• Today is: Friday, March 29, 2024

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 8, January 27, 2023)

၁။ ကျုံဒိုးမြို့ တိုက်ပွဲတွင် စစ်ကောင်စီမှ သေဆုံးသူ ၉၀ ကျော်ရှိပြီး၊ KNDO မှ တပ်ခွဲမှူးတစ်ဦးအပါအ၀င် ရဲဘော်သုံးဦး ကျဆုံး ဟု Lion စစ်ကြောင်း ထုတ်ပြန်
January 26, 2023

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီး တိုက်ပွဲတွင် စစ်ကောင်စီမှ သေဆုံးဒဏ်ရာရရှိသူ ၉၀ ကျော်ရှိခဲ့ပြီး၊ KNDO မှ တပ်ခွဲမှူး တစ်ဦးအပါအ၀င် ရဲဘော်သုံးဦးကျဆုံးခဲ့ကြောင်း Lion Battelion Commando-ဗျူဟာစစ်ကြောင်းမှ ထုတ်ပြန်ထားသည်။ ကျုံဒိုးမြို့အနီးရှိ ကော့ကျိုက်၊ အံဂလုံနှင့် ကမ်းနီစံပြကျေးရွာများတွင် ဇန်နဝါရီ ၂၀ ရက်မှ စတင်ကာ စစ်ကောင်စီ အင်အား ၁၅၀ ခန့်ရှိ တပ်မ ၄၄ လက်အောက်ခံတပ်များသည် ကျူးကျော်လာသဖြင့် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ အထက်ပါ ဒေသများတွင် ဇန်နဝါရီ ၂၀ ရက်မှ စတင်ကာ ၂၆ ရက်ထိ ခုနှစ်ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးသူ ၉၀ ကျော်အထိရှိပြီး၊ ထိခိုက်ဒဏ်ရာ ၅၀ ကျော်အထိရှိကာ ပြန်လည် ဆုတ်ခွာသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ခုနှစ်ရက်တာ တိုက်ပွဲတွင် ကမ်းနီစံပြကျေးရွာအတွင်းမှ စစ်ကောင်စီ၏ ၅၄၅/၅၄၆ အမြှောက်တပ်မှ လက်နက် ကြီး အကြိမ် ၂၀၀ ကျော်ပစ်ခတ်ခဲ့ကာ၊ ဂျက်တိုက်လေယာဉ် ရဟတ်ယာဉ်များကို ၁၀ ကြိမ်ခန့်အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့မှု ကြောင့် လူနေအိမ် ၅ လုံး မီးလောင် ပျက်စီးခဲ့ကြောင်းလည်း သိရသည်။ တိုက်ပွဲအတွင်းတွင် KNDO အမှတ် ၆ တပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်စောလင်းဌေးနှင့် ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး၊ Lion Battelion Commando-ဗျူဟာစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဖြစ်သူ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း လည်းသိရသည်။ ခုနှစ်ရက်တာ တိုက်ပွဲစစ်ဆင်ရေးကို Lion Battelion Commando-ဗျူဟာစစ်ကြောင်းနှင့်အတူKNU/KNDO အမှတ် ၆ တပ်ရင်း၊ ဂဠုန်စစ်ကြောင်း၊ DKBA စစ်ကြောင်းတို့ ပူးပေါင်းပြီး စစ်ကောင်စီ တပ်များကို တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။ https://www.facebook.com/cjplatformburma/photos/pcb.165106662 933489/165106539600168/

၂။ စစ်ကောင်စီပူးပေါင်းစခန်း သုံးခုကို KIA ပူးပေါင်းအဖွဲ့ တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်းသိမ်းဆည်း ရမိသည်ဟုဆို
January 26, 2023

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီပူးပေါင်းတပ်စခန်းသုံးခုကို ယနေ့နံနက် သုံးနာရီခန့်က ကေအိုင်အေ ပူးပေါင်းအဖွဲ့က သွားရောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာ ဥရုချောင်းတစ်ဖက်ကမ်းရှိ စစ်ကောင်စီနှင့် ရှမ်းနီအမျိုးသားများတပ်မတော် ( SNA ) ပူးပေါင်းစခန်း သုံးခုကို KIA၊ KPDF ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဆယ်ဇင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “စခန်းသိမ်းလိုက်တယ်လို့ ပြောတယ်။ ဟိုကောင်တွေ (စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ ) အထိနာသွားတယ် ထင်တယ်။ ဒီမနက်ပိုင်းတော့ ငြိမ်နေသေးတယ်” ဟုပြောသည်။ အဆိုပါစခန်းသုံးခုမှာ မန်စိမ်းကျေးရွာ၊ ရွှေတွင်းကျေးရွာနှင့် နန့်မြစ်ကျေးရွာအနီးတွင် အထိုင်ချထားသည့် စခန်း သုံးခု ဖြစ်ပြီး ကေအိုင်အေပူးပေါင်းအဖွဲ့က တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ကေအိုင်အေ တပ်မဟာ (၉)မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “စခန်းငယ်လေးတွေသိမ်းတာ။ သုံးခုသိမ်းတာ။ သိမ်းပြီးမှ သူတို့ စခန်းကို မီးတွေရှို့လိုက်ပြီ။ လက်နက်တွေလည်း သိမ်းဆည်းရမိတယ်” ဟုပြောသည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်တွင်ရှိသည့် အဆိုပါ စခန်းများကို ဆယ်ဇင်းကျေးရွာတွင် တိုက်ပွဲများဖြစ်သည့် ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းစခန်းတစ်ခုစီတွင် စစ်ကောင်စီနှင့် SNA တပ်ဖွဲ့အင်အား သုံးဆယ်ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။ https://www.facebook.com/The74 Media/photos/a.116371983215665/7344 25588076965/

၃။ ဟားခါးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ လက်နက်နှစ်လက် သိမ်းဆည်းရမိ
January 25, 2023

ချင်းပြည်နယ် ဟားခါးမြို့နယ်တွင် စစ်ကောင်စီတပ်သားများကို ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်သား နှစ်ဦးသေဆုံး ကာ သေနတ်တစ်လက်သိမ်းဆည်းရမိခဲ့ကြောင်း CDF- Hakha မှ ထုတ်ပြန်ထားသည်။ ဟားခါးမြို့ ကျော်ဘုတ် ရပ်ကွက်တွင် ဂိတ်စောင့် စစ်သားများအား ထမင်းလိုက်ပို့သည့် စစ်ကောင်စီတပ်သား နှစ်ဦးကို CDF ဟားခါးမှ ဇန်နဝါရီ ၂၅ ရက် မနက် အစော ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၂ ဦးလုံး သေဆုံးခဲ့ပြီး လက်နက် ၁ လက်ကိုပါ သိမ်းဆည်းရမိကြောင်းသိရသည်။ https://www.facebook.com/cjplatformburma/photos/a.1084166086024

၄။ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာနှင့် ခလောက်အင်းကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်
January 26, 2023

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာနှင့် ခလောက်အင်း ကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။ ဇန်နဝါရီလ ၂၄ ရက်နေ့ ညပိုင်းတွင် စစ်တပ်က ရွှေရောင်ပြကျေးရွာနှင့် ခ လောက် အင်းကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ခလောက်အင်း ကျေးရွာ အနီးတွင် ၁၂၀ မမ ၃ လုံး၊ ရွှေရောင်ပြ ကျေးရွာအနီးတွင် ၆၀ မမ ၂ လုံး ကျ ရောက်ခဲ့ကြောင်း သိရှိရသည်။ “ရွှေရောင်ပြမုဒ်ဦး အနား ကျောက်ခွဲစက် အနားမှာ ကားနဲ့ လာပစ်သွားတာ။ ဘယ် တပ်ရင်းပစ်လဲ အတိအကျ မသိရသေးဘူး။ ရွာသားများစ်ုက်ပျိုးထားသော ရာဘာပင် နဲ့အခြားအပင် တွေ ပျက်စီးတာရှိပါတယ်။ ရွာထဲထိလက်နက်ကြီးစများ လာရောက်ခဲ့ပေမယ့်လူသေဆုံးထိလိုက်မှုတော့မရှိခဲ့ပါဘူး”ဟု ဒေသ သတင်းရင်းမြစ်က ပြောဆိုသည်။ https://www.facebook.com/ khitthitnews/photos/pcb.1713018672468805/1713018

၅။ ကားမိုင်းဗျူဟာကုန်းနဲ့ နန့်ဟိုင်တပ်စခန်း ၂ ခုအား KIA၊ PDF ပူးပေါင်းတပ်မှ သွားရောက်တိုက်ခိုက်
January 26, 2023

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကားမိုင်းဗျူဟာကုန်းနဲ့နန့်ဟိုင်တပ်စခန်း ၂ ခုအား KIA၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ဇန်နဝါရီ ၂၆ ရက် နံနက် ၄ နာရီဝန်းကျင်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများမှ သိရသည်။ ကားမိုင်းဗျူဟာတပ်နဲ့ အတူ ၎င်း၏တပ်ခွဲ နန့်ဟိုင်(Nam Sheng) တပ်စခန်းကိုလည်း သွားရောက်တိုက်ခိုက်ခဲ့ပြီး ၂ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း နန့်ဟိုင် (Nam Sheng) ကျေးရွာဒေသခံများထံမှ သိရသည်။ “ကားမိုင်းဗျူဟာမှာလည်း ပစ်ပေး၊ ဒီ နန့်ဟိုင်ရွာ(Nam Sheng) က စစ်တပ်စခန်းမှာလည်း ဒီမနက် ၆ နာရီကနေ လာပစ်ပေးတယ်။ မနေ့ညက ဖားကန့် ဆယ်ဇင်းမှာလည်း သွားတိုက် ခိုက်ပြီး မနက်တော့ နေရာတကာပစ်ပေးတဲ့ သဘောလို့ကြားတယ်” ဟု ‌ကားမိုင်းဒေသခံတစ်ဦးကပြောသည်။ စစ်အင်အား ၈၀ ခန့် ရှိနေသည့် စစ်တပ်ဗျူဟာနဲ့ တပ်စခန်းခွဲ ၂ ခုအား KIA တပ်ရင်း ၄၄ ပူးပေါင်းတပ်ဖွဲ့တို့ တချိန်တည်း သွားရောက်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး တိုက်ပွဲအခြေအနေအရ စစ်တပ်ဘက် ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု ၎င်းကပြောသည်။

၂ နာရီခန့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်‌ကောင်စီတပ်ဘက်မှ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ် နေသောကြောင့် ဒေသခံအချို့ ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်သူများလည်း ရှိကြောင်း သိရသည်။ “ရွာသားအားလုံး ကြောက်လန့်ပြီး တချို့က ဘေးကင်းလုံခြုံရာကို ယာယီတိမ်းရှောင်သူ တိမ်းရှောင်ပြီး အခုက စောင့်ကြည့်အခြေအနေ သတိနဲ့ နေနေကြတယ်။ ကျနော်တို့ ရွာသားတွေက ရွာကို မီးရှုံ့ပေးမှာလည်း စိုးရိမ်နေတယ်။ စစ်တပ်က ရွာကို မီးရှုံ့မယ်ဆိုပြီးလည်း ခြိမ်းခြောက်သံတွေ သတင်းထွက်နေတော့လေ” ‌အမည်မဖော်လိုသည့် ကားမိုင်းဒေသခံတစ်ဦးကဆိုသည်။ ထို့အပြင် ဇန်နဝါရီ ၂၅ ယမန်နေ့ညတွင်လည်း ဖားကန့် မှောစီဇာရဲကင်းကို KIA သွားရောက်ပစ်ခတ်တိုက်ခိုက်ဖျက်စီးခဲ့ပြီး‌နောက် စစ်ကောင်စီတပ် ဘက်မှ ယနေ့နံနက်ထိဆက်လက် ပစ်ခတ်နေသေး ကြောင်း ဒေသခံများပြောသည်။ https://www.facebook.com/watch?v=1 05979836884388

၆။ ဘူးသီးတောင်တွင် မိုင်းပေါက်ကွဲ၍ မူဆလင်ကလေးငယ် ၁ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိ
January 26, 2023

