• Today is: Sunday, January 29, 2023

ရွှေလီချိုင့်ဝှမ်းဂွင်အမှတ်တရ – ၁၂

ရွှေလီချိုင့်ဝှမ်းဂွင်အမှတ်တရ – ၁၂
– မောင်မောင်စိုး 
ငေါ့ဆဗစ်
ငေါ့ဆဗစ်သည် ကျောက်လုံးကြီးနှင့်သိပ်မဝေးလှသည့် ပလောင်ရွာကြီးတရွာဖြစ်သည်။ ထိုစဉ်ကထဲက PSLO ထိမ်းချုပ်နယ်မြေထဲတွင်ရှိသည်။ ထိုရွာရောက်တော့ မိမိတို့မှ စိုင်းဆိုင်ဆိုသည့် ရဲဘော်ကို ငေါ့ဆဗစ်ရွာသူ ကြီးထံအပ်နှံရသည်။
ထိုရဲဘော်က ဖျားနာပြီး လမ်းမလျှောက်နိုင်တော့သဖြင့် စစ်ကြောင်းနှင့် ဆက်မခေါ်နိုင်ဘဲ ဆေးကုသရန် ငေါ့ဆဗစ်တွင် အပ်နှံထားခဲ့ရခြင်းဖြစ် သည်။ ဆေးကုသပြီး ကောင်းမွန်သွားပါက မိမိတို့ နယ်စပ်အခြေခံဒေသသို့ ပြန်ပို့ရန် မှာကြားသည်ကို ငေါ့ဆဗစ်ရွာသူကြီးက အာမခံသည်။
တကယ်တော့ ငေါ့ဆဗစ်သည် မိုးမိတ်ကွင်းနှင့် နီးနေပြီဖြစ်သည်။ မိမိတို့ အခြေခံဒေသဆိုသည်က တရုတ်နယ်စပ် ကြူကုတ်ပန်ဆိုင်းနှင့် မုန်းကိုးတို့ဖြစ်ရာ ရောက်ပါ့ ရောက်နိုင်ပါ့မလားဟု မိမိသံသယရှိသည်။
ဝေးလံလှသည့်အပြင် ကားလဲမရှိ၊ အတားအဆီးအပိတ်အဆို့များကိုလည်း ကျော်ဖြတ်ရမည်မဟုတ်ပါလား။ သို့သော်လည်း ကျန်းမာရေးကောင်းပြီးနောက် စိုင်းဆိုင်တယောက် ချောမောစွာ မုန်းကိုးသို့ပြန်ရောက်လာခဲ့သည်။ ငေါ့ဆဗစ်အမှတ်တရတခုဟုဆိုရမည်။
ထိုစဉ်ကာလက ထိုဂွင်အတွင်း ရွာတိုင်းတွင် ရွာစောင့်စနစ်ရှိသည်။ ရွာသားတိုင်း နေ့စဉ်အလှည့် ူကျ ရွာစောင့်တာဝန်ယူရသည်။ ရွာစောင့်က ၎င်းတာဝန်ကျသည့်နေ့တွင် ရှိသည့်စာပို့၊လူပို့၊ လမ်းပြ တာဝန်ယူရသည်။ စာပို့သည်ဖြစ်စေ၊ လမ်းပြသည်ဖြစ်စေ တောက်လျောက်ပို့စရာမလို။
တရွာနှင့်တရွာ ဆင့်ကဲဆင့်ကဲ ဆက်လက်ပို့ဆောင်ပေးသည့် စနစ်ရှိသည်။ မိမိနှင့်အနီးဆုံးရွာက ရွာစောင့်ထံသို့ ပို့ပေးပြီး တဆင့်ဆက်ပို့ရသည်။ ထို့ကြောင့် ထိုစနစ်ကို လူနားရင်သာနား စာမနားစေနဲ့ဟု ဆိုကြခြင်းဖြစ်သည်။ ထိုရွာစဉ်ဆက် လက်ဆင့်ကမ်းစနစ်ဖြင့် စိုင်းဆိုင် ချောမောစွာပြန်ရောက်လာခဲ့သည်။
ထို့ပြင် ငေါ့ဆဗစ်သည် သမိုင်းမှတ်တမ်းတခုရှိသည့်ရွာလည်းဖြစ် သည်။ ၁၉၇၅/၇၆ ဝန်းကျင်က ငေါ့ဆဗစ်ရွာတွင် KIA/SSPP/PSLO စသည့် ကချင်၊ရှမ်း၊ပလောင် လက်နက်ကိုင်အဖွဲ့အစည်းသုံးခုမှ တပ်မဟာအဆင့်တာဝန်ရှိသူများ မဟာမိတ်စာချုပ် ချုပ်ဆိုခဲ့သည်ဟု မှတ်သားရသည်။
ကျင်းကျိ
ငေါ့ဆဗစ်ကဆက်ထွက်တော့ ကျင်းကျိကိုရောက်သည်။ ကျင်းကျိသည်လည်း ပလောင်ရွာကြီးဖြစ်သည်။ ကျင်းရွာရှိရာ တောကြောသည် သိပ်မြင့်မားခြင်းမရှိတော့ပေ။ တောင်ကြော၏ အဆုံးအနိမ့်ပိုင်းတွင် တည်ထားသည်။ ‌ကျင်းကျိရွာမှ တောင်ဖက်သို့ တောင်ဆင်းသာဖြစ်သည်။
