• Today is: Sunday, January 29, 2023

၂၀၂၃ ခုနှစ် မြန်မာ့နိုင်ငံရေးအလားအလာ (စကားဝိုင်းအနှစ်ချုပ်)

၂၀၂၃ ခုနှစ် မြန်မာ့နိုင်ငံရေးအလားအလာ (စကားဝိုင်းအနှစ်ချုပ်)

နွေဦးတော်လှန်ရေးနှင့် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ကို သုံးသပ်ခြင်း

(၁) လက်ရှိနွေဦးတော်လှန်ရေးဟာ ဘယ်လောက် အတိုင်းအတာ အနေအထား ရောက်နေပြီလဲ။ နွေဦး တော်လှန်ရေးရဲ့ လားရာတွေဟာ ဘာတွေ ဖြစ်နိုင်မလဲ။

ဦးအောင်မိုးဇော် (ဥက္ကဌ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

တော်လှန်ရေး အချိန်ကာလ ၂ နှစ် ရောက်လာတဲ့အချိန်မှာ နှစ်ပေါင်းခုနှစ်ဆယ်ကျော်ကြာမြင့်ပြီဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးကြီးနဲ့ မြို့ပြတွေကို ပိုမိုအခြေခံတဲ့ လက်ရှိနွေဦးတော်လှန်ရေးတို့ ပေါင်းဆုံမိပြီးတော့ တော်လှန်ရေးကြီးဟာ တသားတည်းဖြစ်တည်လာပြီးတော့ ပြည်သူ့တော်လှန်ရေးကြီး အဖြစ် တဆင့် မြှင့်တက်သွားပြီလို့ ပြောချင်ပါတယ်။

နော်ဇူဇန်နာလှလှစိုး ( ပြည်ထောင်စုဝန်ကြီး ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် ဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ)

နွေဦးတော်လှန်ရေးက ပြည်သူတွေက ရွံရွံချွန်ချွန် ယနေ့ထက်တိုင် ပါဝင်နေဆဲ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်လက်အောက်မှာ လုံးဝမနေနိုင်တော့ဘူးဆိုတာ လုံးဝသေချာနေပြီဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးဟာ အောင်မြင်မှုမရောက်မချင်း ပြည်သူတွေဟာ လုံးဝ လက်မလျော့ဘူးလို့ ယုံကြည်နေပါတယ်။

နိုင်ဗညားမွန် (ဒါရိုက်တာ၊ မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ)

နွေဦးတော်လှန်ရေးးဟာ တနိုင်ငံလုံးက ပါဝင်တဲ့ ပြည်သူ့တော်လှန်ရေးဖြစ်ပါတယ်။ လူများစု ဗမာလူမျိုးနဲ့ လူနည်းစု တိုင်းရင်းသားတွေကို ပေါင်းစပ်ပေးနိုင်တဲ့ တော်လှန်ရေးဖြစ်သလို ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး လမ်းကြောင်းကို ပွင့်လာစေပါတယ်။

ဖက်ဒရယ်ပဋိဉာဉ်ကိုလည်း အခြေခံအားဖြင့် လုပ်ဆောင်ထားနိုင်လာပါတယ်။ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့နေရာမှာ နွေဦးတော်လှန်ရေးဟာ အားအကောင်းဆုံးလို့ ပြောလို့ ရနိုင်ပါတယ်။

ဆလိုင်း‌ယောအောင် (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ABSDF)

နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လို့ ပြောလို့ ရနိုင်ပါတယ်။ နွေဦးတော်လှန်ရေးဟာ ပြည်သူလူထုက အများဆုံးပါဝင်ပြီး‌တော့ ပြည်သူလူထုက ဦးဆောင်တဲ့ လက်နက်ကိုင်တော်လှန်ရေးလို့ ပြောလို့ရနိုင်သလို၊ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ အများဆုံး ထောက်ပံ့တဲ့ တော်လှန်ရေး၊ ဘဏ္ဍာငွေအများဆုံးရရှိထားတဲ့ တော်လှန်ရေး၊ နိုင်ငံတကာထောက်ခံမှုအများဆုံး ရရှိထားတဲ့ တော်လှန်ရေးလို့ ပြောလို့ ရနိုင်ပါတယ်။

