• Today is: Sunday, January 29, 2023

မြန်မာ့ ဒီမိုကရေစီအရေး အမေရိကန် နှင့် တရုတ် တို့ရဲ့ အားပြိုင်မှု

မြန်မာ့ ဒီမိုကရေစီအရေး အမေရိကန် နှင့် တရုတ် တို့ရဲ့ အားပြိုင်မှု

ဥာဏ်လင်းပြည့် (သူ့အတွေးသူ့အမြင်)

မြန်မာ့နွေဦးတော်လှန်ရေးဟာ မြန်မာတို့ရဲ့ ဒီမိုကရေစီလမ်းကြောင်းအရ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှ မဲရလဒ်ကို ပယ်ဖျက်ကာ စစ်ကောင်စီမှ တရားမဝင် အာဏာသိမ်းပိုက်လိုက်ခြင်းကြောင့် ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီမှာ အာဏာသိမ်းလိုက်သော်လည်း ခေတ်နောက်ပြန်ဆွဲကာ စစ်အာဏာစနစ် တစ်ခုတည်းဖြင့် အုပ်ချုပ်ရန်ဟုတ်ဟန်မတူခဲ့ပေ။

စစ်တပ်မှ ချယ်လှဲချုပ်ကိုင်ထားသော အသွင်ဆောင် ဒီမိုကရေစီစနစ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်ဖို့ ရည်ရွယ်ခဲ့သည်မှာ မလွဲမသွေ ဖြစ်ပေလိမ့်မည်။

စစ်ကောင်စီရဲ့ ရည်ရွယ်ချက်မှာ အာဏာကို လက်ဝါးကြီးအုပ်ရန် ရည်ရွယ်ထားသည်ဆိုပင်မဲ့ ပြည်တွင်း ပြည်ပ အကြိုက် အတုယောင် ဒီမိုကရေစီကိုလည်း မဖြစ်မနေ ဖန်တီးပေးဖို့ ကြံရွယ်ခဲ့ခြင်း ဖြစ်ပါတယ်။

သို့ပေမဲ့ တော်လှန်ရေးကာလ နှစ်နှစ်နီးပါးကြာမြင့်လာတဲ့အခါ ပြည်သူတို့ လိုချင်တဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ စစ်အာဏာရှင်မှပေးတဲ့ အတုယောင် ဒီမိုကရေစီတို့အကြား ကွဲလွဲမှုတွေ ပိုမို သိသာထင်ရှားလာပြီး လွန်ဆွဲပွဲ အသွင်သဏ္ဌာန် ဖြစ်ပေါ်လာပါတော့တယ်။

မြန်မာ့ ဒီမိုကရေစီလွန်ဆွဲပွဲမှာ ဘယ်သူက နိုင်မလဲဆိုတာ US, UN နဲ့ တရုတ်တို့ရဲ့ ဘယ်အပေါ်မှာ လောင်းကြေးပိုထပ်ထားသလဲ ဆိုတာက များစွာ အကျိုးသက်ရောက်မှုရှိပါတယ်။

ဒီအခြေအနေမှာ ကျွန်တော်တို့ ကြည့်ရမှာက US, UN တို့က NUGနဲ့ တိုင်းရင်းသား ဘယ်လောက်၊ ဘယ်လို ထောက်ပံ့ထားပြီးလဲ ဆိုတာကို အရင်ဆုံး လေ့လာသုံးသပ်ဖို့ လိုအပ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာစသိမ်းချိန်ကတည်းက UN က မြန်မာ့အရေးအတွက် ထုတ်ပြန်ချက်များစွာ ပြုလုပ်ခဲ့ပင်မဲ့ ထိရောက်တဲ့ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ်နိုင်ခြင်းမရှိခဲ့ပေ။

သို့ပင်မဲ့ ၂၀၂၂ခုနှစ် နှစ်ကုန်ပိုင်းလောက်မှ သာလျှင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ မြန်မာပြည်နဲ့ ပတ်သတ်ပြီး ပထမဆုံးအကြိမ် Resolution ကို ချမှတ်ခဲ့ပါတယ်။ ဒီ Resolution အပေါ်မှာ UN အနေနဲ့ ဘယ်လိုအကောင်အထည်ဖော် ဆောင်ရွက်သွားမလဲ။ စိတ်ရင်းစေတနာတွေကို ဆက်လက် စောင့်ကြည့် သွားရမှာ ဖြစ်ပါတယ်။