ရခိုင်ပြည်နယ်၊ ဘူးသီးတေင်မြို့နယ်တွင် မိုင်းပေါက်ကွဲ၍ မူဆလင်ကလေးငယ် ၁ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ပြင်းပြင်း ထန်ထန်ရရှိကြောင်း သတင်းရရှိသည်။ ဇန်နဝါရီ ၂၆ ရက်နံနက် ၁၂ နာရီတွင် ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်း (မူဆလင်) ကျေးရွာမှ ဆယ်ကျော်သက်အရွယ် ကလေးငယ် ၄ ဦး ထင်းခုတ်သွားစဉ် မိုင်းပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။ သေဆုံးသွားသူမှာ မာမက်နု (၁၁ နှစ်) ဖြစ်သည်။ ဒဏ်ရာအပြင်းအထန် ရရှိသွားသူများမှာ အသက် ၁၄ နှစ်အရွယ် ဂျာနီအာလာမ်၊ အသက် ၁၂ အရွယ် အော်ဇီးလ်အူလ္လာ နှင့် အသက် ၁၂ အရွယ် ရော်ဘီအူဟာဆောင်း တို့ဖြစ်ပြီး ဒဏ်ရာများမှာ ပြင်းထန်ကြောင်း ဖိုးခေါင်ချောင်း ကျေးရွာသားတစ်ဦးက ပြောသည်။ “ရွာသားတွေ အသံကြားလို့ သွားကြည့်မှ တွေ့ရတာပါ။ ဖြစ်တာကလည်း ၄ ယောက်လုံး ကလေးတွေ ကြီးပဲ။ တစ်ယောက်သေပြီး ၃ ယောက် ဒဏ်ရာရပါတယ်”ဟု ပြောသည်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် တောင်သည် စစ်ပွဲကာလအတွင်း စစ်ကောင်စီတပ်စွဲနေထိုင်ခဲ့သည့်နေရာ ဖြစ်ကြောင်း သိရသည်။ လက်ရှိမှာ ဒဏ်ရာရရှိသွားသည့် ကလေးငယ် ၃ ဦးမှာ ဘူးသီးတောင် မြို့နယ်အတွင်းက ရက္ခိုင်တပ်တော်၏ ဆေးခန်း တစ်ခုတွင် ဆေးကုသမှုခံယူနေကြကြောင်း သိရသည်။ ရခိုင်တွင် စစ်တပ်တပ်စွဲခဲ့သည့်နေရာများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများတွင် မကြာခဏဆိုသလို မိုင်းပေါက်ကွဲမှုများကြောင့် တောတောင်ကို မှီခိုစားသောက် နေရသည့် ဒေသခံပြည်သူများမှာ အသက်အန္တရာယ် စိုးရိမ်နေရသလို စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်ရန် လည်း အခက်အခဲရှိနေသောကြောင့် မိုင်းရှင်းလင်းမှုများ ပြုလုပ်ပေးရန် ဒေသခံများက အထူးလိုလားနေကြခြင်း ဖြစ်သည်။ https://burmese.narinjara.com/…/63 d26ae0baac23414254f8df

၇။ NUG၏ တောင်ပိုင်းစစ်ဒေသကို ၅၀ ရာခိုင်နှုန်းနီးပါး လက်နက်တပ်ဆင်ပေးနိုင်ပြီးဖြစ်ကြောင်း ဒု-စစ်ဒေသမှူးပြော
January 26, 2023

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တောင်ပိုင်းတိုင်း စစ်ဒေသကို လက်နက် ၅၀ ရာခိုင်နှုန်းနီးပါး တပ်ဆင်ပေးနိုင်ပြီးဖြစ်ကြောင်း တောင်းပိုင်းစစ်ဒေသ၏ စစ်ဒေသခွဲ အမှတ်(၃) ဒု-စစ်ဒေသမှူး စောရှား က ပြောသည်။ ဇန်နဝါရီလ ၂၄ ရက်နေ့က ကျင်းပခဲ့သည့် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) မှ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) ကျားသစ်နက် စစ်ကြောင်း၏ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားတွင် NUG၏ ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်ပေးအပ်ခဲ့သည့်အခြေအနေနှင့်ပတ်သက်၍ ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းရာတွင် ဒု-စစ်ဒေသမှူး စောရှား က ပြောဆိုခြင်းဖြစ်သည်။ “လတ်တလောကတော့ လက်နက်တပ်ဆင်မှု အပိုင်းမှာကျတော့ တောင်ပိုင်း တစ်ခုလုံးအတိုင်း အတာနဲ့ဆိုရင် ဖြစ်ချင်တာတော့ ရာခိုင်နှုန်းအပြည့် ပြည့်မီအောင်တော့ ကြိုးစားဆောင်ရွက်နေတာပေါ့။ ဒီစစ်ကြောင်းတွေ အားလုံးအတွက် မှန်းထားတာတော့ ၇၅ ရာခိုင်နှုန်း ပြည့်မှီအောင်တပ်ဆင်ပေးမလို့ အခုက ၅၀ ရာခိုင်နှုန်း တောင် မပြည့်မှီသေးဘူး။ အမြန်ဆုံးပြည့်မှီ အောင်တော့ကြိုး စားဆောင်ရွက်နေတယ်”ဟုပြောသည်။ ကျားသစ်နက် စစ်ကြောင်း ၏ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားသို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ၊ စစ်ဒေသခွဲ အမှတ် (၃) မှ ဒု – စစ်ဒေသမှူး စောရှားနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်ဆင်ပေးသည့် လက်နက်များနှင့် NUG ပြည်ထောင်စု ဝန်ကြီးချုပ်မှ ပေးပို့သည့် ဂုဏ်ပြုငွေ (၁၀) သိန်းကျပ်ကိုလည်း မွမ်းမံသင်တန်းဆင်းရဲဘော်များကို ပေးအပ်ခဲ့ကြောင်း တောင်ပိုင်း စစ်ဒေသ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ လက်နက်တပ်ဆင်မှုများအပြင် ယခင်က ခုခံတော်လှန်စစ်အသွင်မှ လက်ရှိတွင် ထိုးစစ်ဆင်သည့် စစ်ဆင်ရေး အသွင်ကို ပြောင်းလဲဖော်ဆောင်နေပြီး စစ်မျက်နှာတိုးချဲ့သွားမည်ဖြစ်၍ ယခင်ကထက် စစ်ဆင်ရေးအရှိန်တိုးမြှင့်သွား ရန်သာရှိ ကြောင်းလည်း ဒု-စစ်ဒေသမှူး စောရှား ကဆက်ပြောသည်။ လက်ရှိကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးကျေးရွာများတွင်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံး မှုများပြား၍ လေကြောင်းဖြင့် ပစ်ကူနေရသည့်အထိ တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနစစ်ကြောင်း သင်တန်း ဆင်းပွဲသို့ NUG ၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်ခဲ့ပြီး အဆိုပါ ဒေါနစစ်ကြောင်းကိုလည်း လက်နက်တပ်ဆင် ပေးခဲ့ သည်။ အလားတူ စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်သော ကော်ဘရာစစ်ကြောင်းကိုလည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၅ ရက် နေ့တွင် NUG က လက်နက်အလက် ၅၀ ထောက်ပံ့ပေးခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ https://kicnews.org/2023/01/nug%e1%81%8f-%e1%80%90%e1%80%b1%e1%80%a%e1%80%8

၈။ မတူပီမြို့အဝင်ဂိတ်များကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၈ဦးသေဆုံး
January 27, 2023

ချင်းပြည်နယ် ၊ မတူပီမြို့နယ်အတွင်း စစ်ကောင်စီက ပြုလုပ်ကျင်းပရန်စီစဉ်နေသည့် ရွေးကောက်ပွဲကို ဆန့်ကျင့်သော အားဖြင့် မတူပီမြို့အဝင်ရှိ စစ်ဆေးရေးဂိတ် လေးခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၈ ဦး သေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF – Matupi က ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည်။ မတူပီ – ဘွေရာလမ်းတွင် တပ်စွဲဂိတ်ထိုးထားသော ကင်းစခန်းတစ်ခုကို ဇန်နဝါရီလ ၂၅ ရက် နံနက် ၄ နာရီ ၃၀ မိနစ်အချိန်တွင် CDF – Matupi မှ ဝင် ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ဒဏ်ရာအများအပြားရရှိခဲ့ကြောင်း ဆိုသည်။ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် မတူပီမြို့နယ် ငလိုင်ကျေးရွာတွင် ကင်းစခန်းချထားသော CDF – Matupi တပ်စခန်းကို စစ်ကောင်စီတပ်မှသာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးကာ ချင်းကာကွယ်ရေး ရဲဘော်တစ်ဦးနှင့် ပြည်သူတစ်ဦး ကျဆုံးခဲ့၍ ကျေးရွာနှင့်အတူ လက်နက်ခဲယမ်း အချို့ လက်လွှတ်ခဲ့ဆုံးရှုံးခဲ့ရသည်။ စစ်ကောင်စီတပ်သည် ငလိုင်ကျေးရွာကို တပ်စွဲ ထားပြီး လူနေအိမ်များကို ဖောက်ထွင်းပြီး တန်ဘိုးရှိပစ္စည်းများ ခိုးယူကာ နေအိမ်နှစ်လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ဇန်နဝါရီလ ၂၁ရက်နေ့ နံနက် ၁၀နာရီ ၃၀မိနစ်တွင် CDF – Matupi တပ်ရင်း(၁) မှ ဗိုလ်လင်းယုန် ဦးစီးပြီး အထူးစစ်ဆင် ရေးတစ်ရပ်အနေဖြင့် မတူပီ – မင်းတပ် လမ်းပေါ်ရှိစစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ ပြီးအရေးနိမ့်သဖြင့် စစ်ကူလာ သော တပ်ကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ကိုးဦးသေဆုံးပြီး သေနတ် တစ်လက် သိမ်းဆည်းရမိကြောင်း CDF – Matupi မှ ထုတ်ပြန်ထားသည်။ ယင်းနေ့တွင်ပင် မတူပီ – ဟားခါးလမ်းတွင် စစ်ကောင်စီတပ်ကို သုံးကြိမ်တိုင် တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ် ရှစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ မတူပီမြို့နယ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရန် စစ်ကောင်စီတပ်၏ ကြိုးပမ်းမှုများကို ဟန့်တားနိုင်ရန် အတွက် ဇန်နဝါရီလအတွင်းတွင် မတူပီ – ပလက်ဝ ၊ မတူပီ – မင်းတပ် ၊ မတူပီ -ဘွေရာလမ်း နှင့် မတူပီ ဟားခါးလမ်း များရှိသော စစ်ကောင်စီတပ်ဂိတ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။ ယင်းသို့အခြေ အနေများ အောက်တွင် မိဘပြည်သူများအနေဖြင့် ၊ တောင်ယာများ ၊ ခြံများသို့သွားရောက်မည်ဆိုပါက အန္တရာယ်ကင်းရှင်းစေရန် CDF – Matupi တပ်ရင်း ၊ တပ်ဖွဲ့များထံသို့ အသိပေးအကြောင်းပြီးမှ သွားကြပါရန်မေတ္တာရပ်ခံထားသည်။ https://www.fac ebook.com/MizzimaDaily/photos/a.320351647999747/6349398335095018/

၉။ ပင်းတယမြို့ စစ်ကောင်စီတပ်ဖွဲ့မှ ပျူစောထီးများကို စစ်သင်တန်းပေးနေ
January 26, 2023

သျှမ်းပြည် ပင်းတယမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့တို့က ပျူစောထီးများကို စစ်သင်တန်း ပေးနေကြောင်း သိရသည်။ ပင်းတယမြို့ အောယောရပ်ကွက်တွင် စစ်သင်တန်းပေးနေခြင်း ဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်သားများ က ၎င်းတို့ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ နှင့် ပျူစောထီးအဖွဲ့ဝင်များကို စစ်သင်တန်းပေးနေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြော သည်။ “မနက်အစောကြီး ၅ နာရီလောက်ကစပြီး ဘယ်ညာအော်သံတွေ ကြားရတယ်၊ ညဘက်ဆိုလည်း သေနတ်တွေ ဖောက် ပစ်တာရှိတယ်၊ တက်တဲ့သူလည်း မိနစ် ၂၀ လောက်ရှိနေတယ်” ဟု အောယောရပ်ကွက်တွင် နေထိုင်သည့် အမည်မဖော်လိုသူ ဒေသခံ အမျိုးသမီးတစ်ဦး က ပြောသည်။ အဆိုပါ စစ်သင်တန်းသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက် ကတည်းက စတင်ခဲ့ခြင်း ဖြစ်ပြီး စစ်သားများ၏ ဝင်ထွက်သွားလာမှုကြောင့် ဒေသခံပြည်သူများအတွက် အနှောင့်အယှက်ဖြစ်သလို စိုးရိမ်စိတ်လည်း ဖြစ်စေ ကြောင်းလည်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

စစ်သင်တန်းတက်သူများတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးတပ်ဖွဲ့ဝင်များ နှင့် စစ်ကောင်စီ လက်အောက်ခံ သတင်းပေးများပါဝင်တက်ရောက်နေပြီး သင်တန်းဆင်းများကို စစ်ဆေးရေးဂိတ်များ၌ စောင့်ခိုင်းမည်ဟုလည်း ဒေသခံများက ပြောသည်။ “အခုသတင်းသိရတာကတော့ အဲ့သင်တန်းဆင်းတွေကို စစ်ဆေးရေးဂိတ်တွေမှာ စောင့်ခိုင်းမယ်တဲ့၊ သေနတ်လည်း အပ်မယ်လို့ ပြောတယ်၊ ဒီသင်တန်းက လကုန်အထိ ဖြစ်မယ်လို့ သိရတယ်” ဟု ဒေသခံ အမျိုးသားက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ အတွင်းမှာလည်း ရွာငံမြို့နယ်အတွင်း စစ်သင်တန်းပေးမှု ရှိခဲ့ကြောင်းလည်းသိရသည်။ အာဏာသိမ်း စစ်ကောင်စီမှ ပျူစောထီးများမွေးထုတ်ပြီး လက်နက်တပ်ဆင်ပေးခြင်းသည် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် ဒေသခံ အချင်းချင်း ရန်တိုက်ပြီး သပ်လျိုသွေးခွဲသလို ဖြစ်နေသည့်အတွက် စိုးရိမ်ရကြောင်းလည်း ဒေသခံများကပြောဆိုနေကြသည်။ https://burmese.shannews.org/archives/32761

၁၀။ ကလေးတစ်ဦးအပါအဝင် တမူးမြို့နယ်က ချင်း လူငယ်သုံးဦး စစ်ကြောရေးမှာ သေဆုံး
January 27, 2023