အရေးကြီးဆုံးအချက်ကတော့ လက်ရှိအခြေအနေကို ဦးဆောင်သူတွေက ဆက်လက်ထိန်းထားနိုင်ဖို့ လိုပါတယ်။ တော်လှန်ရေးရဲ့ လားရာဟာ ဘာဖြစ်နိုင်မလဲ ဆိုတာကို ပြောဖို့က စောသေးတယ်လို့ မြင်ပါတယ်။

ဦးအောင်မိုးဇော် (ဥက္ကဌ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

ဆလိုင်း‌ယောအောင် (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ABSDF)

(၂) နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးပန်းတိုင်နဲ့ ဘယ်လောက်အထိ နီးစပ်နေပြီလဲ။ တဘက်ကကြည့်ရင် ရှမ်းပြည်နယ်ထဲက အင်အားကြီး တိုင်းရင်းသားလက်နက်အဖွဲ့တွေအပါအဝင်၊ AA နှင့် မွန်ပြည်သစ်ပါတီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက နွေဦး တော်လှန်ရေး ထဲမှာ မပါဝင်လာသေးဘူး။

ဆလိုင်း‌ယောအောင် (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ABSDF)

တော်လှန်ရေးရဲ့ သဘောသဘာဝအရ တပ်ပေါင်းစုတွေနဲ့သာ အောင်ပွဲခံနိုင်ခဲ့တာ ဖြစ်ပါတယ်။ NUCC ဟာ စစ်အာဏာရှင်ကို တော်လှန်ဖို့အတွက် မတူညီတဲ့ အင်အားစုတွေ ပေါင်းစုထားတဲ့ အင်အားစုဖြစ်ပါတယ်။

လက်ရှိ ပေါင်းစည်းမှု မပြုလုပ်သေးတဲ့ အဖွဲ့အစည်းတွေကတော့ (၁) NLD အစိုးရလက်ထက်မှာ ရှိခဲ့တဲ့ အစာမကြေမှုတွေကြောင့်နဲ့ (၂) သီးသန့်ကိုယ်ပိုင်အမြင်မတူညီမှုတွေကြောင့်လို့မြင်ပါတယ်။

(၃) ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီဟာ ဘာတွေ လုပ်ဆောင်လိမ့်မယ်လို့ ခန့်မှန်းထားသလဲ။ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်မယ်လို့လည်း ကြေညာထားတာ တွေ့ရပါတယ်။

ဦးအောင်မိုးဇော် (ဥက္ကဌ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးကတည်းက နိုင်ငံရေးလှုပ်ရှားတွေ ဖြစ်ပေါ်ခဲ့တယ်။ လက်ရှိ နွေဦးတော်လှန်ရေးဟာ အင်အားအကြီးမားဆုံးလို့ ပြောလို့ရပါတယ်။ အထူးခြားဆုံးက ပြည်သူတွေက စစ်အာဏာရှင်စနစ်ကို လုံးဝလက်မခံနိုင်တော့တာ ထင်ရှားပါတယ်။

တော်လှန်ရေးအင်အားစုတွေအနေနဲ့ ရောက်ရာနေရာမှာ ကျရာတာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ဖို့ လိုပါတယ်။ အရေးကြီးဆုံးက တော်လှန်ရေးအင်အားစုတွေကစစ်အာဏာရှင်စနစ်ကို လက်ခံနေသေးလား၊လက်မခံနိုင်တော့ဘူးလားက အဆုံးအဖြတ်ဖြစ်ပါတယ်။