မြန်မာ့အရေးအပေါ် စောင့်ကြည့်တုန့်ပြန်မှုတွေများခဲ့တဲ့ US ရဲ့ ရပ်တည်ချက်နဲ့ လုပ်ဆောင်မှုတွေကလည်း ကျွန်တော်တို့ တော်လှန်ရေးအတွက် များစွာ အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေပါတယ်။ ဒီအပေါ်မှာ US ရဲ့ ဆန္ဒနဲ့ သဘောထား၊ မူဝါဒတွေကိုလည်း အကျယ်တဝင့် သိထားဖို့ လိုအပ်ပါလိမ့်မယ်။

အာဏာစသိမ်းချိန်ကတည်းက စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းမှုကို စာထုတ်ကန့်ကွက်ခြင်း မျိုးစုံပြုလုပ်ခဲ့ပြီး၊ စစ်ကောင်စီနှင့် ပတ်သတ်သောလုပ်ဆောင်မှု အများစုအပေါ်မှာလည်း Sanction များစွာကို ချမှတ်ကာ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများဘက်ကို ရပ်တည်ကြောင်း ခိုင်ခိုင်မာမာပြသခဲ့ပါတယ်။ သို့ပေမဲ့ တော်လှန်ရေးပြည်သူတွေ ဆက်လက်တောင်းဆိုခဲ့တဲ့ အာတူးပီအရေး၊ စစ်ရေးအကူအညီပေးဖို့အရေးနဲ့ ပတ်သက်ပြီး နှုတ်ဆက်နေခဲ့ပါတယ်။

သို့သော် အပြောင်းအလဲတစ်ရပ်အနေနဲ့ ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ အကုန်မှာတော့ US ၏ မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်မှု အနေနဲ့ NDAA မှာ Burma Act 2023 ကို ထည့်သွင့်ပြဌာန်းပေးနိုင်ခဲ့ပြီး US သမ္မတ ဘိုင်ဒင်မှ အတည်ပြုလက်မှတ်ရေးထိုးပေးခဲ့ပြီးဖြစ်သည်။

US မှ NDAA ကို အတည်ပြုလိုက်ခြင်းမှာ မြန်မာ့ဒီမိုကရေစီအရေးကြိုးပမ်းနေသူများအတွက် မျှော်လင့်ချက် တစ်ခုဖြစ်လာခဲ့ပါတယ်။ NDAA ရဲ့ Burma Act ထဲမှာ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး အတွက် ကြိုးပမ်း နေသူများကို အကူအညီပေးမယ့် အခန်းကဏ္ဍ တွေကို အတိအလင်းဖော်ပြထားပါတယ်။

Burma Act 2023 ထဲမှာ စစ်ကောင်စီနဲ့ ပတ်သတ်တဲ့ လူပုဂ္ဂိုလ် နဲ့ စီးပွားရေး၊ စစ်ကောင်စီရပ်တည်ဖို့ အထောက်အပံ့ပေးနေသူတွေကို Sanction ချမှတ်ရန်၊ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးရန်၊ CDM တွေကို ကူညီရန်၊ နိုင်ငံရေးအကျဥ်းသားတွေနဲ့ သတင်းထောက်တွေကို ကူညီထောက်ပံ့ရန်၊ စစ်ကောင်စီရဲ့ ပြစ်မှုကျူးလွန်မှုအတွက် မှတ်တမ်းယူသူများကို ထောက်ပံ့နိုင်ရန် နှင့် ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်အောင် ဆောင်ရွက်နေသူများကို ထောက်ပံ့ကူညီရန် စတဲ့ အချက်တွေကို အတိအလင်းဖော်ပြထားပါတယ်။

US ရဲ့ အကူအညီထဲမှာတော့ စစ်ရေးနဲ့ ပတ်သတ်၍ လက်နက်ကို ကူညီထောက်ပံ့မှာမဟုတ်ပဲ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သတ်ပြီး သူတို့အချင်းချင်းကြားဖြစ်စေ၊ နိုင်ငံတကာအကူအညီပေးရေး လုပ်ငန်းများအတွက်ဖြစ်စေ၊ ဆက်သွယ်ရေး၊ အမိန့်ပေးထိန်းချုပ် ကွပ်ကဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းခိုင်မာလာစေရေးအတွက် နည်းပညာနှင့် အခြားသော အကူအညီအထောက်အပံ့များ ပေးဖို့ ဥပဒေထဲမှာထည့်သွင်းဖော်ပြထားပါတယ်။