ဇန်နဝါရီ ၂၃ ရက် ညနေပိုင်းက အဖမ်းခံရတဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်က အသက်မပြည့်သေးတဲ့ ကလေးတစ်ဦး အပါအဝင် ချင်းတိုင်းရင်းသား လူငယ်သုံးဦးဟာ စစ်ကောင်စီတပ်သားတွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ဇန်နဝါရီ ၂၄ ရက် နေ့လယ်ပိုင်းမှာ သေဆုံးသွားကြောင်း စစ်တပ်နဲ့ နီးစပ်သူတချို့ကို ကိုးကားပြီး ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူတွေဟာ ချောင်းနက်ကြီးရွာက အသက် ၁၄ နှစ်အရွယ် ကိုငမ်းမင်းဟောင်၊ အသက်၂၀ အရွယ် ကိုရွှေမင်းထန် နဲ့ ကျွန်းပင်သာရွာက အသက် ၂၅ နှစ်အရွယ် ကိုလမင်းထန် တို့ ဖြစ်ပါတယ်။ သူတို့ သုံးဦးဟာ ဇန်နဝါရီ ၂၃ ရက် ညနေပိုင်းက တမူးမြို့နယ် ကျွန်းပင်သာရွာ ကနေ တမူးမြို့ပေါ်ကို ဆိုင်ကယ်နဲ့အသွား မြို့အဝင်က ကွန်းတောင်း စစ်တပ်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာလို့ ဒေသခံ တွေက ပြောပါတယ်။ အဲဒီစစ်ဆေးရေးဂိတ်ထဲမှာပဲ လူငယ်တွေကို ၂၃ ရက် တစ်ညလုံးနဲ့ ၂၄ ရက်မနက်ပိုင်းအထိ ရိုက်နှက် စစ်ဆေးနေကြောင်း၊ လူငယ်တွေရဲ့ အော်ဟစ်ငိုယိုသံတွေကို ကြားရကြောင်းနဲ့ နေ့လယ်ပိုင်းမှာတော့ ရုပ်အလောင်းတွေအဖြစ် တန်းစီထားတာကို မြင်တွေ့ခဲ့ရကြောင်း စစ်တပ်ဂိတ်နဲ့ နီးစပ်သူတွေကို ကိုးကားပြီး ဒေသခံတွေက ပြန်ပြောပြပါတယ်။ ၂၅ ရက် နေ့မှာ လူငယ်တွေရဲ့ ရုပ်အလောင်းတွေကို ပြန်ပေးဖို့ မိသားစုက သွားတောင်းခဲ့ပေမယ့် ပြန်မပေးဘဲ လူငယ်တွေကို ဖမ်းမ ထားဘူး လို့သာ တာဝန်ကျ စစ်သားတွေက လိမ်ညာပြောဆိုခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

“လူငယ်တွေက ၂၃ ရက်နေ့ နေ့လယ်ထဲက ရွာက ထွက်သွားကြတာပေါ့။ ဆိုင်ကယ်နှစ်စီး လူသုံးယောက်ပေါ့၊ အဲဒါကို ကွန်းတောင်းစစ်ဆေးရေးဂိတ်က တားပြီး အကြောင်းပြချက်မရှိ ဖမ်းတာ၊ ဖမ်းပြီး နှိပ်စက်တာ လက်လွန်သွားပြီး လက်စဖျောက် တယ်၊ ၂၄ ရက်နေ့မှာ ဆုံးပြီဆိုတဲ့ သတင်းလည်း ကြားတယ်။ ၂၅ ရက်နေ့မှာ မိသားစုဝင်တွေက အလောင်း သွားတောင်းတယ်၊ ဖမ်းမထားဘူးလို့ လိမ်ပြောတယ်၊ ဒါပေမဲ့ သူတို့ဂိတ်က ဖမ်းလိုက်တာကို မြင်ထားတဲ့ သက်သေတွေ ရှိပါတယ်”ကွန်းတောင်း စစ်ဆေးရေးဂိတ်ကို တမူးမြို့ကနေ ရှစ်မိုင်အကွာမှာ ဖွင့်ထားပြီး ချင်းပြည်နယ် ဟားခါးအခြေစိုက် ခလရ-၂၆၆ တပ်ရင်းက စစ်တပ်အရာရှိနဲ့ စစ်သားတွေက စစ်ဆေးနေတာပါ။ တမူးမြို့ကို ဝင်၊ ထွက်မယ့် ကုန်ပစ္စည်းနဲ့ လူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီ ၂၆ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း နိုင်ငံတစ်ဝန်းက ပြည်သူ ၂၈၉၂ ဦး သေဆုံးပြီး၊ ၁၃,၆၈၀ ဦး ဖမ်းဆီးခံထားရပါတယ်။ https://www.facebook.com/rfaburmese/photos/a.1015052256 0153128/10162395236008

၁၁။ ကော့ကရိတ်၊ သာယာကုန်းရွာတွင် လက်နက်ကြီးကျည်ပေါက်ကွဲသဖြင့် ဆယ်နှစ်အရွယ်ကလေး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ
January 27, 2023

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်း၊ မောင်းမကျေးရွာအုပ်စု သာယာကုန်း ကျေးရွာတွင် ဇန်နဝါရီလ ၂၆ ရက်၊ ညနေပိုင်းတွင် လက်နက်ကြီးကျည် အကြွး အကျန်တစ်လုံး ပေါက်ကွဲသဖြင့် ကလေးငယ် ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ သည်ဟု ဒေသခံများကပြောသည်။ မကြာသေးခင်က တိုက်ပွဲပြင်းထန်ခဲ့သည့် သာယာကုန်းကျေးရွာ တွင် မပေါက်ကွဲသေးသည့် ၄၀ မမကျည်တစ်လုံးကို ကလေးငယ်တစ်ဦးက သွာကောက်မိရာ၌ ပေါက်ကွဲခဲ့ခြင်းကြောင့် အသက် ၁၀ နှစ်အရွယ် စောကောင်းကောင်း ပွဲချင်းပြီး သေဆုံးပြီး မျိုးဝင်းဇော်(၇)နှစ်၊ ကျော်ခူး(၂)နှစ်နှင့် ဒေါ်ဖူးမူး(၅၃)နှစ်တို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟု ရွာသားတစ်ဦးက ပြောသည်။ ၎င်းက “အရင်တိုက်ပွဲဖြစ်တုန်းက မပေါက်ကွဲတဲ့ ၄၀ မမ ကျည်နှစ်လုံးရှိတယ်။ ရွာပြင်မှာ တော့ သွားထားတယ်။ ကလေးက တစ်လုံးသွားယူပြီးရွာထဲ ယူလာတယ်။ လွယ်အိတ်ထဲလူတွေထုတ်ပြတော့ ပြုတ်ကျပြီး ပေါက်ကွဲသွားတယ်။ ကျည်ထုတ်ပြတဲ့ ကလေးတော့ကြည့်လို့တောင်မကောင်းဘူး။ အဲဒီမှာ တစ်ဦးသေပြီးသုံးဦးဒဏ်ရာ ရတယ် ”ဟု ပြောသည်။

တိုက်ပွဲများမကြာခဏ ဖြစ်ပွားလေ့ရှိသည့် ထိုဒေသတွင် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်များရှိသဖြင့် ရွာသူ/ ရွာသားများကို အသက်အန္တရာယ်မဖြစ်အောင် အသိပညာပေးသင်တန်းများ ထပ်မံပေးသင့်ကြောင်း မောင်းမအုပ်စုဒေသခံ တစ်ဦးက ပြောသည်။ “သင်တန်းတော့ပေးတာရှိတယ်။ ဒီထက်များများပေးဖို့လည်း လိုသေးတယ်။ ရွာက လူကြီးတွေကလည်း လုပ်ရဲတယ်၊ သွားကိုင်ရဲတယ်ဆိုတဲ့ လူတွေလည်းအများ ကြီးရှိ တယ်။ အဲ့လိုလူကြီးတွေလိုက်ကိုင်တော့ ကလေးတွေက ကြည့်ပြီး အတုယူ လိုက်ကိုင်တာပဲ ကျနော်မြင်တယ်။ လူကြီးတွေက အဲ့လိုတွေ့ရင် မကိုင်ရဘူး။ မထိရဘူး လိုက်ပြောရင် ပိုကောင်း တာပေါ့”ဟု မောင်းမရွာသစ်ရွာခံ တစ်ဦးက ပြောသည်။ စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံရွာသားများ ထိခိုက်သေဆုံး သူအများအများရှိသလို လက်ရှိ ကော့ကရိတ်ဒေသ ကျေးရွာများတွင် မပေါက်ကွဲသေး သည့်လက်နက်ကြီး ကျည်အကျန်အများအပြားရှိသည်ဟု ဒေသခံများက ပြောသည်။ https://kicnews.org/2023/ 01/%e1%80%80%e1%80%b1 %e1%80%ac%e1%80%b7%e1%80%80%e1%80%9b%e1

၁၂။ မင်းပြားတွင် ထင်းခွေသွားသည့် ဒေသခံအမျိုးသားတစ်ဦး မိုင်းနင်းမိ၍သေဆုံး
January 27, 2023

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ အသက် ၅၀ ကျော်အရွယ် ဦးသန်းရွှေမောင်သည် ယနေ့ နေ့လယ် ၁နာရီခွဲဝန်းကျင်က ထင်းခွေသွားရာမှ မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း သိရသည်။ “ ဒီနေ့ နေ့လယ် ၁ နာရီခွဲ ဝန်းကျင်က ရွာ အနီးမှာရှိတဲ့ ဆနွင်းတောင်သို့ တစ်ဦးတည်း ထင်းခွေဖို့ သွားရာကနေ မိုင်းနင်းမိတာပါ။ ဒဏ်ရာပြင်း ထန်တဲ့အတွက် ရွာကိုသယ် လာစဉ်လမ်းမှာ သေဆုံးသွားတာဖြစ်ပါတယ်” ဟု ဖားပြိုကျေးရွာသား တစ်ဦးက ပြောသည်။ မိုင်းဒဏ်ရာသည် ပြင်းထန်ပြီး ဦးသန်းရွှေမောင် ၏ ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးကို ထိခိုက်သွားခဲ့ သည်ဟု သွားရောက်ကြည့်ရှူခဲ့သည့် ဒေသခံများကပြော သည်။ “သူကထင်းခွေဖို့သွားတာပါ။ ရွာအရှေ့ဘက် စစ်ကောင်စီတပ်စခန်းချထားတဲ့ တောင်တန်းအနီးက ဆနွင်းတောင်ကိုပါ။ ဖားပြိုရွာအရှေ့က တောင်တန်းမှာပါ။ သူကတစ်ယောက်တည်းသွားတာပါ။ ထင်းခွေဖို့သွားတာလည်း မကြာသေးဘူး ဖြစ်သွား တာက။ သူကမိုင်းနင်းမိတဲ့ အခါ အိမ်ရှင်မကို လှမ်းအော်တယ်တဲ့။ ရွာနဲ့လည်းနီးတော့ ပေါက်သံနဲ့ အော်သံကိုပါကြားလိုက်ရတော့ သွားကြည့်ကြ တာပါ။ သူ့ကိုတောင်ပေါ်ကချလာတုန်းမှာပဲ သေသွားတာပါ” ဟုပြောသည်။

ဦးသန်းရွှေမောင် ထင်းခွေရန်သွားသည့် တောင်တန်းအနီးအနားတွင် စစ်ကောင်စီတပ်က တပ်စွဲစခန်းချနေထိုင်မှုများရှိ ကြောင်း ဒေသခံများကပြောသည်။ ရခိုင်တွင် လတ်တလောအတွင်း မြေမြုပ်မိုင်းများ ပေါက်ကွဲ၍ သေဆုံး ဒဏ်ရာရသူ များ တစ်နေ့ထက်တစ်နေ့ တိုးပွားနေသဖြင့် တိုက်ပွဲမရှိသည့် ယခုလို ငြိမ်းချမ်းနေသည့် အချိန်မျိုးတွင် စစ်ကောင်စီတပ် အနေဖြင့် ထောင်ထားသော မိုင်းများကို အမြန်ဖယ်ရှားပေးရန် လိုအပ်နေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ https://burme se.narinjara.com/…/63d3857fbaac23414254f8f0

၁၃။ လွိုင်ကော်တွင် စစ်တပ်က ၃ ရက်ဆက်တိုက် ဗုံးကြဲ၊ ပြည်သူများ ဗုံးခိုကျင်းတူးထားကြရန် KNDF တိုက်တွန်း
January 27, 2023

