်ဗျ”ဟုမျက်မြင်တွေ့ခဲ့သည့် မိုင်းနောင်ကျေးရွာနေ အမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းဆီးထားသည့် ဘက်ဟိုးတစ်စီး၊ မြေကောစက်တစ်စီး၊ မှုံစက်နှစ်လုံးနှင့် ကျင်းသားများကို လက်ရှိ လုံးတုံးမြို့ရှိ စစ်ကောင်စီ၏ အရှေ့တိုင်းရုံးတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။ လက်ရှိ မိုင်းနောင်ကျေးရွာ အနောက်ဘက်ခြမ်း တောထဲ တွင် ရွှေတူးဖော်နေသော လုပ်ငန်းရှင် ရာဂဏန်းရှိနေပြီး စစ်ကောင်စီ၏ ဖမ်းဆီးမှုများကြောင့် လုပ်ငန်းရပ်နား ထားပြီး ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။ ”အဲ့မိုင်းနောင်တောမှာက ရွှေတူးနေတာကြာပြီလေ။ အရင် NLD အစိုးလက်ထက် ကတည်းက ခိုးတူးနေတာ တာပေမယ့်အဲ့ချိန်တုန်းက အရမ်းဖမ်းတော့ နားလိုက်ကြတာ။ အခုအာဏာသိမ်းတဲ့ နောက်ပိုင်းပြန် တူးလာကြတာ အခုဖမ်းထားတဲ့စက်တွေ ပြန်ပေးမပေးတော့မသိဘူး။ ကျင်းသားတွေကိုတော့ ပြန်လွတ်လာဖို့တော့ အလား အလာရှိတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ အင်းတော်ကြီးဒေသ ဖားကန့်– အင်းတော်ကြီး လမ်းမကြီးအနီး မမုံကိုင်ကျေးရွာ ရွာအနီးတွင်တစ်နေရာနှင့် လုံးတုံးနှင့်မိုင်၂၀ခန့်ဝေးသည့် နန့်ရင်းခချောင်းဖျား တရားမဝင်ရွှေတူးဖော်မှုများဆက်ရှိနေဆဲဖြစ် ကြောင်း ဒေသခံများထံမှသိရသည်။ https://burmese.kachinnews.com/2023/01/16/az2-72/

၁၇။ မိုင်းရယ်မြို့နယ် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် ဖမ်းဆီးခံရ
January 16, 2023

သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာတွင် အုတ်ရိုက်ပိုင်ရှင်၏ သမီး ဖမ်းဆီးခံရကြောင်းသိရရှိသည်။ (ဇန်နဝါရီ ၁၅) ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ဟိုယကျေးရွာထဲ အမည်မသိ အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၁ ဦးတို့က အုတ်လာဝယ် ယောင် ဆောင်ပြီး ထိုဆိုင်ပိုင်ရှင်၏ သမီးကို ဖမ်းဆီးသွားကြောင်း သိရသည်။ “ကားအဖြူ တစ်စီးနဲ့လာ တာ။ ၃ ယောက်လာတယ်။ အုတ် ဝယ် ယောင်ဆောင်ပြီးတော့ ဝင်လာတာ။ ကလေးမက အိမ်ရှေ့မှာ ဖုန်းပြောနေတာ။ အဲ့တာနဲ့ ကားပေါ်တင်ပြီးတော့ ဖမ်းသွား တာ။ ဘယ်သူလာဖမ်းသွားတာလဲ မသိဘူး။ သူတို့က အရပ်ဝတ်နဲ့ပဲ။ အမျိုးသမီးတစ်ဦးကတော့ ကားပေါ်မှာပဲ စောင့်နေတာ” ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။ အဆိုပါ လာဖမ်းသွား သူသည် မည်သည့်အဖွဲ့ဖြစ်ကြောင်း မသိရှိ ရသေးပေ။

အလားတူ လက်ရှိအချိန်ထိ ထိုအမျိုးသမီးကို မဆက်သွယ်နိုင်သေးသောကြောင့် မိသားစုဝင်များက စိုးရိမ်စိတ်ပူနေကြ သည်။ “ဘယ်သူ လာဖမ်းသွားတာလဲတော့ မသိဘူး။ ကျနော်တို့လည်း စိုးရိမ်နေတာ။ အခုချိန်ထိ ပြန်ဆက်သွယ်လာ တာလည်း မရှိဘူး။ ဘာကြောင့် လာဖမ်းသွားလဲဆိုတာလည်း မသိဘူး။ တစ်ခုခုဖြစ်မှာလည်း စိုးရိမ်နေရတယ်။ သူတို့တစ်ခုခု သွားလုပ်မှာ လည်း စိတ်ပူတယ်။ ဘယ်နားကို ဖမ်းခေါ်သွားတာလဲ ဘာမှမသိရဘူး” ဟု ဖမ်းဆီးခံရသည့် အမျိုးသမီးငယ်၏ မိသားစုဝင်က ပြောသည်။ ဟိုယကျေးရွာထဲတွင် အထက်ပါ လူကို ဖမ်းဆီးမှုမျိုးတစ်ခါမှ မကြုံဖူးသေးကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ ဖမ်းဆီးမှုကို ပြန်ပေးဆွဲဖြစ်မည်ကို မိသားစုဝင်များက စိုးရိမ်စိတ်ပူနေကြသည်။ https://burmese.shannews.org/ar chives/32565

၁၈။ ဝိုင်းမော်တွင် ယာဉ်တိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံး၊ ကားသမား ထွက်ပြေး
January 17, 2023

ဝိုင်းမော်မြို့နယ် မြစ်ကြီးနား- ဗန်းမော်အဝေးပြေးကားလမ်းမကြီးရှိ ခါးရှိကျေးရွာတွင် ယမန်နေ့ ည ၆ နာရီအချိန် ယာဉ် တိုက်မှုဖြစ်ပွားခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ကြောင်းသိရသည်။ ဝိုင်းမော်မြို့မှ အောင်မြေ (၁) ကျေးရွာသို့ သွားနေသော ဆိုင်ကယ်တစ်စီးနှင့် မော်တော်ကားတို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းဖြစ်သူမှာ ထွက်ပြေးသွားခဲ့ကြောင်း မွန်မြတ်စေတနာပရဟိတအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဖြစ်စဉ်က ကားသမား မူးနေတဲ့ သဘောရှိတယ်။ ကား သမားကထွက်ပြေးသွားတယ်။ ဘာကားအမျိုးအစားလည်းဆိုတာ မှောင်နေတော့မမြင်လိုက်ဘူး။ အဲ့အနီးကဒေသခံတွေလည်း ပြောတာ။ သူတို့ကဆိုင်ကယ်တစ်စီးနဲ့ လူလေးဦးစီးလာ တာ”ဟုပြောသည်။ ဆိုင်ကယ်စီးလာသူ အသက် ၆၀ ကျော် အမျိုးသမီး နှင့် အသက် ၁ နှစ်အရွယ် ကလေးငယ် တစ်ဦးတို့သေဆုံးခဲ့သည့်အပြင် လမ်းလျှောက်နေသူ အသက် ၅၀ ကျော်အမျိုးသားတစ်ဦးလည်း အသက်သေဆုံး ခဲ့ကြောင်းသူကပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူနှစ်ဦးမှ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးမှာ ဒူးဆစ်ပြတ်ထွက်ဒဏ်ရာရရှိခဲ့ပြီး ကျန်တစ်ဦးမှာ အသက် ၁၅ နှစ်အရွယ် အမျိုးသားဖြစ်ပြီး နံရိုးကျိုးသွားကာ နှစ်ဦးစလုံး အသက်အန္တရာယ်စိုးရိမ်ရကြောင်း သူကဆက် ပြောသည်။ သေဆုံးခဲ့သည့် သုံးဦးကို နေအိမ်တွင်ပြန်လည်ပို့ဆောင်ထားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် နှစ်ဦးကိုမူ မြစ်ကြီးနားမြို့ ပြည်သူ့ ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ကလည်း မြစ်ကြီးနား-ဗန်းမော်ကားလမ်းရှိ ဝိုင်းမော်မြို့နယ် အောင်မြေ(၁) နှင့် အောင်မြေ(၂) ကျေးရွာကြားတွင် လိုက်ထရက် မော်တော်ယာဉ်နှင့်ဆိုင်ကယ်တို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သောကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ https://www.facebook.com/The74Medi a/photos/pcb.728590221993835/72859 0048660519/