ရွေးကောက်ပွဲဆိုတာ စစ်တပ်က နိုင်ငံရေးစင်မြင့်ပေါ် ပြန်တက်ချင်လို့၊ နိုင်ငံတကာက ထောက်ခံမှု ရရှိဖို့ အတွက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ကျွန်တော့်အမြင်ကတော့ ရွေးကောက်ပွဲ လုပ်ဖို့ ပိုများပါတယ်။ တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ ထက် တစုံတရာ ထောက်ခံမှုရရှိဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတကာက ရွေးကောက်ပွဲကို မထောက်ခံအောင် အသိအမှတ်မပြုအောင် လုပ်မှာ ဖြစ်ပါတယ်။ သို့ပေမဲ့ တရုတ်၊ အိန္ဒိယကတော့ ထောက်ခံနိုင်ချေရှိပါတယ်။ သေနတ်ထောက် မဲပေးခိုင်းတဲ့အခြေအနေမှာ ပြည်သူတွေကတော့ ကြောက်ပြီး မဲပေးရတာ ဖြစ်နိုင်ပါတယ်။

(၄) စစ်ကောင်စီက ရွေးကောက်ပွဲ လုပ်ဖို့ စိန်ခေါ်မှုတွေအများကြီး ရှိနေတဲ့ထဲက အမှန်တကယ် လုပ်လာနိုင်မလား။ ရှမ်းပြည်၊ ရခိုင်ပြည်၊ မွန်ပြည် ဒေသ သုံးခုမှာတော့ ရွေးကောက်ပွဲ အားကောင်းစွာ ပြုလုပ်နိုင်မယ်လို့ ခန့်မှန်း ထားကြပါတယ်။

တဘက်က တော်လှန်ရေးအင်အားစုတွေကလည်း ရွေးကောက်ပွဲ မဖြစ်မြောက်ရေး လှုပ်ရှားမှု၊ ကန့်ကွက်တိုက်တွန်းမှုတွေ ရှိပါတယ်။

နော်ဇူဇန်နာလှလှစိုး ( ပြည်ထောင်စုဝန်ကြီး ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် ဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ)

စစ်ကောင်စီက ရွေးကောက်ပွဲကို ထွက်ပေါက်တစ်ခုအနေနဲ့ ကြိုးပမ်းမှာ ဖြစ်ပါတယ်။ လွတ်မြောက်နယ်မြေမှာ ဒေသန္တရ အုပ်ချုပ်ရေးတွေ ကောင်းမွန်စွာ လုပ်ဆောင်နေနိုင်တဲ့အတွက် ရွေးကောက်ပွဲ လုပ်နိုင်မယ်လို့မထင်ပါဘူး။ ရခိုင်က ၇၀% ကို AA က ထိန်းချုပ်ထားနိုင်တဲ့အတွက် မဲပုံးထောင်နိုင်မယ်လို့ မထင်ပါဘူး။

အွန်လိုင်းမဲပေးမှုစနစ်တွေကို ကျင့်သုံးနိုင်ပေမဲ့ အလုပ်ဖြစ်နိုင်မယ်လို့တော့ မထင်ဘူး။ အချို့နိုင်ငံတွေကတော့ ရွေးကောက်ပွဲကို လက်မခံဘူးလို့ ကြေညာထားတာကို တွေ့ရပါတယ်။ စစ်ကောင်စီကတော့ ထွက်ပေါက်မရှိဘူးလို့ မြင်ပါတယ်။

၅) စစ်ကောင်စီက ရွေးကောက်ပွဲကိုမလုပ်ပဲ တခြားနည်းလမ်းနဲ့ နိုင်ငံရေး ထွက်ပေါက်ရှာလာနိုင်လား။

နိုင်ဗညားမွန် (ဒါရိုက်တာ၊ မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ)

အခြားနည်းလမ်းနဲ့ နိုင်ငံရေးထွက်ပေါက် ရှာနိုင်မယ်လို့ မထင်ပါဘူး။ လက်ရှိ စစ်တပ်ဟာ ၁၉၆၂ ခုနှစ် စစ်အာဏာရှင်ရဲ့ မျိုးဆက်လို့ ပြောနိုင်ပါတယ်။

