• Today is: Sunday, January 29, 2023

တရုတ်သဘောထားကို ဆန့်ကျင်ပြီး နွေဦးတော်လှန်ရေးကို ထောက်ပံ့ပေးတဲ့ ကိုးကန့်- ဘာလဲ။ ဘယ်လဲ။

တရုတ်သဘောထားကို ဆန့်ကျင်ပြီး နွေဦးတော်လှန်ရေးကို ထောက်ပံ့ပေးတဲ့ ကိုးကန့်ဘာလဲ။ ဘယ်လဲ။

နွေဦးတော်လှန်ရေးကို ထောက်ခံပံ့ပိုးအားပေးနေတဲ့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်း များထဲမှာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) လည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ MNDAA သည် မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်အရှေ့မြောက်ဖျား၊ ကိုးကန့်ဒေသမှာ အခြေစိုက် ထားပါတယ်။

ကိုးကန့်ဒေသတွင် နေထိုင်သူ ခန့်မှန်းခြေ ၁၅၀,၀၀၀ရှိပြီး၊ ၉၀ ရာခိုင်နှုန်းကျော်မှာ ယူနန်နွယ်ဖွား တရုတ်လူမျိုးစုများဖြစ်ပြီး ထိုဒေသနှင့် တရုတ်အကြား ယဉ်ကျေးမှု၊ ပုဂ္ဂလိကနှင့် နိုင်ငံရေး အဆက်အဆံ များသည် အမြဲတစေ ခိုင်မာစေပါတယ်။

သို့ပေမဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်အာဏာသိမ်းပြီး ဖြစ်ပေါ်လာတဲ့ စစ်ကောင်စီကို တရုတ်အစိုးရက ထောက်ခံနေပေမဲ့ စစ်ကောင်စီကို တွန်းလှန်နေတဲ့ တော်လှန်ရေး အင်အားစုတွေကို MNDAA က ထောက်ခံနေသည်မှာ အံ့သြဖွယ်ဖြစ်ပါတယ်။

သို့သော် မြန်မာ့နိုင်ငံရေးကို ကာလကြာမြင့်စွာ လေ့လာခဲ့သူတဦးက “တရုတ်တွေက သူတို့လုပ်နေကျအတိုင်း နယ်ပယ်အားလုံးမှာ တနည်းနည်းနဲ့ ခြေကုပ်ရအောင်လုပ်တာလို့ ကျနော်ထင်တယ်” ဟု ပြောပါတယ်။

ဒီမိုကရေစီဘက်တော်သား တော်လှန်ရေးအဖွဲ့အစည်းများဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) အုပ်စုအများအပြားကို MNDAA က စစ်ရေးလေ့ကျင့် ပေးနေသလို၊ TNLA နှင့် ပူးပေါင်းပြီး လက်နက် များကိုလည်းတပ်ဆင်ပေးလျက်ရှိပါတယ်။

မဟာမိတ်အဖွဲ့အစည်းဖြစ်တဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သည် ရှမ်းပြည် မြောက်ပိုင်း ပလောင်တိုင်းရင်းသားများ နေထိုင်သော ဒေသများတွင် လှုပ်ရှားနေသည့် အင်အား ကြီးမားသော EAO တခုဖြစ်ပါတယ်။ ထိုလက်နက်များသည် တရုတ်လုပ်လက်နက်များဖြစ်ပြီး ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)  မှတဆင့် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

သို့ပေမဲ့ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)  သည် တော်လှန်ရေးတိုက်ပွဲများတွင် တိုက်ရိုက် ပါဝင် ပတ်သက်ခြင်းမရှိပေ။ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) သည် ၁၉၈၉ ခုနှစ်မှစတင်ကာ မြန်မာစစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူထားပါတယ်။

ထို့သို့ တရုတ်မှတဆင့် လက်နက်စီးဆင်းမှုများရှိသော်လည်း တရုတ်လုပ် FN-6 လူဖြင့်သယ်ဆောင်နိုင်သည့် လေကြောင်း ကာကွယ်ရေးစနစ် (MANPADS) များကို မပေးတာကြောင့် အကန့်အသတ်အချို့ထားရှိကြောင်း ဖော်ပြနေပါတယ်။ UWSA သည် FN-6 အများအပြား ပိုင်ဆိုင်ထားပါတယ်။