၁၉။ စစ်ကောင်စီတပ် တောင်စွန်းရှေ့တန်းစစ်စခန်းကိုပို့မယ့် ရိက္ခာ၊ ခဲယမ်းကား ၄ စီး ဖမ်းဆီးခံရပြီး ရိက္ခာဆန်အိတ် ၁၀၀ ခန့် နဲ့ လက်နက်ငယ် ကျည်ဆံ ၃၀၀၀ ကျော်ပါသွား
January 15, 2023

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ၊ ဝင်းရေးမြို့နယ်၊ ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်းမှာ စစ်ကောင်စီတပ် တောင်စွန်းရှေ့တန်းစစ်စခန်းကိုပို့ဆောင်မယ့် ရိက္ခာ၊ခဲယမ်းတင်ဆောင်လာတဲ့ ကား ၄ စီး ဇန်နဝါရီလ ၁၄ ရက် မနက် ၁၁ နာရီလောက်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ နယ်မြေခံတပ်သတင်းရင်းမြစ်တွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ ရိက္ခာတွေကို အရပ်ဖက်ယာဉ် ၄ စီးနဲ့တင်ဆောင်လာတာဖြစ်ပြီး ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းပိုင်း သံပုရာ (ပနောကလဲ) ရွာအနီးမှာ ဖမ်းဆီးခံလိုက်ရတာလို့သိရပါတယ်။ ကားတွေပေါ်မှာ စစ်ကောင်စီ တပ်ရိက္ခာဆန်အိတ် ၁၀၀ ဝန်းကျင်၊ စားဆီ၊ ပဲ၊ ငရုတ်သီးခြောက်စတဲ့ ရိက္ခာတွေအပြင် ရှေ့တန်းကိုပို့ဆောင်ပေးမယ့် ကျည်ဆံတွေအများအပြားပါဝင်ပြီး အဲ့ဒီရိက္ခာနဲ့ကျည်ဆံ တွေ ဆုံးရှုံးသွားတယ်လို့ ပြောပါတယ်။ ”ပို့တာက တပ်မဟာ ၆ နယ်မြေထဲကဘဲ အနန်းကွင်းဘက်ကနေပို့တာလို့ သိရတယ်၊ ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းပိုင်း သံပုရာရွာနားမှာ ဖမ်းခံလိုက်ရတာ။ ကားတွေက 4 wheel ကားအသေးတွေ ၄ စီးခွဲပြီး ရိက္ခာ ဆန် အိတ်တွေနဲ့ ခဲယမ်း(ကျည်ဆံ) တွေတင်ထားတာ။ ဆန်အိတ်က ၁၀၀ လောက်ရှိတယ်၊ ကုလားပဲ၊ ဆီ၊ ငရုတ်သီးအကုန်ပါ သွားတယ်။ ကျည်ဆံတွေ လည်း ၃၀၀၀၊ ၄၀၀၀ လောက်ပါသွားတယ်”လို့ နယ်မြေခံတပ်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရပြီးတဲ့နောက် ရိက္ခာနဲ့ခဲယမ်းတွေတင် ဆောင်လာတဲ့ အရပ်ဖက်ယာဉ်တွေနဲ့ ယာဉ်မောင်းတွေ ပြန်လည် လွတ်မြောက်လာခဲ့တယ်လို့ ပြောဆိုပေမယ့် အတည်မပြုနိုင်သေးပါဘူး။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ KNU နဲ့ တပ်မဟာ ၆ နယ်မြေ ထဲက PDF စစ်ကြောင်းတွေဘက်က သတင်းထုတ်ပြန်တာမျိုးမရှိသေးသလို ဘယ်အဖွဲ့ကဖမ်းဆီးတယ်ဆို တာကိုတော့ သီးခြား အတည်မပြုနိုင်ပါဘူး။ စစ်ရိက္ခာ၊ ခဲယမ်းတွေ ပို့ဆောင်မယ့် တောင်စွန်းရွာစစ်ကောင်စီ ရှေ့တန်း စစ်စခန်းတွေကို ဒီဇင်ဘာလ ကုန်နဲ့ အခုလဆန်းပိုင်းမှာ ကရင်တော်လှန်ရေးပူးပေါင်းမဟာမိတ်စစ်ကြောင်းတွေက ဝိုင်းဝန်းတိုက်ခိုက်ခဲ့လို့ စခန်း ၂ ခုသိမ်း ပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကထိခိုက်သေဆုံးများခဲ့သလို တော်လှန်ရေး အဖွဲ့တွေဘက်ကလည်း ကျဆုံးမှုတွေရှိခဲ့တယ် လို့ သိရပါတယ်။ https://www.facebook.com/ayeyarwaddytimes/photos/a.509189952572344/2387980371359950/

၂၀။ မြောက်ဦးတွင် စစ်ကောင်စီတပ်သား (၃) ဦး လက်နက်များယူဆောင်ထွက်ပြေး
January 17, 2023

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ အခြေစိုက် (၅၄၀) တပ်ရင်းမှ စစ်ကောင်စီတပ်သား (၃) ဦးသည် လက်နက်များ ယူဆောင်၍ ထွက်ပြေးသွားသည်ဟု စစ်တပ်နှင့်နီးစပ်သည့် ခိုင်လုံသတင်းရင်းမြစ်မှ တဆင့်သိရသည်။ “တပ်တွင်း သတင်းအရ (၅၄၀) က စစ်သား(၃) ယောက် လက်နက်အပြည့်အစုံနဲ့ မနေ့က ထွက်ပြေးသွားတယ် ပြောပါတယ်။ မနေ့က ညနေပိုင်းမှာ ထွက်ပြေးသွား တဲ့အတွက် သူတို့ အပူတပြင်း လိုက်ရှာနေတယ် “ဟု ပြောသည်။ ထွက်ပြေးသွား သည့် တပ်သားများ၏ အမည်နှင့် ရာထူးကိုမူ အတိအကျမသိရကြောင်း သူက ပြောသည်။ ယခုကဲ့သို့ ထွက်ပြေးမှုများ ကြောင့် စစ်တပ်က မြို့ထဲတွင် စစ်ကားများနှင့်သွားလာ လိုက်ရှာမှုများရှိခဲ့သလို၊ စစ်ဆေးမှုများလည်း ရှိခဲ့သည်ဟု မြို့ခံများက ပြောသည်။ “ကားတွေနဲ့ သူတို့ သွားလာတာတွေရှိခဲ့တယ်။ လင်းမြွေတောင်တောင်ထက်က စစ်သားတွေ လည်း ကားလမ်းမကိုဆင်းပြီးတော့ စစ်ဆေးတာတွေ ရှိခဲ့တယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