ကရင်နီ(ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နယ်ထဲကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၂ ရက်က စတင်ကာ ၃ ရက် ဆက် တိုက် တိုက်လေယာဥ်တွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူလူထုအနေနဲ့ လေကြောင်းရန်ကာကွယ်နိုင်ရေး ဗုံးခိုကျင်း တွေ တူးထားကြဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က တိုက်တွန်းထားပါတယ်။ ဒါ့အပြင် လေယာဥ်ပျံဝဲလာချိန် ဦးတည်ရာမဲ့ ထွက်ပြေးတာမျိုးတွေ၊ ထွက်ကြည့်တာမျိုးတွေ မပြုလုပ်ကြဖို့၊ ဗီဒီယို၊ ဓာတ်ပုံ ထွက်ရိုက်တာမျိုးတွေ မပြုလုပ် ကြဖို့နဲ့ ဗုံးခိုကျင်းမဟုတ်တဲ့ နေရာတွေမှာ လူအများ စုဝေးနေထိုင်တာတွေ မပြုလုပ်ကြဖို့လည်း ပြောထားပါတယ်။ လွိုင်ကော်မြို့ နယ်အတွင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ဂျက်လေယာဥ် တွေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက် ည ၁၂ နာရီမှာ ဗုံးသီး ၂ လုံး၊ ၂၃ ရက် ည ၁၂ နာရီမှာ ၂ ကြိမ်၊ ၂၄ ရက် ညနေ ၅ နာရီကျော်လောက်မှာ ဗုံးသီး ၅ လုံးနဲ့ အတွဲလိုက်ပစ်ခတ်မှု ၃ ကြိမ်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူထိခိုက်မှုတွေတော့ မရှိခဲ့ဘဲ ပြည်သူလူထု နေထိုင်ရာ အနီးဝန်းကျင် ကိုသာ ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က အဲဒီလို အကြောင်း မဲ့ လေကြောင်းကနေ ပစ်ခက်တိုက်ခိုက်တာတွေကို ထပ်မံပြုလုပ်လာနိုင်တဲ့ အခြေအနေတွေ ရှိနေသလို နေ့စဥ်နီးပါး တိုက်ခိုက် ရေး ဂျက်လေယာဥ်တွေ ပျံဝဲတာ၊ ဒရုန်းနဲ့ ကင်းထောက်တာ၊ ကင်းထောက်လေယာဥ်တွေ ပျံဝဲတာတွေနဲ့ စစ်ဘက်သုံး ရဟတ်ယာဥ်တွေနဲ့ ပျံသန်းသွားလာတာတွေကို နေ့စဥ်ပြုလုပ်နေတယ်လို့ KNDF က ပြောပါတယ်။ https://burmese.dvb.n o/archives/575715

၁၄။ ခေါင်လန်ဖူးအုပ်ချုပ်ရေးမှူး၏ ဥပဒေမဲ့ ဒါဏ်ငွေကောက်ခံနေမှုများကြောင့် ဒေသခံများက အခက်တွေ့
January 26, 2023

စစ်ကောင်စီလက်အောက်ခံ ခေါင်လန်ဖူးမြို့နယ်စီမံအုပ်ချုပ်ရေးမှူးက ဒေသခံများ ကိုယ်ထူကိုယ်ထပြုလုပ်ထားသော ဘောလုံးကွင်းကို ဖြတ်သန်းလျှင် ဥပဒေမဲ့ ဒါဏ်ငွေကောက်ခံနေသဖြင့် အခက်တွေ့နေကြောင်းသိရသည်။ ဒေသခံများ နှင့် တိုင်ပင်ညှိနိုင်းခြင်းမရှိဘဲ မြို့လယ်ခေါင်ရှိ ဘောလုံးကွင်းအတွင်း ဒေသခံများ၏ မြင်းများ၊ လားများအပြင် ကားနှင့်ဆိုင်ကယ်များ ဖြတ်သန်းဝင်ရောက်ပါက ဒါဏ်ငွေ တစ်သောင်းကျပ် ကောက်ခံနေကြောင်း ရပ်မိရပ်ဖတစ်ဦးက ပြောသည်။ “အခုလိုသူ့ သဘောနဲ့လုပ်နေတာ ငါတို့ကလက်ခံနိုင်စရာမရှိပါဘူး၊ ဘောလုံးကွင်းလည်း ငါတို့ကိုယ်တိုင် ပေါက်တူးတွေကိုင်ပြီး တူးထားတာ ဟုတ်တယ်။ တောင်တန်းဒေသဆိုတော့ လူမူရေးလည်းရှိရမယ်လေ။ အခုလို ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့လို့ သူ့သဘောနဲ့ ပြော တာက ငါတို့ဒေသခံတွေအတွက် အဆင်မပြေဘူး” ဟုပြောသည်။ အဆိုပါဘောလုံးကွင်းတွင် ကလေးများကစားနေချိန်ထိခိုက် မည်ကို စိုးရိမ်ခြင်း နှင့် လူကြီးခရီးစဉ်များတွင် ရဟတ်ယာဉ်များ ရပ်နားသောကြောင့် ဖြတ်သန်းခြင်းမပြုရန် အုပ်ချုပ်ရေးမှူးက ပြောဆိုနေသော်လည်း ခေါင်လန်ဖူးမြို့ တွင် မြေပြန့်မှာ ထိုတစ်နေရာတွင်သာ ရှိသည့်အတွက် ဒေသခံများ အဓိကအသုံးပြုနေရ ခြင်းဖြစ်ကြောင်း သူကပြော သည်။ “ခေါင်လန်ဖူးမြို့က ကျဉ်းကျဉ်းလေးဟုတ်တယ်။ မြေပြန့်လည်းအများကြီးမရှိဘူး။ ဘောလုံး ကွင်း လုပ်တဲ့ နေရာမှာ နည်းနည်းရှိတာ”ဟုပြောသည်။

ဘောလုံးကွင်းတွင် ဖြတ်သန်းမိသောကြောင့် ခေါင်လန်ဖူးဒေသခံ ဆယ်ဦးထက်မနည်း ဒဏ်ငွေဆောင်ထားရကာ ယခင် က အုပ်ချုပ်ရေးမှူးများနှင့် မတူသောလုပ်ရပ်အပေါ် ဒေသခံများက ကျေနပ်မှုမရှိကြောင်း သူကဆက်ပြောသည်။ အဆိုပါ အုပ်ချုပ်ရေးမှူးမှာ ဦးမင်းဆန်းထွန်း ဆိုသူဖြစ်ပြီး ခေါင်လန်ဖူးမြို့နယ်တွင် ပြီးခဲ့သည့် ၂ နှစ်ကျော်ခန့်မှစပြီး တာဝန်တမ်းဆောင် နေသူ ဖြစ်ကြောင်းသိရသည်။ ထိုအပြင် ဦးမင်းဆန်းထွန်း သည် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆက်ဆံရေးပြေလည်မှုမရှိသော ကြောင့် နုတ်ထွက်သွားသော ဝန်ထမ်းများလည်းရှိပြီး ဒေသနှင့်ကိုက်ညီခြင်းမရှိသော ကြောင့် အဆိုပါ အုပ်ချုပ်ရေးမှူးကို အမြန် ပြောင်းရွှေ့ပေးစေလိုကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ အလားတူ ခေါင်လန်ဖူးမြို့မှ ဒေသခံဈေးသည်များကို လည်း ဆိုင်ခန်းများ ပြောင်းရွှေ့ခိုင်းမှုကိစ္စနှင့်ပတ်သက်ပြီး ဈေးသည်များနှင့်လည်း ဆက်ဆံရေးပြေလည်မှု မရှိကြောင်းသူ က ဆက်ပြောသည်။ ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်သည် ဝေးလံခေါင်ဖျားသောဒေသဖြစ်ကာ အဆက်သွယ်ရေး ခက်ခဲသောဒေသတစ်ခုဖြစ်ပြီး ၂၀၁၉ ခုနှစ်စက်တင်ဘာလကုန်အထိ ကောက်ခံရရှိသောသန်းခေါင်စာရင်းအရ အိမ်ထောင်စု အရေအတွက် နှစ်ထောင်ခန့်ရှိပြီး လူဦးရေ တစ်သောင်းခွဲခန့် နေထိုင်ကြောင်းသိရသည်။ https://www.facebook.com/The74 Media/photos/pcb.734542091398648/ 734541491398708/

၁၅။ ကျောက်တော်ရှိ စစ်ဘေးရှောင်စခန်းများတွင် သောက်သုံးရေ အခက်အခဲဖြစ်နေ
January 27, 2023

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ သောက်သုံးရေ အခက်အခဲဖြစ်နေပြီး နွေရာသီမှာ အခက်အခဲ ပိုဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။ သောက်ရေသုံးရေ အခက်အခဲဖြစ်နေတဲ့ ကျောက်တော်မြို့နယ် ညောင်ချောင်းကျေးရွာ စစ်ဘေးရှောင်စခန်း တာဝန်ခံတဦးက “ညောင်ချောင်းကျေးရွာမှာက စစ်ဘေး ရှောင်တွေမရှိတဲ့ အချိန်မှာတောင် ရေကရှားနေတာ။ အခုလို စစ်ဘေးရှောင် တွေ များလာနေတော့ သောက်ရေသာမက သုံးရေပါ အခက်အခဲ ဖြစ်လာနေကြတယ်။ လာမယ့်နွေရာသီမှာတော့ အလွန်အခက်အခဲတွေ့လာနိုင်တယ်” လို့ ပြောပါတယ်။ အခုနှစ်မှာ မိုးရွာသွန်းမှု နည်းပါးတာကြောင့် စစ်ရှောင်စခန်း တွေမှာ အသုံးပြု သောက်သုံးနေကြတဲ့ ရေကန်တွေ နွေရာသီမရောက်မီ ရေကုန် ခန်းသွားခဲ့တာပါ။

အခုအခါ ဒုက္ခသည်စခန်းတွေမှာ အလွန်ဝေးတဲ့ ရေကန်တွေကနေ သွားရောက်သယ်ယူနေကြရပြီး အဲဒီရေကန်တွေမှာ လည်း လာမယ့် နွေရာသီမှာ ကုန်ခန်းသွားနိုင်တဲ့အတွက် သောက်သုံးရေအတွက် များစွာအခက်တွေ့လာနိုင်ပြီး စစ်ဘေးရှောင် တွေ စိုးရိမ်နေကြတာပါ။ ရထားဘူတာစစ်ဘေးရှောင် တာဝန်ခံတဦးကတော့ “ရထားဘူတာအနီးမှာ သောက်ရေကန် ၃ ကန်ရှိ တယ်ဗျ။ ဒါပေမဲ့ ဒီနှစ် မိုးနည်းခဲ့တော့လေ ရေတွေလုံးဝခန်းခြောက်ကုန်တာ။ ဒါကြောင့် စခန်းထဲကလူတွေ မြို့ထဲမှာရှိတဲ့ ‌ရွှေကျောင်းကန်က သွားပြီး တွန်းလှည်းတွေနဲ့ ရေတွေသွားခပ်နေရတယ်” လို့ ပြောပါတယ်။ ကျောက်တော်ရှိ သောက်ရေသုံးရေ အခက်အခဲဖြစ်နေကြတဲ့ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှာ ကျေးရွာ ၂၆ ရွာနီးပါးမှ စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၂ စု၊ လူဦး ရေ ၃,၀၄၁ ဦး နေထိုင်နေကြပြီး ရထားဘူတာ စစ်ဘေးရှောင်စခန်းမှာတော့ အိမ်ထောင်စု ၄၃၄ စု၊ လူဦးရေ ၁,၈၅၀ နေထိုင် နေကြောင်း စခန်းစာရင်းတွေအရ သိရပါတယ်။ http://burmese.dvb.no/archives/575640

၁၆။ နေရာအသစ် ထပ်မံရွှေ့ပြောင်းရသည့် စစ်ရှောင်ဦးရေ ၄၀၀ ကျော် အရေးပေါ် အကူညီလိုအပ်
January 26, 2023

သျှမ်းပြည် ဆီဆိုင်မြို့နယ် ဆီဆိုင် – ကရင်နီ (ကယား) ပြည် နယ်စပ်ဒေသရှိ စစ်ရှောင်များသည် နေရာအသစ် ထပ်မံရွှေ့ ပြောင်းရသည့်အတွက် အရေးပေါ်အခြေအနေ အကူညီလိုအပ်နေကြောင်း သိရှိရသည်။ တိုက်ပွဲကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင်းက ဆီဆိုင်မြို့နယ်အတွင်းသို့ ထပ်မံရောက်ရှိ လာသည့် စစ်ရှောင်ဦးရေ ၄၀၀ ကျော် သည် လက်ရှိတွင် နေရာအတည်တကျ မရှိခြင်းကြောင့် နေရာအသစ် ထပ်မံရွှေ့ပြောင်းနေထိုင်ရကာ အမိုးအကာ၊ အိမ်သာ နှင့် သောက်သုံးရေများ အရေးပေါ် အကူညီလိုအပ် နေကြောင်း စစ်ရှောင်ကူညီသူ ဒေသခံတစ်ဦး ကပြော သည်။ “ဘုန်းကြီးကျောင်းမှာ လူအများနဲ့နေ ရတာ အဆင်မပြေတော့ အခု စစ်ရှောင်တွေ ထပ်ပြီးရွှေ့နေရတယ်။ အရင်နေရာ နဲ့ ၅ မိုင်လောက်ဝေးတယ်။ ဆီဆိုင်မြို့နဲ့ဆိုရင် ၁၆ မိုင်လောက်ဝေးတယ်။ အဲ့မှာ အိမ်သာတွေလည်း မရှိသေးဘူး၊ သူတို့ ယူလာတဲ့ အမိုးအကာ နဲ့ ပြန်ပြီး အမိုးလုပ်တယ်။ သူတို့နေတဲ့ နေရာနဲ့ ရေရှိတဲ့နေရာကလည်း ဝေးသေးတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ရှောင် ဦးရေ ၄၀၀ ဝန်းကျင်ထဲတွင် အိမ်ထောင်စု ၁၃၈ စု ရှိပြီး၊ အမျိုးသမီး ၂၅၉ ဦး နှင့် အမျိုးသား ၁၉၀ ဦးရှိ ကြောင်းလည်း သိရသည်။ ထို့အပြင် စားနပ်ရိက္ခာ နှင့် ပတ်သက်ပြီး စစ်ကောင်စီက “ဆန်ဝယ်ယူလျှင် ရပ်ကွက် ထောက်ခံစာဖြင့် တစ်မိသားစု တစ်စုကို ဆန် ၂ အိတ်အောက်သာ ဝယ်ယူရမည်” ဟု ညွှန်ကြားခဲ့ပြီးနောက် စစ်ရှောင်များသည် စားသုံးရန် မလုံ မလောက် ဖြစ်လာကြောင်း သိရသည်။ “ အခု နောက်ပိုင်း ဆန်တွေဝယ်ရင် ထောက်ခံစာတွေ ယူရတယ်။ ထောက်ခံစာထဲမှာ ဆန် ၂ အိတ်ဘဲ ဝယ်ရမယ်ဆိုရင် အဲ့ချိန်ကျရင် ဆန် ၂ အိတ်ဘဲ ဝယ်ရတယ်ဗျ။ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ သူတို့စစ်တယ်၊ မေးတယ်။ ထောက်ခံစာထဲက သတ်မှတ်ထားသာ ထက် ဆန်တွေ ပိုဝယ်လာရင် အရေးယူခံရမယ်။ ဖမ်းခံရမယ်နဲ့ ဆန်သယ်တဲ့ သူတွေလည်း မသယ်ရဲတော့ဘူး။ စစ်ရှောင်တွေ စားဖို့သောက်ဖို့လည်း မလုံလောက်တော့ဘူး “ ဟု သျှမ်းတောင် စစ်ရှောင်ကူ ညီသူ အသက် ၃၀ နှစ် အမျိုးသားတစ်ဦးက ပြောသည်။ တိုက်ပွဲကြောင့် ဆီဆိုင်မြို့နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေ သူ စစ်ရှောင် ဦးရေမှာ ( ၇,၀၀၀) ဝန်းကျင် ရှိနေကြောင်း သိရသည်။ https://burmese.shannews.org/arch ives/32749