ထူးခြားချက်မှာ NUG, NUCC, CRPH, EAOs နှင့် PDF တွေကို NDAA (Burma Act 2023) ထဲတွင် အသိအမှတ်ပြုဖော်ပြထားခြင်းဖြစ်ပါတယ်။ 

Burma Act 2023 ထဲမှာ အရပ်သားအစိုးရ၏ ထိန်းချုပ်မှုအောက်မှာ ရှိသော စစ်တပ်တစ်ခုပေါ်ပေါက်လာဖို့ ဖက်ဒရယ်အစိုးရဖွဲ့စည်းနိုင်ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲနိုင်ဖို့ကိုလည်း ထောက်ပံ့ကူညီမှာဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားတယ်။

သို့ပင်မဲ့ Burma Act 2023တွင် လူ့အခွင့်အရေးချိုးဖောက်နေမှုများ နှင့် အကြမ်းဖက်မှုတွေ ပြုလုပ်တဲ့ မည်သည့်အဖွဲ့အစည်းကိုမှ ကူညီထောက်ပံ့မှု ပြုလုပ်မှာ မဟုတ်ကြောင်း ပညာရှင်များ၏ သုံးသပ်ချက်မှာ ဖော်ပြထားသည်ကို တွေ့ရသည်။

အထက်ဖော်ပြပါ အချက်များကိုကြည့်ပြီး အမေရိကန်ရဲ့ မြန်မာ့တော်လှန်ရေးအပေါ် သဘောထားကို သုံးသပ်ရမယ်ဆိုရင် အမေရိကန် အနေဖြင့် မင်းအောင်လှိုင်နှင့် စစ်အုပ်စုကို လက်မခံနိုင်ကြောင်းကို ပြတ်ပြတ်သားသား မြင်တွေ့ရမှာဖြစ်တယ်။ တော်လှန်ရေးတပ်ဦးအစိုးရဖြစ်သော NUG, NUCC နှင့် CRPH တို့ကို အသိမှတ်ပြု လက်ခံလာသည်ကိုတော့ မြင်တွေ့ရမှာဖြစ်ပါသည်။

သို့ပင်မဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူများအနေဖြင့် ဒီမိုကရေစီစံချိန်စံနှုန်းများနှင့်အညီ လူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက် ပေးခြင်း၊ အကြမ်းဖက်မှု မဆန်သော တော်လှန်ရေးလှုပ်ရှားမှုများကို သာ လုပ်ကိုင်စေလိုခြင်း နှင့် ဖက်ဒရယ် ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်လာရေးတို့ကို အမေရိကန်မှ အလေးထားပြီး ထောက်ပံ့ကူညီသွားမှာ ဖြစ်တာကို မြင်တွေ့ရပါတယ်။

တနည်းဆိုရသော် တော်လှန်ရေးကာလတွင်း လက်နက်ကိုင်ဆောင်ခြင်းဆိုင်ရာ ဥပဒေသများ၊ နိုင်ငံတကာ လူ့အခွင့်အရေးများကို လေးစားလိုက်နာမှသာလျှင် ထောက်ပံ့မှုကို ပေးသွားမှာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးလို့ပြောလိုက်ရင် အနောက်နိုင်ငံတွေရဲ့ အမြင်နဲ့ ပံ့ပိုးမှုတွေသာမက အိမ်နီးချင်းနိုင်ငံတွေရဲ့ ပါဝင်ပတ်သတ်မှုကိုလည်း မဖြစ်မနေ လေ့လာစောင့်ကြည့်ဖို့လိုပါလိမ့်မယ်။

အထူးသဖြင့် တရုတ်နဲ့ စစ်ကောင်စီတို့၏ ဆက်ဆံရေးကို အလေးထား လေ့လာဖို့ လိုပါတယ်။ စစ် အာဏာသိမ်းချိန်မှစ၍ ယခုအချိန်အထိ မြန်မာ့အရေးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ဆွေးနွေးရာတွင် တရုတ်က စစ်ကောင်စီဘက်မှ နည်းမျိုးစုံဖြင့် အကာအကွယ်ပေးခဲ့ပါတယ်။

