• Today is: Sunday, January 29, 2023

ဗျူဟာမြောက် မီးရှို့ခြင်း

ဓါတ်ပုံ – CJ 

“ဗျူဟာမြောက် မီးရှို့ခြင်း”

အားမီ | သတင်းနှင့် မီဒီယာ ကွန်ရက်။

အမျိုးသားကြီးတွေရော၊ အမျိုးသမီးကြီးတွေရော လူကြီးတွေပေါ့ ရှိုက်ကြီးတငင်ငင်နဲ့ ငိုကြတာ။ ဒီမီးလောင် ပြာကျသွားတဲ့ ပြာပုံကြီးပေါ် မှာ ငိုရင်းနဲ့ ဘာလေးများ ကျန်ခဲ့မလဲလို့ ရှာကြ ငိုကြအော်ကြ။ သံတိုသံစလေး တွေကောက်၊ အိုးခွက်လေးတွကောက်၊ သွပ်အစသွပ်အချပ် ကျန်တာလေးတွေကို ငိုရင်းနဲ့သိမ်း။ အဲ့ဒီ အခြေ အနေတွေက ကျနော်မကြည့်ချင်ဆုံး မြင်ကွင်းကြီးပါ။

ဒီပဲယင်းမြို့နယ်အတွင်းရှိ ရွာတွေ ရွာလုံးကျွတ်မီးရှို့ခံရပြီးနောက်၊ စစ်သားများ ရွာမှ ထွက်ခွာသွားချိန် ရွာသားများ ရွာထဲကို ပြန်ဝင်ချိန်တိုင်း မြင်ခဲ့ရတဲ့ မြင်ကွင်းနဲ့ ပတ်သက်ပြီး ဒီပဲယင်းမြို့နယ် ညီနောင်များ အသင်းက တာဝန်ရှိ သူ တစ်ယောက်က ပြောပြသွားတာပါ။

စစ်ကောင်စီ တပ်ဖွဲ့များက စစ်ကိုင်းဒေသကြီးအတွင်းက ကျေးရွာများရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့တဲ့ပုံစံ ပြောင်းသွားကြောင်း၊ ယခင်က တစ်အိမ်စ နှစ်အိမ်စ ရှို့ရာမှ ယခုတွင် ရွာလုံးကျွတ် မီးရှို့မှုများ ဖြစ်လာသည်ဟု ဒီပဲယင်း စစ်ရှောင်ကူညီရေး ကော်မတီ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“စီမံပြီးတော့ကို လိုက်ပြီးတော့ရှို့တာ။ အဲ့လိုဖြစ်နေတာပေါ့။ ပြီးရင်ကျတော့ အရင်တုန်းကနဲ့ မတူဘူးအရင် တုန်းကဆိုရင် သူက နာမည်ထွက်တဲ့လူလောက်ပဲ အဲ့အိမ်ကိုရွေးရှို့တာ။ အခုဟာက အဲ့လို မဟုတ်ဘူး အကုန် ပိုက်စိပ်တိုက်ပဲ သူတို့တွေ့သမျှ အကုန်ရှို့သွားတာ။ တစ်ရွာလုံးအပြောင်ရှို့တာ။

ဝက်လက်မြို့နယ်အတွင်းက စစ်ရှောင်များကို ကူညီပေးနေသူ ဒေသခံ လူငယ်တစ်ဦးကလည်းအိမ်က သေး သေး၊ ကြီးကြီး သူ့တန်ဖို့းနဲ့သူရှိတာပါ။ အခုက အိမ်အသေးရော၊ အကြီးရော ဘာမှမချန်ဘူး။ မရွေးဘူး။ အကုန်မြင် သမျှကို မီးရှို့တာ။ တော်တော်ဆိုးတယ်ဟု ပြောပါတယ်။

ယခင်က PDF များနဲ့ ပတ်သက်သည့်အိမ်၊ NUG၊ NUCC တို့နှင့် ပတ်သက်ဆက်နွယ်သည့် အိမ်တွေ၊ ၎င်းတို့ မကျေနပ်သည့် အိမ်များကိုသာ ရွေးပြီး မီးရှို့ခဲ့ကြသော်လည်း ၂၀၂၂ ခုနှစ် မတ်လခန့်မှ စတင်၍ ရွာလုံးကျွတ် မီးရှို့မှုများ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ၃၇ မြို့နယ်အနက် ၃၂ မြို့နယ်အတွင်း လုပ်ဆောင်နေခြင်း ဖြစ်တယ် လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပဲယင်းမြို့နယ်ထဲ ဒီဇင်ဘာလအတွင်း နေအိမ်ဘယ်လောက်ထိ မီးရှို့ခံလိုက်ရသလဲ။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ တစ်လအတွင်းမှာပင် ဒီပဲယင်းမြို့နယ်ထဲ အိမ်ခြေ ၃၅၀၀ နီးပါး မီးရှို့ခံရလိုက်ရပါတယ်။