၁၇။ ဗိုလ်မှူးကြီးစောအေဝမ်း၏ ကိုယ်ပိုင်အထက်တန်းကျောင်း ပိတ်ထားလိုက်ရသဖြင့် ကျောင်းသား ၂ဝဝ ကျော် ပညာ သင်ယူခွင့်ခက်ခဲနေ
January 26, 2023

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကြိမ်ချောင်းရွာတွင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် -DKBA ခေါင်း ဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးစောအေဝမ်း ၎င်းဖွင့်လှစ်ထားသည့် ကိုယ်ပိုင်အထက်တန်းကျောင်း ပိတ်ထားလိုက် ရသဖြင့် ဌာနေဒေသအသီးသီးရှိ ပညာသင်ကြားနေဆဲ ဌာနေကျောင်းသားလူငယ် ၂ဝဝ ကျော် ပညာဆက်လက် သင်ယူနိုင်ရန် ခက်ခဲနေ သည်ဟု သိရသည်။ KNU -ဒူးပလာယာခရိုင် မြို့နယ်အသီးသီးရှိ ဌာနေဒေသခံလူငယ်များမှ လာရောက် ပညာသင်ကြားနေသည့် ကြိမ်ချောင်းရွာရှိ အဆိုပါအထက်တန်းကျောင်းကို ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် ပိုင်းတွင် စစ်ကောင်စီမှ စာသင်ကျောင်းအနီး လာရောက်ဗုံးကြဲ သည့်အတွက် စာသင်ကြားမှုကို ရပ်နားထားလိုက်ရခြင်း ဖြစ်သည်။ ဒသမတန်းကျောင်းသူတစ်ဦးက “ စာမေးပွဲ ဖြေဖို့ တစ်ကြိမ်ပဲကျန်တော့တယ်။ ၃ ကြိမ်ဖြေ ထားပြီးပြီးပေါ့ နော်။ ကျောင်းဆင်းပွဲလုပ်ဖို့လည်း စီစဉ်ထားကြပြီးပြီ။ ညပိုင်းမှာ သမီးတို့ ကျောင်းအနီး ဗုံးလာကြဲတော့ အားလုံးက ကြောက်လန့်သွားတယ်။ ကိုဗစ်ကာလရော အာဏာစသိမ်းတဲ့ကာလမှာရော ကျောင်းမတက်ခဲ့ရဘူး။ ဗိုလ်မှူးဖွင့်ထားတဲ့ ကျောင်းမှာ အခမဲ့ပညာသင်ခွင့်ရတော့ သမီးတို့တွေအတွက် အဆင်ပြေတယ်။ အခုကျောင်းကပိတ် လိုက်ပါပြီ။ သမီးတို့ ပညာဆက်လက်သင်ယူနိုင်ဖို့ ခက်ခဲသွားတယ်ပေါ့နော်” ဟု ပြောသည်။

အဆိုပါ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကရင်ဘာသာရပ်အား အဓိကထားသင်ကြားပေးလျက်ရှိကာ KG သူငယ် တန်းမှ ဒသမ(၁ဝ) တန်းအထိ စနစ်သစ်၊ စနစ်ဟောင်းသင်ရိုး ညွှန်းတမ်းများကိုလည်း ထည့်သွင်းသင်ကြား ပေးလျက်ရှိ သည်။ ထို့အပြင် ဒေသအသီးသီးမှတက်ရောက်လာသည့် ဌာနေကျောင်းသားများကိုလည်း နေထိုင်စားသောက်ရေး အပြင် ကျောင်းဝတ်စုံ များလည်း ကျောင်းမှထောက်ပံ့ ပေးလျက်ရှိသည်ဟု ကျောင်းသားများထံမှ သိရသည်။ “ တက်ခဲ့ဖူးတဲ့ကျောင်းတွေမှာ ဒီကျောင်း မှာက သင်ကြားမှု လက်တွေ့ပိုင်း ကိုယ်ပိုင် စဉ်းစားတွေးခေါ်မှုကအစ စနစ်တစ်ကျသင်ကြားပေးတယ်။ လေ့လာသင်ယူမှုအပိုင်း မှာ အစိုးရကျောင်းတွေနဲ့တော့ ကွဲခြားမှုရှိတယ်။ ကရင်စာလည်း သင်ခွင့်ရတယ်။ အစိုးရသင်ရိုးစာလည်း ပါတယ်ပေါ့နော်။ ဘယ်လက်နက်ကိုင်အဖွဲ့မဆို ကျနော်တို့ လူငယ်တွေ အေးအေးချမ်းချမ်းနဲ့ ပညာသင်ယူနေတာကို နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက် တာမျိုး မလုပ်ဖို့ တောင်းပန်ပါ တယ်” ဟု ဝင်းရော်ဒေသမှ ကျောင်းသွားတက်ရောက်နေသူ လူငယ်တစ်ဦးက ပြောသည်။ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် တွင် စတင်ဖွင့်လှစ်ခဲ့သည့် အဆိုပါ ကြိမ်ချောင်းရွာ ကိုယ်ပိုင်အထက်တန်းကျောင်းသည် KNU ဒူးပလာယာ ခရိုင်၊ မြို့နယ်အသီးသီးရှိ ဌာနေဒေသခံတို့၏ မှီခိုအားထားရာ ကျောင်းတစ်ကျောင်းဖြစ်လာပြီး အခြေအနေ အမျိုးမျိုးကြောင့် သင်ကြားမှုရပ်နားထားလိုက်ရသည့်အတွက် ကျောင်းသား လူငယ်အ များစုမှာ ဆက်လက်ပညာလေ့လာသင်ယူနိုင်ရန် ခက်ခဲ နေသည်ဟု ကျောင်းသားမိဘများထံမှ သိရသည်။ https://kicnews.org/2023/01 /%e1%80%97%e1%80%ad%e1%80%af

၁၈။ မဇွပ်ယန်ကျေးရွာ အတွင်းရေးမှူး ဖမ်းဆီးခံရ
January 27, 2023

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မဇွပ်ယန် ကျေးရွာအတွင်းရေးမှူး ဦးအောင်ဝင်း ကို အမည်မသိ လူငါးဦးက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။ ဇန်နဝါရီလ ၂၆ ရက်နေ့ နေအိမ်၌ ရှိနေစဥ် အမည်မသိ လူ ၅ ဦးဝင်လာ၍ သေနတ်ထောက် ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “မနေ့က တစ်နာရီလောက်မှာ ဖမ်းခေါ်သွားတာ သေနတ် အတိုထောက်ပြီး ဖမ်းသွားတယ်။ သူက အခုအတွင်းရေးမှူး လုပ်နေတုန်းဗျ ဘယ်သူဘယ်ဝါ ဖမ်းသွားတာလဲဆိုတာ အတိ အကျတော့မသိသေးဘူး စစ်ကောင်စီက ဖမ်းသွားတာဖြစ်ဖို့များတယ်”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရ သည့် ဦးဝင်းကို သည် အတွင်းရေးမှူးတာဝန် ထမ်းဆောင်နေသည်မှာ အာဏာမသိမ်းမှီကတည်းကဟု သိရပြီး ရပ်ရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင်လည်း ပါဝင်လုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။ ဦးဝင်းကို ကိုမည်သူမည်ဝါမည်သည့်အဖွဲ့ကဖမ်းသွား သည်ကို စုံစမ်းနေဆဲ ဖြစ်သည်။ ဖားကန့်မြို့နယ်တွင် ယခုကဲ့သို့ ကျေးရွာအုပ်ချုပ်ရေးမှူး အတွင်းရေးမှူးများ ဖမ်းဆီးခံရမှု မကြာခနရှိနေသည့်အပြင် အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီး၊ ဒလံ သတ်ခံရမှူမှာလည်း ၂၀ ဦး ကျော်လာပြီဖြစ်သည်။ https://bur mese.kachinnews.c om/2023/01/27/az2-79/

၁၉။ ခမရ ၄၂၇ တပ်ထဲကနေ ထွက်လာတဲ့ ဒန်ဘာကား မိုင်းနင်းမိပြီး တိမ်းမှောက်
January 27, 2023

ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ဒီးမော့ဆိုမြို့က ငွေတောင်အခြေစိုက် ခမရ ၄၂၇ တပ်ထဲကနေ ထွက်လာတဲ့ ဒန်ဘာကားတစ်စီး မိုင်းနင်းမိပြီး တိမ်းမှောက်သွားခဲ့တယ်လို့ ကရင်နီတပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင် က ပြောပါ တယ်။ စစ်ကောင်စီတပ်ဘက်က အထိအခိုက်ရှိနိုင်ပေမယ့် အတိအကျမသိရသေးဘူးလို့ ဗိုလ်မှူးကြီး ဘုန်းနိုင် က ဆက်ပြောပါ တယ်။ “ဒီနေ့က ၄၂၇ တပ်ရင်း ကနေပြီးတော့မှ ဒန်ဘာတစ်စီးထွက်လာတယ်တဲ့ အဲဒါကျနော်တို့ မိုင်းနင်းပြီးတော့မှ အဲဒီမှာ ခံနေ တယ်ပေါ့လေ။ အဲဒါ အဲဒီလိုပဲ သူတို့ပို့လာတယ်လေ။ ဒါပေမယ့် အခြေအနေတော့ မပြောတတ်ဘူး။ မိုင်းထိ တယ်ဆိုတာတော့ သေတာတော့ တချို့ရှိမှာပဲ။ ဒါပေမယ့် ဘယ်နှယောက်လဲဆိုတာကိုတော့ မပြောတတ်ဘူးလေနော။” လို့ သူက ပြောပါတယ်။ ဒန်ဘာကားအဝါရောင်နဲ့ တပ်ထဲက ထွက်လာတဲ့ စစ်ကောင်စီဟာ အရပ်သားယောင်ဆောင်ပြီး တပ်ထဲကနေထွက်ဖို့ ဆောင်ရွက် နေတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“သူတို့စစ်ကားတွေလည်း လွန်ခဲ့တဲ့နှစ်တုန်းကလည်း ကျနော်တို့ အများကြီး ဖျက်စီးလိုက်ရတယ်လေ။ နောက်မှ ကျနော်တို့လည်း တိုက်ရင်လည်း တချို့က ကားကို သိမ်းယူရတာတွေလည်း ရှိတယ်လေ။ ကျနော်တို့ ဒီ ၂၀၂၂ မှာက ၁၇ စီး၊ ၁၈ စီးလောက်ဖျက်စီးနိုင်တယ်ပေါ့။ သိမ်းယူဖျက်စီးနိုင်တယ်။ ကျနော်တို့က လေးစီး၊ ငါးစီးလောက် အသုံးပြုနိုင် တယ်ပေါ့။ နောက်ပြီးတော့ ဘက်ဖိုး ၂ စီး ဒန်ဘန်ကားနှစ်စီး တင့်ကားတစ်စီး ဖျက်စီးနိုင်တယ်ပေါ့။ ၂၀၂၂ အတွင်းမှာပေါ့ နော။ အဲတော့ သူတို့ က စစ်ကားနဲ့အသုံးပြုတယ်ဆိုရင် ကျနော်တို့က သိတော့ သူတို့က အယောင်ဆောင်ပြီးတော့မှ အရပ်ဖက်ကားကို အသုံးပြုနေ တယ်။ ဒန်ဘာကားက ရိုးရိုးယူပြီးတော့မှ ထင်ယောင်ထင်မှားဖြစ်အောင် သူတို့ လုပ်တာပေါ့။ ဒါပေမယ့် စစ်တပ်ဟာ အသုံးပြု တယ်ဆိုတာ ကျနော်တို့ သိတယ်လေ။ အခုလည်း ပေါ်နေတယ်ပေါ့နော အဲဒီလိုမျိုးထွက်လာတော့ နင်းတယ်ဆိုတော့ စစ်တပ် တော့ ပါပြီးသားပဲ။” လို့ သူက ပြောပါတယ်။ ကရင်နီပြည် ဒီးမော့ဆိုမြို့မှာ နေ့စဉ်နီးပါး စစ်ကောင်စီနဲ့ ကရင်နီဒေသခံ ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး ဒီးမော့ဆိုအခြေစိုက် ခမရ ၄၂၇ နဲ့ ခလရ ၁၀၂ တပ်တို့ကနေ လက်နက်ကြီး မကြာခဏ ပစ်ခတ်လေ့ရှိပါတယ်။ အဲဒီလိုပစ်ခတ်ရာမှာ အရပ်သားတွေနေထိုင်တဲ့ စစ်ရှောင်နေရာတွေအထိ ကျရောက်ပြီး ဒေသခံတွေ ထိခိုက်သေဆုံးရတာတွေ အများအပြားရှိနေပါတယ်။ https://www.kantarawaddytimes.org/%e1%80%8 1%e1%80%99%e1%80%9b-%e1%81%84%e1%81%82%e1%81%87