ခုခံတော်လှန်ရေး အမာခံဒေသများကို စစ်ကောင်စီက လေကြောင်းမှ မကြာခဏ တိုက်ခိုက်နေသောကြောင့် PDFs များသည် ကိုယ့်ကိုယ်ကိုကာကွယ်ရန် MANPADS များ လိုအပ်နေပါတယ်။ သို့သော် မြန်မာလေတပ်မှ တရုတ်လုပ်လေယာဉ်များကို တရုတ်လုပ် MANPADS နှင့် ပစ်ချလျှင် အများအမြင်တွင် မသင့်လျော်ပေ။

ထိုသို့ ရှုပ်ထွေးသောအခြေအနေတွင် မြန်မာစစ်တပ်နှင့် ပဋိပက္ခ၌ MNDAA ပါဝင်လာသည်မှာ ယခုအချိန်သည် ပထမဆုံးအချိန် မဟုတ်ပေ။ တချိန်က သြဇာကြီးမားလှသော ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) ကို အောက်ခြေတပ်များ ပုန်ကန်ရာမှ ၁၉၈၉ ခုနှစ်တွင် ပြိုလဲပြီး ပေါ်ပေါက်လာသည့် EAOs လေးခုမှာ  MNDAA ၊ UWSA ၊ ရှမ်းပြည်အရှေ့ပိုင်းမှ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် NDAA နှင့် ကချင်ပြည်နယ်မှ ဒီမိုကရေစီသစ် တပ်မတော်တို့ ဖြစ်ပါတယ်။

အဖွဲ့ လေးဖွဲ့လုံးသည် ထိုစဉ်က စစ်အုပ်စုဖြစ်သည့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) နှင့် အပစ်အခတ်ရပ်စဲကြသော်လည်း သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်းမရှိဘဲ MNDAA နှင့် မြန်မာစစ်တပ်အကြား ၂၀၀၉ ခုနှစ်တွင် တိုက်ပွဲများဖြစ်လာပါတယ်။

MNDAA သည် ၎င်းတို့ပိုင်နက်အများစုကို ဆုံးရှုံးပြီး ကိုးကန့်ပြည်သူ ၃၀,၀၀၀ ခန့် နယ်စပ်ဖြတ်ကျော်ပြီး ယူနန်သို့ ထွက်ပြေးကြရပါတယ်။

ထိုသို့ ထွက်ပြေးလာသူအများစုသည် နေရပ်သို့ ပြန်လာနိုင်ခဲ့သော်လည်း ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တိုက်ပွဲများ တကြော့ပြန်ဖြစ်တာကြောင့် ယူနန်တွင် ဒုက္ခသည် ၄၀,၀၀၀ မှ ၅၀,၀၀၀ အထိ သောင်တင်နေခဲ့ပြန်ပါတယ်။ ပြင်းထန်လေကြောင်း တိုက်ခိုက်မှုများနှင့် အမြောက်ပစ်ခတ်မှုများကို အသုံးပြုခဲ့ပါတယ်။

Jane’s Defense Weekly အတွက် ၂၀၁၅ ခုနှစ်၊ မေလက ရေးသားသော ဆောင်းပါးတပုဒ်တွင် အန်ထော်နီ ဒေးဗစ်က ထိုထိုးစစ်သည် မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးနောက်ပိုင်း အကြီးမားဆုံး ထိုးစစ်ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

၂၀၀၉ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တွင်ဖြစ်ပွားသည့် ထိုစစ်ပွဲများကြောင့် တရုတ်နိုင်ငံသည် စိတ်မချမ်းမသာဖြစ်ပြီး MNDAA နှင့် ကောင်းမွန်သောဆက်ဆံရေး ထူထောင်ထားခြင်းသည် လိမ္မာပါးနပ်ရာရောက်သည်ဟု ယူဆကောင်း ယူဆနိုင်ပါတယ်။

ကိုးကန့်တွင် တရုတ်လူမျိုးစုများ ပါဝင်သောကြောင့် ကိုးကန့်သည် တရုတ်နှင့်မြန်မာအကြား တရားမဝင် ကြားခံဇုန်တခုဖြစ်လာရုံ သာမက ရှမ်းပြည်နှင့် အခြားဒေသများသို့ တရုတ်သြဇာသက်ရောက်ဖို့အတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ထို့ကြောင့် ကိုးကန့်သည် ဘေဂျင်းအတွက် သေနင်္ဂဗျူဟာအရ အရေးအပါဆုံးဖြစ်လာပါတယ်။