အတိုးပဲရှိတယ် ဆိုတော့ ၃၅၀၀ ဝန်းကျင်လောက်ထိဆုံးရှုံးမယ်လို့ ယူထားတယ်ပေါ့။ ဒီဇင်ဘာလ တလထဲတင် ကို ဒီပဲယင်းမြို့နယ်က ကျေးရွာ ၁၀ ရွာဗျ။ မီးရှို့ခံရတာ။ အဲ့ ၁၀ ရွာထဲက အိမ်ခြေပေါင်း ၃၃၀၀ ကျော် ၃၅၀၀ ကျော် ဝန်းကျင်ခန့်ထိ မီးလောင်ဆုံးရှုံးနေရတာ ဒါဒီဇင်ဘာလတစ်လထဲမှာအာဏာသိမ်းပြီးတဲ့ နောက်က တည်းက ဆိုရင်တော့ ဒီပဲယင်းမြို့နယ်ထဲမှာ အားလုံးပေါင်း ၄၅၀၀ ဝန်းကျင်ထိ ၄၅၀၀ အကျော် ပဲရှိမယ်ပေါ့ နော်။ ၄၅၀၀ ကျော် ဆုံးရှုံးခဲ့ရတယ်ပေါ့ဗျာ

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့ အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၄၈,၄၆၃ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar အဖွဲ့က ဇန္နဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

နေအိမ်တွေ မီးရှို့ခံရမှုမှာ စစ်ကိုင်းတိုင်းအတွင်း ၃၆,၆၆၇ လုံး၊ မကွေးတိုင်းတွင်း ၈,၅၇၅ လုံး၊ ချင်းပြည်နယ်မှာ ၁,၄၇၅ လုံးနဲ့ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၁,၇၄၆ လုံး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်လို့ အဲ့ဒီထုတ်ပြန်ချက်က ဖော်ပြ ပါတယ်။

မီးရှို့ခံရမှုကြောင့် အရပ်သားပြည်သူတွေရဲ့ နေအိမ်ဆုံးရှုံးမှု အများဆုံးမှာ စစ်ကိုင်းတိုင်း ဖြစ်ပါတယ်။ စစ်ကိုင်း တိုင်းအတွင်းမှာလည်း ဒီပဲယင်းမြို့နယ်ထဲမှာ အများဆုံးလို့ ဒေသခံတွေ၊ မီးဘေးသင့် စစ်ရှောင်တွေကို ကူညီနေ သူတွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဒီပဲယင်းမြို့နယ် ညီနောင်များ အသင်းက တာဝန်ရှိသူ ကိုဖြိုးကြီး က “NUG မီးသတ်ဦးစီးဌာနက စာရင်းကောက် ယူထားတဲ့ စာရင်းအရဆိုရင်ပေါ့နော် တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ ကျ နော်တို့ မီးလောင်ခံထားရတဲ့ မီးရှို့ခံရတဲ့ အိမ်ခြေ ပေါင်းက ၄၁၃၅၅ အိမ်ရှိတယ်ပေါ့ဗျာ။ အဲ့ဒီ ဇယားမှာ စစ်ကိုင်းတိုင်းက မီးရှို့ခံရတဲ့အိမ်က ၃၁၄၀၀ ရှိ တယ်ဗျ။ အဲ့တော့ ဒီပဲယင်းမြို့နယ်လေး တစ်နယ်ရဲ့ ခြေနေကိုက ၄၅၀ကျော် အဲ့တော့ ဒီစစ်ကိုင်းထဲမှာ မီးလောင် ဆုံးရှုံးမှု အကြီးမားဆုံးမြို့နယ် တစ်ခုလို့ ပြောလို့ရတယ်ပေါ့ဗျာ ဟု ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ထိ နေအိမ်ပေါင်း ၃၆,၆၆၇ လုံး၊ ဖျက်ဆီးခံခဲ့ရပြီး အရပ်သားပြည်သူများလည်း နေရပ် စွန့်ခွာ တိမ်းရှောင်နေကြရသည်ဟု Data for Myanmar ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိသည့်အနက် ၃၂ မြို့နယ်ထဲ ရွာလုံးကျွတ် နေအိမ်များ မီးရှို့ ဖျက် ဆီးခံရမှုများ ဖြစ်ပွားခဲ့ပြီး ကျန် ၅ မြို့နယ်ဖြစ်သည့် ခန္တီး၊ ကလေးဝတို့အပြင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲ က လေရှီး၊ လဟယ်၊ နန်းယွန်း အစရှိသည့် မြို့နယ်တို့တွင်သာ နေအိမ်များ မီးရှို့ခံရမှု မရှိဘူးဟု Data for Myanmar အဖွဲ့က ဆိုပါတယ်။