၂၀။ မိုင်းလားတွင် အသက် ၁၈ နှစ်ပြည့်ပြီး ဒေသခံ အမျိုးသားများကို စစ်သင်တန်းပေးမည်ဟုဆို
January 26, 2023

သျှမ်းပြည် ကျိုင်းတုံခရိုင် မိုင်းလားမြို့တွင်နေထိုင်သည့် အသက် (၁၈) နှစ်ပြည့်ပြီး ဒေသခံအမျိုးသားများကို အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) အဖွဲ့က ရပ်ရွာလုံခြုံရေးအတွက် ၄၅ ရက်ကြာ စစ်သင်တန်းပေးမည်ဖြစ် ကြောင်းသိရှိရသည်။ လာမည့် ၂၀၂၃ ဖေဖော်ဝါရီ ၂ ရက်စပြီး NDAA (မိုင်းလား) အဖွဲ့က အသက် (၁၈) နှစ်ပြည့်ပြီး ဒေသခံအမျိုး သားများကို ရပ်ရွာလုံခြုံရေးအတွက် ၄၅ ရက်ကြာ စစ်သင်တန်းကို ခေါ်ယူမည်ဖြစ်ကြောင်း မိုင်းလားဒေသခံ အမျိုးသားတစ်ဦး က ပြောသည်။ “နောက်လ ၂ ရက်ကစပြီးတော့ ကျနော်တို့တွေ ရပ်ရွာလုံခြုံရေးအတွက် စစ်သင်တန်းသွားတက်ရမှာဗျ။ မိုင်းလား က ဒေသခံတွေကိုဘဲ တက်ရောက်ခွင့်ရမယ်လို့တော့ ပြောတယ်။ ၄၅ ရက်ကြာ စစ်သင်တန်းပေးမယ် ဆိုတော့ လူထောင်နဲ့ချီရှိ မယ်ဗျ “ ဟု ၎င်းက ပြောသည်။

အဆိုပါ ရပ်ရွာလုံခြုံရေးအတွက် လူခေါ်ပြီး စစ်သင်တန်းပေးခြင်းသည် NDAA (မိုင်းလား) အဖွဲ့က နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့သော်လည်း ကိုဗစ် – ၁၉ ရောဂါ ကူးစက်ချိန်မှစ၍ မပြုလုပ်ရာမှာ ၃ နှစ်ရှိပြီးဖြစ်သဖြင့် ယခု ၂၀၂၃ ခုနှစ်တွင် ပြန်လည် ပြုလုပ် လာခဲ့ကြောင်းလည်း သိရသည်။ “ မိုင်းလားက ဒေသခံ အမျိုးသားတွေ စစ်သားမလုပ်ချင်ရင် ရပ်ရွာလုံခြုံရေးအတွက် စစ်သင်တန်းတော့ တက်ကိုတက်ရတယ်ဗျ။ အသက် ၅၀ အထက်တော့ သူတို့မယူဘူး။ ရပ်ရွာလုံခြုံရေးအတွက် စစ်သင်တန်းပေး တာကလည်း စစ်သားနဲ့ ဘယ်လောက်မှ မကွာပါဘူး။ အခြေနေမကောင်း စစ်ရေးတင်းမာလာတာနဲ့အမျှ ကျနော်တို့တွေဟာ အဆင်သင့်ဖြစ်ပြီး ရှေ့တန်းကို တက်ရမယ့်သူတွေပါ “ ဟု ၎င်းက ထပ်လောင်းပြောသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အတွင်းတွင် လည်း ရပ်ရွာလုံခြုံရေးအတွက် စစ်သင်တန်းပေးကို အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) အဖွဲ့ ၈၀၆ တပ်ရင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ https://www.facebook.com/shannewsburmese/photo s/a.34154056593

၂၁။ စစ်တွေမှ မနွယ်သန္တာဝင်း အမှုနှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးတရားစွဲဆို ခံထားရသူ မောင်မျိုးချစ်စိုး အပြီးသတ် လွတ်မြောက်လာ
January 27, 2023

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ နာမည်ကြီး လူသတ်မှုတစ်ခုဖြစ်သည့် မနွယ်သန္တာဝင်းအမှုနှင့် ပတ်သက်ပြီး ရဲက ဖမ်းဆီး တရားစွဲဆိုထားသည့် မောင်မျိုးချစ်စိုးသည် အပြစ်တစ်စုံတရာမရှိသဖြင့် ယနေ့တွင် တရားရုံးက အမိန့်ချမှတ်ကာ အပြီးသတ် လွှတ်ပေးလိုက်ပြီဟု သတင်းရရှိသည်။ ကိုမျိုးချစ်စိုးကို ယနေ့ဇန်နဝါရီလ ၂၇ရက် နံနက်က ဖမ်းဆီးထား သည့် ထောင်ချုပ်ထဲ၌ ပင် ရုံးထုတ်ခဲ့ပြီး မနွယ်သန္တာဝင်းအသတ်ခံရမှုတွင် တစ်စုံတစ်ရာအပြစ်မရှိကြောင်း တရားရုံးက ဆုံးဖြတ်ကာ အပြီးသတ် အမိန့် ချမှတ်လိုက်၍ လွတ်မြောက်လာခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူ ဒေါ်လှသိန်းနွယ် က ပြောသည်။ “သားက လွတ်မြောက်လာပါပြီ။ မနက်ပိုင်းက ဖုန်းဆက်လာတာ။ ဒီနေ့ အပြီးသတ်အမိန့်ချမှတ် လိုက်တာ။ လွတ်မြောက်လာပါပြီ။ အခုတော့သားကို အိမ်ပြန် ခေါ်ဖို့ကမ်းထောင်းကြီးကနေ စစ်တွေကိုသွားနေပါတယ်” ဟု ပြောသည်။ မနွယ်သန္တာဝင်း အသတ်ခံရမှု၌ အနီးအနားရှိ တစ်ခြား ဆိုင်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့၊ (၅)ရပ်ကွက်မှ ဦးသိန်းမောင်နှင့် ဒေါ်လှသိန်းနွယ် တို့၏သားဖြစ်သူ မောင်မျိုးချစ်စိုး အသက်(၂၀)နှစ်အား ရဲကမတရားဖမ်းဆီးကာ တရားစွဲဆိုခဲ့သည်။ မိခင်ဖြစ်သူ ဒေါ်လှသိန်းနွယ် က “ကျွန်မသားမှာ အပြစ်မရှိလို့ လွတ်မြောက်လာတာ အရမ်းဝမ်းသာပါတယ်။အရမ်းလည်းပျော်ပါတယ်” ဟု ပြောသည်။

မနွယ်သန္တာဝင်းသည် စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ မေယုလမ်းပေါ်မှ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံးအနီး ဆိုလာ နှင့် လျှပ်စစ်ပစ္စည်း အရောင်းဆိုင်တစ်ခုမှ အရောင်းဝန်ထမ်းဖြစ်ပြီး သူမသည် ပြီးခဲ့သည့်သြဂုတ်လ ၁၅ရက်နေ့က တစ်ဦးတည်း ဆိုင်ရောင်းနေစဉ် အကြမ်းဖက် ဓားထိုး အသတ်ခံရသည်။ ဒဏ်ရာများမှာ ဝမ်းဗိုက်၌ ဓားထိုးဒဏ်ရာ ၂ ချက်ရှိပြီး လည်ပင်း တွင်လည်း လက်ဖြင့်ညစ်ထားသည့် ညိုမဲဒဏ်ရာများတွေ့ရှိခဲ့သည်။ https://burmese.narinjara.com/…/63d 36969baac2

၂၂။ စစ်ကောင်စီဆေးတပ်က တပ်ကြပ်ကြီးစာရေးတစ်ဦးကို ပုလောက PDF တွေဖမ်းဆီး
January 25, 2023
ဘုတ်ပြင်းမြို့ဆေးတပ်က စစ်ကောင်စီ တပ်ကြပ်ကြီးစာရေးတစ်ဦးကို ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဖမ်းဆီးခဲ့တယ် လို့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ PRDF သတင်းထုတ်ပြန်ပါတယ်။ အခုလ ၂၁ ရက်နေ့ ညနေပိုင်းက ကဒဲကျေးရွာနဲ့ သင်္ကန်းတောကျေးရွာအနီးက လမ်းမကြီးပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ်က စစ်ဆေးမှုတွေပြုလုပ်နေချိန် ခရီးသည် ကားနဲ့ လိုက်ပါလာတဲ့သူ့ကိုဖမ်းဆီးရမိခဲ့တာပါ။ ဖမ်းဆီးရမိသူကတော့ ဘုတ်ပြင်းမြို့ (တဆရ ဆေးရုံ ၁၈/၁၀၀)က တပ်ကြပ်ကြီးစာရေး သန်းဇော်ဦး ဖြစ်ပြီး လက်ရှိမှာတော့သူ့ကို PRDF အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထား တယ်လို့သိရ ပါတယ်။ ” ဆွေးနွေးတိုင်ပင်ပြီးမှ သူ့ကို ဘယ်လိုအရေးယူမလဲဆိုတာ ဆုံးဖြတ်သွားပါ့မယ်” လို့ ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ PRDF ရဲ့တာဝန်ရှိသူကပြောပါ တယ်။ စစ်သံရုံးဝင်ခွင့်ဖြေရာကပြန်လာသူဖြစ်ပြီး တာဝန်ထမ်း ဆောင်ချိန် ၁၆ နှစ်ကျော်ရှိပြီဖြစ်တယ်လို့သိရပါတယ်။ ဖမ်းဆီး ချိန် သူဆီကနေ ဖုန်းတစ်လုံးနဲ့ ငွေနှစ်သောင်းကျော် သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ https://ww w.facebook.com/photo/?fbid=223113303439760&set=a.196212682796489

၂၃။ စစ်ရှောင်ပြည်သူတွေအများစု စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ခံစားနေရ၊ ကုစားပေးမှုတွေလိုအပ်နေ
January 26, 2023

တိုက်ပွဲတွေကြောင့် နေရပ်အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်ပြည်သူတွေအနေနဲ့ စစ်ရှောင်ကာလ ကြာမြင့်လာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ခံစားနေရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဦးဗညား က ပြောပါတယ်။ “ပြောရဲတာက အရင်တုန်းက လေယာဉ်ပျံအသံကြားရင် လူတွေက မကြောက်ဘူး ထွက်ကြည့်တယ်။ ဟယ်ရီ ကော်ပတာလာတာဖြစ်စေ လေယာဉ်လာတာဖြစ်စေ ကြားရင်ထွက်ထွက်ကြည့်တယ် ပျော်တယ် လေယာဉ်ကိုမတွေ့ဖူးဘူး တွေ့ရင်ပျော်တယ်ဆိုတဲ့ခံစားချက်။ ဒါပေမယ့် အခု အဲ့ဒီခံစားချက်က ပြောင်းပြန်ဖြစ်သွားတယ်။ လေယာဉ်လာပြီဟေ့ အသံကြား ပြီဟေ့ဆို ကြောက်တယ် ထွက်မကြည့်ရဲဘူး ပြေးတယ် ကတုတ်ကျင်းထဲဝင်ခိုကြတယ်။ အဲ့ဒါပဲ ဒါက လွယ်လွယ်လေးပဲ။ အဲ့တော့ အရင်တုန်းက မတွေ့ဖူးတဲ့ဟာကို အခုကမတွေ့ရဲတော့ဘူး ကြောက်သွားတယ်။ အသံကြားတာနဲ့ကြောက်သွားတယ်။” လို့ ဦးဗညား ကပြောပါတယ်။ ကရင်နီပြည်မှာ စစ်ကောင်စီတပ်ကနေ လေကြောင်းအသုံးပြုပြီး စစ်ရှောင်နေထိုင်ရာအရပ်ကို ဦးတည်တိုက်ခိုက် တာတွေ လက်နက်ကြီးမကြာခဏပစ်ခတ်တာတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှု ကြုံတွေ့နေရပါတယ်။

