• Today is: Tuesday, March 19, 2024

မတူပီမှာ CDF တပ်ပေါင်းစုနဲ့ စစ်ကောင်စီ နှစ်ဖက်တိုက်ပွဲဖြစ်၊ စစ်ကောင်စီ ၈ ဦးကျဆုံး

ဓါတ်ပုံ – CDF-Matupi
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၂၂၊ ၂၀၂၃
 
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက မတူပီ-ဟားခါးကားလမ်းပေါ်မှာ တည်ရှိတဲ့ ငလိုင်နဲ့ခရိုင်ရုံးကြား အပါအဝင်၊ ခရိုင်ရုံးအိုးအိမ်ကုန်းထိပ်နှင့် ဖနိုင်ဘုန်းကြီးကျောင်း နေရာ ၃ ခုမှာ ယမန်နေ့ ဇန်နဝါရီ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ၄ နာရီထိ နှစ်ဖက်တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီနှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးကျဆုံးပြီး၊ ၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ CDF-Matupi က သတင်းထုတ်ပြန်ပါတယ်။
 
နှစ်ဖက်တိုက်ပွဲအတွင်း CDF တပ်ပေါင်းစုများတဲ့ CDF-Matupi၊ CDF-Mara နှင့် CDF-Zotung တို့ ဘက်က ထိခိုက်မှုမရှိပဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့က မတူပီ- ဟားခါးလမ်း ငလိုင်ကျေးရွာအနီးရှိ CDF – Matupi ရှေ့တန်းကင်း တစ်နေရာကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ဒီကနေ့ချိန်ထိ နှစ်ဖက် တင်းမာမှု ဆက်ဖြစ်နေတာပါ။