စစ်ကိုင်းတိုင်းထဲ မည်သို့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို စစ်တပ်က ကျူးလွန်နေသနည်း

စစ်ကောင်စီတပ်ဖွဲ့တွေက အရပ်သားပြည်သူပိုင် အိမ်များကို(ရွာလုံးကျွတ်) မီးရှို့ခြင်းဖျက်ဆီးခြင်း ၊ ပစ္စည်းများ ကို ဖျက်ဆီးခြင်း၊ သိမ်းယူခြင်း၊ အိမ်မွေး တိရိစ္ဆာန်များပါမကျန် ခိုးယူ သတ်ဖြတ်စားသောက်ခြင်းနှင့် ပြည်သူ များကို ဖမ်းဆီးခြင်း၊ ရိုက်နှက် နှိပ်စက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လူသားဒိုင်းကာအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခြင်းများ လုပ်ဆောင်လျှက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အထိအခိုက်အကျဆုံးများလာရင် မြေပြင်ရော ဝေဟင်ကနေပါ သာလွန်အင်အားသုံးပြီး တန်ပြန်ထိုးစစ်ဆင်မှု စစ်ကိုင်းတိုင်းထဲက မြို့နယ်အတော်များများမှာ ဖြစ်ပွားနေပါတယ်။

ကျနော်တို့ ဒီပဲယင်းမြို့နယ်ကို ဝင်ရောက်ပြီးတော့မီးရှို့တယ်။ တွေ့ရင်ဖမ်းတယ်။ လူတွေသတ်တယ်။ ပြည်သူ တွေကို သတ်တယ် သတ်ထားခဲ့တယ်။ ဒီဇင်ဘာလထဲ ပျံကျအေးသာယာမှာဆိုရင် စကစတွေက လှမ်းပြီးတော့ လက်နက်ကြီးထုတဲ့ခါကျတော့ ကလေး ၃ ဦး ထိခိုက်တယ်။ ကျွဲ၊ နွားတွေ ထိခိုက်တယ်ပေါ့နော်။ ပြီးကျတော့ ကျနော် တို့ ပြည်သူတစ်ယောက် အသတ်ခံရတယ်ပေါ့။ ရွာထဲဝင်ပြီးတော့ ဒီမီးငြိမ်းသတ်ဖို့ လုပ်တဲ့အခါ အသတ် ခံရတယ် လို့ ဒီပဲယင်း စစ်ရှောင်ကူညီရေး ကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

မီးဘေးသင့် စစ်ရှောင်ပြည်သူများအနေဖြင့် အကာအကွယ်မဲ့ပြီး ကူညီသူလည်း နည်းပါးတယ်လို့ ဆိုပါတယ်။ လက်ရှိတွင် အေးသာယာပျံကျကျေးရွာက မီးဘေးသင့်ပြည်သူများအနေဖြင့် နေအိမ်တွေ ပြန်လည် ဆောက် လုပ်နိုင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း အကူညီပေးနေသူတွေက ပြောပါတယ်။

မီးလောင်ပြာကျပြီး ကျန်ခဲ့တဲ့ သွပ်စတွေကို အမိုးအကာလုပ်ပြီး ယာယီတဲပုံစံမျိုးထိုးကာ နေထိုင်ကြရတဲ့အပြင် အချို့က မိုးကာ၊ ပလပ်စတစ်များ ကားပြီး နေထိုင်ကြသူများလည်း ရှိနေတယ်လို့ အေးသာယာပျံကျကျေးရွာက မီးဘေးသင့် စစ်ဘေးရှောင်များကို ကူညီသူများက ပြောပါတယ်။

သို့သော် အများစုမှာ ကျေးရွာများအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် နေထိုင်ကြ သည်ဟု ဆိုပါတယ်။

