• Today is: Wednesday, May 29, 2024

မြန်မာနိုင်ငံတော် တည်ဆောက်ဖို့ရာ

မြန်မာနိုင်ငံတော် တည်ဆောက်ဖို့ရာ

ဒေါနခင် (သူ့အတွေးသူ့အမြင်)

မြန်မာနိုင်ငံဟာ နိုင်ငံရေးအရ၊ အမျိုးသားရေးအရ ဒွိဟများစွာနဲ့ တည်ရှိနေပါတယ်။ မြန်မာနိုင်ငံတော်ဟာ တည်ဆောက်ထားတဲ့ နိုင်ငံတော်အဆင့်ကို ယနေ့တိုင်မရောက်သေးဘဲ မိုးရေထဲ ပစ်ထားခံရတဲ့ တစ်ဝက်တစ်ပျက်ရေးဆွဲထားတဲ့ နိုင်ငံတော်ပန်းချီကြီးအဖြစ် တည်ရှိနေဆဲ ဖြစ်ပါတယ်။

ထိုပန်းချီကားအဟောင်းကိုဘဲ ဆက်ဆွဲဖို့ ဖြစ်နိုင်သေးသလား။ အားလုံးလိုလားတဲ့ ပန်းချီကားအသစ်ကို အသစ်က ပြန်ဆွဲကြမလားဆိုတာ လွန်ဆွဲလျက်ပင် ရှိနေသေးသည်။

နွေဦးတော်လှန်ရေးမှာတော့ ပြည်သူတစ်ရပ်လုံးဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောင်ဖို့ လိုလားကြပါတယ်။ ထိုအရာသည် ပန်းချီကားတစ်ချပ်ရေးဆွဲဖို့အတွက် ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်။

ထိုပန်းချီကားကို ဘယ်သူတွေက တာဝန်ယူရေးဆွဲကြမလား။ ဘယ်အရောင်တွေနဲ့ ချယ်ကြမလဲ ဆိုတာ အလွန်အရေးကြီးပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အတုအယောင်မဟုတ်ဘဲ ပြည်ထောင်စုတွင်းနေထိုင်ကြသော အမျိုးသားပြည်ထောင် (ပြည်နယ်) များအားလုံးကို နိုင်ငံရေး၊ လူမှုရေးအရ သဘောတူညီမှုရရှိရန် အထူးအရေးကြီးပါတယ်။

တိုင်းပြည် တစ်ခုကို တည်ဆောက်ရာတွင် လူတစ်ဦးချင်းရဲ့ ခံယူချက်ကို အခြေပြုပြီး လူမျိုးစုခံယူချက်-အမျိုးသားစိတ်ဓာတ်နှင့် အမျိုးသားရေးခံယူချက်ကို အရင်းခံပြီး ပြည်ထောင်တည်ဆောက်မှု- နိုင်ငံတော် တည်ဆောက်မှုဆီကို လှမ်းဆီရမှာ ဖြစ်ပါတယ်။

နိုင်ငံတစ်ခုဟု ဆိုရာမှာ (၁) တိကျသော ရေ၊ လေ၊ မြေ နယ်မြေပိုင်နက်ရှိခြင်း၊ အတည်တကျနေထိုင်သော လူထုရှိခြင်း၊ (၃) အချုပ်အခြာအာဏာတစ်ရပ်ရှိခြင်းနှင့် (၄) အစိုးရတစ်ရပ်ရှိခြင်း (၅) နိုင်ငံတကာနဲ့ ဆက်ဆံမှု ပြုနိုင်ခြင်း ဟူဟော အချက် (၅) ချက်နှင့် တိုင်းတာလေ့ရှိပါတယ်။

ပြည်သူလူထုရဲ့  အခြေခံအခွင့်အရေးတွေ (Natural Rights) ကို ကာကွယ်ပေးနိုင်ရန်နှင့် ကောင်းကျိုးချမ်းသာ (Common Good) ကို ဆောင်ကျင်းပေးနိုင်ရန်အတွက် အစိုးရတစ်ရပ်ကို ဖွဲ့စည်းပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနှင့်နိုင်ငံတကာနှင့် ဆက်ဆံမှုပြုပိုင်ခွင့်ကို နှင်းအပ်ထားတာ ဖြစ်ပါတယ်။

အစိုးရဖွဲ့စည်းမှုသည် နိုင်ငံရေးစနစ်အပေါ် မူတည်ပြီး အမျိုးမျိုးရှိနိုင်ပေမဲ့ လက်ရှိမြန်မာနိုင်ငံသည် Republic နိုင်ငံ (ပြည်ထောင်စုသမ္မတနိုင်ငံတော်) ဖြစ်ပါတယ်။