အကျပ်အတည်းကြုံတိုင်း ဖက်ဒရယ်ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ နိုင်ငံရေးဆွေးနွေးပွဲ စတဲ့ အရာတွေနဲ့ ထွက်ပေါက်ရှာတာရှိပေမဲ့ တကယ်အကောင်အထည်မဖော်ခဲ့ပါဘူး။ အပစ်အခတ်ရပ်စဲရေးလုပ်တဲ့အခါမှာလည်း မြောက်ပိုင်းကို အပစ်အခတ်ရပ်ထားရင် တောင်ပိုင်းကို အပြုတ်တိုက်တယ်။

PDF နဲ့ EAO ကို သွေးခွဲတယ်။ စစ်ကောင်စီဟာ သူတို့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက်သာ စဉ်းစားတာဖြစ်ပြီး၊ နိုင်ငံတော်အကျိုးစီးပွားအတွက် စဉ်းစားတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲက မလုပ်နိုင်လောက်ဘူးလို့ ထင်ပါတယ်။

ဦးအောင်မိုးဇော် (ဥက္ကဌ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

စစ်အုပ်စုအဆက်ဆက်ဟာ ဘယ်ကိစ္စလုပ်လုပ် တိုင်းပြည်အတွက် လုပ်တာ မဟုတ်ဘဲ၊ သူတို့အတွက်သာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို မလုပ်ဖြစ်ဘူးဆိုရင် (၁) ဖေဖော်ဝါရီ (၁) ရက်နေ့မှာ ကာလုံအစည်းအဝေး ခေါ်ပြီး အာဏာတောင်း သက်တမ်းတိုးတာ လုပ်နိုင်ပါတယ်။

(၂) အမျိုးသားညီလာခံ ခေါ်တာမျိုးလည်း လုပ်လာနိုင်ပါတယ်။ (၃) အာဆီယံ မူ (၅) ချက်ကို လက်ခံလာအောင် လုပ်လာနိုင်ပါတယ်။

ဆလိုင်း‌ယောအောင် (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ABSDF)

စစ်ကောင်စီရဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ တိုင်းပြည် ငြိမ်းချမ်းမှုကို လုပ်ဆောင်နေတာ မဟုတ်ဘဲ၊ သူတို့အတွက်တာ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးထိုးထားတဲ့ EAO နဲ့ ဆွေးနွေးရမှာမဟုတ်ဘဲ နိုင်ငံရေးပြဿနာထဲမှာ ပါဝင်တဲ့အင်အားစုတွေအားလုံးကို တွေ့ဆုံဆွေးနွေးဖို့ လိုပါတယ်။

စစ်ကောင်စီအနေနဲ့ သူ့အာဏာတည်မြဲရေးအတွက် လုပ်နိုင်တာ အားလုံးလုပ်ကြမှာ ဖြစ်ပါတယ်။ တရားဝင်မှု၊ မဝင်မှုကိုလည်း ကရုစိုက်မှာ မဟုတ်ဘူးလို့ မြင်ပါတယ်။

 

 ဒုတိယပိုင်း

နွေဦးတော်လှန်ရေး အောင်မြင်ဖို့၊ ဘာတွေလုပ်သင့်သလဲ

(၁) နွေဦးတော်လှန်ရေး အောင်မြင်နိုင်ခြင်းကို ဘာနဲ့ တိုင်းတာမလဲ။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေဘက်က ဘယ်လိုအခင်းအကျင်းမျိုး ဖြစ်ပေါ်ဖို့ လုပ်ဆောင်ဖို့ လိုအပ်နေသေးသလဲ။

နော်ဇူဇန်နာလှလှစိုး ( ပြည်ထောင်စုဝန်ကြီး ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် ဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ)

နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်အမြစ်ပြုတ်ရေးအပြင် ဖက်ဒရယ်တည်ဆောက်ရေးကိုပါ ဦးတည်ပါတယ်။ နွေဦးတော်လှန်ရေးအောင်မြင်မှုကို ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်နိုင်ရေးနဲ့ တိုင်းတာရပါမယ်။

