• Today is: Friday, April 19, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 7, January 24, 2023)

 

၁။ RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် နေပြည်တော် ထပ်မံသွားမည်
January 23, 2023

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် သည် နေပြည်တော်သို့ ခရီးထွက်မည်ဟု သိရသည်။ မကြာမီ ရက်ပိုင်းအတွင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၏ ငြိမ်းချမ်းရေးဆွေးနွေးရေး ဖိတ်ခေါ်ချက်အရ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ငြိမ်းချမ်းရေး ဆိုင်ရာ လုပ်ငန်းပိုင်းများ တွေ့ဆုံဆွေးနွေးရန် အတွက် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် သွားရောက်တွေ့ဆုံမည် ဖြစ်ကြောင်းသိရသည်။ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့်အတူ RCSS ကိုယ်စားလှယ်အဖွဲ့ များအဖြစ် ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဝင်များ ဖြစ်သည့် ဗိုလ်မှူးကြီး ဆောင်းဟန်၊ ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေး၊ ဗဟိုဦးဆောင်ကော်မတီဝင်များ ဖြစ်သည့် ဗိုလ်မှူး နန်းမိုးမိုးစော၊ ဗိုလ်မှူးနန်းစံဖောင်း တို့နှင့် အထောက်အကူပြုများ ပါဝင်ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံမှုသည် ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးမည် ဖြစ်ပြီး လက်ရှိနိုင်ငံရေး အကျပ်အတည်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းများ၊ အခြားအရေးကြီးသည့်ကိစ္စရပ်များ နှင့် Bilateral ဆိုင်ရာ လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ထို့အပြင် လက်ရှိဆွေးနွေးတွေ့ဆုံမှုမှ တဆင့် နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေး၊ ယုံကြည်မှု တည်ဆောက်မှု မြှင့်တင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးတို့အတွက် အထောက်အပံ့ ဖြစ်မည်ဟု RCSS က ယုံကြည်ကြောင်းလည်း ဇန်နဝါရီ (၂၃) ရက်မှ RCSS/SSA ၏ ပြန်ကြားရေးဌာန ဖြစ်သည့် Tai Freedom မီဒီယာမှ ထုတ်ပြန်ကြေညာထားသည်။ ယခုတကြိမ် တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်ပြီး အသေးစိတ်မေးမြန်း သိရှိနိုင်ရန် RCSS ၏ ပြောရေးဆိုခွင့် ရှိသူထံသို့ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။ RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် သည် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် မှ ချီးမြှင့်သည့် ဝဏ္ဏကျော်ထင် ဘွဲ့ ရရှိထားသူတစ်ဦးဖြစ်သည်။ https://burmese.shannews.org/archives/32679

၂။ ဖားကန့်တွင် စစ်ကောင်စီတပ်ကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) ပူးပေါင်းတပ် တိုက်ခိုက်
January 23, 2023

ဖားကန့်မြို့နယ်၊ ယူမာကျေးရွာရှိ ကုမ္ပဏီတစ်ခုတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ယနေ့နံနက် ၅ နာရီခန့်က KIA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဲဗားကုမ္ပဏီတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်ကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် PDF ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း KIA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “ယူမာအဲဗားကုမ္ပဏီမှာရှိနေတဲ့ စစ်ကောင်စီတွေ ကိုသွားပြီးပစ်တာပေါ့။ အထိအခိုက်ကိုက ကျွန်တော်တို့ဘက်က အတိကျတော့မထုတ်ပြန်သေးဘူး။ ဒါပေမယ့် အခြေနေကောင်း တယ်လို့ပြောလို့ရတယ်။ သွားပစ်တော့ သူတို့ဘက်ကလည်းပစ် တာပေါ့” ဟုပြောသည်။

အဆိုပါကုမ္ပဏီတွင် တပ်စွဲထားသော အင်အား ၂၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ဒေသခံပြည်သူထိခိုက်မှုရှိ၊ မရှိကို မသိရှိရသေးကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ကုမ္ပဏီထဲမှာ သူတို့ (စစ်ကောင်စီ) ရှိနေတာလေ။ ထိတွေ့တိုက်ပွဲလား ဒါမှမဟုတ် PDF တွေနဲ့ KIA တွေက သွားပြီးပစ်တာလား မသိရသေး ဘူး။ လက်နက်ကြီးသံတွေလည်းကြားရတယ်။ ပြည်သူတွေ ထိခိုက်မှုရှိတာက မသိရသေးဘူး” ဟုပြောသည်။ တိုက်ပွဲမှာ နာရီဝက်ခန့် ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သူက ဆက်ပြောသည်။ ဖားကန့်မြို့ မှော်ဝမ်း ရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးရုံးတွင်လည်း ဇန်နဝါရီလ ၂၁ ရက်နေ့က လက်နက်ကြီး ငါးချက်ထက်မနည်း ပစ်ခတ်ခံခဲ့ရပြီး ရုံးအဆောက်အဦးအချို့ ပျက်စီးခဲ့ပြီး ဝန်ထမ်းအချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ https://www.facebook.c om/The74Media/photos/a.116371983215665/732393124946878/

၃။ DKBA ထိပ်တန်းခေါင်းဆောင်နေအိမ်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်
January 23, 2023

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ ပြောင်မထိန်ကျေးရွာအုပ်စု၊ ကြိမ်ချောင်းရွာမှာရှိတဲ့ ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော် (DKBA) အမှတ် (၂) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောအေဝမ်းရဲ့ နေအိမ်ကို ဇန်နဝါရီ ၂၁ ရက် မနက် ၁ နာရီ မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ် သုံးစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးကြီး စောအေဝမ်း နေအိမ်အပါအဝင် ဧည့်ရိပ်သာ၊ အလုပ်သမားတန်းလျား နှစ်ဆောင်နဲ့ ကလိုထူးဖောအထက်တန်း ကျောင်းတို့ ထိခိုက်ပျက်စီးခဲ့ပြီး DKBA တပ်သား တစ်ဦးလည်း ထိခိုက် ဒဏ်ရာရခဲ့တယ် လို့ ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်ခံ ရစဉ်က ဗိုလ်မှူးကြီး စောအေဝမ်း နဲ့ မိသားစုဝင်တွေဟာ နေအိမ်မှာမရှိ တာကြောင့် ထိခိုက်မှုမရှိခဲ့ဘူးလို့လည်း ပြောပါတယ်။ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ရဲ့ ထိပ်တန်း ခေါင်းဆောင်တစ်ဦးရဲ့ နေအိမ်ကို တိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီ နဲ့ တိုက်ရိုက်ပြောနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်း ကပြောပါတယ်။ “တစ်ဖက်သတ် ဖောက်ဖျက်တယ်လို့လည်း မပြောချင် ဘူး။ ဒါမျိုးက ယုံကြည်မှု တည်ဆောက်ရတယ်။ သတင်းအမှားပေးတဲ့ အခင်းအကျင်းမျိုးမှာ တစ်ခုခုက စုဖွဲ့မိလို့ သူတို့ဘက်က လုပ်တာလည်းဖြစ်မယ်။ လောလောဆယ်က ကျနော်တို့က ဘယ်သူ့ အပြစ်ပါလို့ မစွပ်စွဲချင်ဘူး။ အဓိကကတော့ ကျနော်တို့ စစ်ကောင်စီလူကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးမှပဲ သူတို့ဘာပြောမလဲ ဆိုတာကို နားထောင်မယ်” ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။

အခုတိုက်ခိုက်မှုဟာ စစ်ကောင်စီနဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တို့အကြား ငြိမ်းချမ်းရေး တစ်ဖက် သတ် ချိုးဖောက်မှုဖြစ်တယ်လို့လည်း လေ့လာသူတွေက ထောက်ပြကြပါတယ်။ ဇန်နဝါရီ ၂၁ ရက်နေ့က လေကြောင်းတိုက်ခိုက် မှုဟာ ၁၅ မိနစ်နီးပါး ကြာမြင့်ခဲ့ပြီး ပေါင်တစ်ထောင်ပြင်းအားရှိတဲ့ ဗုံးသီးတွေအပြင် တိုက်လေယာဉ်ပေါ်ကနေ ပွိုင့်ဖိုက် စက်လက်နက်တွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ အမည်မဖော်လိုသူ DKBA နဲ့ နီးစပ်တဲ့ မျက်မြင် ကြုံခဲ့ရသူတစ်ဦးက ပြောပါတယ်။ “မြင်ရ တာ မီးအလောင်းရောင်လောက်ပဲ မြင်ရတာ၊ လေယာဉ်ကို မမြင်ရဘူး။ လေယာဉ်အသံတောင် မကြားရဘူး။ ဗုံးသီးစတွေ့တာက နှစ်လုံး၊ ကျင်းတွေက သုံးခုလောက် တွေ့တယ်။ အဆောက်အဦအနေနဲ့ဆိုရင် သူ့ရဲ့ အိမ်ဘေး ပေတစ်ရာ အကွာလောက်မှာရှိတဲ့ ဧည့်ရိပ်သာနှစ်ဆောင် ပြိုကျ ပျက်စီးသွားတယ်။ အိမ်ကို တိုက်ရိုက် ဗုံးထိတာတော့ မဟုတ်ဘူး။ အစမှန်တာတောင် လှေကား လက်တန်းတွေ ထက်ပိုင်းပြတ်သွားတယ်။ အိမ်ထဲက ပရိဘောဂပစ္စည်းတွေ အကုန်ရစရာမရှိအောင် ပျက်စီးတယ်။ အလုပ်သမား တန်းလျားကတော့ လုံးဝမီးလောင်သွားတယ်။ လူထိခိုက် မိတာက ရဲဘော်တစ်ဦး ထိခိုက်တယ်၊ အသက်အန္တရာယ် စိုးရိမ်စရာ မရှိပါဘူး” အဲဒီတိုက်ခိုက်ရေး လေယာဉ်တွေဟာ နေပြည်တော်နဲ့ ပုသိမ်က ထွက်ခွာလာတဲ့ တရုတ်ထုတ် Su-30 အမျိုးအစား ဖြစ်တယ်လို့ သူက ပြောပါတယ်။ ကော်သူးလေတပ်မတော် (KTLA) လက်အောက်ခံ ဆင်ဖြူစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောစလုံး ကတော့ DKBA ဟာ စစ်ဆင်ရေးအချို့မှာ ပါဝင်နေ တဲ့အတွက် စစ်ကောင်စီက အခုလိုတိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်း ကတော့ DKBA အနေနဲ့ တော်လှန်ရေးအဖွဲ့အစည်း တွေကို ကူညီတာမရှိဘဲ ကြားနေအဖြစ်သာ ရပ်တည်တယ်လို့ ပြောပါတယ်။ DKBA အပေါ် စစ်ကောင်စီက အထင်အမြင် မှား အောင် (DKBA) ခွဲထွက် အဖွဲ့တချို့က လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။ https://www.rfa.org/burmese/ program_2/airst rike-on-house-of-dkba-colonel-01232023053019.html

၄။ မင်းတပ်မြို့ စစ်ဘေးဒုက္ခသည် ကူညီရေး ပစ္စည်းထားတဲ့နေရာ ဗုံးကြဲခံရ
January 23, 2023

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပလိပ်ထွီရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည် ထောက်ပံ့ကူညီရေး ပစ္စည်းတွေထားတဲ့ အိမ်ကို ဇန်နဝါရီလ ၂၃ ရက် မနက် ၁၀ နာရီခွဲခန့်မှာ စစ်ကောင်စီ တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် နှစ်ဦးဒဏ်ရာ ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီအိမ်ဟာ မင်းတပ်မြို့နယ်၊ ဒေသခံအရပ်ဘက်အဖွဲ့အစည်း တစ်ခုက စစ်ဘေး ဒုက္ခသည်တွေကို ပေးမယ့် ပစ္စည်းအစုံထားတဲ့ နေရာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါ တယ်။ “ DPs တွေဖြန့်ဖို့ ပစ္စည်းတွေဆို အဲဒီမှာပဲလှောင်တာပေါ့။ ငှားထားတဲ့အိမ်ပါ။ အဲဒီကို ပစ်တာ။ ငါးလုံးကြဲတာ လေးလုံးက အဲဒီအိမ်နားကိုကျတယ်။ နောက်တစ်လုံးကတော့ လူနေအိမ်တစ်လုံးပေါ်ကြတာ” အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့ပြီး အခြားထိခိုက် ပျက်စီးမှုတွေကိုတော့ အသေးစိတ် အတည်ပြုလို့ မရသေးဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ တိုက်ခိုက် ခဲ့တဲ့အပြင် လက်နက်ကြီးတွေနဲ့ပါ သုံးကြိမ် လှမ်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပလိပ်ထွီရွာနဲ့ ငါးမိုင်အကွာမှာရှိတဲ့ စွန်တောင်ရွာနားကိုလည်း ဇန်နဝါရီလ ၂၁ ရက်နေ့၊ ည ၁၂ နာရီဝန်းကျင်က လေ ကြောင်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဲဒီနှစ်ရွာစလုံးမှာ စစ်ဘေး ဒုက္ခသည်တွေ အများဆုံးနေထိုင်ပြီး အခုလိုလေကြောင်းနဲ့ အပစ်ခံရတာကြောင့် လူဦးရေနှစ်ထောင်နီးပါး အခြားဘေးလွတ်ရာ ကို ထပ်မံထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိအချိန်ထိ မင်းတပ် တစ်မြို့နယ် လုံးကို စစ်ကောင်စီတပ် ဘက်က တယ်လီဖုန်းလိုင်းရော အင်တာနက် လိုင်းတွေပါ ဖြတ်တောက်ထားတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ https:// www.rfa.org/burm ese/news/mindat-airstrike-01232023044905.html