ကိုးကန့်ရဲ့ နိုင်ငံရေးသမိုင်းကြောင့် နဲ့ နိုင်ငံရေးရပ်တည်ချက်တွေနဲ့ ပတ်သက်ပြီး ဒွိဟများစွာ ရှိပါတယ်။ ဗမာပြည်တွင် ဗြိတိသျှတို့ ရောက်မလာမီက ကိုးကန့်သည် သံလွင်မြစ် အနောက်ဘက်ကမ်းမှ ဒေသဆိုင်ရာ အကြီးအကဲများ၊ သိန္နီ ရှမ်းစော်ဘွားများနှင့် တဘက်၊ သံလွင်မြစ် အရှေ့ဘက်ကမ်းမှ တရုတ်အုပ်စိုးသူ များနှင့်တဘက် လှေနံနှစ်ဖက်နည်း ဆက်ဆံရေးကို ကျင့်သုံးခဲ့ပါတယ်။  

ဗြိတိန်နှင့်တရုတ်အကြား ၁၈၉၄ ခုနှစ် သဘောတူညီချက်အရ ကိုးကန့်ကို တရုတ် ပိုင်နက်အဖြစ် အသိအမှတ်ပြုခဲ့ပေမဲ့ ၁၈၉၇ ခုနှစ် သဘောတူညီချက်သစ်တွင်မူ တရုတ်က ကိုးကန့်ကို စွန့်လွှတ်ရပြီး ဗြိတိန်က ကိုးကန့်ကို မြောက်သိန္နီစီရင်စုတွင် ထည့်သွင်းကာ မြို့စားတဦးအောက်တွင် ထားရှိခဲ့ပါတယ်။ မြို့စားသည် အခွန်ကောက်သူဖြစ်ပြီး အခြားတာဝန်များကိုလည်း ထမ်းဆောင်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းကာလ ၁၉၅၁ ခုနှစ်တွင် ကိုးကန့်သည် ရှမ်းပြည်နယ်အတွင်း စော်ဘွား တဦးအုပ်ချုပ်သည့် သီးခြားပိုက်နက်တခု ဖြစ်လာပါတယ်။ ထိုစော်ဘွား၏ အမည်မှာ ယန်းကျိန်းဆိုင် ဖြစ်ပြီး သူသည် ကိုးကန့်တွင် သြဇာအကြီးမားဆုံး မိသားစုဖြစ်သည့် ယန်း မျိုးနွယ်စုမှဖြစ်ပါတယ်။

သူနှင့်မောင်နှမတော်စပ်သူ အိုလစ်ယန်းဟု လူသိများသည့် ယန်းကျင်ဆွေသည် ညီအစ်ကို မောင်နှမများတွင် လူသိအများဆုံးဖြစ်နိုင်ပါတယ်။

သူ့တွင် ကိုယ်ပိုင်တပ်ဖွဲ့ရှိပြီး ၁၉၅၀ ပြည့်နှစ်များတွင် ဘိန်းကုန်ကူးမှုများ၌ ပါဝင်ပတ်သက်လာပါတယ်။ အမျိုးသမီးတစ်ဦးဖြစ်ပေမဲ့ လိင်စိတ်တိမ်းညွှတ်မှုအရ အမျိုးသားအဖြစ် ပွင့်ပွင်းလင်းလင်း ခံယူသောကြောင့် စီးပွားရေးနှင့် နိုင်ငံရေးတွင် သူ၏အခန်းကဏ္ဍကို ချဲ့ကားပြောဆို အမွှမ်းတင်မှုများပင် ရှိခဲ့ပါတယ်။