(၂) အချက်ကတော့ စစ်တပ်အနေနဲ့ နိုင်ငံရေးထဲ မပါဘဲ၊ စစ်တပ်အလုပ်လုပ်တဲ့စစ်တပ်ဖြစ်ဖို့ ကြိုးပမ်းဆောင်ရွက်ရမယ်။ အောင်မြင်ဖို့ဆိုရင် တော်လှန်ရေးအင်အားစု စုစုစည်းစည်းလုပ်ဆောင်ဖို့ လိုသလို စည်းကမ်းရှိရှိ ကြိုးပမ်းဖို့လိုပါတယ်။

(၂) နယ်မြေစိုးမိုးရေးနှင့် တော်လှန်ရေးအင်အားတွေကို အခြေပြုပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်တွင်း ပြည်ပက လက်ခံနိုင်တဲ့ နိုင်ငံရေးဩဇာအာဏာကို ပိုမိုခိုင်မာအောင် ဘယ်လိုတည်ဆောက်လို့ ရနိုင်မလဲ။

နိုင်ဗညားမွန် (ဒါရိုက်တာ၊ မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ)

တော်လှန်ရေးမှာပြည်တွင်းပြည်ပက လူထုတရပ်လုံး ဘယ်လို ပူးပေါင်းပါဝင်လာအောင် လုပ်မလဲက အရေးကြီးပါတယ်။ တပ်ပေါင်းစုစနစ်နဲ့ ပူးပေါင်းတိုက်ခိုက်မယ်ဆိုရင် ပိုမို အောင်မြင်မှာ ဖြစ်ပါတယ်။ နယ်မြေစိုးမိုးနိုင်မှုကလည်း အရေးကြီးပါတယ်။

နယ်မြေစိုးမိုးမှု များလာလေ၊ အရေးပါမှုနဲ့ နိုင်ငံတကာ ထောက်ခံမှု ပိုမိုရရှိလာမှာ ဖြစ်ပါတယ်။ ခိုင်မာအားကောင်းတဲ့မဟာမိတ်တည်ဆောက်နိုင်ဖို့အရေးကြီးပါတယ်။ ဘုံရန်သူ ရှိရုံနဲ့ မလုံလောက်ဘဲ၊ ဘုံပန်းတိုင် ရှိဖို့က လိုအပ်ပါတယ်။

အနာဂတ်ဖက်ဒရယ်တည်ဆောက်နိုင်ဖို့ အတွက် အားလုံးလက်ခံနိုင်မဲ့ နိုင်ငံရေးသဘောတူညီမှုတစ်ခု ရရှိအောင်လုပ်နိုင်ဖို့ လိုအပ်ပါတယ်။

၃) လက်ရှိ NUG အနေနဲ့ နယ်မြေစိုးမိုးရေးက ဘယ်လောက် အတိုင်းအတာထိ ရှိနေပြီလဲ။ နယ်မြေ စိုးမိုးနိုင်ရေးနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ဆောင်ဖို့ လိုအပ်ပါသလဲ။

ဆလိုင်း‌ယောအောင် (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ABSDF)

၂၀၂၁ ခုနှစ် နိုင်ငံရေးကို ဦးဆောင်မောင်းနှင်ခဲ့တာဟာ NUG/ PDF ဖြစ်ပါတယ်။ NUG နဲ့ EAO ကြားထဲမှာ အဆင်မပြေမှုတွေ ရှိနေသေးတာဖြစ်ပါတယ်။ NUG အနေနဲ့ EAO တွေကို ဆက်ဆံတဲ့အခါမှာ သတိထားဖို့ လိုပါတယ်။ NUG အနေနဲ့ စစ်ရေးနဲ့ပတ်သက်ပြီး ထိန်းသိမ်းပြီးပြောဖို့ အကြံပေးချင်ပါတယ်။