၅။ လားရှိုး လောင်းကစားဝိုင်း ဗုံးပေါက်ကွဲ လူ ၂ ဦး သေဆုံးဦး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ
January 23, 2023

သျှမ်းပြည် လားရှိုးမြို့ လောင်းကစားဝိုင်းရုံတစ်ခုတွင် ဗုံးတစ်လုံးပေါက်ကွဲပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ၂ ဦး သေဆုံးကြောင်း သိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက် ညနေ ၉ နာရီတွင် လားရှိုးမြို့ ရပ်ကွက် ၅ အတွင်းရှိ လောင်းကစား ဝိုင်းရုံတစ်ခုကို အမည်မသိ လူတစ်ဦးက ဗုံးတစ်လုံးလာရောက်ပစ်ပေါက်ရာ ပေါက်ကွဲပြီး အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိသလို လူငယ်အရွယ် ၂ ဦး သေဆုံးကြောင်း လားရှိုးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ လောင်းကစားရုံ ထဲကို လူတစ်ဦးက ဗုံးလာပစ်ပေါက်တာဗျာ။ ပစ်တဲ့သူကလည်း ဘယ်သူဆိုမှန်းလည်း သေချာမသိဘူး။ လောင်းကစားရုံထဲက လောင်းကစားလုပ်တဲ့သူ အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၂ ယောက် ထိခိုက် ဒဏ်ရာ ရသွားတယ်။ လူငယ် ၂ ယောက်တော့ ဆုံးသွားတယ် “ ဟု ၎င်းကပြောသည်။ အဆိုပါ ဗုံးပေါက်ကွဲမှု နှင့် ပတ်သက်ပြီး လောင်းကစားရုံ၏ ခေါင်မိုး၊ ဖဲဝိုင်း နှင့် ကုန်းကင်း များ ပျက်စီးသွားကြောင်း သိရသည်။

ထို့အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၅ အတွင်းရှိ လောင်းကစားရုံသည် ဦးမောင်ကြီး ဆိုသူက ဦးဆောင်ကာ ဖွင့်လှစ်လာသည်မှာ ၁ နှစ်ခန့်ကြာပြီ ဖြစ်ကြောင်းလည်း သိရသည်။ “ စစ်တပ်က အာဏာသိမ်းပြီးနောက် ပိုင်း ဦးမောင်ကြီးဆိုသူက ဦးဆောင်ပြီး လောင်းကစားကို ဖွင့်လာတာဗျ။ ဦးမောင်ကြီးကတော့ လားရှိုးမှာ ဗိုလ်ကျတယ်။ ဟတ်ကာကျေးရွာက လောင်းကစားဝိုင်းဆိုလည်း ဦးမောင်ကြီးက ဦးဆောင်ပြီး လုပ်တာ။ အဲ့ကတော့ ဖွင့်ထားတာ ၄ လကျော်ပြီ၊ နေ့တိုင်းလိုလို လူစည်နေတယ် “ ဟု ၎င်းက ပြောသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် တရားဥပဒေ စိုးမိုးမှု ပျက်ပြားလာ နေသလို လောင်းကစားဝိုင်း ပိုများလာပြီး လုယက်၊ သူခိုး၊ ဓားပြများလည်း ပေါများလာသောကြောင့် ဒေသခံပြည်သူများသည် စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုသည် တစ်နေ့တခြား ပိုမိုကြီးထွားလာကြောင်း သိရသည်။ https://burmese.shann ews.org/archives/32690

၆။ ကမမောင်းနယ်ရှိ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသားများအား အတင်းအကြပ်ဖိအားပေး ကျောင်း တက်ခိုင်းနေ
January 24, 2023

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့နယ်ခွဲတွင် ကျောင်းသွားမတက်ကြသော ပညာရေးဝန်ထမ်းများနှင့် ကျောင်း သားများအား ကျောင်းသွားရန် စစ်ကောင်စီကအတင်းအကြပ်ဖိအားပေးမှုများလုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)က ၎င်းတို့ထိန်းချုပ်မှုနယ်မြေအတွင်း စစ်ကောင်စီ၏ ဌာန ဆိုင်ရာဝန်ထမ်းများ စစ်ကောင်စီနှင့် မပူးပေါင်းကြဘဲ ရာထူးမှအမြန်ဆုံးနုတ်ထွက်၊ ထွက်ခွာပေးရန် ထုတ်ပြန်ထားပြီးနောက် ပိုင်း ပညာရေးဝန်ထမ်းများ၊ ကျောင်းသားများက ကျောင်းမသွားကြတော့သဖြင့် ကျောင်းပြန်တက်ရန် စစ်ကောင်စီမှ ယခုလို ဖိအားပေးလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ၎င်းက“ဝန်ထမ်းတွေက ကျောင်းမတက်ဘဲ ပုန်းရှောင် ကြတော့ စစ်တပ်က အိမ်တိုင်ရာရောက်လာပြီး အတင်းအကြပ်ကျောင်းပြန်သွားခိုင်းတယ်။ အဲ့ဒါကို လက်မ ခံနိုင်တဲ့သူတချို့က လွတ်ကင်းတဲ့နေရာကို ပြေးကြတယ်။ ကျောင်းသားမိဘတွေက ကလေးတွေကိုကျောင်းထားဖို့ အခြေအနေ မရှိတော့ ကလေး တွေအိမ် လိုက်ပြီးတော့လည်း စည်းရုံးတယ်၊ ကျောင်းပြန်တက်ဖို့ တွန်းအားပေးကြတယ်။ အခု လက်ရှိကတော့ ဆယ်တန်း တွေဖြေဖို့ ကျောင်းမဖွင့်မနေရဆိုပြီး တွန်းအားပေးနေကြတယ်။” ဟု ပြောသည်။

စစ်ကောင်စီ၏ ထိုကဲ့သို့လုပ်ဆောင်မှုများကြောင့် အချို့သောပညာရေးဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူ များမှာ ကျောင်းပြန်တက်နေကြပြီဖြစ်ကြောင်း၊ စာသင်ကျောင်းများတွင် စစ်ကောင်စီက လုံခြုံရေးယူထားကာ ကျောင်းပြန်မသွားကြ သော ပညာရေးဝန်ထမ်းတစ်ချို့မှာ လွတ်ကင်းရာသို့ ထွက်ပြေးနေကြရကြောင်း ဒေသခံကျောင်းဆရာမတစ်ဦးက ပြောသည်။ “ကျမက ကြေညာချက်အတိုင်း ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကျောင်းသွားခဲ့ပြီး နောက်ပိုင်းက တည်းက ပြန်မသွားတော့ တာ။ ရွေးကောက်ပွဲနဲ့ဆယ်တန်းစောင့်ဖို့အတွက် ဖိအားပေးလာမှာကို ကြောက်တယ်လေ။ အဲဒီတော့ ကြောက်လို့ပြေးရင်း ပြေးရင်းနဲ့ ပိုဝေးတဲ့ဆီရောက်လာတာပဲ။ ကျောင်းအုပ်ကြီးကတော့ ဆက်သွယ်တယ်။ သူတို့ လုံခြုံရေးယူပေးတယ်ဆိုတာက လည်း သေနတ်ကြီးတွေထောင်ပြီး ဖုန်းပဲပွတ်နေကြတာပါ။ တချို့ဆရာ၊ ဆရာမတွေတော့ သွားတက်ကြတယ်။”ဟု ပြောသည်။ (KNLA) တပ်မဟာ ၅ က ၎င်းတို့၏ထိန်းချုပ်နယ်မြေများဖြစ်သော ဖာပွန်မြို့၊ ကမမောင်းမြို့နယ်ခွဲနှင့် ဆက်စပ်သည့် ရပ်ကွက် များ၊ ကျေးရွာများမှ ဒေသခံပြည်သူများ၊ ဝန်ထမ်းများ၊ အခြားအရပ်ဒေသမှလာသည့်ဝန်ထမ်းများ၊ မြို့နယ်နှင့်ရပ်ကွက် အလိုက် အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားတွင် ပူးပေါင်းခြင်းမပြုရန်၊ အလုပ် တာဝန်များမှ နုတ်ထွက်စွန့်ခွာရန် ဇန်နဝါရီလ(၁)ရက်နေ့ရက်စွဲဖြင့် နောက်ဆုံးအကြိမ် သတိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။ https://kicnews.org/2023/01/%e1%8 %80%e1%80%99%e1%80%99%e1% 0%b1%e1%80%ac%e1%80%84%e1

၇။ ရခိုင်ရှိ မြို့နယ်များကို စစ်ကောင်စီမှ ဆေးဝါးဖြန့်ချီခွင့် ပိတ်ပင်ထားဆဲ
January 23, 2023

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ တကျော့ ပြန်တိုက်ပွဲများ ဖြစ်ပွားချိန်ကတည်းက စစ်ကောင်စီမှ ရခိုင်မြို့နယ် များကို ဆေးဝါးဖြန့်ချီခွင့် ပိတ်ပင်ထားခဲ့ပြီး လက်ရှိအထိ ပြန်လည်ခွင့်ပြုပေးခြင်း မရှိသေးကြောင်း ဆေးဝါးဖြန့်ချီသည့် ကုမ္ပဏီ များက ပြောသည်။ ယင်းကဲသို့ ဆေးဝါးတင်သွင်းခွင့်များအား ရခိုင်ပြည် စစ်ကောင်စီ၏ လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး ခွင့်ပြု ချက်ပါမှသာ တင်သွင်းရပြီး ပြည်နယ်အတွင်းက မြို့နယ်များကိုလည်း ဖြန့်ချီရောင်းချခွင့် မပြုသေးဟု ဆေးဝါးကုမ္မဏီ လုပ်ကိုင် သူတစ်ဦးကပြောသည်။ “ပြည်တွင်းကို ဆေးဝါးတင်သွင်းခွင့်တွေက အရင်ကလိုပါပဲ နယ်လုံဆီက ခွင့်ပြုချက်လက်မှတ်ရမှပဲတင် သွင်းရပါတယ်။ နယ်လုံဆီက ခွင့်ပြုချက်ရဖို့တော့ အချိန်နည်းနည်းတော့ ကြန့်ကြာပါတယ်။ အဲ့ဒါကြောင့် ဆေးဝါးတွေရှိသေးရင် လည်း ကြိုပြီးခွင့်ပြုချက်တောင်းရတာပေါ့။ ပြည်နယ်အတွင်းမှာလည်း မြို့နယ်တွေကို ဖြန့်ချီလို့ရပြီလို့တော့ တရားဝင်မပြောဆို သေးဘူး”ဟု ပြောသည်။ ဆေးဝါးဖြန့်ချီရေးကို အဓိကလုပ်ကိုင်သည့် ကုမ္ပဏီများအနေဖြင့်လည်း ယင်းကဲ့သို့ ဖြန့်ချီခွင့်ပိတ်ပင်ခံ ထားရသည့်အတွက် နစ်နာမှုရှိသလို ဆေးဝါးမှီခိုအသုံးပြုနေကြသူများအနေဖြင့်လည်း အခက်အခဲများရှိသည်ဟု ဆိုသည်။ စစ်ကောင်စီတပ်များနှင့် AA တို့ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့သည့် ၂၀၂၂ခုနှစ် စက်တင်ဘာလခန့်ကတည်းက စစ်ဆေးရေး ဂိတ်များတွင် ဆေးဝါးတင်သွင်းခြင်းနှင့် သယ်ယူခွင့်များကို တင်းတင်းကြပ်ကြပ်စစ်ဆေးကာ ကန့်သတ်ထားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တည်ငြိမ်နေသည့်ကာလအတွင်း စစ်ဆေးမှုများ အနည်းငယ်လျော့ပေါ့မှုက လွဲ၍ ဆေးဝါးဖြန့်ချီခွင့်နှင့် တင်သွင်ခြင်းများကို ပိတ်ပင်ထားဆဲဖြစ်ပြီး ယခင်အတိုင်း သယ်ယူခွင့်ရဖို့ မျော်လင့်နေကြောင်း စစ်တွေမှ တခြားမြို့နယ်များကို ဆေးဝါးဖြန့်ချိနေသူတစ်ဦးကပြောသည်။ “လုံးဝဖြန့်ချီလို့ရပြီလို့ တရားဝက်ပြောဆိုလာတာတော့မရှိသေးပါဘူး။ ဒါပေမယ့် တိုက်ပွဲတွေ ငြိမ်သတ်နေတော့ စစ်ဆေးရေးဂိတ်တွေမှာ အရင်ကလောက် တင်းတင်းကြပ်ကြပ်မစစ်ဆေးတော့လို့ နားလည်မှုနဲ့ အနည်းအကျဉ်းတော့ ဖြန့်ချီနေတာတွေရှိနေပါပြီ။ အရင်လိုတော့ တင်သွင်းခွင့်ဖို့မျော်လင့်ပါတယ်”ဟုဆိုသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မကြာမီက ဆေးဝါးအပါအဝင်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ရခိုင်ပြည်သို့တင်သွင်းခွင့် ကို နယ်လုံခွင့်ပြုချက်ရရှိမှသာ တင်သွင်းခွင့်ပြုခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၂ခုနှစ် စက်တင်ဘာလခန့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန်က မြို့နယ်အနှံ့ဆေးဝါးဖြန့်ချီခွင့်ကို စစ်တပ်က ကန့်သတ်ထားခဲ့ခြင်းဖြစ်သည်။ ဆေးဝါးဖြန့်ချီများကို ကန့်သတ်ထားခဲ့သည့်အတွက် ဆေးဝါးလိုအပ်မှုများ အခက်အခဲများစွာရှိခဲ့ကာ ဆေးရုံ၊ ဆေးခန်းများတွင်လည်း ဆေးဝါးပြတ်တောက်မှု ရှိခဲ့သလို ဆေးဝါး ဈေးနှုန်းများလည်း အဆအတန် မြင့်တက်ခဲ့သည်။ https://www.facebook. com/westernnewsagency/photos/a.119286 173211229/698578631948644/

