• Today is: Friday, March 29, 2024

စစ်ကောင်စီတပ်စခန်းတစ်ခု တိုက်ခိုက်သိမ်းပိုက်မှု အောင်မြင်ခဲ့ကြောင်း KNDF ထုတ်ပြန်

ဓါတ်ပုံ – KNDF (ထုတ်ပြန်ချက်)
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၂၁၊ ၂၀၂၃
 
ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုအား ဇန်နဝါရီ ၂၀ရက်နေ့ နံနက် ၇:၅၀ ခန့်မှာ ကရင်နီပြည်နယ်ရှိ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ အောင်မြင်စွာ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီတိုက်ပွဲမှာတော့ Karenni Commando၊ KA၊ KNDF B(15)၊ KNDF B(16)၊ KNDF B (09)၊ Loikaw PDF၊ DMO PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်သား ၅ ဦးခန့် သေဆုံးကာ အချို့စာ စခန်းမှ စွန့်ခွာထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။
 
စခန်းသိမ်းတိုက်ပွဲအတွင်း (၆၀)မမ စိန်ပြောင်း (၂)လက် ၊ RPG (၁)လက် ၊ MA-1 (၁)လက် ၊MA -2 (၁)လက် ၊ MA-3 (၁)လက် ၊ MA-4 79တွဲ (၁)လက် ၊ 9mm (၁)လက် ၊ ငါကြင်းမြီး (၁)လက် ၊ စနှိုက်ဖာ (၁)လက် ၊ မိုင်းများ ၊ ခဲယမ်းကျည်ဆံများ နှင့် အခြားအသုံးအဆောင် ပစ္စည်များအား သိမ်းဆည်းရရှိခဲ့တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။
 
နှစ်ဖက်တိုက်ပွဲကြာချိန်ဟာ နံနက် ၉နာရီခွဲ အထိ ၃ ဝန်းကျင်ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်က တိုက်လေယာဉ် ဖြင့် ၃ကြိမ်လာရောက် ကူပစ်ပေးခြင်း၊ ဘောလခဲ့မြို့ အခြေစိုက်စစ်တပ်မှလည်း လက်နက်ကြီးများ အဆမတန် ကူပစ်ပေးခြင်းများ ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
အောင်မြင်စွာတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲအတွင်းမှာတော့ ကရင်နီတပ်မတော် ( KA ) မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
 
ရာဇဝတ်မှုများစွာ ကျူးလွန်နေသော စစ်ကောင်စီတပ်စခန်းများကို ဆက်လက်တိုက်ခိုက်ရာတွင်လည်း Karenni Commando၊ KA၊ KNDF ၊ Loikaw PDF၊ DMO PDF တို့မှ ညီညွတ်စွာပူးပေါင်းသွားမည်ဖြစ်တယ်လို့ ဆိုပါတယ်။