၎င်းအပြင် ပြီးခဲ့သည့်ရက်ပိုင်းက မြောက်ဦးအခြေစိုက် (၃၇၈) တပ်ရင်းမှ တပ်ကြပ် ကျော်သန့်စင် သည်လည်း တပ်ထဲ မှ စစ်ဗိုလ် (၃) ဦးနှင့် စကားများရန်ဖြစ်ကာ ထွက်ပြေးသွားသည်ဟု ဇနီးဖြစ်သူကကို ကိုးကားပြီး နီးစပ်သူ တစ်ဦးက ပြောသည်။ ” ဒီလ ၁၃ ရက်၊ ၁၄ ရက်လောက်က ဖြစ်မှာပဲ။ အတိအကျရက်မမှတ်မိတော့လို့။ ကျော်သန့်စင် ဆိုတဲ့ တပ်ကြပ်ဟာ တပ်တွင်းမှာ အချင်းချင်း ဗိုလ်တွေနဲ့ စကားများလို့ ထွက်ပြေးသွားတယ်လို့ သူ့မယားကပြော တယ်”ဟု ပြောသည်။ ရခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား အလွတ်သဘော အပစ်အခတ် ရပ်စဲထားသော်လည်း တပ်တွင်းယုံကြည်မှုနှင့် စိတ်ပိုင်းဆိုင်ရာယို ယွင်းမှုများရှိနေပြီး အထက်အောက် ဖိနှိပ်မှုများ လည်းရှိနေသဖြင့် ယခုကဲ့သို့ ထွက်ပြေးရခြင်းဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ် သည့်အသိုင်းအဝိုင်းက ပြောသည်။ https://burmese.narinjara.com/news/detail/63c66ed06c2d552975120232?fbclid

၂၁။ စစ်ကောင်စီက ကျောင်းဖွင့်ဖို့ အသည်းအသန်လုပ်နေ
January 17, 2023

နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီက စာသင်ကျောင်းဖွင့်ဖို့ အုပ်ချုပ်ရေးမှူးတွေကို အကြိမ်ကြိမ် ခေါ်တွေ့ သတိပေးခဲ့ပါ တယ်။ တအာင်းဒေသတွင် ပိတ်ထားခဲ့တဲ့ အစိုးရကျောင်းတွေကို ပြန်အသက်ဝင်ဖို့ စစ်ကောင်စီခန့် ပညာရေးဝန်ထမ်း တွေခေါ် သွားဖို့ အုပ်ချုပ်ရေးမှူးတွေကို အတင်းလုပ်ဆောင်ခိုင်းပါတယ်။ အုပ်ချုပ်ရေးမှူးတစ်ဦးက “ဇန်နဝါရီ ၉ ရက် နောက်ဆုံးထားကျောင်းဖွင့်ရမယ် မင်းတို့လည်း မဖွင့်လို့ မဖြစ်ဘူးတဲ့။ နိုင်ငံတော်က သတ်မှတ်တဲ့အတိုင်း ခရိုင်၊ မြို့နယ် အဆင့်တွေ ဖွင့်နေကြပြီ ဆရာမ (၂)ယောက်လည်း ဒီနေ့ခေါ်သွား သူတို့ကအဲလိုကိုပြောတာ။ ကျောင်းတက်တာမတက် တာ အရေးမကြီးဘူး။ ဒီဆရာမ တွေကိုခေါ်သွား ဆရာမ (၂)ယောက်လုပ်စရာမရှိလည်း ခေါ်ထား ဘာမှမဖြစ်ဘူး။ လကုန်ရင် လစာထုတ်တဲ့ ကျနော်တို့ကို အဲလို ပြောလာတာ” လို့ ပြောပါတယ်။

အုပ်ချုပ်ရေးမှူးတွေကို ၃ ကြိမ်တိုင်တိုင် ခေါ်တွေ့ပြီး ကျောင်းမဖွင့်ရသည့်တိုင် စာရင်းထဲပါတဲ့ ကျောင်းသားတွေကို စာမေးပွဲမဖြေဘဲ ပေးအောင်မယ်လို့ စစ်ကောင်စီဖက်က မက်လုံးပေးပါတယ်။ “သူတို့ပြောတာတော့ ဒီကျန်တဲ့ နှစ်လ အတွင်း ဖြေမဲ့ကလေးတွေတော့ ဖြေစရာမလိုပဲနဲ့ ဆယ်တန်းပေးအောင်မယ်။ ကျောင်းသားစာရင်းပဲ ပို့ပေးလိုက် အဲလိုပြောတယ် ”လို့ သူကဆက်ပြောပါတယ်။ စစ်ကောင်စီက အုပ်ချုပ်ရေးမှူးတွေကို ဘယ်လောက်ပဲ ဖိအားပေးသော် လည်း ကျေးရွာအုပ်စုတိုင်းက လက််မခံခဲ့ဘူး။ စစ်ကောင်စီသတ်မှတ်တဲ့ နောက်ဆုံး ကျောင်းဖွင့်ရမဲ့ရက်ကို ကျော်လွန်ခဲ့ ပေမယ့် မြို့ပေါ်ကလွဲလို့ ဘယ်ရွာမှ ကျောင်းဖွင့်ပေးတာမရှိသေးပါဘူး။ ဆက်လက်ပြီး အုပ်ချူပ်ရေးမှူးက ” နောက်ဆုံး ကျွန်တော်တို့ကို ခေါ်တွေ့တာ မဖြစ်မနေ ကျောင်းဖွင့်ရမယ်။ ဒါပေမယ့်ကျွန်တော်တို့က လက်မခံဘူး။ သူတို့နဲ့လဲ အဆက်အသွယ်မလုပ်တော့ဘူး။ သူတို့ကို ဘာမှလဲ အကြောင်းမပြန်တော့ဘူး ”လို့ ပြောပါတယ်။ တအာင်းဒေသ နမ့်ဆန်နဲ့ မန်တုံမြို့နယ်တွေမှာ စာသင်ကျောင်းဖွင့်ဖို့ စစ်ကောင်စီ က အကြိမ်ကြိမ် ဖိအားပေးခဲ့ပေမယ့် မြို့ပေါ်ကျောင်း တွေမှာသာ ဖွင့်လှစ်နိုင်တာ ဖြစ်ပါတယ်။ https://www.facebook.com/p hoto/?fbid=494479146192688&set=pcb.494479246192678

၂၂။ မြောက်ဦးဒေသခံ သုံးဦးကို မတရားအသင်း ဆက်သွယ်မှုဖြင့် ထပ်တိုးတရားစွဲ
January 16, 2023

ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(က)နှင့် တရားရင်ဆိုင်နေရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်အတွင်းမှ ဒေသခံသုံးဦး မှာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ-၁၇(၁)ဖြင့် ထပ်တိုး တရားစွဲဆိုခံထားရကြောင်း ၎င်းတို့၏ မိသားစုဝင် များက ပြောသည်။ မြောက်ဦးမြို့၊ ကျောက်ရစ်ကေရပ်ကွက်မှ ကိုကျော်ဝင်းလှိုင်၊ ဗန္ဓုလရပ်ကွက်မှ ကိုကိုညွန့်နှင့် တိမ်ညိုကျေးရွာမှ ကိုပြည်စုံဝင်းတို့ကို ပုဒ်မ- ၁၇(၁)ဖြင့် ထပ်တိုးတရားစွဲခံထားရသည်ကို မိသားစုဝင်များမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ ရုံးချိန်းတွင် သိရှိခဲ့ရခြင်းဖြစ်သည်။ “မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၁)နဲ့ဆိုပြီး အမှုတစ်ခု ထပ်တိုးလာတယ်။ အဲဒီအမှုနဲ့ပတ်သက်ပြီး စိစစ်တာတွေ၊ ဘာတွေ မရှိသေးဘူး။ အဲဒီအမှုမှာ တရားလိုက ဘယ်သူ၊ သက်သေဘယ်နှစ်ယောက် ဆိုတာလည်း ဘာမှမသိရသေးဘူး။ သူတို့ကတော့ အဲဒီအမှုနဲ့ပတ်သက်ပြီး အစည်းအဝေးထိုင်နေတုန်းပဲလို့ ပြောပါတယ်” ဟု ကိုကျော်ဝင်းလှိုင် ၏ ဇနီး မလှလှမြင့် က ပြောသည်။