ဘဏ္ဍာရေးနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာဖို့ လိုပါတယ်။ တပ်ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး အမိန့်နာခံမှု၊ စည်းကမ်း၊ တာဝန် တိကျဖို့လိုပါတယ်။

(၄) ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ဖို့အတွက် ဘယ်လိုအခင်းအကျင်းမျိုးရှိဖို့လိုအပ်သလဲ၊ နယ်မြေစိုးမိုး နိုင်မှု၊ နိုင်ငံရေးဩဇာအာဏာတည်ဆောက်နိုင်မှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်မှုက ဘယ်လို ဆက်စပ် မှုရှိနိုင်မလဲ။

နော်ဇူဇန်နာလှလှစိုး ( ပြည်ထောင်စုဝန်ကြီး ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် ဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ)

တိုင်းရင်းသားလွတ်မြောက်နယ်မြေတွေမှာဆိုရင်တော့ အုပ်ချုပ်ရေးကို လုပ်ဆောင်နိုင်တာတွေကို တွေ့ရှိရပါတယ်။ အချို့ဒေသမှာတော့ ဒေသန္တရအုပ်ချုပ်ရေးကို အစက တည်ဆောက်ရနေတာ ရှိပါတယ်။ ထိုအတွက် ဘဏ္ဍာရေးက လိုအပ်နေပါတယ်။

ရှမ်း၊ ရခိုင် စတဲ့တိုင်းရင်းသားဒေသတွေအနေနဲ့ ကိုယ့်ဒေသ ကိုယ်သိမ်း၊ ထိန်းသိမ်းပြီး အုပ်ချုပ်ရေးတည်ဆောက်ပြီးတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန် တီးခွင့်နဲ့ နိုင်ငံရေးတည်ဆောက်သွားရမှာ ဖြစ်ပါတယ်။ ထို့နောက်မှာတော့ ပြည်ထောင်စုအနေနဲ့ ပြည်လည် စုစည်းပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ပြန်လည်တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။

(၅) NDAA Burma act က နွေဦးတော်လှန်ရေးနှင့် ဆက်စပ်ပြီး ဘယ်လောက်ထိ အားကောင်းအောင် ပံ့ပိုးမယ်လို့ထင်ပါသလဲ။ တဘက် အိမ်နီးချင်းတရုတ်နိုင်ငံဘက်ကတော့ အသိအလင်း ကန့်ကွက်နေတာ တွေ့ရတယ်။ မြန်မာနိုင်ငံရေးမှာ တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှု ဘယ်လောက်ထိကြီးမားနေသလဲ။

ဦးအောင်မိုးဇော် (ဥက္ကဌ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

NDAA ကတော့ လက်ရှိမှာ အကောင်အထည်မဖော်နိုင်ပေမဲ့ ကျင့်ဝတ်အရ အလွန်ကောင်းမွန်တဲ့ ကိစ္စဖြစ်ပါတယ်။ စစ်ကောင်စီအတွက်တော့ အတော်ထိတဲ့ ရိုက်ချက်ပါ။

တရုတ်ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ပြောရအတော်ခက်ပါတယ်။ ကိုးကန့်ဘက်မှာ တော်လှန်ရေးရဲဘော်တွေကို စစ်သင်တန်းပေးနေတာတွေ ရှိသလို၊ တရုတ်က ဝင်တယ်လို့ ထင်ရတဲ့ လက်နက်တွေကိုလည်း တော်လှန်ရေးအတွက် ပံ့ပိုးပေးနေတာ ရှိပါတယ်။

NDAA ထုတ်ပြန်ချက်ဟာ နိုင်ငံတကာက တော်လှန်ရေးကို ထောက်ခံနေကြောင်း ပိုမို သိသာစေတဲ့ အထောက်အထားဖြစ်ပါတယ်။ တော်လှန်ရေးအင်အားကောင်းလာမယ်ဆိုရင် တရုတ်အပါအဝင် နိုင်ငံတကာ ကလည်း ပိုပြီး ထောက်ခံလာမယ်လို့ မြင်ပါတယ်။