၈။ ထားဝယ်-ထီးခီးလမ်းကို စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတွေနှစ်ဖက်စလုံးက သွားလာခွင့်ပိတ်
January 23, 2023

ထားဝယ်မြို့ကနေ ထိုင်းနိုင်ငံနယ်စပ်ကို ဆက်သွယ်ထားတဲ့လမ်းဖြစ်တဲ့ ထားဝယ်-ထီးခီးလမ်းမကို စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေနှစ်ဖက်စလုံးက သွားလာခွင့်ပိတ်လိုက်ပါတယ်။ စစ်ကောင်စီတပ်ဘက်က ဒီနေ့ကစ ပိတ်လိုက်တာ ဖြစ်ပြီး ဘာကြောင့်ပိတ်တယ်ဆိုတာကိုတော့မသိရဘူးလို့ဒေသခံတွေကပြောပါတယ်။ “ပကာရီကစစ်သားတွေက ကားသမား တွေကို မနေ့က ပြောလိုက်တယ်။ မနက်ဖြန်ကစပြီးလမ်းပိတ်လိုက်ပြီလို့ပြောလိုက်တာ” လို့ ဒေသခံ ယာဥ်မောင်းတစ်ဦးကပြော ပါတယ်။ ဒီနေ့မနက်ကစပြီး ပကာရီဂိတ်ကိုဖြတ်သန်းသွားလာခွင့်မပေးတော့တဲ့အပြင် ကျောက်မဲတောင်ရဲစခန်းအရှေ့မှာလည်း ဖြတ်သန်းသွားလာခွင့်မပေးတော့လို့ ဒေသခံတွေ အနီးအနား သွားလာဖို့အတွက်တောင်မှ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ကော်သူးလေတပ်မတော် (KTLA) နဲ့ နွေဦးပြောက်ကျားတပ်ဖွဲ့တို့ကလည်း ထားဝယ်-ထီးခီးလမ်းကို ဖြတ်သန်းခွင့်ပိတ်ထားမယ်လို့ ဇန်နဝါရီလ ၂၁ ရက်က အရေးပေါ်အသိပေးချက်ထုတ်ပြန်ထားပါတယ်။ ထားဝယ်-ထီးခီးလမ်းဘက်ကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဖို့ပြင်နေတယ်လို့သတင်းတွေထွက်နေချိန်မှာ အခုလိုမျိုး နှစ်ဖက်စလုံးက လမ်းအသုံးပြုခွင့်ပိတ်လိုက်တာပါ။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်-ထီးခီးလမ်းတစ်လျှောက် မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား မကြာခဏတိုက်ပွဲတွေဖြစ်ပွားလေ့ရှိပါတယ်။ https://www.face book.com/photo/?fbid=22273 603477430&set=a.196212682796489

၉။ ဌာနချုပ်ပေါ် တိုက်လေယာဉ်ပျံသန်းမှု ရန်စစော်ကားသည့် လုပ်ရပ်ဖြစ်ဟု SSPP/SSA တုံ့ပြန်
January 24, 2023

အာဏာသိမ်း စစ်ကောင်စီတပ်၏ YAK-130 အမျိုးအစား ဂျက်တိုက်လေယာဉ်သည် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA) ဌာနချုပ်ပေါ်သို့ ယနေ့ (ဇန်နဝါရီ ၂၄ ရက်) နံနက် ၁၁ နာရီ ၅၀ ဝန်းကျင်တွင် အနိမ့်ပျံသန်းမှု ပြုလုပ်ခြင်းသည် ရန်စစော်ကားသည့်လုပ်ရပ် ဖြစ်ကြောင်း SSPP/SSA က သတင်းထုတ်ပြန်သည်။ ယခုလို အကြောင်းကြားခြင်း မရှိဘဲ အနိမ့်ပျံသန်းမှု ပြုလုပ်ခြင်းသည် SSPP/SSA အပေါ်ရန်စ စော်ကားသည့်လုပ်ရပ်သာ ဖြစ်သည်ဟု ယူဆနိုင်သည့်အတွက် နောက်တကြိမ် ယခုကဲ့သို့ အကြောင်းကြားခြင်း မရှိဘဲ ဝမ်ဟိုင်းမြို့ပေါ်သို့ လေယာဉ်ပျံသန်းခြင်းများ၊ လေ့ကျင့်ခြင်များ ထပ်မံ ပြုလုပ်ပါက တပ်မတော် တာဝန်သာ ဖြစ်ကြောင်း SSPP/ SSA က သတိပေးထားသည်။

အဆိုပါ တိုက်လေယာဉ် ပျံသန်းမှုနှင့် ပတ်သက်ပြီး SSPP/SSA ဗဟိုလူကြီးများက သိရှိလိုကြောင်း၊ ရှမ်းပြည်တိုးတက် ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဆုက တပ်မတော် ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး (၂) ဒုဗိုလ်ချုပ်ကြီး မင်းနောင်ထံ ဆက်သွယ်မေးမြန်းခဲ့ရာ ဖြစ်စဉ် ဖြစ်နေသည့်အချိန်တွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ စဝ်ယွတ်ဆစ်တို့နှင့် ဆွေးနွေးပွဲ လုပ်ဆောင်နေသည့်အတွက် ၎င်းကိုယ်တိုင် မသိရသေးကြောင်း၊ သိရှိရပါက အကြောင်းပြန်ပေးမည်ဟု ဖြေကြားခဲ့ကြောင်း SSPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ https://www.facebook.com/t heirrawaddyburmese/photo s/pcb.6422593217784776/6422592597784838

၁၀။ မယ်စလောင်းတောင် စခန်းသိမ်းပိုက်ခံရပြီး စစ်ကောင်စီမှ စစ်ကြောင်းထိုးဖို့ ပြင်နေ
January 24, 2023

ကရင်နီပြည် ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီး မယ်စလောင်းတောင် စခန်းကို ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကရင်နီ ပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဘက်က အင်အား ၂၀၀ နီးပါးနဲ့ စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်လို့ KNDF တပ်ရင်း ၁၆ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “ လောလောဆယ်အဲ့ဖက်မှာက စစ်ကြောင်းတွေ စခန်းသိမ်းပြီးတော့ အဲ့ဒီစခန်း ကို ပြန်ရဖို့ လုပ်နေမယ်ထင်တယ်။ စစ်ကြောင်းကြီးနဲ့လာတယ်။ မနေ့ကတောင်မှ ရွာထဲထိဆင်းလာတယ်ပြောတယ်။ ထိတွေ့မှု ဖြစ်သေးတယ်။ ပစ်ခတ်မှုဖြစ်တယ်။ အခုတော့ အဲ့ဒီစခန်းရဲ့ပတ်ဝန်းကျင်နားမှာ နှစ်နေရာ၊ သုံးနေရာ သူတို့ (စစ်ကောင်စီတပ်) ရှိတယ်လို့ ပြောပြလာတယ်။ စစ်ရေးအခြေအနေကတော့ ဒီအခြေအနေမှာတော့ တင်းမာနေတာပေါ့ တင်းမာနေတယ်ဆိုတာ ထက် အခြေအနေမကောင်းဘူးပေါ့။”လို့ KNDF တပ်ရင်း ၁၆ ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စခန်းသိမ်းတိုက်ပွဲအပြီး နောက်ရက်မှာ ကင်းထောက်ရဟတ်ယာဉ်တစ်စီး တစ်နေကုန် ပျံသန်းနေပြီး ဘောလခဲအခြေစိုက်တပ်ကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုမရှိပေမယ့် ဒေသခံအများစုက တော့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

“ တိုက်ပွဲမဖြစ်ခင် ကြိုရှောင်ထားတာတော့ လုံခြုံရေးအတွက် ပိုစိတ်ချရတယ်ပေါ့။ မယ်စလောင်းတောင်တိုက်ပွဲအပြီး နောက်ရက် လက်နက်ကြီးပစ်တယ်။ စခန်းသိမ်းခံထားရတော့ တိုက်ပွဲဆက်ဖြစ်မှာကိုတော့ စိုးရိမ်မိတယ်။ အစိုးရိမ်ဆုံးကတော့ လေကြောင်းကနေ ပစ်မှာကို ကြောက်ရတယ်။” လို့ နန်းဖဲ ဒေသခံတစ်ဦးက ပြောပါတယ်။ မယ်စလောင်းတောင် စခန်းကို ဇန်နဝါရီလ ၂၀ ရက်နေ့ မှာ ပူးပေါင်းတပ်ဖွဲ့ တွေက ဖျက်ဆီးခဲ့ပြီး တိုက်ခိုက်မှုအပြီး (၆၀)မမ စိန်ပြောင်း (၂)လက် ၊ RPG (၁)လက် ၊ MA-1 (၁)လက် ၊ MA -2 (၁)လက် ၊ MA-3 (၁)လက် ၊ MA-4 79တွဲ (၁)လက် ၊ 9mm (၁)လက် ၊ ငါးကြင်းမြီး (၁)လက် ၊ စနှိုက်ပါ (၁)လက် ၊ မိုင်းနဲ့ ခဲယမ်းကျည်ဆံတွေအပြင် အခြားအသုံးအဆောင် ပစ္စည်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ KNDF က ထုတ်ပြန်ခဲ့ပါတယ်။ https://www.kantarawaddytimes.org/%e1%80%99%e1%80 %9a%e1%

၁၁။ လွိုင်ကော်မြို့ ဖာ့တီမာမယ်တော်ဂူအနီးမှာ သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုရှိ
January 23, 2023