မြန်မာ့အရေးကို UN က တိုက်ရိုက်ဝင်ရောက်ဖြေရှင်းပေးရေး အခြေအနေမှ တရုတ်၏ ချယ်လှယ်ခံ အာဆီယံမှ တိုက်ရိုက်ကြားဝင်ဖြေရှင်းခွင့် ရခဲ့ခြင်းမှာ တရုတ်က စစ်ကောင်စီကို နိုင်ငံတကာရန်မှ သွယ်ဝိုက် ကာကွယ်ပေးမှုတစ်ခု ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုဒဏ်ကို အလူးအလဲ ခံနေရတဲ့ စစ်ကောင်စီကို တရုတ်မှ နည်းမျိုးစုံဖြင့် ထွက်ပေါက်ပေးခဲ့ပါတယ်။

၂၀၂၂ ခုနှစ်အတွင်း အာဏာသိမ်းစစ်ကောင်စီနဲ့ တရုတ်တို့မှာ နိုင်ငံရေး၊စီးပွားရေး ညှိနှိုင်းဆွေးနွေးမှုများနှင့် လက်တွဲပူးပေါင်းဆောင်ရွက်မှုတို့ကို အကြိမ် ၂၇၀ ကျော် ပြုလုပ်ခဲ့သလို၊ တစ်နှစ်အတွင်း စီးပွားရေးအရ ထိတွေ့ဆက်ဆံမှု ၈၇ကြိမ်ကျော်ရှိပြီး တရုတ်မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေးမှု‌ပေါင်း ၅၈ ကြိမ် ကျော်ရှိခဲ့ပါတယ်။

၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီနှင့် တရုတ်တို့၏ ပူးပေါင်းစီးပွားရေး တိုးချဲ့မှုများစွာ ရှိခဲ့ပြီး တရုတ် – မြန်မာ ကုန်သည်ကြီးများအသင်းကို ဖွဲ့စည်းတည်ထောင်ခြင်း နှင့် ချုံချင်- ချင်းရွှေဟော် – ရန်ကုန်မှ တဆင့် အိန္ဒိယ သမုဒ္ဒရာအထိ မီးရထားလမ်း၊ ကုန်းလမ်း၊ ရေလမ်းများ ချိတ်ဆက်မည့် တရုတ် မြန်မာ နိုင်ငံတကာ လမ်းကြောင်းသစ်ကိုလည်း ဖွင့်လစ်နိုင်ခဲ့ပါတယ်။

တော်လှန်ရေးအရှိန်မြင့်တက်နေချိန်မှာ တရုတ်က စစ်ကောင်စီကို တဖက်မှာ ကူညီထောက်ပံ့ပေးပြီး တစ်ဖက်မှာ တရုတ်နိုင်ငံအကျိုးစီးပွားအတွက် အကြီးအကျယ် နယ်ချဲ့ ခြေကုတ်ယူနေတာကို မြင်တွေ့ရပါတယ်။

တစ်နှစ်အတွင်းမှာ တရုတ်နှင့် မြန်မာ ပူးတွဲကျင်းပသော အခမ်းအနားများနှင့် တရုတ်နိုင်ငံမှ ဦးဆောင်းကျင်းပ၍ စစ်ကောင်စီအား ဖိတ်ကြားခဲ့သော အခမ်းအနားပေါင်း ၇၂ကြိမ်ကျော်ရှိပြီး တရုတ်နိုင်ငံမှ စစ်ကောင်စီနှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံအား ထောက်ပံ့မှုပေါင်း ၃၂ကြိမ် ကျော် ရှိခဲ့ကြောင်း လေ့လာတွေ့ရှိရပါတယ်။

တရုတ်မှ စစ်ကောင်စီထံသို့ တစ်နှစ်အတွင်း ကိုဗစ် – ၁၉ ကာကွယ်ဆေး သန်း ၂၀ခန့် လှူဒါန်းခဲ့ပြီး စစ်ကောင်စီ၏ အရာရှိများကို တရုတ်နိုင်ငံမှ စီမံအုပ်ချုပ်မှု စွမ်းရည်မြှင့်သင်တန်းပေးခဲ့ခြင်းများလည်း ရှိခဲ့ပါတယ်။