အစိုးရတစ်ရပ်ရဲ့  အခြေခံအကျဆုံးတာဝန်မှာ ပြည်သူလူထု၏ အသက်၊ လွတ်လပ်ခွင့်နှင့် ဓနဥစ္စာ (Life, Liberty, Property) နှင့် တိုင်းပြည်နယ်မြေများကို ပြည်တွင်း၊ ပြည်ပ အန္တရာယ်များမှ ကာကွယ် စောင့်ရှောက်ပေးနိုင်ရန် ဖြစ်ပါတယ်။

တိုင်းပြည်ကြီးအတွင်း တည်ငြိမ်အေးချမ်းရေး (Stability) နှင့် လူမှုရေးအစေးကပ်မှု (Social Cohesion) ကိုဖော်ဆောင်နိုင်ဖို့အတွက် အချုပ်အခြာအာဏာတစ်ရပ်ကို တည်ဆောက်ရန်လိုအပ်ပါတယ်။

အချုပ်အခြာအာဏာတစ်ရပ်တည်ရှိဖို့အတွက် Political Order, Social Order, Economic Order တွေ အခြေခိုင်ဖို့ လိုအပ်ပါတယ်။

ထို Order သုံးခုဟာ တစ်ခုကို တစ်ခု အမှီသဟဲပြုနေကြတာဖြစ်ပါတယ်။ ထိုအထဲမှာ Social Order ဟာ မြန်မာ့နိုင်ငံရေးတည်ဆောက်မှုမှာ ပိုပြီးအခြေခိုင်အောင် တည်ဆောက်ဖို့လိုပါတယ်။

မြန်မာ့နိုင်ငံရေး မတည်ဆောက်နိုင်မှုမှာ လူမျိုးအသီးသီးမှာ ရှိတဲ့ Social Order ကိုသေချာနည်းမလည်မှု၊ အမျိုးသားရေးစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကို မတည်ဆောက်နိုင်မှုကြောင့် Social Cohesion ကို မတည်ဆောက်နိုင်ခဲ့ပေ။ လက်ရှိနိုင်ငံရေးပြဿနာအများစုသည် ထိုမှ အခြေစသည်ဟု ပြောဆိုနိုင်ပါတယ်။

အရေးကြီးဆုံးအချက်မှာ မြန်မာနိုင်ငံသားတစ်ယောက်ချင်းဆီရဲ့ မိမိကိုယ်ကို အမှတ်သညှာပြုမှု၊ ခံယူချက်အပေါ် မူတည်ပါတယ်။ ယေဘူယျအားဖြင့် မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် လူမျိုးစု (Ethnics)၊ ကိုးကွယ်ယုံကြည်မှု (Religion)၊ ဇာတိနေထိုင်ရာနေရာ (Place) နဲ့ ကနဦးအမှတ်သညှာပြုလေ့ရှိပါတယ်။

ထိုသူတစ်ဦးချင်းစီရဲ့ အမှတ်သညှာပြုမှုတွေကို လက်ခံမှု၊ လေးစားတန်ဖိုးထားမှု၊ လွတ်လပ်စွာထိန်းသိမ်း စောင့်ရှောက်ခွင့်နှင့် ပြုမှုနေထိုင်မှုများဖြင့် မတူညီသော အမှတ်သညှာများကြားမှာ အမျိုးသားရေး စိတ်ဓာတ်နှင့် အမျိုးသားရေး လက္ခဏာများ (Nation Building) တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

အမျိုးသားရေးခံယူချက်ကိုအခြေခံပြီး ပြည်ထောင်တည်ဆောက်ခြင်း (State Building) ကို အခြေတည်ရမှာ ဖြစ်ပါတယ်။ အမျိုးသားရေးခံယူချက်နှင့် သရုပ်လက္ခဏာဟာ ပြည်ထောင်တစ်ခု တည်ဆောက်ရာမှာ အခြေခံအုတ်မြစ်ဖြစ်ပြီး ပြည်ထောင်အတွင်းနေထိုင်သူ အချင်းချင်းကြား ယုံကြည်မှုနှင့် တသားတည်းဖြစ်မှုကို ခံစားရရှိစေမှာ ဖြစ်ပါတယ်။

ပြည်ထောင်အစိုးရအနေနဲ့ မတူကွဲပြားမှုများကြားမှာ မျှခြေဖြစ်တဲ့ အာဏာခွဲဝေသုံးစွဲမှုဖြင့် ဒေသတွင်း နိုင်ငံရေးကို တည်ငြိမ်အောင် ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။