ကရင်နီပြည် လွိုင်ကော်မြို့ ဖာ့တီမာ မယ်တော်ဂူမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ဒေသခံပူးပေါင်းတပ်ဖွဲ့တို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့ကနေ ၂၁ရက်နေ့အထိ သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်် ထိခိုက်ကျဆုံးမှု ရှိခဲ့တယ် KNDF သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ အဲဒီတိုက်ပွဲအတွင်း KNDF B-12 က ရဲဘော်တစ်ဦး၊ လွိုင်ကော် PDF ကရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှု ရှိခဲ့ပေမယ့် အတိအကျ မသိရသေးဘူးလို့ ဆိုပါ တယ်။ လက်ရှိမှာတော့ စစ်ကောင်စီက ပြန်လည်ဆုတ်ခွာသွားပေမယ့် အဲဒီအနီးအနားကျေးရွာထဲက နေအိမ်တွေ၊ ဆိုင်ကယ် တွေကို ဖျက်စီးသွားတာတွေ့ရတယ်လို့ ဆိုပါတယ်။ “စစ်ကောင်စီကတော့ ဖာ့တီမာနဲ့ ဖာ့တီမာရယ် လွယ်ထွဲရွာရယ် အဲဒီအနီး အနားမှာတော့ ရှိနေသေးတယ်ပေါ့နော။ ဒါပေမယ့် အဲဒီမယ်တော်ဂူနားတစ်ဝိုက်ကိုတော့ ကျနော်တို့ ရှင်းလင်းရေး လုပ်နိုင်ခဲ့ တယ်ပေါ့နော။ ကျနော်တို့ ဘက်ကနေပြီးတော့။ “ လို့ KNDF သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် လူထုတွေအနေနဲ့ အသွားအလာ မပြုလုပ်ကြဖို့ KNDF B-02 က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ “လွိုင်ကော်မှာတော့ ဒီမနက်ပိုင်းမှာ လက်နက်ကြီး ပစ်ခတ်တာတွေရှိတယ်။ အခုတော့ မကြားရ တော့ဘူး။ မြို့ထဲမှာလည်း စစ်သားတွေအပြည့်တင်ထားတဲ့ စစ်ကားတစ်စီးပတ်နေတာတွေ့တယ်။ ဟတ်စကီးလည်းဝဲနေ တယ်။” လို့ လွိုင်ကော်မြို့လက်ရှိ အခြေအနေနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးကပြောပါတယ်။ လက်ရှိမှာလည်း စစ်ကောင်စီက လွယ်ထွဲကျေးရွာဘက်ကို စစ်ကားလေးစီးနဲ့ အင်အားဖြည့်နေတဲ့အတွက် တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနိုင်ပြီး ဒေသခံတွေအနေနဲ့ သွားလာလှုပ်ရှားမှုတွေ မပြုလုပ်သေးဖို့ KNDF သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက တိုက်တွန်း ထားပါတယ်။ https ://www.kantarawaddytimes.org/%e1%80%9c%e1%80%bd%e1% 80%ad%e1%80%af%e1%80

၁၂။ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ကမ်းနီ-ညောင်ရိပ်သာဒေသခံများ ကျုံဒိုးဘက်ကမ်းသို့ အလုံးအရင်းဖြင့် ကမ်းကူးစစ်ရှောင်
January 24, 2023

ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့နယ်ခွဲ ကျုံဒိုး-ဂျိုင်းမြစ် တစ်ဖက်ကမ်း ကမ်းနီ -ညောင်ရပ်သာ ကျေးရွာဘက်သို့ စစ်ကောင်စီ တပ်များက လက်နက်ကြီးပစ်ခတ်နေသည့်အတွက် ဒေသခံများ ကျုံဒိုးဘက်ကမ်းသို့ အလုံးအရင်းဖြင့် ကမ်းကူး စစ်ရှောင်ခိုလှုံ လာနေကြကြောင်းသိရသည်။ ကျုံဒိုးအခြေစိုက် ခြေလျင်တပ်ရင်း -ခလရ ၅၄၅/၅၄၆ များမှ ကျုံဒိုး-ဂျိုင်းမြစ် တစ်ဖက်ကမ်းရှိ ကမ်းနီ-ညောင်ရိပ်သာကျေးရွာဘက်သို့ လက်နက်ကြီးများ အဆက် မပြတ် ပစ်ခတ်နေသည့်အတွက် ဒေသခံများ ကျုံဒိုးဘက် ကမ်းသို့ အလုံးအရင်းဖြင့် ကမ်းကူး စစ်ရှောင်ခိုလှုံလာနေ ကြပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာနေအိမ် များ ပျက်စီးထိခိုက်ဒဏ်ရာရရှိမှုများရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ၎င်းက “ညဘက် /နေ့ဘက်တွေ ဆက်တိုက် ပစ်နေတာ အခုမနက် အထိပဲ။ ညောင်ရပ်သာရွာထဲ အိမ်တွေ ကျပေါက်နေတော့ လူတွေကျုံဒိုးဘက် တက်ပြေးကြပြီ။ သူတို့ ပစ်ထုတ်နေတာ မိဂလုံ၊ ကမ်းနီ၊ ကမ္မရိုက်၊ ကျောက်ဖျာဘက်တွေ အရင်ရက်တွေက လက်နက်ကြီး ပစ်ထုတ်နေတာမှာ ရွာသား တွေ ထိခိုက်သေဆုံးတာတွေ ရှိနေတယ်၊ ”ဟု ပြောသည်။ ထို့အပြင် လက်ရှိတွင်လည်း ဖားအံမြို့မှ မီးသတ်ကယ်ရေးလုပ် ဆောင်နေသော စက်လှေများကို ကားဖြင့် သယ်ဆောင်လာသလို ကျုံဒိုးမြို့တွင်းနှင့် ကမ်းနားပိုင်းများတွင် စစ်ကြောင်းများ လှည့်ပတ်နေသည့်အတွက် တိုက်ပွဲများဆက်ဖြစ်လာမည်ကို စိုးရိမ်နေရသည်ဟုလည်း ၎င်းကျုံဒိုး ဒေသခံက ဆက်ပြောသည်။

ကျုံဒိုးမြို့၌ လာမည့် ဇန်နဝါရီ ၂၇ ရက်နေ့တွင် နယ်လုံးကျွတ် ရိုးရာမီးပုံပွဲတော်အား ကျင်းပရန် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် -BGF တပ်နှင့် အပစ်ရပ်ကရင်ငြိမ်းချမ်းရေးကောင်စီ -PC တပ်များက လောင်းကစားဝိုင်းများ ထည့်သွင်းကာ ကျင်းပရန် ပြင်ဆင်လျက်ရှိသည်။ “ကျုံဒိုး ရပ်ကွက်တွေလည်း စစ်တပ်က စစ်ကြောင်းပတ်ရင်းရှောင်ခိုင်းနေပြီ တပ်ကရော၊ BGF တွေရော ကျုံဒိုး စျေးပိုင်း၊ ကမ်းနားပိုင်း၊ ဂျပန်တံတားပိုင်းက အလုပ်ဆိုဒ်ဘက်တွေမှာ အင်အား အများအပြားရောက်နေတယ်။ အရပ်သားတွေက လေယာဉ်လာဗုံးကြဲမှာ၊ လာပစ်မှာ ကြောက်နေကြတယ်။ ရှောင်စရာကလည်း မရှိဘူး။ ဘုန်းကြီးကျောင်း အောက်၊ တိုက်အိမ်အောက်တွေမှာ ၀င်ခိုနေကြတယ် ”ဟု ကျုံဒိုး ကမ်းနားပိုင်း နေထိုင်သူ တစ်ဦးက ပြောသည်။ ပြည်တွင်း‌နေရပ် စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာ‌ကော်မတီ -CIDKP ၏ ကောက်ခံထားသည့် စာရင်းအရ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် စစ်ဘေးရှောင်ပြည်သူ ၄ သိန်းကျော်ရှိသည်ဟု သိရသည်။ https://kicnews.org/2023/01 %e1 %80%85%e1%80%85%e1% 80%ba%e1%80%80%e1%80% b1%e1%80%ac%e1

၁၃။ နမ္မားတွင် ကြံ့ခိုင်ရေးပါတီဝင်ဟောင်း သေနတ်ဖြင့် ပစ်သတ်ခံရ
January 24, 2023

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မားကျေးရွာမှ ယခင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ခဲ့ပြီး ယခု ပျူစောထီး ခေါင်းဆောင် လည်းဖြစ်သည့် အမျိုးသားတစ်ဦး ယနေ့ နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။ ဦးတင်ညွန့်၊ အသက် ၅၀ ဝန်းကျင်သည် ယနေ့ နံနက် ၇ နာရီအချိန်က နမ္မားမြို့ သံလမ်းဘေးရှိ ‘ကိုဆန်းဝင်း‘ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဥ် အမည်မသိ လူငယ်နှစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း နမ္မားမြို့မှ အမျိုးသားတစ်ဦးက ပြောသည်။ ”သူက အဲ့သံလမ်း ဘေး လမ်းဆုံနားက လက်ညက်ရည်ဆိုင်မှာထိုင်သောက်နေတာ လူငယ်နှစ်ယောက် ဝင်လာပြီးမှ တေ့ပစ်သွားတာ လူငယ် နှစ်ယောက်က မမိလိုက်ဘူး ထွက်ပြေးသွားတယ်။ သူကအရင်က ကြံ့ခိုင်ရေးပါတီဝင်ဟောင်းပါ့ အခုတော့ ပျူစောထီးခေါင်း ဆောင်ဟုတ်တယ် သေနတ်အတိုတောင် ကိုင်ထားတယ် အဲ့ကြောင့် သတ်ခံရတာ”ဟုပြောသည်။

အသတ်ခံရသည့် ဦးတင်ညွန့်သည် ယခင်က ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ကချင်ပြည် နယ် အမျိုးသားလွတ်တော် မဲဆန္ဒနယ်အမှတ် (၇) နေရာတွင် ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေး ပါတီမှ ဝင်ရောက် ယှဥ်ပြိုင်ခဲ့ရာ အနိုင်မရခဲ့ပေ။ ကချင်ပြည်နယ်တွင် ပျူစောထီးခေါင်းဆောင်များ၊ တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီနှင့် ပူးပေါင်းနေ သူများ သတ်ပစ်ခံရမှု ဖမ်းဆီးခံရမှု မကြာခနရှိနေဆဲဖြစ်သည်။ https://burmese.kachinnews.com/2023/01/24/az1-113/

၁၄။ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရ
January 24, 2023

KNU -ကရင်အမျိုးသားအစည်းအရုံး ဝင်းရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်) မွန်-ကရင်နယ်စပ် ဇီးနှစ်ပင်ရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားသည့် လူငယ် ၁ ဦးနှင့် အနီးအနားရှိ ရွာခံအမျိုးသမီး ၁ ဦး ကျည်ထိမှန်ဒဏ်ရာရရှိပြီး အသက်အန္တရာယ် စိုးရိမ်နေရသည်ဟု ရွာသားများထံမှ သိရသည်။ ဝင်းရေးမြို့နယ်၊ နန်းခွီကျေးရွာနေ စောလခလဲနှင့် ၎င်း၏ သူငယ်ချင်းတစ်ဦးသည် ဆိုင်ကယ်ကိုယ်စီဖြင့် မွန်ကရင်နယ်စပ် ဇီးနှစ်ပင်ရွာအနီးတွင် ဖြတ်သန်းသွားစဉ် လမ်းမဝဲယာတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီစစ်ကြောင်းက လှမ်းပစ်ခတ်ခဲ့သည့်အတွက် စောလခလဲအား ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သလို အနီးအနားရှိ အမျိုးသမီးတစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ၎င်းက “ဆိုင်ကယ်တစ်ယောက်တစ်စီး မောင်းသွားပြီး ဇီးနှစ်ပင်ရွာအကျော်လောက်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်တပ် က လှမ်းအော်တယ်။ သူတို့ကြောက်ကြောက်နဲ့ ဆက်မောင်းနေရင်း ဟိုကလှမ်းပစ်တာ စောလခလဲ ရဲ့ နားရွက်အုံအနားမှာ ကျည်ထိမှန်သွားတယ်။ သူ့ကိုမြို့ပေါ် ဆေးကုသပေးဖို့ စစ်တပ်က ပေးမသွားဘူး။ ဆိုင်ကယ်တော့ ပြန်ပေးတယ်။ အခုအရေး ပေါ်ကုသမှုခံယူထားရတယ်” ဟု ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ လှမ်းပစ်ခတ်မှုတွင် အနီးအနားရှိ ဇီနှစ်ပင်ရွာနေ အမျိုးသမီးတစ်ဦးလည်း တင်ပါးတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သေး၍ လက်ရှိတွင် ဆေးကုသမှုခံယူနေရသည်ဟု ဒေသခံရွာသား များထံမှ သိရသည်။ KNU ဝင်းရေးမြို့ နယ် တောင်စွန်းရွာတွင် အခြေစိုက်သည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူး ပေါင်းတပ်တို့ ယခုလ ဇန်နဝါရီလ ၁ ရက်နေ့မှ ၄ ရက်အထိ နှစ်ဖက်ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ ဘုရားသုံးဆူ သံဖြူဇရပ်လမ်းမကြီးအား ဖြတ်သန်း သွားလာမှု တားမြစ်ထားလိုက်သည်။ https://kicnews.org/2023/01/%e1%80%85%e1%80%85%e1%80%ba%e1%80% 80%e1%80%b1% e1%80%ac%e1