၂၀၂၂ ခုနှစ် (ဇွန်လ ၂၁ ရက်)က မြောက်ဦးမြို့မှ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) တပ်ဖွဲ့ဝင်သုံးဦးကို ရက္ခိုင့်တပ် တော် (AA) က ဖမ်းဆီးခဲ့ပြီး နောက် (ဇွန်လ ၂၂ ရက်)တွင် ကိုကျော်ဝင်းလှိုင်၊ ကိုကိုညွန့်နှင့် ကိုပြည့်စုံဝင်း တို့ကို စစ်ကောင်စီ က ဖမ်းဆီးခဲ့သည်။ ၎င်းတို့သုံးဦးကို စရဖတပ်ဖွဲ့မှ ဗိုလ်ကြီး ကျော်ကျော်မင်း က တရားလိုပြုလုပ်ကာ ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(က)နှင့် မြောက်ဦးမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသည်။ ယင်းအမှုတွင် တရားလို သက်သေ ၆ ဦးအနက် ၄ ဦးကို စစ်ဆေးပြီးဖြစ်ကာ လာမည့်ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ထပ်မံရုံးချိန်းထားကြောင်း သိရသည်။ ယခင်ကတည်းက သံသယဖြင့် ဖမ်းဆီးခံရကာ ၅၀၅(က)နှင့် မတရားသဖြင့် စွပ်စွဲခံနေရချိန်တွင် နောက်ထပ် မတရားအသင်းဆက်သွယ်မှုနှင့် ထပ်တိုးတရားစွဲ ဆိုလာခြင်းမှာလည်း မတရားစွပ်စွဲခံရခြင်းသာ ဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။ “၁၇(၁)နဲ့ဆိုပြီး အမှုတစ်ခု ထပ်တိုး တယ်ဆိုပြီး တရားရုံးက သိထားရ တယ်။ သူတို့ ပထမက- ၅၀၅(က)နဲ့ တရားစွဲထားပြီးရင် AA နဲ့ ဆက်သွယ်တယ်၊ AA က လူတွေကို ထောက်ပံ့တယ် ဆိုပြီး အဲဒါတွေနဲ့ စွဲထားတာလေ။ ကျနော့်သားက အဲလိုတွေ ထောက်ပံ့ဆက်သွယ်တာတွေ မရှိဘူး” ဟု ကိုကိုညွန့် ၏ဖခင် ဦးကျော်ညွန့်က ပြောသည်။ https://www.facebook.com/dmgnewsagency/photos/a.46667938348 4478/2500756843410045/

၂၃။ TNLA ငွေကောက်ခံတဲ့သတင်းထွက်ပေါ်ပြီးနောက် ဝက်ကုန်သည်တစ်ဦးထံ ငွေပြန်အမ်း
January 16, 2023

ပန်လုံနဲ့ မန်စံရွာမှာ ဝက်ကုန်သည်တွေဆီကို TNLA တပ်ရင်းတခုက တရားမဝင်ငွေကောက်ခံတဲ့ သတင်းထွက် ပေါ်ပြီး နောက် ကောက်ခံထားတဲ့ငွေကို TNLA က ပြန်အမ်းပေးခဲ့ပါတယ်။ ဇန်နဝါရီ ၁၅ ရက် ရွှေဖီမြေသတင်းမှာ TNLA တပ်ဖွဲ့က ဝက်ကုန်သည်တွေဆီကို ငွေကောက်ခံတယ်ဆိုတဲ့အကြောင်း ဖော်ပြရာမှာ ဝက်ကုန်သည်နဲ့ TNLA တို့အကြားပြန်လည်ညှိနှိုင်းပြီး တောင်းခံထားတဲ့ငွေကို ပြန်အမ်းပေးတဲ့အပြင် ထပ်ပေးရန် ကျန်ငွေကိုလည်း ပေးစရာမလိုတော့ဘူးလို့ ကာယကံရှင်က ပြောပါ တယ်။ ပန်လုံရွာ ဝက်ကုန်သည်တစ်ဦး “ကျနော့်ငွေကို သူတို့ ပြန်အမ်းပါပြီ နောက်ထပ်ပေးဖို့ကျန်တဲ့ဟာလည်း ပေးစရာမလို တော့ဘူး ကျေးဇူးတင်တယ်” လို့ ပြောပါတယ်။ နောက်ထပ် ပန်လုံဒေသခံတစ်ဦးက “မနေ့က သူတို့ပြေလည်သွားပြီလို့ ပြော တယ်။ အဲဒီပိုက်ဆံလည်း ပြန်ရပြီလို့ ပြောတယ်။ ဘယ်လို ပြေလည်တော့ မသိဘူး။ မနေ့ည ခေါ်တွေ့တယ်လို့တော့ ပြောတယ်” လို့ ပြောပါတယ်။

TNLA ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးတာအိုက်ကျော်က တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ အခွန်ကိုအကြောင်းပြပြီး လုပ်ငန်းရှင်တွေကို ငွေတောင်းခံခြင်း၊ အခွန်ကောက်ခြင်းဟာ တရားမဝင်းကြောင်း၊ TNLA မှာ အခွန်နဲ့ပတ်သက်လို့ အခွန်ဌန ကသာ ကောက်ခံခွင့်ရှိကြောင်း ရွှေဖီမြေကိုပြောပါတယ်။ ပြေစာမပါဘဲ TNLA အမည်ဖြင့် ငွေတောင်းခံခြင်း အခွန်ကောက်ခံ ခြင်းများရှိပါက တိုင်ကြားနိုင်ကြောင်း သူကဆက်ပြောပါတယ်။ https://www.facebook.com/photo/?fbid=49388382291 8887&set=a.404503215190282

၂၄။ သံမိုးတောင် စစ်ကောင်စီစခန်းအနီးတွင် အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံးခဲ့
January 16, 2023