နိုင်ငံတော်တစ်ခုကို တည်ဆောက်ရာတွင် အရေးကြီးဆုံးအချက်မှာ နေထိုင်သူ ပြည်သူအားလုံးအနေနဲ့ မိမိတို့ တိုင်းပြည်အဖြစ် မှတ်ယူသော နိုင်ငံသားစိတ်ဓာတ် တည်ရှိဖို့ အလွန်တရာ အရေးကြီးပါတယ်။

ထိုနိုင်ငံသားစိတ်ဓာတ်ကို ဘယ်လိုတည်ဆောက်မလဲဆိုတာ တိုင်းပြည်တွင်းမှာ နေထိုင်ကြတဲ့ အမျိုးမျိုးသော အမှတ်သင်္ညှာမတူတဲ့ လူမှုအသိုင်းအဝိုင်းကို ဘယ်လို စုစည်းနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

နိုင်ငံတစ်ခုရဲ့ Social Order ကို တည်ဆောက်ရာမှာ အရေးတကြီး ထည့်သွင်းစဉ်းစားရမည့် အချက်တွေထဲမှာ (၁) ကွဲပြားခြားနားနေတဲ့ လူမျိုးတွေရဲ့ ယဉ်ကျေးမှုစံတန်ဖိုးများ၊ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ (၂) လေးစား တန်းဖိုးထားမှုများဆိုင်ရာ စံတန်ဖိုးများ၊ (၃) လူမှုအဆောက်အအုံများ၊ (၄) လူနေမှုအဆင့် အတန်း သတ်မှတ်ချက်များ၊ (၅) လူမှုရေးရာ စိတ်ပိုင်းဆိုင်ရာယုံကြည်ချက်များ၊ (၆) ကွဲပြားမှုနှင့် ပေါင်းစည်းမှုဆိုင်ရာ ဆုံချက်များ၊ (၇) ပဋိပက္ခကို ရှုမြင်ပုံနှင့် တုံ့ပြန်မှုများ တို့ ပါဝင်ပါတယ်။

ပြည်ထောင်များစုစည်းပြီး တိုင်းပြည်တစ်ခုကို တည်ဆောက်ရာမှာ အရေးကြီးဆုံးအချက်မှာ နိုင်ငံသား ဖြစ်ခြင်းနှင့် နိုင်ငံသားအခွင့်အရေးဆိုင်ရာ ပြဌာန်းရာတွင် ဘက်လိုက်ခြင်းမရှိ သာတူညီမျှသော သဘော တရားကို အခြေခံရမှာဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံတွင် ပြည်ထောင်အချင်းချင်းအကြား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဖွံ့ဖြိုးရေးကဏ္ဍတွေမှာ တဖက်စောင်းနင်းဖြစ်မှုသည် ပြည်ထောင်စုအစိုးရကြားနှင့် ပြည်နယ်အစိုးရအကြား တစ်နည်း နိုင်ငံတော်နှင့် ပြည်နယ်အကြား ဆက်ဆံရေးကို ယိုယွင်းစေပါတယ်။

ဥပမာအားဖြင့် -အဆင့်မြင့်တက္ကသိုလ်အများစုသည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တွင်သာ တွေ့ရလေ့ရှိပြီး ပြည်နယ်များတွင် လုံးဝမရှိနေပေ။

နိုင်ငံတော်အမှတ်သရုပ်လက္ခဏာကို ဖော်ပြရာတွင်လည်း ဗမာလူမျိုးရဲ့ အမှတ်သညှာကိုသာ သုံးစွဲခြင်းသည် လူမျိုးများကြား ဘက်လိုက်ခြင်းကို ဖော်ပြနေပါတယ်။

မြန်မာနိုင်ငံရဲ့ ပြဿနာအရင်းအမြစ်သည် လူမျိုးအချင်းချင်းကြား ခွဲခြားဆက်ဆံခံရမှုကြောင့် အမျိုးသားရေးစိတ်ဓာတ် မတည်ဆောက်နိုင်ခြင်းသည် အဓိကအကြောင်းအရင်းဖြစ်သလို၊ လိုလားသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် တည်ဆောက်ရမဲ့ အဆောက်အအုံ (Institutions) များကို မတည်ဆောက်နိုင်ခြင်းသည်လည်း ထပ်ဆင့် အကြောင်းအရာ ဖြစ်ပေသည်။

နောက်ဆုံးအနေဖြင့်‌ ပြောလိုသည်မှာ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်လိုပါက တစ်ဦးချင်းစီတိုင်းမှာ အချင်းချင်းကြား လေးစားတန်ဖိုးထားမှု၊ တန်းတူညီမျှမှုကို လေးစားတန်ဖိုးထားမှုနှင့် ယုံကြည်တန်ဖိုးထားမှုများအပေါ် စောင့်သိရိုသေမှုမှာ အထူးအရေးကြီးပါတယ်။