(၆) ၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေး ပြီးမြောက်မယ့် အပြောင်းအလဲ နှစ်လို့ NUG ဘက်က ပြောဆို သတ်မှတ် ထားတာ တွေ့ရပါတယ်။ ဘယ်လိုနိုင်ငံရေး အခင်းအကျင်းမျိုးက နွေဦးတော်လှန်ရေး အောင်မြင်ပြီး မြောက်တယ် လို့ ပြောနိုင်မလဲ။ တဘက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက နွေဦးတော်လှန်ရေး အပေါ် ဘယ်လောက် အဆုံးအဖြတ်ဖြစ်စေမလဲ။

ဆလိုင်း‌ယောအောင် (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ABSDF)

၂၀၂၃ ခုနှစ်ဟာ အရေးကြီးတဲ့ နှစ်ဖြစ်ပါတယ်။ စစ်ကောင်စီကလည်း ရွေးကောက်ပွဲကို ကျင်းပဖို့ရှိသလို၊ NUG အနေနဲ့ အပြုတ်တိုက်မဲ့ ပွဲလို့ ပြောထားတယ်ဆိုတော့ တိုက်ပွဲအရှိန်မြင့်တက်လာမဲ့ နှစ်လို့ ပြောလို့ ရနိုင်ပါတယ်။

တော်လှန်ရေးဆိုတာ နေ့ချင်းညချင်း အပြောင်းအလဲ ဖြစ်ဖို့ဆိုတာ အကြောင်းအချက်အလက်တွေ တော်တော်လေးစုံမှ ဖြစ်နိုင်ပါတယ်။ လက်ရှိတော်လှန်ရေးက တစ်နှစ်၊ နှစ်နှစ်နဲ့ ပြီးပြတ်မယ်လို့ တော့ ပြောလို့ မရနိုင်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာ့နိုင်ငံရေးပြဿနာမှာ အရေးပါတဲ့အဆုံးအဖြတ်ပေးနိုင်တဲ့သူတစ်ယောက်လို့ ပြောလို့ ရနိုင်ပါတယ်။ လက်ရှိအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်မှတပါး ဖြေရှင်းပေးနိုင်မဲ့သူမရှိဘူးလို့ မြင်ပါတယ်။

နိုင်ဗညားမွန် (ဒါရိုက်တာ၊ မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ)

စစ်ကောင်စီယန္တရားကို ပြိုဖျက်ရပ်တန့်အောင် လုပ်ဖို့ NUG ရဲ့ တစ်နှစ်တာ အစီအစဉ်ဆွဲထားတယ်လို့ မြင်ပါတယ်။ သို့ပေမဲ့ စစ်အာဏာရှင်စနစ်ကို တစ်နှစ်ထဲနဲ့ ဖြိုချနိုင်ဖို့ခက်ပါလိမ့်မယ်။ သိုပေမဲ့ သေးငယ်တဲ့ နယ်မြေစိုးမိုးမှုတွေကို အများကြီးလုပ်နိုင်မယ်ဆိုရင် နယ်မြေတွေ ကျယ်လာမှာ ဖြစ်ပါတယ်။

တော်လှန်ရေးမှာ တည်ဆောက်ရေးကာလ၊ နယ်မြေသိမ်းခဲ့ကာလ၊ အပြီးတိုက် သိမ်းတဲ့ကာလ ဆိုပြီးတော့ ရှိပါတယ်။ တော်လှန်ရေးမှာ တစ်နှစ်တည်းနဲ့ပြီးနိုင်တဲ့အခြေအနေမဟုတ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့နိုင်ငံရေးမှာ အရေးကြီးပါတယ်။ သို့သော် နွေဦးတော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးဖြစ်ပြီးတော့ တော်လှန်ရေးတစ်ခုတည်းကို အဆုံးအဖြတ်ပေးနိုင်တဲ့ ကာလမဟုတ်တော့ဘူးလို့ မြင်ပါတယ်။

