• Today is: Thursday, April 25, 2024

စုဗူးဖောက်ရတဲ့ ရုရှား 

စုဗူးဖောက်ရတဲ့ ရုရှား 
ရုရှားက စုထားတဲ့ရံပုံငွေ ၁၈၀ ဘီလျံထဲကနေ ၃၈ ဘီလျံ ထုတ်သုံးရတဲ့အဆင့်ရောက်လာပါတယ်။ အိန္ဒိယက လည်း မတရားစျေးဆစ်ပြီးရေနံကို တစည် ၆၀$ အောက်နဲ့ဝယ်တော့ အရင်းနီးပါးနဲ့ရောင်းနေရတဲ့အနေအထားဖြစ်သွားတယ်။ ဒီကြားထဲ Estonia က ဘောလတစ်ပင်လယ်က ဖြတ်သယ်တဲ့ လမ်းကြောင်းကို ဖြတ်ခွင့်မပေးဘူးလို့ဆိုပြီး ကြပ်ဘို့လုပ်နေတော့ အက်စတိုးနီးယားကို စစ်မျက်နှာ အသစ်ဖွင့်ပြီးဝင်သိမ်းမှပဲရမဲ့ပုံစံပဲ။
ဖင်လန်နဲ့ ဆွီဒင်က နေတိုးအဖွဲ့ဝင်ဖြစ်လာရင်၊ အက်စတိုးနီးယားကလည်းနေတိုးမို့ ဘောလတစ်ပင်လယ်တခုလုံး ရုရှားလမ်းကြောင်းပိတ်သွားမှာပါ။ နေတိုးအဖွဲ့ဝင်ကိုတိုက်လိုက်ရင် တောင်ဖက် ပင်လယ်နက် လမ်းကြောင်းက နေတိုးအဖွဲ့ဝင်တံခါးမှူး တူရကီကလည်း ရုရှားသင်္ဘောတွေ ကို ဖြတ်ခွင့်မပေးတော့ပဲ ပိတ်ရတော့မှာပါ။
ဒါဆိုရင် ကာစပီယမ် ပင်လယ်ကနေ အီရန်ကိုပစ္စည်းပို့ အဲ့ဒီကမှ ကျန်နိုင်ငံတွေတဆင့်ထပ်ပို့မလား ဒါမှမဟုတ် အရှေ့ဖျားဆိုက်ဘေးရီးယားကနေ ပိစိဖိတ်သမုဒ္ဒရာထဲကိုသွား အဲ့ဒီကနေ တမျှော်တခေါ်ကြီးပတ်ပြီး ပင်လယ်ရေကြောင်းကူးသန်းရောင်းဝယ်ရေးလုပ်မလားပဲရှိပါတယ်။
ခုတော့ အက်စတိုနီးယားနဲ့ အပြန်အလှန် သံတမာန်တွေမောင်းထုတ်တဲ့အဆင့်တော့ဖြစ်လာကြပြီဖြစ်ပါတယ်။ စီးပွါးရေးအကြပ်အတည်းဟာ အာဏာရှင်တွေ တထစ်လျှော့ရမဲ့ အခြေအနေတွေ ဖြစ်လာစေမှာဖြစ်ပါတယ်။
ရေရှည်စစ်ဖြစ်နေရင် စုထားသမျှကုန်မှာဖြစ်သလို စစ်ပြီးပြန်လည်ထူထောင်ရေးဟာ အင်မတန်ခက်ခဲတဲ့အခြေအနေကိုပြန်ရောက်သွားမှာ ဖြစ်လို့ ဇာဘုရင်လက်ထက်လို အခြေအနေတွေ မရှုနိုင်မကယ်နိုင်ဆိုးဝါးသွားမှာ ဖြစ်ပါတယ်။ ဒီတော့ပူတင်အတွက် ဒီ ၂၀၂၃ နှစ်အတွင်း စစ်ပွဲပြီးအောင်တိုက်ဖို့လိုလာပါတယ်။
ပေါက်ဖော်ကလည်း စစ်အမြန်ပြီးမှ သူ့ပစ္စည်းတွေရောင်းစီးပွါးရေးက ပြန်ကောင်းမှာမို့ ရုရှားကို စစ်မြန်မြန်ပြီးဘို့ အပေါ်ကပြုံးပြီး အောက်ကတတောင်ဆစ်နဲ့တွတ်နေတာပါ။