တောင် ကြောဆုံးလျင် မိုးမိတ်ကွင်းသို့ရောက်ပြီး ကွန်ခါ ရှမ်းရွာရှိသည်ဟုသိရသည်။ ရွှေလီချိုင့်ဝှမ်းဂွင်အတွင်း မြင့်မာမတ်စောက်သော တောင်တန်းများကိုသာမြင်တွေ့ခဲ့ရာမှ ကျင်းကျိတောင်ဖက် နိမ့်ဆင်းသွားသော မိုးမိတ်ကွင်းအား လှမ်းမျှော်ကြည့်ရသည်မှာလည်း ခံစားမှုတမျိုးဖြစ်သည်။
ကျင်းကျိ PSLO ထိမ်းချုပ်နယ်မြေတွင်ရှိသည်။ သို့သော် PSLO နှင့် ထာဝရမဟာမိတ်လည်းဖြစ်၊ PSLO နှင့်နယ်မြေချင်းကပ်နေသော KIA တပ်များလည်း အဝင်အထွက်ရှိသည်။ ကျင်းကျိ၏ တောင်ဖက် ကွန်ခါတွင် SSPP တပ်များရှိသည်။
မဆလ အစိုးရ စစ်ကြောင်းများ ထိုးစသ်ဝင်ပါက SSPP တပ်များတိမ်းရှောင်ရင်း ရောက်လာလေ့ရှိသည်ဟု သိရသည်။ CPB တပ်များလည်း ဖြတ်သွားဖြတ်လာ ရောက်လာလေ့ရှိသည်။ထို့ပြင် မဆလ အစိုးရ စစ်ကြောင်းများလည်း ထိုးစစ်ဝင်လျင် ရောက်လာလေ့ရှိသည်ဟုသိရသည်။
လက်နက်ကိုင်တပ် ၅ မျိုးအား ထိတွေ့ဆက်ဆံပြီး ရှင်သန်ရသည့် ကျေးရွာဖြစ်သည်။ ဒေးကာနက်ဂျီထက် ပို၍တတ်ကျွမ်းသော လူမှုဆက်ဆံရေးဖြင့် ရှင်သန်ကြပုံရသည်။ ယခု ထိုတပ် ၅ မျိုးထဲမှCPB တပ်တော့မရှိတော့။
ကျန် ၄ မျိုးရှိသာရှိသည်။ သို့သော် နည်းသွားသည်ဟု မယူဆစေလို။ ယခု ၁ နှစ် ၂ နှစ်အတွင်း အမျိုးအစားသစ် တပ်များ ထိုဒေသတွင် တွေ့နေရပြီး မိမိတို့ကာလထက် ပိုများသည်ဟု ကြားရသည်။
ကျင်းကျိရွာပြီးနောက် အနောက်စူးစူးသို့ ဦးတည်၍ ကျောက်ဖြူချောင်း၊ နန့်မိတ်ချောင်းအတိုင်းချီတက်ပြီး နှင်းထောက်အနီးမှ ရွှေလီမြစ်ကို ဖြတ်မည်ဖြစ်ရာ တောတိုးကြရတော့မည်ဖြစ်၍ ကျင်းကျိရွာတွင် ရိက္ခာဆန် ဝယ်ယူဖြည့်တင်းသည်။
ထိုစဉ် CPB တပ်မှ ဘဏ္ဏာရေးအခက်အခဲစတင်စကာလဖြစ်ရာ ရှေ့တန်းထွက်မည့် ရဲဘော်များအတွက် ဆန်ဖိုးပေးရာတွင် ဒေသပေါက်ဈေးအတိုင်းမပေးနိုင်တော့။ ဥပမာဆိုရလျင် ဆန်တပြည် ၁၀ ကျပ်ဈေးပေါက်နေသည်ဆိုပါက ၈ ကျပ်မျှသာ ပေးနိုင်တော့ သည်။ သို့ဖြစ်ရာ ရွာများမှ ဆန်ဝယ်လျင် ပေါက်ဈေးမ‌ပေးနိုင်တော့။
သတ်မှတ်ထားသည့်ဈေးသာ ပေးနိုင်တော့သည်။ တပ်မဟာ ထောက်ပံ့ရေးမှူးက ရွာသူ ကြီးနှင့်ဆွေးနွေးပြီး တပ်အတွက် လိုအပ်သည် ဆန်ပြည်အရေ အတွက်ကိုတောင်းဝယ်ရသည်။ ရွာသူကြီးက တအိမ် မည်မျှရောင်းရမည်ဟု ခွဲတမ်းချပြီး ရောင်းပေးသည်။ ပြင်ပပေါက်ဈေးထက်နည်း၍ မရောင်းရင်လည်း မရပေ။
ထို့ကြောင့် CPB တပ်များကို အတင်းဝယ်တဲ့တပ်ဟု လူထုက သမုတ်ကြသည်။ PSLO နှင့် KIA ကတော့ တနှစ် ဆန်မည်မျှ၊ ဆားမည်မျှဟု သတ်မှတ်ကောက်ခံသဖြင့် အတင်းတောင်းသည့် တပ်ဟု သမုတ်ကြသည်။
မည်သို့ပင်ဖြစ်စေ လူထုက သတ်မှတ်သည် အတင်းယူ၊ အတင်းဝယ်၊ အတင်းတောင်း ဟူသည့် အတင်းသုံးမျိုးအနက် အတင်းယူသည့်တပ်အဖြစ် အသတ်မှတ်မခံရသဖြင့် တော်သေးသည်ဟု ဆိုရမည်။