ဒီပဲယင်းမြို့နယ်ထဲ မီးဘေးသင့် စစ်ရှောင်တွေကို ကူညီပေးနေသူ တစ်ဦးက အဓိက သူတို့မီးရှို့ပြီး ပြန်ထွက် သွားတဲ့အခါမှာ ဟိုပြည်သူတွေက ပြန်ကပ်လို့ရတဲ့ အခါမှာဝင်လာကြတယ်။ ဝင်လာကြတဲ့အခါမှာ သူတို့ဆုံးရှုံးမှု အခြေနေတွေကို ကြည့်တယ် သူတို့အိမ်တွေပြာကျသွားတ ကြည့်ပြီတော့ ငိုကြွေးကြတာပေါ့ဗျာ။ နှစ်နှစ် အလစုဆောင်းထားတဲ့ ပစ္စည်းဥစ္စာလေးတွေ အားလုံးက ပြာကျသွားပြီ ဆိုပြီးတော့ ဟန်မဆောင်နိုင် မထိန်း နိုင်မသိမ်းနိုင်ပဲ ငိုကြွေးကျတဲ့ခါမှာ သူတို့ကြည့်ပြီးတော့ တော်တော်ဝမ်းနည်း စိတ်မကောင်းဖြစ်ရတယ်ပေါ့ဗျာ ဟု ပြောသည်။

လက်ရှိမြေပြင်မှာ နေအိမ်တွေ ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေသည်များအတွက် ကူညီလိုသူများ အနေဖြင့် ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ လူမှုကူညီရေးအသင်းကို ၎င်းတို့၏ ဖေ့ဘုတ်စာမျက်နှာကနေ တစ်ဆင့် ဆက် သွယ်ပြီး ကူညီထောက်ပံ့ပေးနိုင်တယ်လို့ ဆိုပါတယ်။

ဇန္နဝါရီလ ၉ ရက်နေ့တုန်းကလည်း ဒီပဲယင်းမြို့နယ်အတွင်းရှိ အင်တိုင်းလေးကျေးရွာနှင့် ချောင်းနားကျေးရွာ တို့ ကိုလည်း စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် နေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့ရပြီး အသက် ၈၅ နှစ်အရွယ် အဖိုးအိုတစ်ဦး မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ အကူအညီပေးနေသူတွေနဲ့ ဒေသခံများက ပြောပါတယ်။

ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်ကောင်စီ၏ လက်အောက်ခံ တပ်ရင်းများ ဖြစ်တဲ့ ခမရ-၃၆၄ နှင့် ခလရ-၇၀၁ တပ်ရင်းတို့က တစ်ရွာဝင်တစ်ရွာထွက် ထိုးစစ်ဆင် ဝင်ရောက်ကာ လိုက်လံ မီးရှို့ခဲခြင်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က အိမ်တွေ ရွာတွေကို မီးရှို့တာက ဘယ်လို ဗျူဟာလဲ

စစ်တပ်က ပြည်သူတွေနေထိုင်တဲ့ ရပ်ရွာတွေ နေအိမ်တွေကို မီးရှို့နေတာ အခုမှ မဟုတ်ဘဲ ယခင်ကတည်းက ကချင်၊ ကရင်၊ ကရင်နီ၊ ရှမ်း၊ ရခိုင် အစရှိတဲ့ ပြည်နယ်တွေထဲ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့ အစည်းများနှင့် ဖြစ်ပွားခဲ့သည့် ဖြစ်ပွားနေဆဲ တိုက်ပွဲများအတွင်း ဆက်တိုက်လုပ်ဆောင်ခဲ့သည့် ရိုးရာဓလေ့ကဲ့ သို့သော ဗျူဟာတစ်ခုဖြစ်သည်ဟု တိုင်းရင်းသားခေါင်းဆောင်များက ထောက်ပြထားပါတယ်။

အိမ်တွေ ရွာတွေကို စစ်တပ်က မီးရှို့တာက ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ သတင်းနှင့် ပြန်ကြား ရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီဗမာ့တပ်မတော်တွေက ပြည်သူလူထုကို နှိပ်စက်တာတော့ သူတို့ရဲ့ ဗျူဟာ ရိုးရာ တစ်ခုလို ဖြစ်ပါတယ်။ စစ်ကောင်စီက အခုမှမဟုတ်ဘူး။ အမြဲတမ်း ပြည်သူလူထုရဲ့ အိုးအိမ်တွေကို အကုန်လုံးမီးရှို့တာ။ ဒါကတော့ သူတို့ရဲ့ ဗျူဟာတစ်ခုပါ လို့ ပြောပါတယ်။