ဒါပေမဲ့စစ်ရေး ရည်မှန်းချက်ကဘာလဲ ဆိုတာ အတော်မေးစရာဖြစ်လာပါပြီ။ ဒွန်ဘတ်ဒေသတခုလုံး အပြည့်အဝ ရဖို့တခုတည်းပဲလား ဒါမှမဟုတ် ယူကရိန်းတခုလုံးသိမ်းမှာလား။ သမရိုးကျစစ်နဲ့ ယူကရိန်းတခုလုံးသိမ်းဘို့ဆိုတာ စစ်ရေးအရကော ငွေအရကော ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် လက်ရှိသိမ်းလိုက်တဲ့ ဆိုဒါးကို ထောက်ပို့ အခံလုပ်ပြီး ဘာမွက် ကိုတိုက်ပြီး ယူကရိန်းအလယ်ပိုင်းဖိအားပေးကာ အရှေ့ဘက်ကဒွန်ဘတ်ကို သိမ်းဖို့ပဲရှိပါတယ်။
ယူကရိန်းက ရုရှားတွေသိမ်းထားတဲ့နယ်တွေ အကုန်လုံးပြန်ရအောင်တိုက်နိုင်မှာမဟုတ်ပါဘူး။ အနောက်က ပေးတဲ့ အကူအညီဟာ ခံစစ်အတွက်အဓိကပါပဲ။ ထိုးစစ်အပြည့်အဝကြီးအတွက်ပေးလောက်အောင် နေတိုးလည်း ပိုက်ဆံမလောက်ပါဘူး။ သို့သော်ရုရှားက တနိုင်ငံတည်း နေတိုးက အုံလိုက်ကြီးမို့ စီးပွါးရေးအရတော့ ရုရှားကြာကြာတောင့်မခံနိုင်ပါဘူး။
ဒါကြောင့် ရုရှားက ငြိမ်းချမ်းရေး အပေါ်စီးက ပြောနိုင်အောင် ထိုးစစ်မြှင့်တင်ပေမဲ့ သိမ်းပြီးသားတွေ ခံစစ်ကြောင်းလုံအောင်အဓိကပါပဲ။ ယူကရိန်းကလည်း တောင်ဖက်ကနေ လှည့်ပြီး ခရိုင်မီးယားကိုတိုက်ကာ ရုရှား အရှိုက်ကို ထိုးနေတာပါ။
စစ်ရေးနည်းတခုတည်းနဲ့ ရုရှားတွေအကုန်လုံး ယူကရိန်းကလုံးဝမောင်းထုတ်ဘို့မဖြစ်နိုင်တော့ မျက်စိတဖက်ကန်းတဲ့ဆင်ပြောင်ကြီး တောခွေးတွေ ဟိုဖက်ကလှည့်ဆွဲ ဒီဖက်ကလှည့်ဆွဲနဲ့ ပန်းအောင်လုပ်နေတာပါပဲ။ ရုရှားစီးပွါးယိုင်လို့ စစ်ရေးအီနေရင်တော့ ပူတင်ထိုင်ခုံလှုပ်မှာပဲဆိုတဲ့ အနုမာနယူဆချက်နဲ့ ရုရှားအတွင်းစည်းက စကွဲလို့ ပြိုဆင်းမှာကို မျှော်နေတာပါ။
မျိုးချစ်ရုရှားတွေ မခံချင်စိတ်နဲ့ ဆက်တိုက်လည်း ယူကရိန်းခံစစ်ကို ဖြိုဘို့မလွယ်ပါ။ ယူကရိန်းက လည်း တနိုင်ငံလုံးဖွတ်ဖွတ်ညက်ကြေနေပြီမို့ သန်းကောင်ထက်ညပိုမနက်ပါ။ အနောက်ကလည်း ဆုတ်ပေးလို့မရတော့ ယူကရိန်းကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ပံပိုးကျဦးမှာဖြစ်ပါတယ်။ ယူကရိန်းခံစစ်ကြောင့် စစ်အီလာတဲ့အခါ စီးပွါးရေးသိသိသာသာ ကျလာတဲ့ရုရှားဟာ မြှားက အတွင်းကိုပြန်လှည့်သွားမှာပါ။