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သံမိုးတောင် စစ်ကောင်စီတပ်စခန်းအနီးတွင် ထင်းသွားခွေသည့် အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦး မိုင်းနင်းမိကာ သေဆုံးသွားခဲ့သည်ဟု ဒေသခံ၏ ပြောဆိုချက်အရသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့၊ နံနက် ၁၁နာရီအချိန်ခန့်တွင် သံမိုးတောင်ရွာနေ အသက် ၇၀ အရွယ် ဒေါ်ခင် ဝင်းဆိုသူသည် ထင်းသွားခွေပြီးအပြန် သံမိုးတောင်ရွာ စစ်ကောင်စီတပ်စခန်းအနီးရောက်ရှိချိန်တွင် စစ်ကောင်စီတပ် ထောင်ထားသော မိုင်းကိုနင်းမိကာ သေဆုံးခဲ့ရ သည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။ “ စစ်ကောင်စီစခန်းအနီးမှာမိုင်းနင်းမိတာ။ အဲဒီအနီးမှာ သူတို့ သူများကို မသွား ခိုင်းဘူး။ ဒါပေမယ့် အဘွားက အသက်နည်းနည်းကြီးတော့ သွားမိတာဖြစ်တယ်။ အဲဒီနေရာက ဟိုတစ်ခါတိုက်ပွဲဖြစ်ပြီးနောက် ပိုင်းမှ သူတို့ ကြောက်လို့ မိုင်းထောင်ထားတာဖြစ်တယ်။ အရင်တုန်းက တော့ မရှိဘူး။ သူများ (တော်လှန်ရေးအဖွဲ့) သူတို့စခန်း လာပစ်ရင် မိုင်းနင်းမိအောင် အဲဒီအတွက်ဖြစ်မယ်။”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း သံမိုးတောင်ကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF မဟာမိတ်တပ် များနှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ရသေးသည်ဟု သိရသည်။ အဆိုပါ သံမိုးတောင်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုအပြင် လေကြောင်းတိုက်ခိုက်မှုပါ လုပ်ဆောင်သည့်အတွက် ထွက်ပြေးတိမ်းရှောင်ကြသော သံမိုးတောင် ကျေးရွာရှိ အိမ်ခြေ ၄၀ ကျော်မှ ဒေသခံ ၄၀၀ ကျော်မှာ ယခုအချိန် ရွာပြန်မနေရဲကြသေးဘဲ နီးစပ်ရာ ကျေးရွာများတွင် သွား ရောက်တိမ်းရှောင်နေကြရဆဲဖြစ်သည်ဟု သိရသည်။ https://kicnews.org/2023/01/%e1%80%9e%e1%80%b6%e1%80 %99%e1%80%ad%e1%80%af%e1%80%b8%e1%

၂၅။ မူဆယ်မြို့ ရွှေဆိုင်မှာ သက်ကြီး အမျိုးသမီး ၂ ဦး ရွှေဆွဲကြိုး လုယက်ယူဆောင်သွား
January 17, 2023

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ်ရှိ အမှတ် (၁) မြို့မဈေးတွင် ဖွင့်လှစ်ထားသည့် ရွှေဆိုင်တစ်ဆိုင်မှ ရွှေဆွဲကြိုး များကို သက်ကြီး အမျိုးသမီး နှစ်ဦးမှ လုယက်ယူဆောင်သွားကြောင်း သိရသည်။ ယနေ့နံနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ အမှတ်(၁)မြို့မဈေးအပေါ်ထပ်တွင် ဖွင့်လှစ်ထားသည့်“လောဝ်ခမ်း”ရွှေဆိုင်သို့ ရွှေဝယ်သယောင်ဟန်ဆောင် လာသည့်သက်ကြီး အမျိုးသမီး နှစ်ဦးသည် ရွှေဆွဲကြိုး ၈ ကုံးခန့် လုယက်ယူဆောင်သွားကြောင်း ဆိုင်ရှင်နှင့် နီးစပ် သည့် အမျိုးသားတစ်ဦးကပြော သည်။ “အမျိုးသမီး ၂ ယောက်က ရွှေဝယ်ဖို့ လာကြည့်သလိုလိုနဲ့ ဟိုအကုံးပြ ဒီအကုံးပြဆိုပြီး ပစ္စည်းတွေကို ထုတ်ပြခိုင်းတယ်၊ နောက်တော့ ရွှေဆွဲကြိုး ၁၀ ကုံးလောက်ကို ဆွဲလုပြီး ထွက်ပြေး သွားတော့တာပဲ၊ နောက် ကပြေး လိုက်ပေမယ့် မမှီလိုက်ဘူး၊ ဆုံးရှုံးမှု တန်ဖိုးသည် ကျပ်သိန်း ၃၀၀ လောက်ရှိတယ်” ဟု အမည်မဖော် လိုသူ နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ရွှေများလုယက်ယူဆောင်သွားသည့် အမျိုးသမီး ၂ ဦး သည် အနွေးဦးထုပ်၊ အနွေးအင်္ကျီ နှင့် မာဖလာ ပတ်ထား ပြီး ဗမာစကားသာ ပြောဆိုကြပြီး အသက် ၅၀ ဝန်းကျင်ရှိကြောင်း ဆိုင်ရှင်နှင့် နီးစပ်သူက ဆက်ပြောသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလ ၁၀ ရက် မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင်လည်း မူဆယ်မြို့ ခရစ်ယာန်ရပ်ကွက်အတွင်းရှိ ဖုန်းအဟောင်း ရောင်းဝယ် ရေး ပြုလုပ်သည့် ဆိုင်တစ်ဆိုင် ကို အမည်မသိ မျက်နှာဖုံးစွပ် အမျိုးသား ၆ ယောက်က ကားတစ်စီးဖြင့် ရောက်လာပြီး ဓားပြ လာတိုက်သွားသည့်အတွက် ငွေကျပ်သိန်း ၁၀၀၀ ထက်မနည်း ဆုံးရှုံးသွားသည့် ဖြစ်စဥ်ရှိခဲ့သည်။ မူဆယ်မြို့သည် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေး ကျဆင်းလာမှုကြောင့် သူခိုး၊ ဓားပြ ပေါများလာသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးယူ ဆောင်ရွက်ပေးမှုမရှိပေ။ https://burmese.shannews.org/archives/32612

၂၆။ မြို့နယ် ၄ ခုမှ ဆေးကုသလိုသူများကို သမားတော် ၁ ဦးနှင့် ပါရဂူ ၄ ဦးမှ အခမဲ့ဆေးကုသပေးမည်
January 17, 2023

ရခိုင်ရှိမြို့နယ် ၄ မြို့နယ်မှ ဆေးကုသရန်လိုအပ်သည့် ဝေဒနာရှင်များအား သမားတော် ၁ ဦးနှင့် ပါရဂူ ၄ ဦးတို့မှ အခမဲ့ ဆေးကုသ ပေးမည့်အစီစဥ်လုပ်ဆောင်ထားကြောင်း ပါဝင်ကူညီလုပ်ဆောင်နေသူများကပြောသည်။ အခမဲ့ ဆေးကုသ မှုကို ဇန်နဝါရီ ၂၀ ရက်နေ့တွင်စတင်မည်ဖြစ်ကာ ၃ ရက်တာဆေးကုသမှုပေးမည်ဖြစ်ပြီး နေရာအားဖြင့် မင်းပြားမြို့ ရာမောင်ခန်းမ တွင်ပြုလုပ်မည်ဖြစ်သည်ဟု ပါဝင်အားဖြည့်ကူညီနေသူတစ်ဦးဖြစ်သည့် မင်းပြားမြို့မှ ရပ်မိရပ်ဖ ဦးစိုးမင်း က ပြောသည်။ “၂၀၊ ၂၁၊ ၂၂ ရက်သတ်မှတ်ထားတယ်။ နယ်ကလူတွေက အထမဦးစားပေးပါ။ လိုအပ်ရင် ၂ ရက်ထပ်တိုးမယ်ပေါ့။ နေရာကတော့ မင်းပြားမှာပဲလုပ်ထားတယ်။ အကုန်လက်လှမ်းမီအောင်လို့ပါ။ မင်းပြား၊ မြောက်ဦး၊ ပေါက်တော၊ မြေပုံဖက်ကလူတွေ အကုန် လာရောက်နိုင်အောင်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေ တစ်ဆင့် ကျနော်တို့အကြောင်း ကြားထားတာရှိပါတယ်။ ၁၉ ရက် နေ့ နောက်ဆုံးထားပြီး စာရင်းပေးရမှာပါ” ဟုပြောသည်။