၁၅။ ရွှေညောင်မြို့ အမျိုးသမီးငယ်တစ်ဦး (၁၀) ရက်ကြာ ပျောက်ဆုံးနေ
January 23, 2023

သျှမ်းပြည် ရွှေညောင်မြို့ လှိုင်ဘုံသာ (၁) ကုန်းလှိုင်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးသည် (၁၀) ရက်ကြာ ပျောက်ဆုံးနေကြောင်းသိရသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၄ ရက် ညနေ ၂ နာရီဝန်းကျင်တွင် အသက် ၁၈ နှစ်အရွယ်ရှိ မယွန်းယွန်းထက်သည် သူငယ်ချင်းနှင့်အတူ မုန့်သွားစားမည်ဟုပြောပြီး နေအိမ်မှ ဆိုင်ကယ်တစ်စီး ထွက်သွား ရာ ယနေ့ချိန်ထိ အိမ်ကို ပြန်လာခြင်းမရှိကြောင်း၊ ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဖုန်းဆက်ပိတ်ထားသဖြင့် ၎င်း မိသားစုဝင် များက စိတ်ပူနေကြောင်း အဖွားဖြစ်သူက ပြောသည်။ “သူက သူငယ်ချင်းတွေနဲ့တစ်နေနေရာမှာ မုန့်သွားစားမယ်လို့ပြောတယ်။ သူ့ သူငယ်ချင်းတွေကလည်း အန်တီအိမ်ကို ရောက်လာပြီး သူနဲ့မတွေ့လို့ဆိုပြီး လာပြောပြတယ်။ ယောင်္ကျားခိုးပြေး တာလား တော့ မပြောတတ်ဘူး။ သူပျောက်သွားတာ ဒီနေ့နဲ့ဆို ၁၀ ရက်ကြာပြီ၊ ဖုန်းလည်းဆက်ပိတ်ထားတယ်။ ဘာသတင်း အချက် အလက်မှလည်း မကြားဘူး “ လို့ ၎င်းက ပြောသည်။

အဆိုပါ ပျောက်ဆုံးမှု နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို တိုင်ကြားထားခြင်း မရှိကြောင်းလည်း သိရသည်။ ထို့အပြင် နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုကြောင့် လူကုန်ကူးရောင်းစားခံရခြင်းနှင့် အန္တရာယ် တစ်ခုခုဖြစ်မည်ကို ၎င်းမိသားစု ဝင်များက စိုးရိမ်နေကြောင်း၊ မယွန်းယွန်းထက်ကို တွေ့ရှိပါက ဖုန်းနံပါတ် (09- 424 235 020၊ 09-762 729 628 နှင့် 09-970225142 ကိုဆက်သွယ်အကြောင်းကြားပေးပါရန်တို က်တွန်းထားပါသည်။ စစ်တပ်ကအာဏာသိမ်းပြီးနောက် တရားဥပဒေ စိုးမိုးမှုပျက်ပြားလာပြီး စီးပွားရေးကျဆင်းမှု၊ ပညာရေးကျဆင်းမှုစသည်ဖြင့် ပြည်တွင်းရှိ လူငယ်များမှာ နယ်စပ်ဒေသနှင့် အိမ်နီး ချင်းနိုင်ငံ ထိုင်းနိုင်ငံအတွင်းသို့ အလုံးအရင်းထွက်ပြေး တိမ်းရှောင်ကြသည်။ https://www.facebook.com/shannewsburm ese/phot os/a.341540565938393/5862675100491551/

၁၆။ ဆိုင်ကယ်တူးလ်ဘောက်တွင် ဝါယာကြိုးတွေ့သည်ဟုဆိုကာ အမျိုးသားတစ်ဦးဖမ်းဆီးခံရ
January 24, 2023

ဖားကန့်မြို့ ဥရုရတနာကျောက်စိမ်းတောင် တံတားအနီးနှင့် ပန်းတင်တံတားအနီးတွင် ယမန်နေ့ နံနက် ၉ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးမှုပြုလုပ်ပြီးဒေသခံပြည်သူ သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ဖြတ်သန်းသွားလာနေသော ပြည်သူများကို စစ်ဆေးမှုပြုလုပ်ခဲ့ရာ ဆိုင်ကယ်တူးလ်ဘောက်တွင် ဝါယာကြိုး တွေ့ရှိခဲ့သည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။ “မြို့ထဲမှာလည်း တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်စစ်တယ်။ ပြီးတော့ ဥရုရတနာတံတားနားမှာ ဆိုင်ကယ်တူးလ်ဘောက်ထဲ ဝါယာကြိုးတွေ့လို့ တဲ့။ အသားကုန်စစ်မေးပြီးခေါ်သွားတာ ရိုက်တာမျိုးတော့ မရှိဘူး” ဟုသူကပြောသည်။ ဖားကန့်မြို့အတွင်း စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်စွာဖြင့် ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေပြီး ယနေ့ဖမ်းဆီးခံခဲ့ရသူများမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရ ကြောင်း ရပ်ကွက်နေ အခြားဒေသခံတစ်ဦးက ပြောသည်။ “ကောင်းကောင်းပြောလည်းရတာကို မင်းတို့က ဘာကောင်တွေလဲ ဆိုပြီး ရန်တွေ့ပြီးစစ်တာ။ ပန်းတင်တံတားမှာလည်း အသားကုန်စစ်တာ ဘာကိုကြောက်လို့ကြောက်မှန်း မသိဘူး။ ဘယ်ခေါ် သွားလည်းတော့ မသိဘူးခေါ်သွားတာပဲ” ဟုသူကပြောသည်။ https://www.facebook.com/The74Media/photos/a.116371 983215665/732973878222136/

၁၇။ ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်း ပြီးပြန်လွှတ်
January 24, 2023

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရပြီး ၇ လခန့်ဖမ်းဆီးထိန်းသိမ်းခံရသော တီးတိန်မြို့က သိက္ခာတော်ရဆရာတော် အင်ခတ်မွန် (En Khat Muan) ၏အမှုကို စစ်ကောင်စီကပိတ်သိမ်းကာ ဇန်နဝါရီလ ၁၉ ရက်နေ့က ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။ တီးတိန်မြို့ Shalom Youth Committee လူမှုကူညီရေးအဖွဲဝင်လည်းဖြစ်သည့် ဆရာအင်ခတ်မွန်နှင့် ဦးလျန်ရှန်းမှုန် တို့ ၂ ဦးသည် Non-CDM ဝန်ထမ်းများနှင့်ပတ်သက်သော PDF-Zoland ၏ သတိပေးစာထုတ်ပြန်ချက်ကို လော်စပီကာဖြင့် လိုက်လံကြေညာခဲ့သောကြောင့်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့က ၂၀၂၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

တီးတိန်မြို့ဒေသခံတစ်ဦးက “သူ့ကျန်းမာရေးက ကောင်းတယ်၊ PDF-Zoland က ပေးထားတဲ့စာကို သူကြေညာတာ ဆိုတော့ သူပဲ အချုပ်ထဲရောက်သွားတာ၊ ရက်ပေါင်း နှစ်ရာကျော်တယ်။ တီးတိန်မြို့ပေါ်က မြို့မိ/မြို့ဖေတွရယ်၊ ဘာသာရေး အားလုံးပေါင်းပြီးတော့ ပြန်လွတ်ပေးဖို့တောင်းဆိုတာလေ” ဟု ပြောသည်။ ၎င်းတို့နှစ်ဦးကို တီးတိန်မြို့ ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားပြီးနောက် ဆရာအင်ခတ်မွန်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်တရားစွဲဆိုကာ အသံချဲ့စက်ထားရှိသည့် အိမ်ရှင်ဖြစ် သူ ကိုလျန်ရှန်းမုန်ကို ဇူလိုင်လ ၅ ရက်နေ့က ကတိခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ယခုအခါ ဆရာ အင်ခတ်မွန်ကို စစ်ကောင်စီက ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ https://www.facebook.com/KhonumthungBurmese/photos/a.168 157835877 6866/3348270248774327/

၁၈။ ကရင်နီစစ်ရှောင်ထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှု လျော့နည်းလာ
January 23, 2023

စစ်ကောင်စီအာဏာသိမ်းပြီးနောက် နှစ်နှစ်အတွင်း ကရင်နီပြည်တွင်းက စစ်ရှောင်တွေထံ လူသားချင်းစာနာထောက် ထားမှုအကူအညီပေးမှုတွေမှာ သိသိသာသာလျော့နည်းလာတယ်လို့ ကရင်နီအတိုင်ပင်ခံကောင်စီ (KSCC) လူသားချင်းစာနာ ထောက်ထားမှုကော်မတီ ပြောခွင့်ရ ဆရာဗညားက ပြောပါတယ်။ “တစ်နှစ်လည်းကျော်ပြီးနောက်ပိုင်းမှာ သူတို့မှာလည်းမရှိ တော့ဘူး။ ယူလာခဲ့တဲ့ဟာလည်း ကုန်သလောက်ဖြစ်နေပြီ။ စုဆောင်းတဲ့ဟာလည်းကုန်သလောက်ရှိနေပြီ။ အဲ့တော့ မှီခိုလာ တယ် နိုင်ငံတကာရဲ့အကူအညီတွေကို ပိုမှီခိုလာတယ်။ အကူအညီတွေကို ပိုမှီခိုတဲ့အချိန်မှာပဲ နိုင်ငံတကာကနေ ပံ့ပိုးတဲ့အကူညီ တွေလည်း လျော့သွားတယ်။ အထူးသဖြင့် ကျနော်တို့အရမ်းကိုအားကိုးခဲ့တဲ့ နိုင်ငံတကာရောက် ကရင်နီအမျိုးသားတွေ နိုင်ငံ တကာမှာရောက်နေတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ ကူညီမှုတွေက တော်တော်လေးကို ကျသွားတယ်။ ဒါကလည်း အမှန် တရားကို ကျနော်တို့လက်ခံရမှာပေါ့နော။”လို့ ဆရာဗညားက ပြောပါတယ်။ ဒေသတွင်း တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ခဲ့ရတဲ့ ၂၀၂၁- ၂၀၂၂ခုနှစ်အတွင်း စစ်ရှောင်တွေကို လူထုမှလူထု အချင်းချင်း ပြန်လည်ကူညီပေးတာ နဲ့ နိုင်ငံတကာ ရောက် မြန်မာနိုင်ငံသားတွေဆီကနေ ငွေကြေးပံ့ပိုးမှုက အားကောင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ရှောင်ကိုယ်၌က ယခင် ပိုင်ဆိုင်မှုတွေတွေကို ထုခွဲရောင်းချပြီး စားဝတ်နေရေးအတွက် ပြန်လည်အသုံးပြုခဲ့ကြရာကနေ အချိန်ကာလကြာမြှင့်လာတာနဲ့ အမျှ အခက်အခဲကြုံလာပြီး နိုင်ငံတကာရောက် အလှူရှင်တွေဆီကနေလည်း ငွေကြေးထောက်ပံ့မှုကလည်း အားနည်းလာတယ် လို့ ဆိုပါတယ်။

ဒီးမော့ဆိုအနောက်ဖက်ခြမ်း စစ်ရှောင်စခန်းတစ်ခုမှာ နေထိုင်သူ အမျိုးသမီးတစ်ဦးက “ကျွန်မတို့ စားနပ်ရိက္ခာ ဘယ်လို ဖြေရှင်းသွားလဲဆိုရင် ရှိတဲ့သူထံခဏလေး ချေးယူစားတာပေါ့။ မျှဝေမျှစားလုပ်ကြတာပေါ့နော်။ ဒါပေမဲ့ရှိတဲ့သူက ခုလောလော ဆယ်တော့ ဘယ်လိုရှိလဲဆိုတော့ ဆန်ကနည်းနည်းချဉ်သွားတာတွေ့တယ်။ ဒါပေမဲ့စားနေတယ်။ ဆန်ကိုချွေတာတယ်။ ဘယ်လို‌ ချွေတာလဲဆိုရင် ဆန်ကိုသုံးလေးငါး ကြိမ်ဆေးမှသာ ကျမတို့ကချက်စားရတယ်။ ဒါပေမဲ့အဆင်ပြေပါတယ်။ အဲဒါပြန်စားနေရ တယ်။ သူတို့က ချဉ်ချဉ် ခါးခါး ဆန်ဖြစ်ရင်ပြီးပြီပေါ့နော်။ မရှိတဲ့သူက အဲ့လိုပြောခါကျတော့ ကျွန်မတို့မှာ ရှိတဲ့သူ ကပေးစားတာ ပေါ့။ မရှိသူကိုပေးစားတာပေါ့။ အဲလိုပဲမျှဝေမျှစား လုပ်နေကြပါတယ်” လို့ ပြောပါတယ်။ အဲဒီစစ်ရှောင်စခန်းမှာ လူဦးရေ ၉၀၀ ခန့်ရှိပြီး အလှူရှင် မရောက်လာတာ ( ၃ ) လရှိပြီဖြစ်တဲ့အတွက် စစ်ရှောင်တွေအနေနဲ့ ဝင်ငွေရမဲ့ အလုပ်အကိုင်မရှိ တာကြောင့် ဆန်ကိုမဝယ်စားနိုင်ဘဲ ချေးငှားစားသုံးတဲ့နည်းကို ပြုလုပ်နေကြရတာပါ။ ယခင် အလှူရှင်အဖွဲ့တွေက ဆန်၊ ဆီ၊ ဆား၊ အဝတ် အထည်၊ မိုးကာ၊ ရေ လှူဒါန်းတာရှိပေမယ့် လက်ရှိမှာတော့ အလှူရှင်တွေနဲ့ချိတ်ဆက်နေပေမဲ့ မရရှိသေးဘူးလို့ ပြောပါတယ်။ နိုင်ငံတကာ UN အေဂျင်စီတွေ World Food Program စတဲ့ အဖွဲ့အစည်းတွေကနေ စစ်ဘေးရှောင်အရေးကို ထဲထဲဝင်ဝင်ကူညီ ဖို့လိုအပ်နေပေမယ့် စစ်ကောင်စီရဲ့ ထိန်းချုပ်မှုယန္တာရားကနေ သွားနေရတဲ့အတွက် လက်လှမ်းမမှီတဲ့ စစ်ရှောင်ဧရိယာတွေမှာ တော့ အခက်အခဲပိုမိုကြုံတွေ့နိုင်တယ်လို့ ဆရာဗညားက သုံးသပ်ပြောဆိုပါတယ်။ https://www.kantarawaddytim es.org/ %e1%80%80%e1%80%9b%e1%80%84%e1%80%ba%e1%80%94%e1%80