ရုရှားမြို့ပြနေလူတန်းစားနဲ့ ပညာတတ်အသိုင်းအဝိုင်းရဲ့ဖိအားက တောပိုင်းမျိုးချစ်တွေရဲ့ မျက်လုံးစုံမှိတ်ထောက်ခံမှုကို ကျော်လွန်သွားမှာပါ။ ပူတင်က ပါးနပ်ရင်တော့ အလုံးစုံမရှုံးခင်တော့ ငြိမ်းချမ်းရေးယူပါလိမ့်မယ်။ သို့သော် လတ်တလောတင်လာတဲ့ ထိုးစစ် ပြန်လန်သွားရင်တော့ သူ့အိမ်မက်ပျက်ပြယ်မှာပါ။
မကြာသေးမှီရက်ပိုင်းအတွင်းက CIA ညွှန်ကြားရေးမှူး ကီအက်ကိုသွားကာ ရုရှားဘယ်နားကနေထိုးစစ်ဆင်လာမယ်ကို ယူကရိန်းအစိုးရကိုသွားရှင်းပြနေပါတယ်။ စီအိုင်အေ က ရုရှားပြည်တွင်းမှာ နှစ်ပေါင်းများစွာ မြှုပ်နှံထားတဲ့ အတွင်း cell တွေရှိပါတယ်။ ခုအခါမှာ ဒီသူလျှိုအသိုင်းအဝိုင်းက စတင်ပြီး ရုရှားရဲ့ အင်တာနက်ဆက်သွယ်ရေးစနစ်တွေ ကမောက်ကမ ဖြစ်အောင်စလုပ်လာနေသလို ထောက်ပို့လမ်းကြောင်းတွေ၊ ရထားလမ်းနဲ့ ဂိုဒေါင်တွေကို ဖျက်ဆီးလာကြပါပြီ။
အနောက်နိုင်ငံတွေက စီးပွါးကျနေတာမှန်သော်လည်း ရုရှားရေနံအပေါ်မှီခိုစရာမလိုပဲ ပြန်လည်ရပ်တည်နိုင်တဲ့ အခြေအနေတော့စနေပါပြီ။ ဒါကြောင့် ၂၀၂၃ နှစ်ကုန်ကျရင် စီးပွါးပြန်ကောင်းလာနိုင်မဲ့ အခွင့်အလန်းတွေရှိပါတယ်။ သူတို့ရဲ့ economic resilience ကကောင်းတဲ့အတွက် ၂၀၂၃ အကုန်မှာ နာလန်ပြန်အထ ရုရှားက ပိုပြီးအားကုန်ဖင်ထိုင်လဲတာနဲ့သွားဆုံမှာပါ။ အဲ့ဒီကျမှ ပွဲကြီးပွဲကောင်းပါ။ ဒီတနှစ်ကတော့ မီးကုန်ယမ်းကုန်ဆော်ကျဦးမှာပါ။
မြန်မာအရေးလဲ ဘယ်လိုဖြစ်နိုင်တယ်ဆိုတာ ဒါဆိုမှန်းလို့ရမယ်ထင်ပါတယ်။ ရုရှား အရူးမီးဝိုင်းဖြစ်တာကို ကြည့်ပြီး မီးဆိုတာကူးတတ်တယ်ဆိုတာရယ် စစ်ဆိုတာ လက်နက်တခုတည်းတိုက်တာထက် ဘက်စုံတိုက်ကြတာပဲဆိုတာ ပိုသဘောပေါက်လာပါတယ်။ မော်စကိုကို တက်သိမ်းစရာမလိုပဲ မော်စကိုကျနိုင်စရာရှိတဲ့ နည်းလမ်းတွေကိုလည်း မြင်လာမိတယ်။