လက်တွေ့တွင်မူ အိုလစ်ယန်း ကျော်ကြားရသည့် အကြောင်းရင်းမှာ ထိုင်းနယ်စပ်သို့ ဘိန်းများကို ထုံးစံအတိုင်း လားများဖြင့်မပို့ဘဲ ထရပ်ကားယာဉ်တန်းများဖြင့် ပထမဆုံးပို့ဆောင်တာကြောင့် ဖြစ်ပါတယ်။ သူသည် ထိုင်း-ရှမ်းပြည်နယ် နယ်စပ်မှ တရုတ်အမျိုးသားရေး ကူမင်တန် (KMT) တပ်များနှင့် ဘိန်းကုန်ကူးပြီး ပြင်ပကမ္ဘာနှင့် ထူးခြားသည့် အဆက်အသွယ် မရှိသလောက်ပင်ဖြစ်ပါတယ်။

အိုလစ်ယန်း

၁၉၆၀ ပြည့်နှစ်တွင် အိုလစ်က ကိုးကန့်စော်ဘွား လုပ်ချင်ခဲ့ပေမဲ့ ထိုရာထူးကို သူနှင့် မောင်နှမတော်စပ်သူက ချုပ်ကိုင်ထားဆဲဖြစ်ပါတယ်။ ထို့နောက် အိုလစ်ယန်းကို ဗဟိုအစိုးရ အာဏာပိုင်များက ၁၉၆၃ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ ဖမ်းဆီးထားခဲ့ပြီး ပြန်လည်လွတ်မြောက်ချိန်မှ ၁၉၈၉ ခုနှစ်အထိ သူသည် ရန်ကုန်နှင့် ရှမ်းပြည်နယ်တွင် တိတ်ဆိတ်စွာ နေထိုင်ခဲ့ပါတယ်။

၁၉၈၉ ခုနှစ်တွင် ထိုစဉ်က စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်က ကိုးကန့်မှ CPB ပုန်ကန်သူများနှင့် ညှိနှိုင်းဆွေးနွေးရန် အိုလစ်ယန်း၊ ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်နှင့် တရုတ်-မြန်မာကပြား စစ်အရာရှိဟောင်း ဦးအောင်ကြီးတို့ကို ခန့်အပ်လိုက်ပါတယ်။ အိုလစ်ယန်းသည် ၂၀၁၇ ခုနှစ်တွင် ရှမ်းပြည်မြောက်ပိုင်း မူဆယ်တွင် ကွယ်လွန်တယ်။

ယန်း၏ အခြားမွေးခြင်းတဦးဖြစ်သူ ယန်းကျိန်းစိန် ခေါ် ဂျင်မီယန်းသည် အိုလစ်ထက် များစွာပိုမိုအရေးပါတယ်။ ၁၉၅၀ ပြည့်နှစ်မှာ ကိုးကန့်ဒေသ ရွေးကောက်ခံ ပါလီမန်အမတ်ဖြစ်လာပြီး ၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းကာ မြန်မာ့ဒီမိုကရေစီ ဆိတ်သုန်းချိန်အထိ ဆက်လက် ရယူထားခဲ့ပါတယ်။

ဂျင်မီယန်းသည် ဘားမားဘဏ်ကိုလည်း ထူထောင်ခဲ့ပြီး ၁၉၅၀ ပြည့်နှစ်များ တလျှောက်လုံး နိုင်ငံရေးနှင့် စီးပွားရေးလောကတွင် ထင်ရှားသူဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် သူသည် မြေအောက်သို့ ရောက်သွားပြီး ကိုးကန့်တော်လှန်ရေးတပ်ဖွဲ့ကို ထူထောင်ခဲ့ပြီး ၁၉၆၄ ခုနှစ်တွင် အခြားရှမ်းအုပ်စု နှစ်ခုနှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ စဝ်ရွှေသိုက်၏ ကျန်ရစ်သူဇနီး စဝ်နန်းဟန်ခမ် ဦးဆောင်သည့် ရှမ်းပြည်တပ်မတော် (SSA) ကို ထူထောင်ခဲ့ပါတယ်။

သို့သော် ဂျင်မီယန်းသည် ထိုအဖွဲ့မှ ထွက်လာပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်မှ ယခုအခါ ပိတ်သိမ်းသွားသည်မှာ ကာလကြာမြင့်ပြီဖြစ်သော Rincome Hotel တွင် မန်နေဂျာအဖြစ် ခေတ္တလုပ်ကိုင်ခဲ့ပါတယ်။ ထို့နောက် သူသည် ဘိန်းလုပ်ငန်းတွင် KMT နှင့် ပူးပေါင်းပြီး အဝေးရောက်နိုင်ငံရေးတွင် ဖြုတ်ချခံ ဝန်ကြီးချုပ် ဦးနုနှင့် ပူးပေါင်းခဲ့ပါတယ်။

