• Today is: Sunday, January 29, 2023

ကျိုက်ထီးရိုးဘုရားဖူးကား လက်နက်ကြီးထိမှန်လို့ အရပ်သားအသက်ဆုံးရှုံးမှုရှိ

ဓါတ်ပုံ – CJ (SBM)
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၂၅၊ ၂၀၂၃
 
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးလာတဲ့ ခရီးသည် ၈ ဦးပါသည့် ဟိုင်းလတ်ကားပေါ် ယနေ့ နေ့လယ် ၁၂ နာရီခန့်က လက်နက်ကြီး ထိမှန်ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
 
အရပ်သားတွေ စီးလာတဲ့ ဟိုင်းလတ်ကားဟာ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီး မုပ္ပလင်ဂိတ်နားသို့အရောက် ကားအမိုးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
 
အဲဒီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ဘယ်အဖွဲ့က ပစ်ခတ်လိုက်တယ်ဆိုတာကိုတော့ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။
 
အဆိုပါပေါက်ကွဲမှုကြောင့် ကားပေါ်ပါလာသည့် ခရီးသည် ၁ဦး အသက်ဆုံးရှုံးးပြီး ၇ ဦး အရေးပေါ်လူနာအဖြစ် ကျိုက်ထိုဆေးရုံကြီးသို့ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
 
” အခုလိုအချိန်မှာ ဘုရားဖူးထွက်ရဲတာကိုပဲ အံ့သြနေတာ။ ကျိုက်ထိုမြို့မှာ ခဏခဏ တိုက်ပွဲဖြစ်နေတာ တစ်တိုင်းပြည်လုံး အသိပဲလေ။ ဖြစ်နိုင်ရင် ကိုယ့်အိမ်မှာနေတာပဲ အလုံခြုံဆုံးပဲ။ ခုလိုဖြစ်တော့ ဘယ်သူ့ကို အပြစ်တင်လို့ ရမလဲ ” လို့ မုပ္ပလင်ဂိတ်တွင် တာဝန်ကျနေသူတစ်ဦးကို ပြောဆိုချက်ကို KIT တွင် ဖော်ပြထားပါတယ်။
 
ကျိုက်ထို၊ ဘီးလင်း ၊ သထုံတို့တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားသလို စစ်ကောင်စီ ယာဥ်တန်းများလည်း မကြာခဏ မှိုင်းဆွဲခံရခြင်းကြောင့် ပြည်သူများအနေနဲ့ အပျော်ခရီး လာခြင်းကို ရှောင်ရှားကြဖို့ ဒေသခံအချို့မှ အကြံပြုထားကြပါတယ်။