၁၉။ အင်းတော် လယ်ဇင်းကျေးရွာတွင် စစ်ကောင်စီတပ်သားများက KIA ဟုပြောဆိုကာ ဝင်ရောက်တပ်စွဲနေ
23 January 2023

အင်းတော်မြို့နယ် လယ်ဇင်းကျေးရွာတွင် စစ်ကောင်စီတပ်သားများ ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီးနောက် ၎င်းတို့သည် ကိုယ့်ကို KIA တပ်ဖြစ်ကြောင်း ပြောဆိုကာ ပြည်သူများ၏ ကြက်များကို သတ်ဖြတ် စားသောက်နေကြကြောင်း သိရသည်။ ထီးချိုင့်ဘက်မှ ဝင်လာသည့် အင်အား ၇၀ ကျော်ပါ စစ်ကြောင်းသည် ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်မှ စတင်ကာ မဲဇာ အုပ်စု လယ်ဇင်းကျေးရွာသို့ ဝင်ရောက်တပ်စွဲထားသည်ဟု အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။ ”စစ်ယူနီဖောင်း နဲ့ပဲဗျ အဲ့တာကိုသူတို့ကိုသူတို့ KIA စစ်သားတွေပါလို့ပြောပြီး ရွာသားတွေရဲ့ ကြက်တွေသတ်ခိုင်းပြီး ထမင်းတွေချက်ခိုင်း လုပ်နေ တယ်တဲ့ ရွာသားတွေကသိတာပေါ့ စစ်သားမှန်းကြောက်လို့သာ လက်ခံကျွေးမွေးထားရတာတဲ့”ဟုပြောသည်။ စစ်ကောင်စီတပ်များဝင်ရောက်လာသောကြောင့် ကျေးရွာသား အချို့ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သော်လည်း ထွက်မပြေးပဲ ကျန်နေသည့်ဒေသခံ များကို ကျေးရွာအပြင်မထွက်ခိုင်းပဲ အမျိုးသမီးများကို ထမင်း၊ဟင်း ချက်ပြုတ်ခိုင်းနေကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် ဇန်နဝါရီလ ၂၀ ရက်နေ့က ထီးချိုင့်ဘက်မှ တက်လာသည့် စစ်ကြောင်းဖြစ်ပြီး ၂၁ ရက်နေ့တွင် ကြိမ်ချောင်းကျေးရွာဘက်မှ သစ်ပုံလွင်ကျေးရွာဘက်သို့ ဆင်းလာစဥ် KIA ၊ PDF တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အကျ အဆုံးရှိခဲ့သည်။ အင်းတော်တွင်လက်ရှိ လယ်ဇင်းကျေးရွာသို့ ရောက်နေသည့် အင်အား ၇၀ ပါစစ်ကြောင်းတစ်ကြောင်းနှင့် နဘား သို့ ရောက်နေသည့် အင်အား ၈၀ ပါစစ်ကြောင်းတစ်ကြောင်း စုစုပေါင်းစစ်ကြောင်းနှစ်ကြောင်း ဝင်ရောက်နေကြောင်း သိရသည်။ https://burmese.kachinnews. com/2023/01/23/az3-18/

၂၀။ မတူပီမြို့နယ်အတွင်း လူ (၆)ဦးကို သတ်ဖြတ်မီးရှို့ထားပြီးပြည်သူပိုင်အိမ် (၂)လုံးမီးရှို့ခံရ
January 23, 2023

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ငလိုင်ရွာကို အကြမ်းဖက် စစ်တပ်က ဇန်နဝါရီ ၁၅ ရက်တွင် ဝင်ရောက်စီးနင်းကာ ဒေသခံ ပြည်သူ ၆ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အသတ်ခံရသူ ပြည် သူ ၂ ဦးမှာ ဦးဗန်ဘိတ် နှင့် ဦးလလ်ဗ်လျန် တို့ဖြစ်ကြောင်း အတည် ပြုနိုင်သော်လည်း ကျန် ၄ ဦးမှာ မည်သူမည်ဝါဖြစ်သည်ကို အတည်မပြုနိုင်ကြောင်း၊ စစ်တပ်က တရားမဝင် ရွေးကောက်ပွဲ ကျင်းပရန် မဲစာရင်းအတွက် အိမ်ထောင်စုစာရင်း ကောက်ခံရန်အတွက်ဟုဆိုကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ပြီး ပြည်သူပိုင်နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် ပြည်သူ ၂ ဦးဖြစ်သည့် ဦးဗန်ဘိတ်နှင့် ဦးလလ်ဗ်လျန် တို့ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း၊ထို့ပြင် မည်သူမည်ဝါ ဖြစ်ကြောင်း အတည်မပြုနိုင်သေးသည့် စစ်တပ်က သတ်ဖြတ်သွားသော ရုပ်အလောင်း ၄ လောင်းကိုထပ်မံ တွေ့ရှိခဲ့ကြောင်းသိရသည်။

စစ်ကြောင်းက ငလိုင်နှစ်ခြင်း အသင်းတော်နှင့် သန့်ရှင်းသောဝိညာဉ် အသင်းတော်အတွင်းရှိ အသုံးအဆောင် ပစ္စည်းများ ကိုလည်း တစ်ခုမကျန် ခိုးယူသွားကြောင်း၊ ပြည်သူပိုင် နေအိမ်အတွင်းရှိ အိမ်ထောင် ပရိဘောဂများ အားလုံးကို ယူဆောင်ပြီး နေအိမ်များကိုလည်း ဘူဒိုဇာဖြင့် ထိုးကာ အိမ်တိုင်များပါ ခိုးယူသွားကြောင်း သတင်းများအရသိရသည်။ အသတ်ခံရသူတစ် ယောက်ဖြစ်သည့် ဦးလာဗ်လျန် သည် Matu Chin Refugee Thaizawl မှ စစ်ဘေးရှောင်သူတစ်ဦးဖြစ်ပြီး ရွာကိုခဏပြန်စဉ် အတွင်းအသတ်ခံရကြောင်းသိရသည်။ https://www.faceb ook.com/photo?fbid=620355283427582&set=pcb.6203654

၂၁။ တောင်ကြီးတောင်ချွန်းပေါ် ဓားပြတိုက်မှုဖြစ်ပွားပြီး ဖုန်းနှင့်ငွေများပါသွား
January 23, 2023

တောင်ကြီးမြို့အရှေ့ဘက် တောင်ချွန်းတောင်ပေါ်သို့ တောင်တက်ခရီးသွားသည့် အဖွဲ့တစ်ဖွဲ့က အပြန်လမ်းခရီး တစ်နေရာ ပတ္တာမြားဂူအနီး တောအလယ်ကြားတွင် ဇန်နဝါရီလ ၂၂ ရက်နေ့က ဓားထောက်ဓားပြတိုက်မှုခံခဲ့ရကြောင်း သိရပါ သည်။ ဓားထောက်ဓားပြတိုက်ခံလာသူများသည်အဖွဲ့လိုက်ဖြစ်ပြီး အဖွဲ့မှပါလာသော ဖုန်း ၆ လုံးအပါအဝင်ပိုက်ဆံများ ပါသွား ကြောင်းသိရသည်။ ”သူငယ်ချင်းရဲ့လည်ပင်းကို ဓားမြောင်နဲ့ထောက်ထားတော့ တစ်ဖွဲ့လုံးက ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ တော့ဘူး၊ ပါလာတဲ့ပစ္စည်းတွေ အကုန်ပေးခဲ့ရတယ်၊ ညီမတွေ့ကြုံခဲ့ရတာလဲ တကယ့်အမှန် ကြောက်လန့်သွားတာပဲ လူတွေ တော့ဘာမှမလုပ်သွားကြလို့ပါ” ဟု ဓားပြတိုက်ခံရသူ ကာယာကံရှင်ကိုယ်တိုင်ကခမ်းသားငေါဝ်းကို ပြောသည်။

တောင်ချွန်းတောင်တက်လမ်းခရီးတွင် ယခင်ကတည်းက ဓားပြတိုက်မှုဖြစ်ပွားသည့် ဖြစ်စဥ်များကိုလည်း ကြားသိခဲ့ ရသော်လည်းယခု ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး ယခုအဖွဲ့သားများကအားလုံး Safe ဖြစ်နေပြီဖြစ်ကြောင် း၎င်းကဆက်ပြောသည်။ တောင်ချွန်းဘက်သို့ ခရီးသွားမည်ဆိုလျှင်လုံခြုံမှု မဖြစ်သည့်နေရာတစ်ခုဖြစ်ကြောင်းနှင့် တစ်ခုခုဖြစ်သွားလျှင်လည်း ဘာမှလုပ် လို့မရသည့် အခြေနေကြောင့် ဖြစ်နိုင်လျှင်မသွားကြရန် ၄င်း ကာယာကံရှင်ကိုယ်တိုင်က သတိပေးတိုင်တွန်းထားပါသည်။ https://www.facebook.com/Kha mSarNgor/photos/a.625260164310576/2255177401318836/

၂၂။ ကော့သောင်းမြို့ မီးသတ်တပ်ဖွဲ့ မတော်တဆပေါက်ကွဲမှုကြောင့် မီးသတ်တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
January 23, 2023

ကော့သောင်းမြို့က မီးသတ်ဌာနမှာ မတော်တဆပေါက်ကွဲမှုတစ်ခုဖြစ်ပွါးပြီး မီးသတ်သမားတစ်ဦးသေဆုံးခဲ့တယ်လို့ ဌာနနဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရသိရပါတယ်။ မနေ့က မနက် ၁၀ နာရီဝန်းကျင်အချိန်မှာ ဖြစ်ပွါးခဲ့တာဖြစ်ပြီး နီးစပ်သူတွေ ရဲ့ ပြောပြချက်အရ မီးသတ်ဌာနရေတိုင်ကီထဲမှာဆေးဝင်သုတ်နေချိန် အောက်ဆီဂျင်အိုး လို့ခေါ်တဲ့ အသက်ရှူ ကိရိယာ မတော် တဆပေါက်ကွဲတာဖြစ်တယ်လို့သိရပါတယ်။ ပေါက်ကွဲမှုကြောင့် မီးသတ်သမားတစ်ဦး သေဆုံးပြီး တစ်ဦးကတော့ အပြင်းထန် ဒဏ်ရာရရှိခဲ့တာမို့ အရေးပေါ်လူနာအနေနဲ့ ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။ ”အသံကြားကြားချင်း ဗုံးထင်နေတာ။ နောက်တော့ မီးသတ်မှာ လူတွေအုံနေမှ အောက်ဆီဂျင်အိုးမတော်တဆ ဖြစ်တာလို့သိရတယ်။သေသွားတဲ့ကောင်လေးက ငယ်ငယ်လေး။ အလုပ်လည်းကြိုးစားတယ်။”လို့ အနီးအနားနေထိုင်သူ တစ်ဦးကပြောပါတယ်။ သေဆုံးသွားတဲ့ မီးသတ် သမားဟာ အသက် ၂၁ နှစ်အရွယ် ကိုလပြည့်ဝန်းဆိုသူဖြစ်ပြီး ဒဏ်ရာရရှိသူရဲ့ အချက်အလက်တာ့ မသိရသေးပါဘူး။ ပေါက်ကွဲမှု ဖြစ်ပြီး နောက်ပိုင်း ရဲတပ်ဖွဲ့ က လာရောက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။ https://www.facebook.c om/photo/?fbid=222700846814339&set=a.196212682796489

၂၃။ KNU သထုံခရိုင်မှာ စစ်ကောင်စီ ရွေးကောက်ပွဲ လုပ်ခွင့်မပြုကြောင်း ထုတ်ပြန်
January 23, 2023