ဘာကြောင့်လဲဆိုတော့ ကျနော်တို့ လက်နက်ကိုင်တွေနဲ့ ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေကို နောက်မှာ ကူညီပံ့ပိုးပေးတဲ့ ကျောထောက်နောက်ခံ လုပ်တာက ပြည်သူလူထု ဆိုပြီးမှ သူတို့က စွပ်စွဲထားတယ်။ ဒါကြောင့် သူတို့က ကျနော်တို့ တော်လှန်ရေး နယ်မြေမှာရှိတဲ့ ပြည်သူထုကိုလည်း ရန်သူလို့ပဲ သတ်မှတ်တာ။ ပြည်သူလူထု ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဥပမာ ကချင်မှာလည်း ပြည်သူလူထုကို ရန်သူလို့ပဲ သတ်မှတ်တာ။ အဲ့ဒါကြောင့် ဗျူ ဟာတစ်ခုအနေနဲ့ ပြည်သူတွေရဲ့ အိုးအိမ်တွေကို ရွာလုံးကျွတ်မီးရှို့တာလို့ ကျနော်က စွပ်စွဲလိုပါတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံထဲမှာတော့ မဆလခေတ်နဲ့ ၁၉၈၈ နောက်ပိုင်း ဖြတ်လေးဖြတ်နည်းကို တောင်တန်းဒေသတွေမှာ အဓိ က ကျင့်သုံးခဲ့ပါတယ်။

အာဏာရှင်‌ဟောင်း ဦး‌နေဝင်း လက်ထက် ၁၉၆၅ မှ ၁၉၈၃ ခုနှစ်အထိ ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ကရင်အမျိုး သား အစည်းအရုံး (KNU) အ‌ပေါ်  ရိက္ခာဖြတ်၊ ဘဏ္ဍာ‌ငွေဖြတ်၊ သတင်းအဆက် အသွယ်ဖြတ်၊ လူထုနှင့် အဆက်အသွယ်ဖြတ် စသည့် ထိုးစစ် ဖြတ်‌တောက်မှု ၄ ခု လုပ်ဆောင်ခဲ့တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောဆိုခဲ့ဖူးပါတယ်။

ကရင်၊ ရှမ်း၊ ကချင်၊ ကရင်နီနဲ့ ရခိုင် စတဲ့ စစ်ဆင်ရေးနယ်မြေတွေမှာ ဒီနည်းတွေသုံးပြီး နယ်မြေခံလူထုကို ဖိနှိပ် ခဲ့တာကြောင့် ရွာတွေ ပျက်ပြီး ဒေသခံတွေ ရွှေ့ပြောင်းဒုက္ခသည်တွေ ဖြစ်ကုန်ပါတယ်။ ထိုင်း-မြန်မာနယ်စပ်က စစ်ရှောင်စခန်းတွေက သက်သေပါ။ ဒီအခြေအနေတွေကို ပြည်မက မသိဘဲ ဖြစ်နေခဲ့ရာမှ နွေဦးတော်လှန်ရေးမှာ တော့ တောင်တန်းဒေသမှာ စစ်တပ် ရဲ့ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေကို နားလည်သဘောပေါက် လာကြ ပါတယ်။

မြေပြင်မှာ စစ်ရှောင်တွေကို ကူညီနေပေးနေတဲ့ ဒီပဲယင်း စစ်ရှောင်ကူညီရေး ကော်မတီ တာဝန်ရှိသူက ပထမ အချက်က ကျနော်တို့ကို အကြောက်တရား သွင်းတာပေါ့နော်။ အခက်အခဲ မထောက်ပံ့နိုင်အောင် ကျနော်တို့ကို အကြောက် တရားသွင်းနေတယ်။ ဒီ PDF ကို လက်ခံလို့ ရှို့တာမျိုး အရင်တုန်းကရှို့ခဲ့တာပေါ့နော်။ နောက်တစ် ချက်က ခုနကပြောတဲ့ ကျနော်တို့ တော်လှန်ရေးမှာ မပါဝင်နိုင်အောင် ပြည်သူနဲ့ ဒီ PDF ကြားမှာ သွေးခွဲတဲ့ အချက်မျိုး အဲ့ဒီရိက္ခာ မထောက်ပံ့နိုင်အောင် ဒါမျိုးတွေပေါ့နော်။ ဖြတ်တောက်တာမျိုးပေါ့။ ဒါမျိုးတွေ လက် မခံနဲ့ လက်ခံတယ်ဆို မင်းတို့ကို ရှို့မှာပဲ ဆိုပြီးတော့ပေါ့နော်။ သတ်ပစ်မှာ ဒါမျိုးတွေသူတို့က ဒီအပိုင်းတွေ ပါ ဝင်တာမျိုးတို့ မြင်ပါတယ်ဟု ပြောပါတယ်။

စစ်အစိုးရအဆက်ဆက်က ပြည်သူတွေရဲ့ နေအိမ် ရပ်ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ ရည်ရွယ်ချက်တွေထဲ နောက် တစ်ခုက အိုးမဲ့အိမ်မဲ့ ပြည်သူတွေများလာပါက တော်လှန်ရေးအင်အားစုတွေ၊ လက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့တွေ အပေါ် ဝန်တွေပိုများစေအောင် ဆိုတဲ့ ရည်ရွယ်ချက် တစ်ခုလည်း ရှိသေးတယ်လို့ ဒီပဲယင်းမြို့နယ် ညီ နောင်များအသင်း တာဝန်ရှိသူက ဆိုပါတယ်။