ဂျင်မီယန်းသည် ၁၉၇၃ ခုနှစ်တွင် ပါရီသို့ ထွက်သွားပြီး ၁၉၈၀ ပြည့်နှစ်တွင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးသောအခါမှ မြန်မာသို့ ပြန်လာခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် ရန်ကုန်မှာ ကွယ်လွန်ခဲ့ပါတယ်။

ထိုကာလများအတွင်း ကိုးကန့်တွင် အရေးပါသော ဖြစ်ရပ်များဖြစ်ပွားပြီး ထိုဖြစ်ရပ်များသည် ကိုးကန့်ဒေသ ခေတ်သစ်သမိုင်းတွင် အပြောင်းအလဲမှတ်ဖြစ်လာပါတယ်။ ၁၉၆၇ ခုနှစ်တွင် ဂျင်မီယန်း၏ အရာရှိ နှစ်ဦးဖြစ်သော ဖုန်ကြားရှင်နှင့် ဖုန်ကြားဖူးတို့သည် အကူအညီတောင်းရန်အတွက် တရုတ်နိုင်ငံသို့ သွားရောက်ကြပါတယ်။

တရုတ်များက ၎င်းတို့ကို အဝေးရောက် CPB များနှင့် မိတ်ဆက်ပေးခဲ့ပါတယ်။ အဝေးရောက် CPB များသည် မြန်မာနိုင်ငံအတွင်းသို့ ထိုးဖောက်ရန် ကြံစည်နေသည်မှာ နှစ်အတန်ကြာပြီဖြစ်ပါတယ်။

၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် လက်နက်အကြီးအကျယ် တပ်ဆင်ထားသည့် CPB တပ်များသည် ရှမ်းပြည်မြောက်ပိုင်း မုံးကိုးသို့ ဝင်ရောက်လာပြီး၊ ၅ ရက်ကြာသောအခါ ဖုန် ညီအစ်ကိုများနှင့် ၎င်းတို့တပ်များသည် ကိုးကန့်သို့ဝင်ရောက်ပြီး ရက်ပိုင်းအတွင်း သိမ်းပိုက်လိုက်ပါတယ်။

ထို့နောက်မကြာမီတွင် ကိုးကန့်နှင့် ရှမ်းပြည်မြောက်ပိုင်းဒေသ အများအပြားသည် CPB ထိန်းချုပ်မှုအောက် ရောက်ရှိသွားပါတယ်။

၁၉၇၀ ပြည့်နှစ်များအလယ်သို့ ရောက်လာသောအခါ CPB သည် ၎င်းတို့၏ ‘လွတ်မြောက်ဒေသ’ ကို မြန်မာ-တရုတ်နယ်စပ်မှ စတုရန်း ကီလိုမီတာ ၂၀,၀၀၀ အထိ တိုးချဲ့လိုက်ပါတယ်။ သို့သော် ပြဿနာမှာ CPB စစ်သားများတွင် မြောက်ပိုင်းနှင့် အရှေ့ပိုင်း ရှမ်းပြည်နယ် တောင်တန်းများမှ လူများသာပါဝင်နေပြီး CPB ၏ ခေါင်းဆောင်မှုပိုင်းကိုမူ တယူသန် မော်ဝါဒီ ဗမာများက ချုပ်ကိုင်ထားပါတယ်။

ဖုန်ကြားရှင် ကဲ့သို့သောသူများသည် CPB သို့ပင် ဝင်ရောက်ခြင်းမရှိဘဲ ကိုးကန့် စစ်ဘက်တပ်မှူးနှင့် ဒေသအုပ်ချုပ်ရေးမှူး ရာထူးဖြင့်ပင် ကျေနပ်နေပါတယ်။ သို့သော် ထိုအခြေအနေမှာ ပုန်ကန်မှုအဖြစ် မလွှဲမရှောင်သာ ဦးတည်သွားပြီး ၁၉၈၉ ခုနှစ် မတ်လတွင် ကိုးကန့်၌ ပုန်ကန်မှုစတင်ကာ ဧပြီလတွင် ‘ဝ’ တောင်တန်းနှင့် CPB ထိန်းချုပ်သော အခြားဒေသများသို့ ပျံ့နှံ့သွားပါတယ်။