စစ်ကောင်စီပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်နယ်၊ သထုံခရိုင်ရဲ့ နယ်မြေ တွေမှာ လုပ်ခွင့်ပြုမှာမဟုတ်ဘူးလို့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ KNU သထုံခရိုင်က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ ရွေးကောက် ပွဲဟာ အဓမ္မအာဏာသိမ်းယူထားတဲ့ အခြေအနေကနေ တရားဝင်မှုရအောင် ကြိုးပမ်းတာဖြစ်ပြီး ပြည်သူတွေနဲ့ နိုင်ငံတကာကို လှည့်ဖျားနေတာ ဖြစ်တယ်လို့ သထုံခရိုင်က ဆိုပါတယ်။ ဒီမိုကရေစီအနှစ်သာရနဲ့ ပြည်သူတွေရဲ့ ဆန္ဒကိုဆန့်ကျင်တဲ့ စစ်ကောင်စီ ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာမှာ မဟုတ်ဘူးလို့လည်း ရေးသား ထားပါတယ်။ ဒီအတွက် စစ်ကောင်စီရွေးကောက်ပွဲကို KNU သထုံခရိုင်ထဲမှာ ကျင်းပခွင့်ပေးမှာ မဟုတ်ဘဲ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီထုတ်ပြန်ချက်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ ၂၅ ဖွဲ့ပါဝင်တဲ့ တပ်မဟာ ၁ နယ်မြေ၊ သထုံခရိုင် မိတ်ဖက် တော်လှန်ရေးအင်အားစုကလည်း ကြေညာထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပြီး ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပလောင် ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ကလည်း ဆန့်ကျင်မယ်လို့ ဆိုထားပါတယ်။ https://www.facebook.co m/rfaburmese/photos/a.10150522560153128/10162387201223128/

၂၄။ ဝိုင်းမော်တွင် သစ်ပင်ခုတ်ရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး
January 24, 2023

ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာအုပ်စုတွင် ယမန်နေ့ နေ့လယ်က သစ်ပင်ခုတ်ရာမှ အမျိုးသားတစ်ဦး ဓါတ်လိုက် သေဆုံးခဲ့ကြောင်းသိရသည်။ ဝါးရှောင်ကျေးရွာအုပ်စု ဂွေရွတ်ယန်ကျေးရွာတွင် အမျိုးသားတစ်ဦးက လျှပ်စစ်ထရန်စဖော်မာ ရှိနေ‌သော ခြံဝင်းအတွင်း သစ်ပင်ခုတ်ရာမှ မီးကြိုးကိုထိမိပြီး ဓါတ်လိုက်သေဆုံးခဲ့သည်ဟု ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ကိုပြောသည်။ “သူက အပင်ခုတ်ခိုင်းလို့ နေ့စားသွားတာ။ သူတို့လုပ်ခိုင်းတာကို လိုက်လုပ်တာကြောင့် လျှပ်စစ်လိုက်ပြီး သေသွား တယ်။ ထရန်စဖော်မာထည့်ထားတဲ့ဝင်းမှာ မီးကြိုးတွေအရမ်းများတယ်။ သူက ဘာက ဘာမှန်း သိတဲ့သူမဟုတ်ဘူး။ သစ်ပင်ခုတ် တဲ့အခါမှာ ကြိုးကိုသွားထိမိတဲ့အချိန် ဓာတ်လိုက်လိုက်ပြီး သေသွားတယ်” ဟုသူကပြောသည်။ သေဆုံးခဲ့သူမှာ အသက် ၄၈ နှစ်ခန့်အရွယ်ရှိ ဦးအောင်သောင်းဆိုသူဖြစ်ပြီး သားသမီးလေးဦးနှင့် ဆွံ့အနေသည့် အမျိုးသမီးဖြစ်သူတို့ကို နေ့စားအလုပ်ဖြင့် ရှာဖွေကျွေးမွေးနေသူဖြစ်ကြောင်း သူကဆက်ပြောသည်။ ဓာတ်လိုက်သေဆုံးခဲ့မှုနှင့်ပတ်သက်ပြီး အလုပ်လုပ်ရန်ခေါ်ယူခဲ့ သူများ က လျော်ကြေးငွေ ပေးဆောင်ခြင်းရှိ၊ မရှိကို အတည်မပြုနိုင်သေးပါ။ https://www.facebook.com/The7 4Media/photos/pc b.733005161552341/733003824885808/

၂၅။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းရန် စစ်ခေါင်းဆောင်အမိန့်ပေး
January 24, 2023

မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီတွေ များပြားနေပြီး ပါတီအလိုက်ပြည်သူကို ကိုယ်စားပြုနိုင်မှုမှာ အားနည်းနေကြောင်းနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကော်မရှင်ကို အမိန့်ညွှန်ကြားလိုက်ပါတယ်။ ဇန်နဝါရီ ၂၄ ရက်က နေပြည်တော်မှာကျင်းပတဲ့ စစ်ကောင်စီ အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာလို့ စစ်ကောင်စီ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ အရင်ရွေးကောက်ပွဲ အတွေ့အကြုံတွေအရ ပါတီများပြားပေမဲ့ လွှတ်တော်မှာ ပါဝင်ခွင့်ရတဲ့ ပါတီနည်းပါးကြောင်း၊ နိုင်ငံရေးပါတီများပြားပြီး ပါတီဝင် တွေ အစုအဖွဲ့တစ်ခုအနေနဲ့သာ လုပ်ဆောင်နိုင်တာတွေ့ရကြောင်း၊ ပါတီတွေအားလုံး အခုထက်ပိုမို ကျစ်လျစ်ခိုင်မာစွာ၊ စည်း စနစ်ကျစွာ ထုထည်နဲ့ ဖွဲ့စည်းနိုင်ဖို့လိုကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံး နေတာဖြစ် လို့ ဘယ်အခြေအနေဖြစ်ဖြစ် လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုးပမ်းသွားမယ်၊ EAO အဖွဲ့တွေနဲ့ ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်တည်ဆောက်ရေးကို မူအားဖြင့် သဘောတူညီမှုရရှိပြီးဖြစ်လို့ နိုင်ငံတဝန်း အကြားအလပ်မရှိရွေးကောက်ပွဲကျင်းပနိုင်ရေးလုပ်သွားမယ်၊ ပြည်သူအားလုံး ခြိမ်းခြောက်မှု၊ အကြပ်ကိုင်မှုမရှိဘဲ လွတ်လပ်စွာဆန္ဒဖော်ထုတ်မဲပေးနိုင်ရေး ဦးတည်ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

ဒါအပြင် ရွေးကောက်ပွဲကော်မရှင် အနေနဲ့လည်း ပါတီတွေကိုမှတ်ပုံတင်ဆောင်ရွက်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တဲ့ နိုင်ငံရေးပါတီတွေ မဖြစ်ဖို့လိုကြောင်း၊ ရွေးကောက်ပွဲကော်မရှင်ရုံးတွေ အပြည့်အစုံ ဖွင့်လှစ်ဖို့၊ မဲစာရင်းမှန်ကန်ရေး ကြိုတင် ပြင်ဆင်ဆောင်ရွက်ဖို့၊ ရွေးကောက်ပွဲကို ပြည်သူ အားလုံးပါဝင်တဲ့ လွတ်လပ် တရားမျှတပြီး အကြားအလပ်မရှိ ကျင်းပ နိုင်ဖို့၊ သမာသမတ်ရှိပြီး စနစ်ကျတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်နဲ့အညီ ဆောင်ရွက်ပြီးစီးပါက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမို ကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြန်ကျင်းပပြီး အနိုင်ရတဲ့ပါတီကို ဒီမိုကရေစီစံနှုန်းနဲ့အညီ နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပေမဲ့ ဘယ်အချိန်မှာ ရွေးကောက်ပွဲကျင်းပမယ် ဆိုတာကိုတော့ ပြောမသွားပါဘူး။ စစ်ကောင်စီကျင်းပမယ့်‌ ရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက်ရှာတဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်လို့ ပြည်သူအားလုံး ဆန့်ကျင်ကန့်ကွက်ကြဖို့ အန်ယူဂျီ အပါအဝင် တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။ https:/ /burmese.dvb.no/archives/575134

၂၆။ မြစ်ကြီးနားမြို့တွင် ၅/နှင့် ၆/ မှတ်ပုံတင်ကိုင်ဆောင်ထားသူများအား စစ်ဆေးအရေးယူသွားရန် စစ်ကောင်စီပြင်ဆင်နေ
January 24, 2023

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စစ်ကိုင်းတိုင်း မှတ်ပုံတင်ဖြစ်သော ၅/ နှင့် မကွေးတိုင်း မှတ်ပုံတင် ၈/ ကိုင်ဆောင် ထားသူများကို စစ်ဆေးကာ မသင်္ကာသူများကို ဖမ်းဆီးအရေးယူသွားမည်ဟု တပ်နှင့် နီးစပ်သူများထံမှ သိရသည်။ စစ်ဆေးမှုကို လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ မြို့ပေါ်ရပ်ကွက်များတွင် စတင်လုပ်ဆောင်နိုင်ရန် စီစဉ်နေသည်ဟု တပ်နှင့် နီးစပ် သူ တစ်ဦးက ပြောသည်။ “အဓိက စစ်ကိုင်းတိုင်း မှတ်ပုံတင်ကိုင်တဲ့သူနှင့် မကွေးတိုင်းမှတ်ပုံတင်ကိုင်တဲ့သူတွေ စစ်ဆေးဖို့ဆိုပြီး လုပ်နေကြတာ တော့ကြာပြီ။ နောက်လကစပြီး စစ်ဆေးတော့မှာတဲ့”ဟုတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ လုပ်ငန်းစဉ် အနေဖြင့် ရပ်ကွက်အလိုက် တစ်အိမ်တက်တစ်အိမ်ဆင်းစနစ်ဖြင့် လိုက်လံ စစ်ဆေးမည်ဟု သိရသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြစ်ကြီးမြို့ပေါ် ရပ်ကွက်တစ်ခုမှ အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးအား မေးမြန်းရာ ယနေ့ချိန်ထိ ညွှန်ကြားလာခြင်း မရှိသေးကြောင်း အမည်မဖော်လိုသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ခုလိုပြောသည်။ “ခုထိတော့ပြောလာတာ ညွှန်ကြား လာတာတော့မရှိသေးဘူး။ ဒါပေမယ့်ဖြစ်နိုင်တာကတော့ ညွှန်ကြားတာမရှိလည်း စစ်မယ့်ရက် တစ်ခါတည်း ဝင်စစ်တာမျိုး လည်းဖြစ်နိုင်တယ်”ဟုမြစ်ကြီးနားမြို့ပေါ်ရပ်ကွက်မှ အမည်မဖော်လိုသည့် အုပ်ချုပ်ရေးမှူး တစ်ဦးက ဆိုသည်။

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသူများထဲတွင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့မှ အများဆုံးပါဝင်နေသော ကြောင့် ၎င်းတို့ကို စစ်ကောင်စီက အဓိကထား ရှာဖွေခြင်း ဖြစ်နိုင်သည်ဟု မြစ်ကြီးနားမြို့ခံ တစ်ဦးက သုံးသပ်ပြောဆိုသည်။ “တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ စစ်ကိုင်းနဲ့ မကွေးအဖွဲ့တွေက စစ်တပ်ကို တော်လှန်တာများတယ်လေ။ ဒါကြောင့် သူတို့ကို ဦးစားပေး ပြီး မသင်္ကာတာလေ။ ဒီဘက် KIA တော်လှန်ရေးစစ်သားတွေကိုတောင် အဓိကမဟုတ်ဘူး။ စစ်တပ်က PDF တွေကို အဓိကထား စစ်ဆေးနေတာဟုတ်တယ်။” ဟု ပြောသည်။ https://burmese.kachinnews.com/2023/01/24/zm1-36/

၂၇။ မိုင်းပန်မြို့နယ် ကျင်းပမည့် သျှမ်းအမျိုးသားနေ့ ကို စစ်ကောင်စီမှ ဖျက်သိမ်းခိုင်း
January 22, 2023