နော်ဇူဇန်နာလှလှစိုး ( ပြည်ထောင်စုဝန်ကြီး ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် ဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ)

တော်လှန်ရေးအခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံတကာသုံးသပ်ချက်တွေအရ- အကြမ်းမဖက် တော်လှန်ရေးကနေ လက်နက်ကိုင်တော်လှန်ရေးကို ရောက်ဖို့ အချိန် ၅ နှစ်ကြာတတ်ပါတယ်။ သို့ပေမဲ့ မြန်မာနိုင်ငံက‌တော့ ပြောင်းလဲတာ အရမ်းမြန်တယ်လို့ ပြောလို့ ရနိုင်ပါတယ်။

အဓိကက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတွေ နောက်ခံ ရှိနေတာကြောင့်လို့ ပြောလို့ ရပါတယ်။ အဲတာကြောင့် နွေဦးတော်လှန်ရေးဟာ အရမ်းမကြာလောက်ဘူးလို့ ထင်ပါတယ်။ လက်ရှိတော်လှန်ရေးဟာ စနစ်ကို တော်လှန်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီစနစ်အတွက် လမ်းပြပေးခဲ့တာ ရှိပါတယ်။ သို့ပေမဲ့ နွေဦးတော်လှန်ရေးဟာ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ နိုင်ငံရေးအပြောင်းအလဲ တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးအင်အားစုတွေ အားလုံး စုစုစည်းစည်းနဲ့ လုပ်ဆောင်လို့ ရှိရင် မြန်မြန်ဆန်ဆန်အောင်မြင်နိုင်မယ်လို့ ယုံကြည်ပါတယ်။

ဦးအောင်မိုးဇော် (ဥက္ကဌ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)

နွေဦးတော်လှန်ရေးဟာ လူမျိုးစုံ ပြည်သူ့တော်လှန်ရေးဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးကို ကြည့်ရင် တော်လှန်ရေးတစ်စုံလုံးကို အစအဆုံး ကြည့်ဖို့ လိုပါတယ်။ နွေဦးတော်လှန်ရေးဟာ တော်လှန်ရေးကြီးတွေရဲ့ အပိုင်းဆက်ကြီးတစ်ခုဖြစ်ပါတယ်။

တကယ်တော့ ပြည်သူတွေ တော်လှန်နေတာ နှစ်ပေါင်း ၇၀ ကျော်နေပါပြီ။ လက်ရှိတော်လှန်ရေးဟာ အရှိန်အမြင့်ဆုံးနဲ့ လူစုံ ပါဝင်တဲ့အခြေအနေကို ရောက်နေပါပြီ။ ဒီမိုကရေစီအရေးနှင့် တန်းတူရေးပြဿနာကို တပြိုင်နက်တည်းဖြေရှင်းဖို့အတွက် အချိန်ကျနေပြီလို့ မြင်ပါတယ်။

ထိုအတွက် သဘောတူစာချုပ်တစ်ခုကို ဖော်ဆောင်နိုင်ဖို့ လိုပါတယ်။ နိုင်ငံတကာအခြေအနေနဲ့ ပြည်တွင်းအားကို ပေါင်းစပ်နိုင်ရင် စစ်အာဏာရှင်စနစ်ကို တွန်းချနိုင်မှာ ဖြစ်ပါတယ်။ ဗမာ့အင်အားစုနဲ့ ဗမာမဟုတ်တဲ့ အင်အားစုတွေ တသားတည်းဖြစ်အောင် ပေါင်းစပ်ကြဖို့ အကြံပေးလိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးတဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ သူ့လိုအရေးကြီးတဲ့ ခေါင်းဆောင်တွေ မွန်၊ ကရင်၊ ရခိုင်၊ ရှမ်း၊ ကချင် စတဲ့ အင်အားစုတွေမှာ ရှိနေပါတယ်။ အရေးပါတဲ့သူတွေအားလုံး ပူးပေါင်းပြီး တိုင်းပြည်ပြဿနာကို အဖြေရှာဖို့ လိုပါတယ်။