တစ်ဖက်မှာလည်း စစ်ဘေးရှောင်ကာလ နှစ်နှစ်နီးပါးကြာမြှင့်လာပြီး တိုက်ပွဲကြောင့် မိသားစုဝင်တွေကိုဆုံးရှုံးတာ၊ မိမိတို့ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာ တွေကို စွန့်ခွာထွက်ပြေးနေကြရတဲ့အပြင် ရေရှည်စားဝတ်နေရေး၊ နေရာထိုင်ခင်း၊ သားသမီးပညာ ရေးစိုးရိမ်မှု၊ စစ်ရှောင်စခန်းနေရာတွေမှာ လုပ်ကိုင်စားသောက်လို့မရတာ၊ လုံခြုံမှုမရှိတဲ့ အကြောက်တရားတွေကြောင့် စိတ်ပိုင်း ဆိုင်ရာထိခိုက်မှုတွေကို ကြုံတွေ့နေကြရတယ်လို့ ဆိုပါတယ်။ စိတ်ပိုင်းဆိုင်ရာပြန်လည်ကုစားရေးအစီအစဉ်တွေကို အမျိုးသမီး အဖွဲ့အစည်း၊ စစ်ဘေးရှောင်ကူညီတဲ့အသင်းအဖွဲ့၊ စေတနာ့ဝန်ထမ်းအဖွဲ့တွေကနေ လုပ်ဆောင်ပေးနေတာရှိပေမယ့် လတ်တ လော လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်တဲ့ အဆင့်သာရှိသေးပြီး အစီအစဉ်တကျ ဆောင်ရွက်ပေးနိုင်တဲ့အဖွဲ့အစည်းမရှိသေးပါဘူး။ ကရင်နီအတိုင်ပင်ခံ ကောင်စီ(KSCC) အနေနဲ့ အုပ်ချုပ်ရေးပိုင်း သေချာဖွဲ့စည်းပြီး စိတ်ပိုင်းဆိုင်ရာကုသရေးနဲ့ ပြန်လည်ထူထောင် တဲ့အပိုင်းမှာ လုပ်ဆောင်ပေးဖို့လိုတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံးမှ အတွင်းရေးမှူး-၂ မော်ဖရေမြာ က ဆိုပါတယ်။ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ဖွဲ့စည်းပြီးနောက် တစ်နှစ်ကျော်အကြာမှာ ပထမအကြိမ်ညီလာခံကို ကျင်းပနိုင်ခဲ့ပြီး ထပ်မံဖွဲ့စည်းမယ့် အုပ်ချုပ်ရေးကောင်စီအောက်မှာ လူထုအတွက် အကူညီထောက်ပံ့မှုကို ရရှိအောင် လုပ်ဆောင်သွားမယ်လို့ KSCC ဥက္ကဌ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။ https://www.kantarawaddytimes.org/%e1%80%85%e1%80%85% e1%80%ba%e1%80%9b%e1%80%be%e1%80

၂၄။ စစ်တွေမြို့တည်နှစ် (၁၉၇) နှစ် ပြည့်အထိမ်းအမှတ်ကို ရခိုင်သက္ကရာဇ်အတိုင်း ကျင်းပ
January 26, 2023

စစ်တွေမြို့ကို တည်ထောင်ခဲ့သည့် နှစ် (၁၉၇) နှစ်ပြည့်မြောက် အခမ်းအနားတစ်ခုကို ဇန်နဝါရီ ၂၅ ရက် ညနေက စစ်တွေမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ စစ်တွေမြို့ကို ခရစ်သက္ကရာဇ် ၁၈၂၆ ခု ဇန္နဝါရီ ၁၂ ရက်နေ့၊ ရခိုင်သက္ကရာဇ် ၁၁၈၇ ခု တပို့ တွဲလဆန်း ၅ ရက်နေ့တွင် တည်ထောင်ခဲ့သဖြင့် ရခိုင် သက္ကရာဇ်အတိုင်း ယမန်နေ့ တပို့တွဲလဆန်း ၅ ရက်တွင် ကျင်းပခဲ့ကြ ခြင်း ဖြစ်သည်။ စစ်တွေမြို့တည်နှစ် ၁၉၇ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စစ်တွေမြို့၊ မိဇံရပ်ကွက်တွင် မီးထွန်းပွဲတစ်ခုကိုသာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှု အဖွဲ့က စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါ အခမ်းအနားကို အကျဉ်းချုံးပြုလုပ်ခဲ့သော်လည်း ရိုးရာကျင်ပွဲ တစ်ခုကို ထည့်သွင်းကျင်းပခဲ့သည်ဟု သိရသည်။

စစ်တွေမြို့ကို အင်္ဂလိပ်မြို့ဝန် ပတ္တင် (Paton)၊ ဒေသျှိတ် (Dickenson) တို့နှင့် ရခိုင်ခေါင်းဆောင် များဖြစ်ကြသော မင်းသားကြီးရွှေဘန်း၊ ဒေးဝန်းကြီးအောင်ကျော်ရွှီနှင့် မြို့သူကြီး အောင်ကျော်ဇံ တို့က တည်ခဲ့သည်ဟု သိရသည်။ အင်္ဂလိပ်တို့က ရခိုင်ပြည်ကို ၁၈၂၄-ခုနှစ်တွင် သိမ်းပိုက်ခဲ့ပြီး ယခင်မြို့တော်ဟောင်း မြောက်ဦးမြို့သည် အုပ်ချုပ်ရေး အတွက် အဆင်မပြေသဖြင့် တံငှာရွာအဆင့်ရှိ ယခုနေရာသို့ ပြောင်းရွှေ့ပြီး စစ်တွေမြို့ကို တည်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ https://www.facebook.c om/narinjara.info/photos/pcb.6218756851469673/6218754944803197/

၂၅။ တနင်္သာရီ-ထိုင်းနယ်စပ်မှာနေထိုင်တဲ့ မွန်ငြိမ်းချမ်းရေးအဖွဲ့က ခေါင်းဆောင် သေနတ်ကျည်ထိမှန်သေဆုံး
January 27, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်က ထိုင်းနယ်စပ်မှာနေထိုင်တဲ့ မွန်ငြိမ်းချမ်းရေးအဖွဲ့က ခေါင်းဆောင်ဟာ အပြန်အလှန် ပစ်ခတ်မှုတစ်ခုမှာ သေနတ်ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်တွေကနေ သိရပါတယ်။ ချောင်ချီဒေသ၊ အေးမွန်သာကျေးရွာမှာ အခုလ ၂၅ ရက် နံနက် ၆ နာရီဝန်းကျင်က ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့တာပါ။ သေဆုံးသူ မွန်ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် နိုင်အောင်သိုက်ဟင် ရဲ့ နေအိမ်ကို မွန်ခွဲထွက်အဖွဲ့တစ်ခုက လူ ၁၀ ဦးဝန်းကျင်လာရောက်ပြီး ဆက်ကြေး ဘတ် သုံးသိန်း တောင်းတာကို မပေးလို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်မှုအတွင်း နိုင်အောင်သိုက်ဟင် မှာ ကျည်ထိမှန်ခဲ့ပြီး အဲဒီဒဏ်ရာနဲ့ပဲသေဆုံးခဲ့ တယ်လို့သိရပါတယ်။

ဆက်ကြေးလာတောင်းတဲ့ မွန် ခွဲထွက်အဖွဲ့ကလည်း တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပြီး ၎င်းခွဲထွက် အဖွဲ့က ဘယ်အရပ်က ဘယ်အဖွဲ့ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ နိုင်အောင်သိုက်ဟင် ဟာ အသက် ၅၄ နှစ်ရှိပြီဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းကို ထိုင်းနိုင်ငံဘက်မှာမနေ့က မီးသင်္ဂြိုလ်ခဲ့တယ်လို့သိရပါတယ်။ မွန်ငြိမ်းချမ်းရေးအဖွဲ့ဟာ ၁၉၉၀ နောက်ပိုင်း စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ အဖွဲ့ဖြစ်ပြီး ချောင်ချီဒေသမှာ နေထိုင်လာတာ ဆယ်စုနှစ် နှစ်ခုကျော်ပြီလို့ သိရပါတယ်။ https://www.facebook.com/photo/?fbid=223439983407092&set=a.196212682796489

၂၆။ ပါတီဝင် ၁ သိန်းနှင့် ရန်ပုံငွေကျပ်သိန်း ၁၀၀၀ ရှိရမည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ် စစ်ကောင်စီ ပြဋ္ဌာန်း
January 27, 2023

နိုင်ငံတဝန်း ပါတီဝင်အရေအတွက် အနည်းဆုံး ၁ သိန်းစည်းရုံးဖို့နဲ့ ပါတီရန်ပုံငွေကျပ် သိန်း ၁၀၀၀ ရှိရမယ့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို အာဏာသိမ်း စစ်ကောင်စီက ဇန်နဝါရီ ၂၆ ရက်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လက်မှတ်ရေးထိုးပြဋ္ဌာန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီတွေ များပြားနေပြီး ပါတီအလိုက် ပြည်သူကို ကိုယ်စားပြုနိုင်မှုမှာ အားနည်းနေကြောင်းနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းဖို့ အာဏာ သိမ်း စစ်ခေါင်းဆောင်က ဇန်နဝါရီ ၂၄ ရက် စစ်ကောင်စီ အစည်းအဝေးမှာ ပြောကြားခဲ့ပြီး ရက်ပိုင်းအတွင်း ဒီဥပဒေသစ်ထွက် လာတာဖြစ်ပါတယ်။ ဥပဒေသစ်အရ ပြည်ထောင်စု တဝန်းလုံးမှာ စည်းရုံးမယ့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုတဲ့ နေ့ရက်ကနေစလို့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁ သိန်းကို စည်းရုံးရမှာဖြစ်ပြီး၊ တိုင်းနဲ့ ပြည်နယ် တခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီ ဆိုရင်တော့ ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ စည်းရုံးရမယ်လို့ဆိုပါတယ်။

အရင် နအဖလက်ထက်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေပြဋ္ဌာန်းထားတဲ့ ဥပဒေမှာတော့ ပြည်ထောင်စု တဝန်းလုံးမှာ စည်းရုံး မယ့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုတဲ့ နေ့ရက်ကနေစလို့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေအနည်းဆုံး ၁၀၀၀ စည်းရုံးရမှာဖြစ်ပြီး၊ တိုင်းနဲ့ ပြည်နယ်တခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီ ဆိုရင်တော့ ပါတီဝင်ဦးရေ အနည်း ဆုံး ၅၀၀ စည်းရုံးရမယ်လို့ ပြဋ္ဌာန်းခဲ့တာပါ။ ဥပဒေသစ်မှာတော့ ပါတီရန်ပုံငွေကို လည်း ပြည်ထောင်စု တဝန်းလုံးမှာ စည်းရုံးမယ့် ပါတီ ဖြစ်ပါက ငွေကျပ် သိန်း ၁၀၀၀ တိုင်းနဲ့ ပြည်နယ်တခုအတွင်းမှာ သာ စည်းရုံးမယ့်ပါတီဆိုရင်တော့ ငွေကျပ် သိန်း ၁၀၀ မြန်မာ့ စီးပွားရေးဘဏ် တခုခုမှာ ငွေစာရင်းဖွင့်ထားကြောင်း အထောက်အထားပြရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပါတီရုံးတွေကိုလည်း ပြည်ထောင်စု တဝန်းလုံးမှာ စည်းရုံးမယ့် ပါတီဖြစ်ပါက ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စု တဝန်းလုံးရှိ မြို့နယ်အားလုံးရဲ့ အနည်းဆုံးထက်ဝက်မှာ ဖွင့်လှစ်ဖို့နဲ့ တိုင်းနဲ့ ပြည်နယ်တခုအတွင်းမှာသာ စည်းရုံးမယ့်ပါတီဆိုရင်တော့ အဆိုပါ တိုင်းနဲ့ပြည်နယ် အတွင်းရှိ အနည်းဆုံး ၅ မြို့နယ်မှာ ပါတီရုံးခန်းတွေ ဖွင့်လှစ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အရင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) လက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ လက်ရှိတည်ရှိ နေတဲ့ပါတီ တွေဟာ အခု အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုပါက ဒီဥပဒေ ပြဋ္ဌာန်းတဲ့ရက်က စပြီး ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်ထံကို ပါတီမှတ်ပုံတင်ခွင့် ပြန်လျှောက်ရမှာဖြစ်ပြီး ပြန်လျှောက်ထားခြင်းမရှိပါက နိုင်ငံ ရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီဖြစ်တယ်လို့လည်းဆိုပါတယ်။ http://burmese.dvb.no/archives/575646

၂၇။ လားရှိုးမြို့ စစ်ကောင်စီ ဦးဆောင်ဖွင့်ပေးသည့် လောင်းကစားဝိုင်း ဓားထောက်ဓားပြတိုက်ခံရ
January 26, 2023