အခမဲ့ဆေးကုသပေးမည့်အစီစဥ်တွင် ပါဝင်သည့် ဆေးကုသပေးမည့်သူများမှာ ဒေါက်တာရဲမျိုးဇော် (သမားတော်)၊ ဒေါက်တာ စိုးမြတ်မောင် (ခွဲစိတ်ပါရဂူ)၊ ဒေါက်တာလှဌေးအောင်(မျက်စိပါရဂူ)၊ ဒေါက်တာမြင့်သူအောင် (သွားပါရဂူ)၊ ဒေါက်တာ ဝင်းမင်းအောင် (ကလေးပါရဂူ) တို့ဖြစ်ပြီး ကုသချိန်ကို နံနက်ပိုင်း ၈ နာရီမှ ၁၁ နာရီအထိနှင့် နေ့လည်ပိုင်း ၁ နာရီမှ ညနေ ၅ နာရီ အထိသတ်မှတ်ထားကြောင်းသိရသည်။ “အစီစဥ်က ကျနော်တို့ဖက်ကို လူကြီးခရီးစဥ်လာ ရောက် ခဲ့စဥ်က ဘာတွေလိုအပ်ချက်ရှိ လဲမေးခဲ့တယ်။ မင်းပြားမှာက ကုတင် ၁၀၀၀ ဆေးရုံလိုအပ်တယ်။ အခု ၅၀၀ မှာလည်း ဆရာဝန်အင်အားမရှိဘူး။ အဲ့တော့ ဆေးကုသမှုပိုင်းအခက်ခဲရှိတာ ကျနော်တို့တင်ပြဖြစ်ခဲ့ကြတယ်။ အဲ့ဒါကြောင့် ဆေးရုံက လတ်တလောအဆင်ပြေဖို့ ဆိုတာ မလွယ်တော့ ဒီလိုအခမဲ့အစီစဥ်တစ်ခု တိုင်းမှူးနဲ့ ပြည်နယ်အစိုးရဖက် ကနေ ပံ့ပိုးပေးတာပါ” ဟုပြောသည်။ ယခုကဲ့သို့ အခမဲ့ ဆေးကုသပေးမည့်အစီစဥ်နှင့်ပတ်သက် မင်းပြားမြို့ခံတစ်ဦးက “ဝမ်းသာစရာပေါ့။ လူတစ်ယောက်အတွက် ဆေးကုသမှုစရိတ် တစ်ခုဆိုတာလွယ်တာမဟုတ်ဘူး။ ရောဂါဖြစ်လို့ ဆေးကုရရင် ဆေးဖိုးဝါးခတွေက လူတိုင်းမတတ်နိုင်ကြဘူး။ ဒီလိုအခမဲ့ကုသ မှုရမယ်ဆိုတော့ ချို့တဲ့တဲ့ဝေဒနာရှင် တွေအတွက် ဝမ်းသားစရာပါ” ဟုပြောသည်။ https://www.facebook.com/westernne wsagency/photos/pcb.6946725923 39248/694672289005945/

၂၇။ မြစ်ကြီးနားတွင် စက်သုံးဆီသယ်ယာဉ်တစ်စီး တိမ်းမှောက်ပြီး နှစ်ဦးဒဏ်ရာရ
January 16, 2023

မြစ်ကြီးနားမြို့ ပမ္မတီးကျေးရွာအုပ်စုတွင် ယနေ့ နံနက် ၁၀ နာရီခွဲခန့်က ဆီဘောက်ဆာကားတစ်စီး တိမ်းမှောက်မှုဖြစ် သွားပြီး လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ပမ္မတီးကျေးရွာအုပ်စု ဧရာဝဏ် ဓါတ်ဆီဆိုင်အနီးတစ်နေရာ တွင် အရှိန် လွန်တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု ပမ္မတီးကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ဧရာဝဏ် ဆီဆိုင်အကွေ့နားမှာတဲ့ မီးသတ်ကားတွေတော့လာတယ်။ အဲ့ဒီနှစ်ဆယ့်တစ်မိုင်ဘက်ကလာရင် ဆီဆိုင်နားမှာ ကုန်းဆင်းကိုကွေ့တယ်လေ။ အဲ့မှာ အရှိန် လွန်ပြီးမှောက်တာ”ဟုပြောသည်။ ဆီဘောက်ဆာကား တိမ်းမှောက်မှု ကြောင့် ကားမောင်းနင်လာသူနှင့် အမျိုးသားနှစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကားမှာပါတာက လူနှစ်ယောက်ပါတယ်။ တစ်ယောက်က အဲ့အနီးအနားက ကယ်ဆယ်ရေးယာဉ်နဲ့ ဆေးရုံကို ပို့လိုက် ပြီပြောတယ်။ အဲ့တစ်ယောက်ဘယ်လောက်ဒဏ်ရာဆိုးလည်းတော့မသိလိုက်ဘူး။ နောက်တစ်ယောက်ကတော့ မျက်ခုံးပေါ်က နဖူးခေါင်းကွဲသွားတာ မစိုးရိမ်ရပါဘူး။ သူပြောတာတော့ ကားကိုရှောင်ရင်း မှောက်သွားတာပြောတာပဲ” ဟုသူကပြောသည်။ ဦး‌ခေါင်းတွင်ထိခိုက်ဒဏ်ရာရရှိခဲ့သော အမျိုးသားမှာ အသက် ၃၅ နှစ်ခန့်အရွယ်အမျိုးသားဖြစ်ပြီး ကားတိမ်းမှောက်မှုကြောင့် ကားခေါင်းရှိ မှန်များကွဲသွားပြီး အနီးတစ်ဝိုက်တွင်လည်း ဆီယိုဆိမ့်မှုများ ဖြစ်ပွားခဲ့သဖြင့် မီးသတ်ကားများဖြင့် ရေဖြန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ https://www.facebook.com/The74Media/photos/pcb.728170608702463/72817052

၂၈။ လားရှိူးမြို့ ရွှေမိုင်းရင် ပြောင်းဖူးပွဲရုံ ဓားပြတိုက်ခံရ
January 16, 2023

သျှမ်းပြည် လားရှိူးမြို့နယ် အီနိုင်းကျေးရွာအုပ်စုရှိ ခြောက်မိုင်ကျေးရွာမှ ပြောင်းဖူးပွဲရုံတစ်ခု ဓားပြတိုက်ခံရကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက် ည ၇ နာရီ အချိန်တွင် ခြောက်မိုင်ကျေးရွာရှိ ရွှေမိုင်းရင် ပြောင်းဖူးပွဲရုံထဲသို့ အိမ်စီးကား ၂ စီးနှင့် အမျိုးသား ၆ ဦးတို့သည် ပစ္စတိုသေနတ်ကိုယ်စီဖြင့် ရောက်လာကာ ဓားပြတိုက်သွားကြောင်း နီးစပ်သူ အမျိုးသား တစ်ဉီး က ပြောသည်။ “Crown အမျိုးအစား ကားနှစ်စီး ပွဲရုံရှေ့ကို ရောက်လာတယ်၊ လူတချို့က ကားထဲမှာ နေခဲ့ပြီး အမျိုးသား ၆ ဦးက ပွဲရုံထဲကိုဝင်လာပြီး အိမ်သားတွေကို သေနတ်နဲ့ထောက်ပြီး မွှေနှောက်တော့ တာပဲ၊ မွှေနှောက်ပြီး ဖုန်းတွေ ငွေတွေ ရွှေထည် ပစ္စည်းတွေယူပြီး လားရှိုးဘက်ကို ပြန်ထွက်သွားတယ်လို့” ဓားပြတိုက် ခံရသည့် မိသားစု အသိုင်းအဝိုင်းမှ နီးစပ်သူ အမျိုးသား တစ်ဦးက ပြောသည်။ အဆိုပါ ဓားပြတိုက်ခံရသည့် အချိန်သည် အိမ်ရှင် မိသားစုဝင် ၅ ဦးရှိနေပြီး ငွေကျပ်သိန်း ၁၀၀ ကျပ်၊ ဖုန်း ၈ လုံး နှင့် ကျပ်သိန်း ၂၀၀ ကျော် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ဆုံးရှုံးလိုက်ရကြောင်းလည်း သိရသည်။