၂၀၂၂ ခုနှစ် တစ်နှစ်အတွင်း မြန်မာ့နိုင်ငံရေးအတွက် တရုတ်၏ ပါဝင်လှုပ်ရှားမှုမှာ ၁၇ကြိမ် ကျော်ရှိခဲ့ပြီး မြန်မာ့နိုင်ငံ‌ရေးနှင့် ပတ်သတ်ပြီး ” မြန်မာနိုင်ငံရေး ပြန်လည်သင့်မြတ်ရေးအတွက် တရုတ်နှင့် အာစီယံတို့ ပူးတွဲလုပ်ဆောင်ပြီး တည်ငြိမ်ရေးကို အမြန်ဖော်ဆောင်ရန်၊ မြန်မာ့ဒီမိုကရေစီလမ်းကြောင်း ပြန်လည် စတင်နိုင်ရန်အတွက် မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် နိုင်ငံရေးလမ်းကြောင်းရှာဖွေရာတွင် တရုတ်နိုင်ငံ နှင့် အာစီယံတို့က ကူညီသွားရန်နှင့် အာစီယံဘုံသဘောတူညီချက် ၅ချက်ကို အကောင်အထည်ဖော်လျှက် ပြည်တွင်းရေး မစွက်ဖက်သည့် အာစီယံ၏ မူကို ထိန်းသိမ်းသွားရန်” ဆိုသည့် ၃ချက် ကို တရုတ်မှ အဓိကထားပြောကြားခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေးထဲကို ပုံစံမျိုးစုံဖြင့် လက်လျှိုပါဝင်နေသော တရုတ် နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် ဥပဒေပြဌာန်းပြီးပါဝင်လှုပ်ရှားလာမယ့် အမေရိကန် တို့၏ တူညီချက်တစ်ခုမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးပင် ဖြစ်ပါတယ်။

သို့သော် တရုတ်တို့၏ ရည်ရွယ်သော ဒီမိုကရေစီမှာ စစ်ကောင်စီမှာ ဖန်တီးထားသော အတုယောင် ဒီမိုကရေစီဖြစ်ပြီး အမေရိကန်မှ ဖော်ဆောင်လိုသော ဒီမိုကရေစီမှာ ပြည်သူတို့ လိုလားသော ဖက်ဒရယ်ဒီမိုကရေစီဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီ အရေး US နဲ့ တရုတ်တို့၏ အားပြိုင်မှုကို ကြည့်မယ်ဆိုရင် တော်လှန်ရေးအစိုးရ ဖြစ်သော NUG, NUCC, CRPH, EAOs နှင့် PDF တို့မှာ အာဏာရှင် စနစ်ဖြိုချနေသည်နှင့်တပြိုင်နက် မိမိတို့ လိုချင်သော ဖက်ဒရယ်ဒီမိုကရေစီကို မည်သို့ မည်ပုံ ဖန်တီးမလဲ ဆိုတာကို ခိုင်ခိုင်မာမာ တည်ဆောက်ထားဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

စစ်ကောင်စီ၏ ဒေါက်တိုင်များကို ဖြိုချခြင်း၊ စစ်ကောင်စီ၏ ရွေးကောက်ပွဲအား နည်းလမ်းမျိုးစုံသုံးပြီး ဖျက်စီးရုံဖြင့် ဖက်ဒရယ်ဒီမိုကရေစီကိုတည်ဆောက်နိုင်ဦးမည် မဟုတ်ကြောင်းကို အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး လှုပ်ရှားနေသူတိုင်း သိဖို့ လိုအပ်ပါတယ်။

သို့မှမဟုတ်လျှင် တရုတ်ရဲ့ ကျောထောက်နောက်ခံ နဲ့ ခင်းပေးတဲ့ စစ်ကောင်စီ၏ အတုယောင် ဒီမိုကရေစီလမ်းပေါ် လျှောက်လှမ်းရမလား၊ အမေရိကန်၏ ကူညီထောက်ပံ့မှုဖြင့် ဖက်ဒရယ်နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မလား ဆိုတာ ကျွန်တော်တို့၏ ရွေးချယ်မှု၊ ဒီမိုကရေတန်ဖိုးနဲ့ လူ့အခွင့်အရေးအပေါ် ထားရှိတဲ့ ခိုင်မာတဲ့စိတ်နဲ့ တော်လှန်ရေးလမ်းစဉ် မှန်ကန်မှုအပေါ်မှာ မူတည်ပါတယ်။