လက်တွေ့လည်း ဒီတော်လှန်ရေးဘက် သုံးပေးမယ့် ငွေကြေးတချို့ဟာ ကူညီရေးဘက်ကို သုံးပေးရတာ ရှိတယ် ပေါ့နော်။ ပြာကျခဲ့တဲ့ ဒီပြည်သူတွေအတွက်ကို ဒီကာကွယ်ရေးအဖွဲ့တွေက ဝိုင်းဝန်းပြီးတော့ ကူညီပေးနေရတဲ့ ဟာတွေရှိတယ်ပေါ့နော်။ အခု ရွှေဘိုခရိုင် တပ်ရင်း ၂၁ က ရဲဘော်တွေ ဦးဆောင်ပြီးတော့မှ ကူညီရေးလုပ်နေတာ ရှိတယ်ပေါ့နော်။ အဲ့တော့ဒီတော်လှန်ရေးလက်နက်ခဲယမ်းတွေ အသုံးပြုမယ့် ဘတ်ဂျက်တချို့ ပြည်သူကို တတ် နိုင်သလောက် ပြန်ပြီးတော့ ကူညီပေးရတဲ့ အခြေအနေမျိုးတော့ ဖြစ်လာတာ ရှိတယ်ပေါ့နော်။

စစ်ကောင်စီ (တချိန်က စစ်အစိုးရ) က သူ့ကို လက်နက်ကိုင်အန်တုသူတွေ၊ အဖွဲ့အစည်းတွေကို ဖြတ်လေးဖြတ် စစ်ဆင်ရေး ဟုခေါ်တဲ့ ရိက္ခာ၊ ရန်ပုံငွေ၊ သတင်း၊ လုထုနဲ့ အဆက်အသွယ် မရရှိစေဖို့ ပိတ်ဆို့ဖြတ်တောက်ရေး အတွက် ရွာများကို မီးရှို့ဖျက်ဆီးသည့် နည်းလမ်းကို အသုံးပြုခဲ့ပါတယ်။ ဒီနေ့ နွေဦးတော်လှန်ရေး ကာလမှာ လည်း ဆက်လက်သုံးနေပါတယ်။

လူထုကို အကြောက်တရားသွင်းချင်တဲ့ ရည်ရွည်ချက်လည်း ပါဝင်တဲ့အပြင် လူထုနဲ့ တော်လှန်ရေးအင်အားစု တွေအကြား သဘောထားကွဲလွှဲအောင် ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

သူတို့ကရည်ရွယ်ချက်ပေါင်းများစွာနဲ့လုပ်တဲ့အထဲက ဒီပြည်သူတွေကို ဒုက္ခပေးတယ် မီးရှို့တယ် ဒီရွာတွေကို ဝင် စီးတယ်ပေါ့နော်။ ဒီလိုအကြမ်းဖက်ဝင်ရောက်တဲ့အခါမှာ PDF တွေ ဘယ်မလဲပေါ့နော် PDF တွေ ဘာလုပ် နိုင်လဲ ဆိုတာမျိုးကို ပြည်သူကို အကာကွယ်မပေးနိုင်တဲ့ အဖွဲ့စည်းတွေဆိုတဲ့ ပုံစံမျိုးကိုလည်းဖြစ် စေချင်တယ်။ တချို့ အဲ့လိုဖြစ်မယ်လို့ ယူဆပေမယ့် ပြည်သူတွေက နားလည်ပြီးသားပါ။ ဒီပြည်သူ့ကာကွယ်ရေး အဖွဲ့တွေဆီ မှာ လက်နက်ခဲယမ်းမပြည့်မစုံနဲ့ တတ်နိုင်သလောက် လုပ်နေကြတယ်ဆိုတာကို ပြည်သူကသိပြီးသားဖြစ်တယ် လေဟု ဒီပဲယင်းမြို့နယ် ညီနောင်များအသင်း တာဝန်ရှိသူက ပြောပါတယ်။

ဒီရည်ရွယ်ချက်တွေ အောင်မြင်ပြီလား၊ တော်လှန်ရေးအပေါ် ထိခိုက်မှု ရှိပါသလား

နေအိမ်တွေ၊ ရပ်ရွာတွေ မီးရှို့ခံနေရတာက အခုမှ မဟုတ်ပါဘူး။ စစ်အစိုးရ ခေတ်အဆက်ဆက်မှာ ကြုံခဲ့ရတာ ဖြစ်ပေမယ့် ဒီလို လုပ်နေတဲ့အတွက် တော်လှန်ရေးအရှိုန်က လျှော့ကျမသွားခဲ့ဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ဆက် ပြောပါတယ်။