သျှမ်းပြည် မိုင်းပန်မြို့တွင် လာမည့် ၂၀၂၃ ဖေဖော်ဝါရီ ၇ ရက်တွင် ကျရောက်မည့် (၇၆) နှစ်မြောက် သျှမ်းအမျိုးသားနေ့ ကို စစ်ကောင်စီမှ ဖျက်သိမ်းခိုင်းကြောင်းသိရသည်။ သျှမ်းအမျိုးသားနေ့ကို ပြီးခဲ့သည့် ကိုဗစ် – ၁၉ ရောဂါ ကူးစက်ချိန်မှစပြီး မကျင်းပနိုင်ခြင်းမှာ ၃ နှစ်ရှိပြီး ယခုနှစ် ၂၀၂၃ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် (၇၆) နှစ်ပြည့် သျှမ်းအမျိုးသားနေ့ကို မိုင်းပန်မြို့ နားဝမ်ရွာမှာ ပြန်လည်ကျင်းပရန် ရည်ရွယ်ခဲ့သည်။ အဆိုပါ သျှမ်းအမျိုးသားနေ့ကို ပြန်လည်ကျင်းပနိုင်ရန် ပြင်ဆင်နေစဉ် ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းအချိန်က စစ်ကောင်စီ တပ်သားတချို့ နှင့် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများက ရောက်ရှိ လာပြီး “ ဤနေရာမှာ သျှမ်းအမျိုးသားနေ့ မကျင်းပရန် “ လာရောက် တားမြစ်လိုက်ကြောင်း မိုင်းပန်ဒေသခံ တစ်ဦးက ပြော သည်။ “ ဒီနှစ် သျှမ်းအမျိုးသားနေ့ ပြန်လည်ကျင်းပဖို့ ကျနော်တို့ ၃ လကျော် အချိန်ပေးပြီး လုပ်လာခဲ့တယ်။ စတိတ်စင်တွေ၊ ပွဲလည်မယ့် ဧည့်သည်တွေ အိပ်မယ့်နေရာတွေ အကုန်ပြင်ဆင်ပြီးပြီ။ ဒီနေရာကို သူတို့ပေးမလုပ်ဘူးတဲ့၊ တခြားနေရာမှာ လုပ်ချင် ရင်လုပ်လို့ရတယ်။ ဒီနေရာတော့ လုံးဝပေးမလုပ်ဘူး ပြောတော့ ကျနော်တို့လည်း ပြန်ပြီး ဖျက်သိမ်းလိုက်ရတယ်”ဟု မိုင်းပန် ဒေသခံတစ်ဦးက ပြောသည်။

မိုင်းပန်မြို့တွင် ကျင်းပမည့် သျှမ်းအမျိုးသားနေ့ကို သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) က ဦးဆောင်ပြီး ပြုလုပ်သဖြင့် စစ်ကောင်စီက လာရောက်တားမြစ် ကြောင်းလည်းဖြစ်သည်ဟု မိုင်းပန်ဒေသခံ အသက် ၃၅ နှစ်အရွယ်ရှိ လူငယ်တစ်ဦးက သုံးသပ်ပြောသည်။ “ ကျနော်တို့ မိုင်းပန်က သျှမ်းအမျိုးသားနေ့ကို RCSS က ဦးဆောင်ပြီး ပြုလုပ်တာဖြစ်တယ်။ ဒီ သျှမ်းအမျိုးသားနေ့ ကျင်းပပြီးတဲ့ နောက်ပိုင်း ဒီက နယ်မြေတွေ RCSS တိုးချဲ့မှာကို စစ်ကောင်စီတွေက ကြောက်လို့လားတော့ မပြောတတ်ဘူး။ အဲ့ကြောင့် အခုလို လာတားမြစ်တာ ဖြစ်နိုင်တယ်“ ဟု ၎င်းက သုံးသပ်ပြီး ပြောသည်။ သို့သော်လည်း လာမည့် ဖေဖော်ဝါရီလ ၇ ရက်တွင် ကျရောက်မည့် ၇၆ နှစ်မြောက် သျှမ်းအမျိုးသားနေ့ အခမ်းအနားသည် မိုင်းပန် မြို့ ရှမ်းစာပေ/ယဥ်ကျေးမှုအသင်းနှင့် ဒေသခံပြည်သူလူထုပူးပေါင်းပြီး လုပ်ဆောင်မည်ဖြစ်ကြောင်း နှင့် RCSS အနေဖြင့် ပါဝင်မည် မဟုတ်ကြောင်း တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အုမ်ခေး က ပြောဆိုခဲ့သည်။ https:// burmese.shannews.org/archives/32669

၂၈။ စည်းကမ်းမဲ့မြေစာစွန့်ပစ်မှုများကြောင့် ရေကြီးရေလျှံဖြစ်မည်ကို ဒေသခံများ စိုးရိမ်နေ
January 24, 2023

ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများက မြေစာများကို စည်းကမ်းမဲ့ လာရောက်စွန့်ပစ်နေသောကြောင့် ဖားကန့်မြို့နယ် မနကျေးရွာရှိ ချောင်း ရေကြီးရေလျှံမှုဖြစ်ပွားလာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။ ရှရောခချောင်းအတွင်းသို့ မြေစာများ လာရောက်စွန့်ပစ်နေသောကြောင့် ချောင်းရေလမ်းကြောင်းပိတ်ကာ ရွာအတွင်းသို့ ရေဝင်လာမည်ကို စိုးရိမ်နေခြင်းဖြစ်သည်ဟု ရပ်ကွက်နေဒေသခံတစ်ဦးကပြောသည်။ “အစကတော့ အိမ်ချဲ့ဖို့မြေစာဖို့သလိုနဲ့ လုပ်လာတာ အခုအဲ့အောက်ခြေနားက လမ်းကို ပါဖို့လိုက်ပြီ။ ဆိုးတာက ရွာနားမှာရှိတဲ့ ရေချောင်းကိုပါလာဖို့တော့ တရားတော်တော်လွန်သွားပြီး။ ကုမ္ပဏီနာမည်မေးတော့ မသိ ဘူးတဲ့” ဟုသူကပြောသည်။ အဆိုပါရှရောခချောင်းသည် ဆိုင်းဂျာဘွမ်ကျေးရွာမှ စီးဆင်းလာသောချောင်းဖြစ်ပြီး မိုးတွင်းအချိန် ချောင်းရေကြီးလျင် ကမ်းပါးရေတိုက်စားသောကြောင့် ကျေးရွာအတွင်း ရေဝင်ရောက်ခြင်းမရှိစေရန် ရေထိန်နံရံများလည်း ပြုလုပ် ထားကြောင်း သူကဆက်ပြောသည်။

မြေစာကားများက မွန်းတည့် ၁၂ နာရီခန့်မှစတင်ကာ နောက်တစ်နေ့ နံနက် ၆ နာရီအထိ မြေစာလာသွန်ခြင်းဖြစ်ပြီး ကားစက်သံ၊ ဘက်ဟိုးသံ စသည့်ဆူညံသံများကြောင့်လည်း အိပ်ရေးပျက်ရကြောင်း ရပ်ကွက်နေအခြားဒေသခံ တစ်ဦးက ပြော သည်။ “စက်သံတွေက ဆူညံနေတော့ ဘယ်လိုမှအိပ်မရဘူး။ ရွာနဲ့အရမ်းနီးတယ်လေ ပြောရမယ်ဆို အိမ်နောက်ဖေးကနေဆို နီးနီးလေး အောက်ကချောင်းခြားထားလို့သာ သူတို့သွန်းတဲ့မြေစာတွေက အဲ့မှာ ကျနေတာ။ ရွာတစ်ခုခုဖြစ်ရင်လည်း သူတို့ တာဝန်ယူမှာမဟုတ်ဘူး။ မြေစာတွေ နင်းကန်လာပစ်နေတာ” ဟုသူကပြောသည်။ ဖားကန့်မြို့တွင် နှစ်စဉ်မိုးရာသီအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိပြီ ၂၀၂၂ ခုနှစ် ဇွန်လကလည်း ဥရုချောင်းရေကြီးရေလျှံမှုကြောင့် အေးမြသာယာရပ်ကွက်၊ ငှက်ပျောတောရပ်ကွက်၊ မရှီကထောင်ရပ်ကွက်နှင့် မြို့မရပ်ကွက်တို့တွင် ရေဝင်ရောက်ခဲ့ပြီး ပြည်သူအချို့မှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြရသည်။ https://www.facebook.com/The74Media/photos/pcb.733031994882991/ 732985528220971/

၂၉။ စစ်တွေက ဒုက္ခသည်စခန်းများတွင် လူဦးရေတိုးလာသဖြင့် နေထိုင်ရေး ကျပ်တည်းလာကြောင်းပြော
January 23, 2023

ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်းများတွင် ဆယ်စုနှစ်တစ်ခုကြာ နေထိုင်နေရသည့် မွတ်ဆလင် ဒုက္ခသည်များမှာ လူဦးရေတိုးလာခြင်းကြောင့် လက်ရှိတွင် နေထိုင်ရေး ကျပ်တည်းလာနေကြောင်း သိရသည်။ ဒုက္ခသည်စခန်းမှ ၁၀ ပေပတ်လည်ရှိသည့် အခန်းတစ်ခုအတွင်း မိသားစုဝင် ၁၀ ဦးကျော်အထိ နေထိုင်နေကြရသဖြင့် နေအိမ်များ တိုးချဲ့ဆောက် လုပ်ပေးရန် ဒုက္ခသည်များက လိုလားနေကြသည်။ အချို့သော ဒုက္ခသည်များမှာ နေထိုင်ရန်နေရာမဆံ့သဖြင့် စခန်းအနီးရှိ လယ် ကွင်းပြင်တွင် ယာယီတဲအိမ်များ ဆောက်လုပ်နေထိုင်နေကြသည်ဟု ဘောဒူဖဒုက္ခသည်စခန်းတွင် နေထိုင်သူတစ်ဦးက ပြော သည်။ “တချို့မိသားစုတွေမှာက ၁၀ ယောက်၊ ၁၅ ယောက်လောက် နေရတာတွေရှိတယ်။ အဆောင်တွေမှာက လူ ၄ ယောက် လောက်ပဲ နေလို့ရတယ်။ တချို့ ငွေမတတ်နိုင်တဲ့ လူတွေဆိုရင်လည်း အဆင်ပြေသလို နေရတာတွေရှိတယ်။ မိသားစုဝင်များတဲ့ လူတွေဆိုရင်လည်း လယ်ပြင်မှာသွားပြီး ဖြစ်သလိုနေကြတယ်”ဟု ၎င်းကဆိုသည်။

ဒုက္ခသည်စခန်းများ စတင်ဖွင့်လှစ်ချိန်က အခန်းတစ်ခန်းတွင် မိသားစုဝင် ၆ ဦးစီ နေထိုင်နိုင်ခဲ့သော်လည်း ဆယ်စုနှစ် တစ်ခု ကြာမြင့်လာပြီးနောက်တွင် လူဦးရေတိုးလာသဖြင့် နေထိုင်ရန်နေရာမဆံ့ ဖြစ်လာနေခြင်းဖြစ်သည်။ စစ်တွေမြို့နယ်တွင် ဘောဒူဖ(၁)၊ ဘောဒူဖ(၂)၊ သဲချောင်း၊ ဆေးသမား၊ ဒါးပိုင်၊ သက္ကယ်ပြင်၊ ဘာဆာရွာ စသည့်ဒုက္ခသည်စခန်း ၁၂ ခုရှိပြီး ဒုက္ခသည် ဦးရေ ၁၀၇၂၁၈ (တစ်သိန်းခုနှစ်ထောင်)ခန့်ရှိကြောင်း သိရသည်။ ဒုက္ခသည်စခန်းသို့ရောက်ရှိသွားကြသည့် မွတ်ဆလင်များမှာ တစ်ရွာနှင့်တစ်ရွာ၊ တစ်မြို့နယ်နှင့် တစ်မြို့နယ် ခရီးသွားလာခွင့်ကို အာဏာပိုင်များက တင်းကျပ်ထားမှုကြောင့် ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းမှအစ ဆုံးရှုံးနေသည်ဟု မွတ်ဆလင်များကပြောသည်။ သဲချောင်းဒုက္ခသည်စခန်းတွင် နေထိုင်သူ တစ်ဦးက “တချို့ကတော့ ငါးဖမ်းဘုတ်တွေမှာလိုက်ပြီး အလုပ်,လုပ်ကြတယ်။ တချို့ကျတော့လည်း ဆိုင်ကယ်ကယ်ရီမောင်းတဲ့ အလုပ်,လုပ်ကြတယ်။ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်းမှာ အနည်းဆုံးက ၉၀ လောက် အလုပ်လက်မဲ့ဖြစ်နေပါတယ်။ ကျန်တဲ့လူ တွေက အထောက်အပံ့တွေနဲ့ပဲ ရပ်တည်နေကြရတာ။ အလုပ်အကိုင်တွေ ပိုပြီးရှိလာမယ်လို့ မျှော်လင့်မိပါတယ်”ဟု ပြောသည်။ ရခိုင်ပြည်အတွင်း ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်နောက်ပိုင်း တိုက်ပွဲရပ်တန့်နေချိန်တွင် ရက္ခိုင့်တပ်တော်(ULA/AA)က ရခိုင်နှင့် မွတ်ဆလင် အသိုင်းအဝိုင်းကြား ဆက်ဆံရေးကောင်းမွန်အောင် လုပ်ဆောင်ခဲ့သည်။ https://www.facebook.com/dmgne wsagency/pho tos/pcb.2506419096177153/2506417782843951/

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။