ဓားပြလာတိုက်သည့် လူတစ်စုသည် Crown အမျိုးအစား ကားအဖြူရောင် တစ်စီးနှင့် အနက်ရောင် တစ်စီးဖြင့် ရောက် လာပြီး စုစုပေါင်း ၁၀ ဦးနီးပါး ခန့်ရှိနေကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။ “သေနတ်နဲ့ထောက်ပြီး ပစ္စည်းတွေကို ယူသွားတာ၊ အလုပ်သမားတွေကလည်း အိမ်ပြန်သွားကြပြီဆိုတော့ ဘာမှမလုပ်နိုင်ခဲ့ဘူး၊ လူကိုတော့ အန္တရာယ် မပြုသွားဘူး၊ သူတို့ပြောတဲ့ စကားက ဗမာလိုပဲပြောတယ်”ဟု ၎င်းကပြောသည်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်း သျှမ်းပြည်တွင် တရား ဥပဒေ စိုးမိုးမှု မရှိသည့်အတွက် ဒေသခံပြည်သူများသည် မကြာခဏ ခိုးဆိုးလုယက်မှု၊ ဓားပြတိုက်မှု များကြုံတွေ့နေရသည်။ https: //burmese.shannews.org/archives/32582

၂၉။ ဖမ်းထားတဲ့ ထွေ/အုပ်ဝန်ထမ်းလေးဦးကို အကြမ်းဖက်ဥပဒေနဲ့ အရေးယူမယ်လို့ NUG ထုတ်ပြန်
January 17, 2023

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ လူဦးရေစာရင်းကောက်နေချိန် ဖမ်းမိတဲ့ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်း လေးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီ ထွေ/အုပ်ဝန်ထမ်းလေးဦးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့က မြောင်လမ်းခွဲနဲ့ မြောင်မြို့ကြားမှာ မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA) က ဖမ်းဆီးခဲ့တာလို့ အဲဒီအဖွဲ့ရဲ့ တာဝန် ရှိသူတစ်ဦးက ပြောပါတယ်။ “တရားခံတွေကို ကျနော်တို့ မြောင်မြို့နယ် တော်လှန်ရေးတပ် (MRA) က ဖမ်းဆီးထိန်းသိမ်းပြီး တာ နဲ့ စစ်ကိုင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အပ်နှံလိုက်ပါ တယ်ဗျ” ဖမ်းဆီးထားတဲ့ အထဲမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး သုံးဦးပါဝင်ပြီး သူတို့ရဲ့ နာမည်တွေနဲ့ ရာထူးတွေကို တော့ လုံခြုံရေးအရ ပြောလို့မရသေးဘူးလို့ အဲဒီလေးဦးကို စစ်ဆေးနေတဲ့ မြောင်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ တာဝန်ခံတစ်ဦးက ပြောပါတယ်။ “MOD (ကာကွယ်ရေးဝန်ကြီးဌာန) ညွှန်ကြားချက် အတိုင်း လုပ်ရမှာပေါ့။ အရေးယူတာကတော့ ကျနော်တို့ လူသားချင်းစာနာတဲ့အနေနဲ့ ပြင်းပြင်းထန်ထန်ကြီး မလုပ်ပါဘူး။ သူတို့ က ပြည်သူနဲ့ ပူးပေါင်းမယ်ဆိုရင်တော့ ကျနော်တို့က အေးအေးဆေးဆေးပါပဲဗျာ။ သူတို့ကလည်း ပူးပေါင်းမယ်လို့ ပြောပါတယ် ဗျာ” လက်ရှိ အဲဒီလေးဦးစလုံးကို လုံခြုံစိတ်ချတဲ့နေရာတစ်ခုမှာ ထိန်းသိမ်းထားတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၃၁ ရက်နေ့ အထိ လူဦးရေစာရင်းတွေကို နိုင်ငံအနှံ့မှာ ကောက်ခံနေပါတယ်။ ဒီအပေါ် မပူးပေါင်းဖို့နဲ့ စာရင်းလိုက်ကောက်နေတဲ့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ လူဝင်မှုကြီးကြပ်ရေး အဖွဲ့တွေကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူမယ်လို့ NUG ပြည်ထဲရေးနဲ့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၉ ရက်မှာ သတင်းထုတ်ပြန် ထားပါတယ်။ ဇန်နဝါရီလ ၁၄ ရက်နေ့မှာပဲ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်နဲ့ သထုံမြို့နယ်မှာ လူဦးရေစာရင်းလိုက် ကောက်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး အပါအဝင် လေးဦးကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ https://www.facebook.com/r faburmese/photos/a.10150522560153128/10162373595783128/

၃၀။ တာချီလိတ် – မယ်ဆိုင် အမှတ် (၁) တံတား ပြန်ဖွင့်ရန် ပြည်သူများ မျှော်လင့်နေ
January 17, 2023

မြန်မာ – ထိုင်း နယ်စပ် တာချီလိတ် – မယ်ဆိုင် အမှတ် (၁) တံတားကို ပြန်ဖွင့်ရန်အတွက် ပြည်သူများက မျှော်လင့် နေကြောင်း သိရှိရသည်။ ဇန်နဝါရီ ၁၂ ရက်တွင် မြဝတီ – မဲဆောက် အမှတ် (၁) ချစ်ကြည်ရေး တံတားကို ပြန်လည်ဖွင့်လှစ်ခဲ့ သည်။ ထို့ကြောင့် တာချီလိတ် – မယ်ဆိုင် အမှတ် (၁) တံတားကို ပြန်ဖွင့်လှစ်ပေးရန် တာချီလိတ် ပြည်သူများက မျှော်လင့်နေ ကြသည်။ ဇန်နဝါရီ ၁၆ ရက်တွင်လည်း ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ခြမ်းတွင် တံတားပြန်ဖွင့် ရန်အတွက် သန့်ရှင်းရေး ပြုလုပ်နေ ကြောင်း၊ တရုတ်နှစ်သစ်ကူးမတိုင်ခင် ပြန်ဖွင့်နိုင်ရန်လည်း ထိုင်းဘက်က ပြင်ဆင်နေသည်ဟုလည်း ထိုင်းသတင်းဌာန ရေးသား ချက်အရ သိရသည်။ “ ဖွင့်တော့မယ်လို့တော့ ကြားတယ်။ မနေ့ကလည်း သန့်ရှင်းရေးတွေ သွားလုပ်နေတာလည်းရှိတယ်။ ခရိုင် အုပ်ချုပ်ရေးမှူးတွေလည်း စည်းဝေးလုပ်နေတယ်။ ဘယ်တော့ဖွင့်မလဲတော့ မသိသေးဘူး။ ဖွင့်ဖို့တော့ မျှော်လင့်တာပေါ့။ ဖွင့်လို့ ရှိရင် အသွားလာတွေ လွယ်ကူမယ်” ဟု တာချီလိတ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံဘက်မှ ဇန်နဝါရီ ၂၂ ရက်နေ့တွင် ဖွင့်လှစ်ရန်အတွက် ကြောညာထားသော်လည်း မြန်မာဘက်မှ တစ်စုံတစ်ရာ မှ တုံ့ပြန်ခြင်း မရှိပေ။ သို့သော် တံတားကို ဖွင့်လှစ်ရန်အတွက် နေပြည်တော်မှ ညွှန့်ကြားစာ ပို့လာခဲ့ကြောင်း ၊ ဖွင့်လှစ်ရ မည့် နေရပ်ကိုမပါလာသည့်အတွက်ကြောင့် ပြည်သူများက ဖွင့်လှစ်မည့်အကြောင်းကို ယုံကြည်မှုမရှိ ကြောင်း ပြောသည်။ “ဖွင့်ဖို့ တော့ နေပြည်တော်ကနေ ညွှန်ကြားစာပို့လာတယ်တဲ့။ ဒီလရဲ့ နောက်ဆုံးပတ်တွေမှာပဲ ဖွင့်သွား မယ်တဲ့။ အသေးစိတ်တော့ ဘယ်နေ့ဖွင့်မလဲ မသိသေးဘူး။ တံတားကို ဖွင့်မဲ့ ကိစ္စကလည်း ကျနော်တို့ အရမ်းကြီး မယုံရဲသေးဘူး။ တံခါးဖွင့်ပြီဆိုမှ ဖွင့်ပြီလို့ပဲ ယုံလို့ရမှာ။ အခုတော့ ဖွင့်မယ်မဖွင့်ဘူးဆို ယုံလို့မရသေးဘူး” ဟု တာချီလိတ်မြို့ တက်ကြွလှုပ်ရှားသူက ပြောသည်။ မြန်မာ – ထိုင်း နယ်စပ် တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေး တံတားအမှတ် (၁) ကို ကိုဗစ် – ၁၉ ကြောင့် ၃ နှစ်ကြာ ပိတ်ထားခဲ့သည်။ https://www.facebook.com/shannewsburmese/photos/a.341540565938393/5845021325590262/