CPB ကို ပုန်ကန်သူများသည် မြန်မာမှ အခြား EAOs များနှင့် ချိတ်ဆက်မည်ဟု ကနဦးတွင် ယူဆခဲ့ကြပါတယ်။ သို့သော် နဝတ စစ်အုပ်စုသည် အလွန်လျင်မြန်စွာဖြင့် ၎င်းတို့လက်ခံနိုင်သည့် ကမ်းလှမ်းမှုတခု ပြုလုပ်လိုက်သည်။

၎င်းတို့ကို လက်နက်များ ဆက်လက် ကိုင်ဆောင်ခွင့်ပေးသော်လည်း အခြား EAOs များကို မပေးရန်နှင့် ၎င်းတို့ ထိန်းချုပ်ထားသောနယ်မြေများကို ဆက်လက်ထိန်းသိမ်းထားပြီး မည်သည့် စီးပွားရေးမျိုးကိုမဆို လုပ်ကိုင်ခွင့် ပေးလိုက်ပါတယ်။

ထိုသို့ လုပ်ပိုင်ခွင့်ပေးခြင်းသည် ဘိန်းကုန်ကူးခွင့်ပေးသည်ဟု ကနဦးတွင် အဓိပ္ပာယ်ရပြီး ယခု နောက်ပိုင်းတွင်မူ ပိုမိုကျယ်ပြန့်သော စီးပွားရေးအမျိုးမျိုး လုပ်ကိုင်ခွင့်ပေးခြင်းဖြစ်ကာ ထိုလုပ်ငန်းများတွင် သံဖြူနှင့် မြေရှားသတ္တုတူးဖော်ပြီး တရုတ်နိုင်ငံသည် အဓိက ဈေးကွက်ဖြစ်လာခဲ့ပါတယ်။

ပုန်ကန်မှုဖြစ်ပွားချိန်မှစတင်ပြီး ကိုးကန့်သည် တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးအတွက် ဗဟိုချက်ဖြစ်လာ ပါတယ်။ CPB ခေတ်က ထိုနေရာတွင် ဝါးတဲများနှင့် ကျောက်ဖြင့် တည်ဆောက်ထားသည့် ကြီးမားသောအိမ် အနည်းငယ်သာ ရှိသော်လည်း ယခုအခါ ဈေးများနှင့် ဈေးဝယ်စင်တာများကို မိုးနေသည့် အထပ်မြင့် အဆောက်အအုံများ ဖြစ်လာပါတယ်။

တရုတ်မှ ကိုးကန့်တောင်ပိုင်းကိုဖြတ်၍ သိန္နီသို့ မြန်နှုန်းမြင့် ရထားလမ်းတည်ဆောက်ပြီး ထို့နောက် မန္တလေးနှင့် နောက်ဆုံးတွင် ရန်ကုန်နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူအထိ ဆက်လက်တည်ဆောက်မည့် ဆွေးနွေးမှုများပင် ရှိလာပါတယ်။

တရုတ်နိုင်ငံသည် ကွန်မြူနစ်တော်လှန်ရေးကို ဦးမတည်တော့ဘဲကုန်သွယ်ရေး၊ စီးပွားရေးနှင့် ပုန်ကန်မှုတွင်ဖြစ်စေ၊ စစ်ရေးတွင်ဖြစ်စေ၊ နိုင်ငံရေးတွင်ဖြစ်စေ အရေးအကြီးဆုံးမှာ ပထဝီနိုင်ငံရေး ကိစ္စများတွင် မြန်မာ့ပြည်တွင်းရေး၌ မည်သည့် သြဇာလွှမ်းမိုးမှုမဆို ရရှိရေးဖြစ်သည်။

ဖုန်ကြားဖူးသည် အသက် ၈၁ နှစ်အရွယ် ၂၀၁၇ ခုနှစ် ဇွန်လတွင် သေဆုံးပြီး ဖုန်ကြားရှင်သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် သေဆုံးကာ အသက် ၉၄ နှစ် ရှိပြီဖြစ်သည်။ ထိုစစ်ဘုရင်ကြီးများ မရှိတော့သောအခါ မျိုးဆက်ခေါင်းဆောင်သစ်များက ခေါင်းဆောင်နေသော်လည်း ၎င်းတို့အကြောင်း များများစားစား မသိရပေ။ ၎င်းတို့၏ဒေသသို့ PDFs များကို မည်သည့်အချိန်တွင် မည်သို့ ဖိတ်ခေါ်ခဲ့သည်ကိုလည်း မသိရပေ။