ပြည်သူလူထုကို အခုလိုမျိုး မီးရှို့တာတွေ၊ နှိပ်စက်တာတွေ ပြည်သူလူထုကို စိတ်နာအောင် လုပ်တဲ့ ဗျူဟာက တော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အဓွန့်ရှည်စေတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ကျနော်သုံးသပ်ပါတယ်။ ဘာလို့လဲ ဆို​တော့ ပြည်သူလူထုကလည်းပဲ မီးရှို့လို့ တော်လှန်ရေး မလုပ်တာမဟုတ်ဘူး။ မီးရှို့လေလေ ဖျက်ဆီးလေလေ နှိပ်စက်လေလေ ပြည်သူလူထုတွေက လက်နက်ကိုင်ပြီး တော်လှန်တာ ပိုပြီးမှ များလာမှာ ဖြစ်ပါတယ်။

တော်လှန်ရေးလုပ်တဲ့ လတ်တလောအခြေအနေမှာ ဒုက္ခရောက်တာ၊ စားနပ်ရိက္ခာ ပြတ်တောက်တာတွေကြောင့် အစစအရာရာမှာ အခက်အခဲတွေ ရှိနေပေမယ့် လူထုက တော်လှန်ရေးဆိုတာကို သိရှိလက်ခံပြီးသား၊ ပြင်ဆင် စီစဉ်ပြီးသား ဖြစ်တဲ့အတွက် တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ပံ့တာ၊ ကိုယ်တိုင်ရော တော်လှန်ရေးမှာ ပါဝင်တာတွေက ရပ်တန့်သွားမှာ မဟုတ်ဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒီပဲယင်း ဒေသခံတစ်ဦးက PDF တွေကို ကြောက်သွားအောင် ပြည်သူတွေက PDF နဲ့ သွေးကွဲသွားအောင် လုပ် တာ မအောင်မြင်ဘူးဗျ။ နံပါတ်နှစ် အချက်ကတော့ ပြည်သူတွေကို ထောက်ပံ့မှု လျော့သွားအောင် ဒါကတော့ နည်းနည်း အောင်မြင်တယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် ကျနော်တို့က ရွေးချယ်ပြီးသား ဖြစ်တဲ့အတွက် ဘာမှ မလုပ်ရင် ကျနော်တို့က ရှင်သန်လို့ရမှာ မဟုတ်ဘူး။ သူတို့က သတ်ပစ်မှာလေ မလုပ်လည်း သတ်ပစ်မှာလေ ဆို တော့ ကျနော်တို့က ရှိတာနဲ့ ဝေမျှစားပြီး ဆက်လုပ်သွားမှာဟု ပြောပါတယ်။

စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကို နေ့ရောညပါ ကြုံတွေနေရတဲ့ ဒီပဲယင်းက ပြည်သူတွေအနေနဲ့ စစ်အာဏာ ရှင်ကို နာကျည်းတဲ့စိတ်နဲ့ ဘယ်လိုလက်တုန့်ပြန်ရမလဲဆိုတာမျိုးပဲ စဉ်းစားနေကြတယ်လို့ ဒီပဲယင်းမြို့နယ် ညီ နောင်များအသင်း တာဝန်ရှိသူ ကိုဖြိုးကြီးက ပြောပါတယ်။

ရွာသားတွေအားလုံးကတော့ နာကြည်းတဲ့စိတ် ပိုဖြစ်လာခဲ့တယ်။ တော်လှန်ရေးသမား မဖြစ်ရင်တောင်မှ ရိုး ရိုး သာမန်ပြည်သူ ဖြစ်ရင်‌တောင်မှ သူတို့ရဲ့ ရက်စက်ယုတ်မာမှု အပေါ်မှာ လက်တုန့်ပြန်ချင်တဲ့ ခံပြင်းနာကျည်း စိတ်က ကိုယ်စီရှိတယ်။ ဒီစစ်တပ်ဆိုတဲ့ အသံကို မကြားချင်တော့ဘူး။ ဥပမာဗျာ ဒီစစ်ကြောင်းထိုးလာတယ် ဆို ရင်တောင်မှ သူတို့ကို စစ်သားလို့ မသုံးနှုန်းတော့ဘူး။ စစ်ခွေးတွေ ခွေးတွေဘယ်ရောက်ပြီလဲ။ ခွေးတွေလာနေ တယ်။ ဒါက လက်ရှိ မြန်မာပြည်သူတွေရဲ့ လက်သုံးစကားတွေ။ သူတို့ဟာ လူကနေပြီးတော့ ခွေးဖြစ်သွားတဲ့ အဆင့်လောက်ထိကို ပြည်သူတွေက မုန်းတီး နာကျည်းသွားတယ်‌ပေါ့ဗျာ။