၃၁။ ပြည်သူများ၏ သတင်းများကို ရပ်ကွက်/ကျေးရွာများတွင် နေထိုင်ကြသည့် တပ်မိသားစုများမှတစ်ဆင့် စစ်တပ်သို့ ပေးပို့နေရ
January 17, 2023

ကရင်ပြည်နယ်အတွင်းရှိ မြို့တွင်းလူနေရပ်ကွက်နှင့်ကျေးရွာအတွင်း ပြည်သူများအကြား နေ့စဉ်ဖြစ်ပေါ်နေသည့် သတင်းများကို ရပ်ကွက်ကျေးရွာများတွင် နေထိုင်ကြသည့် တပ်မိသားစုများမှတစ်ဆင့်စစ်တပ်သို့ ပုံမှန်ပြန်လည် သတင်းပေးပို့ နေသည်ဟု တပ်မိသားစုများနှင့်နီးစပ်သူများကပြောသည်။ တပ်မိသားစုဝင်များသည် မိမိတို့ ဆန္ဒသဘောတူညီမှုအရ ပြည်သူ များ၏ သတင်းများရရှိရန် ပုံစံအမျိုးမျိုးဖြင့်ရယူပြီး မိမိတို့ တပ်မှူးများထံသို့ ပုံမှန်ပြန်လည်ပေးပို့နေသူများရှိနေသလို အချို့ တပ် မိသားစုများသည် အေးဆေးစွာနေလိုကြသော်လည်း မိမိတို့ တပ်မှူးမှအတင်းမတရား အမိန့်ပေးစေခိုင်းမှုမျိုးလည်းရှိ နေသည်ဟု ဖားအံမြို့ခံ တပ်မိသားစုနှင့် နီးစပ်သူတစ်ဉီး က ပြောသည်။ ၎င်းက “သူတို့ တပ်မိသားစုတွေလည်း အခက်ကြုံနေကြ တယ်။ သူတို့ မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ပေးရတယ်၊ အထူးသဖြင့် သူတို့အပြင်နေသူတွေက ရပ်ကွက်ဆိုရပ်ကွက်၊ ကျေးရွာဆို ကျေးရွာ အလိုက် ပုံမှန်ပြည်သူတွေရဲ့ အခြေအနေတွေကို တပ်ရင်းတပ်မှူးတွေဆီကို ပုံမှန်သတင်းပြန်ပေးနေရကြရတယ်။ မရရင်ရ အောင်လိုက်ရှာ ပေးနေကြရတယ်။ ဒါက ကျမသူငယ်ချင်း တပ်မိသားစုက သူတို့ကိုယ်တိုင်ပြောပြလို့သိရတာ”ဟု ပြောသည်။

ယင်းသို့ ပြည်သူလူထုကြားမှ ပုံစံအမျိုးမျိုး သတင်းရယူရာတွင် ကျေးရွာရပ်ကွက်ကြားမှ တစ်လမ်းဝင်တစ်လမ်းထွက် ဖြင့် မုန့်ပဲသွားရည်စာနှင့် အအေးစုံများ လိုက်လံရောင်းချခြင်း၊ ဆံပင်များ လိုက်လံဝယ်ယူခြင်းနှင့် အိမ်သုံးပစ္စည်းများ လိုက်လံ ရောင်းချခြင်း၊ နေ့စားအလုပ်သမားများ အနေဖြင့် လုပ်ကိုင်ခြင်းစသည့်ပုံစံများဖြင့် လုပ်ဆောင်နေကြသည်ဟု စစ်အာဏာသိမ်း ခြင်း လက်မခံသူအငြိမ်းစား တပ်ကြပ်ကြီးတစ်ဉီးက ပြောသည်။ “ဒါတွေက စစ်တပ်လုပ်လေ့ရှိတဲ့ အကျင့်ပါပဲ၊ အခုလိုအဖြစ်မျိုး က အမှန်တွေပါပဲ၊ အချို့ဆိုရင် စစ်တပ်မကောင်းကြောင်း ရှုပ်ချပြောဆိုပြီး သတင်း နှိုက်ယူတတ်လေ့ရှိတယ်၊ အချို့ကတော့ လည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူလူထုတွေက သတိနဲ့ နေထိုင်ကြ ပေါ့”ဟု ၎င်းအငြိမ်းစား တပ်ကြပ်ကြီးက ပြောသည်။ စစ်အာဏာမသိမ်းခင်အချိန်တွင် တပ်မိသားစုများသည် တပ်မှူး များနှင့် နားလည်မှုယူပြီး စစ်တပ်ဝင်း အပြင်မှထွက်၍ ရပ်ကွက် ကျေးရွာထဲတွင် နေထိုင်လုပ်ကိုင်စားသောက်ကြသူ များရှိခဲ့ကြသော်လည်း စစ်အာဏာသိမ်းပြီးအချိန်တွင် တပ်မိသားစုအများစု သည် တပ်ရင်းတပ်မဝင်းတွင် နေထိုင်ကြ ရာ၌ မလုံခြုံရမှုများ ခံစားလာရဖြစ်နိုင်သည်ဟု အဆိုပါ အငြိမ်းစားတပ်ကြပ်ကြီးက ထပ်လောင်း ပြောသည်။ ထိုသို့ လူနေရပ်ကွက်ကျေးရွာအတွင်းသို့ တပ်မိသားစုများသည် နေထိုင်ရန်တပ်မှူးများက တရားဝင် ခွင့်ပြုထားသဖြင့် ပြည်သူလူထုများအနေဖြင့် တပ်မိသားစုများအပေါ် စိုးရိမ်မကင်း ဖြစ်နေကြသည်ဟု ဖားအံဒေသခံများက ပြောသည်။ https://kicnews.org/2023/01/%e1%80%95 %e1%80%bc%e1%80%8a%e1%80%ba%e1%80%9e%e1%

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။