သို့သော် ကိုးကန့် တာဝန်ခံတပ်မှူးများသည် တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိမည်မှာ သေချာပါတယ်။ မေးစရာ မေးခွန်းတခုမှာ PDFs များသည် ၎င်းတို့၏ အမှီအခိုကင်းသောလွတ်လပ်မှုကို ထိန်းသိမ်းထားနိုင်မည်လားဆိုတဲ့ မေးခွန်းရှိပါတယ်။ ၎င်းတို့၏ အဓိကအားနည်းချက်မှာ PDFs တွင် ဗဟိုမှကွပ်ကဲမှုနှင့် ဘုံသေနင်္ဂဗျူဟာ မရှိခြင်း ဖြစ်ပါတယ်။ ၎င်းတို့သည် လေ့ကျင့်လက်နက်တပ်ဆင်ပေးသည့် ပိုမိုအင်အားကြီးမားသော အဖွဲ့များကို လုံးဝမှီခိုနေရသည့် အခြေအနေသို့ အလွယ်တကူ ရောက်သွား နိုင်ပါတယ်။

ထို့ကြောင့် မြန်မာ့အနာဂတ်အတွက် တိုက်ပွဲသည် ယခင်အတိုင်း မသေချာမရေရာဖြစ်နေသည့် အဓိပ္ပာယ် သက်ရောက်နေပါတယ်။ ပြည်သူများ ပိုမိုဒုက္ခရောက်ပြီး မဆုံးနိုင်သည့် ပြည်တွင်းစစ်တွင် မြန်မာလေတပ်က ပြည်သူများကို ဗုံးကြဲတိုက်ခိုက်ကာ တိုင်းပြည်ကို စီးပွားရေးချောက်ကမ်းပါးအတွင်း ကျရောက်အောင် လုပ်နေသည့် ပညာမဲ့သော စစ်ကောင်စီအုပ်ချုပ်ရေးသာ ဖြစ်ပါတယ်။

ထိုအခြေအနေအများစုသည် အိန္ဒိယ သမုဒ္ဒရာနှင့် ကမ္ဘာတဝန်း ဈေးကွက်သို့ ဝင်ရောက်ရေးအတွက် အရေးပါသော မြန်မာစင်္ကြံအပေါ် ထိန်းချုပ်ထားလိုသည့် တရုတ်၏ဆန္ဒနှင့် သက်ဆိုင်နေပါတယ်။

ကိုးကန့်ဒေသနှင့် ပတ်သက်ပြီး ပြောရပါက လုံးဝနီးပါး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေသည့် ထိုဒေသအပေါ် သြဇာအာဏာထူထောင်ရန် နေပြည်တော်တွင် အာဏာရနေသည့် မည်သူမဆိုအတွက် လွယ်ကူသောကိစ္စ မဟုတ်ပေ။

တောင်ပိုင်းမှ ‘ဝ’ တောင်တန်းများကဲ့သို့ပင် ကိုးကန့်ဒေသသည် ဗဟိုအစိုးရက မည်သည့်အခါကမှ ထိထိ ရောက်ရောက် မထိန်းချုပ်နိုင်ဘဲ တရုတ်နှင့် များစွာပိုမို နီးကပ်သော ဆက်ဆံရေးကို လွန်ခဲ့သော နှစ်ပေါင်း များစွာပင် ထူထောင်ထားသော ဒေသတခုသာဖြစ်ပါတယ်။

  • Bertil Lintner ၏ ဧရာ၀တီ အင်္ဂလိပ်ပိုင်းမှာ ဖော်ပြတဲ့ Kokang: Caught Between Myanmar and China ကို ဖက်ဒရယ်ဂျာနယ်မြန်မာက အလွတ်တန်း ဘာသာပြန် တင်ဆက်ထားပါတယ်။
  • ဘာသာပြန် – ကံ့ကော်ဖြူ