ပိုပြင်းထန်စွာ ဖိနှိပ်လေ လူထုက ကြောက်ရွံ့ပြီးတော့ ငြိမ်သွားလိမ့်မယ်လို့ ထင်မြင်ခဲ့တဲ့ စစ်ကောင်စီက လူထု လှုပ်ရှားမှု၊ တော်လှန်မှုများကို နေရာတိုးချဲ့ပြီး ဖိနှိပ်လေ၊ လူထုအုံကြွမှုက ပိုပြီး များလာကာ လက်ရှိတွင် စစ်တပ် က မနိုင်တော့တဲ့ အနေအထားမျိုး ရောက်နေပြီလို့ သုံးသပ်မှုတွေရှိပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က အခုက တော်လှန်ရေးမှာ ခုခံတော်လှန်ရေးမှာ ကျနော်တို့ ပြောမယ်ဆိုလို့ရှိရင် အရင်တုန်းက မပေါ်ပေါက်ဖူးတဲ့ ကျနော်တို့ လူထုတော် လှန်ရေးပေါ့နော် လူထုတရပ်လုံးပါဝင်လာနိုင်တဲ့ ပါဝင်တဲ့ တော်လှန်ရေးဖြစ်တယ်။ ဆိုလိုတာကတော့ တချို့ ကတော့ လက်နက်ကိုင် တိုက်ပွဲနဲ့ဆင်နွဲတယ်။ ဆန္ဒထုတ်ဖော်နေကြတယ် ဒီနေ့အချိန်ထိ။ တော်လှန်ရေးကို ထောက်ခံတာ ဒါလူထုတွေလည်းပါတယ်ပေါ့။ အဓိကကတော့ စစ်ကောင်စီကတော့ သူ့ဘက်မှာ သူ့ကို ထောက် ခံမယ့်လူက မရှိတော့ဘူးလေ ဟု ပြောပါတယ်။

အနှစ် ၇၀ ကျော်လုံးလုံး အကြောက်တရားနဲ့ လူထုကို လက်နက်ပြကာ အာဏာနဲ့ အုပ်ချုပ် စည်းရုံးလာတဲ့ စစ် တပ်အပေါ် မုန်းတီးမှုကြီးက ၂၀၂၁ ခုနှစ်က စတဲ့ နွေဦးတော်လှန်ရေးက သက်သေဖြစ်လာနေပါတယ်။ လူထုရဲ့ မုန်းတီး၊ နာကြည်းမှု၊ ကျိန်စာတွေ စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုနဲ့ လူသားမဆန်မှုအပေါ်မှာ အခြေခံပြီး ဖြစ်တည် ကာ တစတစ ပိုကြီးထွားလာနေပါတယ်။

လူထုအနေနဲ့ ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာပါက တိုင်စရာ ရဲဌာနမရှိ၊ တရားစီရင်ရေးရုံး မရှိ အားကိုးရာမဲ့နေတဲ့ အနေအထားမျိုးမှာ ကိုယ့်နည်းကိုယ်ဟန်နဲ့ ကာကွယ်ပြီး စစ်ကောင်စီရဲ့ အင်အားစုကို အမြစ်ပြုတ်ချေမှုန်းနိုင်မှ ဘဝတွေအတွက် အနာဂတ်ရှိမယ် ရပ်တည်လာနိုင်မယ်လို့ ယုံကြည်လာတဲ့အခါမှာ ယနေ့ နိုင်ငံတဝှမ်းမှာ သွေး တွေ ချွေးတွေ အသက်တွေနဲ့ ရင်းပြီး တိုက်ယူနေကြတာ ဖြစ်ပါတယ်။

မျက်ရည်တွေ အသွေးတွေ အသက်တွေ ဘဝတွေ ရင်းပြီး မီးတောက်တွေ၊ ပြာပုံတွေကြားကနေ ထွက်လာတဲ့ ဖက်စစ် စစ်တပ်အမြစ်ပြတ်၊ စစ်အာဏာရှင် ကျဆုံးရေး ဒို့အရေး-ဒို့အရေး၊ ငါတို့ကျွေးသမျှစားပြီး ပြန်ကိုက် တဲ့ စစ်ခွေး၊ ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး ဆိုတဲ့ လူထုရဲ့ ကြွေးကြော်သံတွေတော့ စစ်အာဏာရှင် မကျဆုံး သေးသ၍ ဟိန်းနေအုံးမှာ အမှန်ပါပဲ။