သျှမ်းပြည် လားရှိုးမြို့နယ်ထဲတွင် စစ်ကောင်စီ ဗိုလ်ကြီးရာထူးအဆင့်ရှိသည့် ဗိုလ်ကြီး နေမင်းထက် ဦးဆောင်ပြီး ဖွင့်လှစ်ပေးထားသည့် လောင်းကစားဝိုင်းထဲတွင် ဓားထောက်ပြီး ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ဇန်နဝါရီ ၂၅ ရက် ည ၈ နာရီဝန်းကျင်တွင် တရုတ်နှစ်သစ်ကူးအတွက် စစ်ကောင်စီ ဗိုလ်ကြီးနေမင်းထက် ဦးဆောင်ပြီး ဖွင့်လှစ်ပေးသည့် လောင်း ကစားဝိုင်းမှ ပြန်လာသူများ ဓားထောက်ပြီး ဓားပြတိုက်ခံရကြောင်း သိရသည်။ “ သူတို့ ၃ ယောက်က လောင်းကစားဝိုင်း ကနေ ပြန်လာပြီးတော့ လမ်းမှာ ဓားနဲ့ ထောက်ခံရပြီး အိတ်ကပ်ထဲက ပိုက်ဆံတွေ အကုန်လုံး ယူသွားတာတဲ့။ ဘယ်လောက်ယူသွားလဲ တော့မသိဘူး။ အဲ့လမ်းက အသွားအလာ ပြတ်တယ်။ ညဆိုရင်လည်း သိပ်မအော်ရဲဘူး။ မူးယစ်ဆေးဝါးသုံးစွဲသူတွေကလည်း များတယ်” ဟု လားရှိုးမြို့ ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ လောင်းကစားဝိုင်းကို ဗိုလ်ကြီးနေမင်းထက်က ဦးဆောင်ပြီး တရုတ်နှစ်သစ်ကူးအတွက် ဇန်နဝါရီ ၂၁ ရက်နေ့မှ ယနေ့ ၂၆ အထိ ဖွင့်လှစ်ပေးခဲ့ပြီး၊ ထို လောင်းကစာဝိုင်းထဲတွင် လေးကောင်ဂျင်ဝိုင်း၊ ရှမ်းကိုးမီး နှင့် တရုတ်ဖဲဝိုင်းများ စသည့် လောင်းကစားဝိုင်း မျိုးစုံပါရှိထားကြောင်း သိရသည်။ “ ဗိုလ်ကြီးက ဦးဆောင်ပြီးတော့ ဖွင့်ပေးတာ။ တရုတ်နှစ်သစ်ကူးအတွက် ဆိုပြီး ဒီနေ့ထိ ဖွင့်ပေးတာ။ အဲ့ထဲမှာ လောင်းကစားမျိုးစုံရှိတယ်။ လေးကောင်ဂျင် တွေကော၊ တရုတ်ဖဲဝိုင်းတွေလည်းရှိတယ်။ ပြီးတော့ အောင်လံကြေးဆိုပြီးတော့ လေးကောင်ဂျင်တစ်ခုံကိုဆိုရင် တစ်ည သိန်း ၃၀ လောက်ပေးရတယ်”ဟု ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ စစ်တပ် အာဏာသိမ်းပြီး ၂ နှစ်နီးပါးတွင် စစ်ကောင်စီ တွေကိုယ်တိုင် ဦးဆောင်ပြီး လောင်း ကစားဝိုင်း တွေကို ပေါ်တင်ဖွင့်လှစ်ပေးလာသည်။ https://burmese.shannews.org/archives/32765

၂၈။ မွေးရာပါစအိုပေါက်မပါသည့် ၂ နှစ်ကျော်အရွယ် ခမီကလေးအား ခွဲစိတ်ကုသရန် အလှူငွေ သိန်း ၇၀ ကျော်ရရှိ
January 27, 2023

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်အုပ်စု၊ ဂန္ဓရူးကျေးရွာက ခမီတိုင်းရင်းသား ကိုလှမောင်နှင့် မစန္ဒာ တို့၏ သားဖြစ်သူ အသက် ၂နှစ်ကျော်အရွယ် မောင်ထက်မြတ်အောင်အတွက် စအို ခွဲစိတ်ကုသရန် စေတနာရှင်များမှ လှူဒါန်း သည့် အလှူငွေ ကျပ်သိန်း ၇၀ ကျော် ရရှိသည်ဟု သတင်းရရှိသည်။ မောင်ထက်မြတ်အောင်ကို ခွဲစိတ်ကုသ ပေးနိုင်ရန် သင်္ကန်းကျွန်မြို့နယ်မှ အသက် ၆၀ အရွယ် ရခိုင်အမျိုးသမီးကြီးတစ်ဦးမှ အလှူငွေ ကျပ် ၃၅၀၀၀၀၀ (သုံဆယ်ငါးသိန်း) လှူဒါန်း သည့်အပြင် ပြည်းတွင်း/ပြည်ပမှ စေတနာရှင် (တစ်ဦးချင်း/အစုအဖွဲ့အလိုက်) များမှလည်း Kpay/ Wave pay Account တို့ မှ ဝိုင်းဝန်း ကူညီပေးကြသည့် အလှူငွေ ကျပ် ၃၈၅၅၀၀ဝ (သုံးဆယ်ရှစ်သိန်း ငါးသောင်း ငါးထောင်ကျပ်) ရရှိပြီး၊ စုစုပေါင်း ကျပ်ငွေ ၇၃၅၅၀၀ဝ (ခုနှစ်ဆယ်သုံးသိန်းငါးသောင်းငါးထောင်ကျပ်) တိတိ ရရှိခဲ့သည် ဟုသိရသည်။

မောင်ထက်မြတ်အောင် ဖခင်က “ ကျွန်တော့် သားလေးအတွက် ကူညီပေးကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင် ပါတယ်။ ဝမ်းလည်း ဝမ်းသာပါတယ်။ အခု ကလေးကို ဆေးရုံတင်ထားတာ ၃ ရက်လောက်ရှိပါပြီ။ ဓါတ်မှန်ရိုက် လို့တော့ ပြီးပြီ၊ ဆေးထိုးပေးထားပါတယ်။ ဆေးရည်နဲ့ ဗိုက်ထဲဆေးတာတွေ လုပ်ပေးထားပါတယ်။ ဗိုက်ထဲက အစာတွေကို ရေနဲ့ဆေးပြီတော့မှ ခွဲမယ်ထင်တယ်။ ခွဲစိတ်မဲ့ရက်ကိုတော့ မသတ်မှတ်ရသေးဘူး။ သားလေးကတော့ ကျန်းကျန်းမာမာ ရှိနေပါတယ် ” ဟုပြော သည်။ မောင်ထက်မြတ်အောင် ကို ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်၊ မိုးကောင်းဆေးရုံတွင် ခွဲစိတ်ကုသ သွားမည်ဟု သိရသည်။ Aye Mg KM အကောင့်ပိုင်ရှင်မှာ အဆိုပါဆေးကုသရန် အခက်အခဲများအား သူ၏ လူမှုကွန်ယက်စာမျက်နာများမှ ပို့စ်တင်ခဲ့သလို ရခိုင်အခြေစိုက် သတင်းမီးဒီယာများ ကလည်း ရေးသားဖော်ပြခဲ့ရာ စေတနာရှင်များက ဝိုင်းဝန်းကူညီခဲ့ကြသဖြင့် တစ်ပတ်အတွင်း ခွဲစိတ်ကုသရန် လိုအပ်နေသည့် ငွေကျပ် သိန်း(၇၀)ကျော်ကို ရရှိခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။ https://ww w.facebook.com/narinja ra.info/photos/pcb.6221862804492411/6221861734492518/

၂၉။ နှစ်နှစ်ကျော်ကြာ ပိတ်ခဲ့တဲ့ မူဆယ်-ရွှေလီနယ်စပ်ဂိတ်ပြန်ဖွင့်
January 26, 2023

တောင်အာရှမှာ အစည်ကားဆုံးနယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုဖြစ်တဲ့ မူဆယ်-ရွှေလီ နယ်စပ်စစ်ဆေးရေးဂိတ်ကို ရက်ပေါင်း ၁၀၃၀ ပိတ်ထားခဲ့ရာက ဒီလ ၂၅ ရက်နေ့မှာ လုံးဝပြန်ဖွင့်လှစ်လိုက်ပြီလို့ Global Times သတင်းက မနေ့က ဖော်ပြ ပါတယ်။ Covid-19 ကပ်ရောဂါကြောင့် ၂၀၂၀ မတ်လကုန်ပိုင်းကစပြီး ပိတ်ထားရာကနေ တရုတ်နိုင်ငံက Covid-19 ကပ်ရောဂါ စီမံခန့်ခွဲရေး အဆင့်သတ်မှတ်ချက်ကို A က B ကို လျှော့ချပြီးနောက် နှစ်နိုင်ငံကူးသန်းသွား လာခွင့် ရရှိတာပါ။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှာရှိတဲ့ မူဆယ်-ရွှေလီ နယ်စပ်စစ်ဆေးရေးဂိတ် ကနေ ၂၀၁၉ မှာ လူ ၁၇ သန်း နှစ်နိုင်ငံ ကူးသန်းသွားလာခဲ့ပြီး သွင်းကုန်-ပို့ကုန်က တန်ချိန် ၁၇ သန်းကျော်ရှိခဲ့ပါတယ်။ နယ်စပ်ဂိတ်ကို ပြန်ဖွင့်လှစ်ပြီးနောက် တစ်နိုင်ငံ က တစ်နိုင်ငံကို သွားမယ်ဆိုရင် ၄၈ နာရီအတွင်း ကိုဗစ်ကူးစက်ခံရတာ မရှိကြောင်း နဲ့ ဝင်-ထွက်ခွင့် တရားဝင်အထောက်အထား ပြနိုင်ရပါမယ်။ https://www.rfa.org/burmese/news/china-myanmar-border-trade-gate-reopen-01262023152411.ht

၃၀။ ရေးဘီလူး တော်လှန်ရေးတပ်ဖွဲ့ ကိုယ်ပိုင်ဆေးခန်းဖွင့်
January 27, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း၌ စစ်ရေးမစ်ရှစ်များစွာ ဆောင်ရွက်နေသည့် ရေးဘီလူးတော်လှန်ရေးတပ်ဖွဲ့သည် ကိုယ်ပိုင်ဆေးခန်းတစ်ခုကို ဖွင်လှစ်နိုင်ခဲ့သည်ဟု သိရသည်။ ရေးဘီလူးတပ်ဖွဲ့၏ စခန်းတွင်းတစ်နေရာ၌ ဆေးခန်းဖွင့် လှစ်လိုက် ခြင်းကို ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်တွင် ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဖော်ပြခဲ့သည်။ ” ဆေးခန်းကို ကျွန်တော်တို့ ၁၅ သိန်းကျော်ကျော် လောက်ဆေးဝါးတွေ ဝယ်ပြီးဖွင့်လှစ်လိုက်တယ်။ ပြီးတော့ကျွန်တော်တို့ တပ်ဖွဲ့ထဲက ဆေးသူနာပြုသင်တန်း တွေတက်ပြီးတော့ ဖွင့်လှစ်လိုက်တာဖြစ်တယ်။ ဆေးခန်းကိုကျတော့ အနီးအနား က သူတွေလာတက်လို့ရတယ်။ နောက်ရဲဘော် တွေရဲ့ အခက်အခဲ မကြုံရအောင် စဥ်းစားပြီး အမြန်ဆုံး ဖွင့်လှစ်လိုက် တာပေါ့ ” ဟု ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။

ရေးမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများအပါအဝင် အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်မှု ယန္တယားများ လည်ပတ်စေနိုင်ရန် စစ်ကောင်စီဒေါက်တိုင်များကို ဖြိုချ၊ ဖျက်ဆီးသည့် မစ်ရှင်များကို အောင်မြင်စွာ ဆောင်ရွက် နိုင်နေသော ရေးဘီလူးတပ်ဖွဲ့သည် နယ်မြေထိန်ချုပ်မှုများကိုပါ ဆောင်ရွက်လာခဲ့သည်။ ယခုလ ဇန်နဝါရီလ ၁၉ ရက်တွင် ရေးမြို့နှင့် ၂ မိုင်ခန့်အကွာရှိကျုံလောင်းရွာဟောင်းကို ရေးဘီလူးတပ်ဖွဲ့ကထိန်းချုပ်ပြီး နယ်မြေရှင်းလင်းရေးများ ပြုလုပ်ခဲ့သည်။ https://www.facebook.com/thanlwinkhetnews/photos/pcb.1653821505050408/1653821211717104/

၃၁။ ဒီးမော့ဆိုမြို့နယ်မှာ စစ်ကြောင်းထိုးလို့ ဒေသခံ သုံးထောင်ကျော် ထွက်ပြေး
January 26, 2023

လက်နက်အပြည့်အစုံနဲ့ တင့်ကားတွေပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ လောက်က ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးလာလို့ ဇန်နဝါရီလ ၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့ထိ ဒေသခံ သုံးထောင် ကျော် အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေါစဲရွာ၊ ဒေါတမြေးရွာ၊ နန်းဟူးထွေရွာ စတဲ့ ရွာ ၁၁ ရွာနဲ့ စစ်ဘေးဒုက္ခသည်စခန်း သုံးခုက ဒေသခံ သုံးထောင်ကျော် ထွက်ပြေးနေရတာလို့ ဆိုပါတယ်။ စစ်ကြောင်းက လက်ရှိ မှာ နန်းဟူးထွေရွာအနီးကို ရောက်ရှိနေပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေနဲ့ ရွာတွေကို ပစ်ခတ်နေတာကြောင့် ထွက်ပြေးနေရတာလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ ညွှန်ကြားရေးမှူး ဦးဗညား က ပြောပါ တယ်။ “စစ်ကြောင်းတွေက လက်နက်မျိုးစုံရော၊ တင့်ကားတွေရော ပါလာတယ်။ ဒေသခံတွေက ဒီနေ့အထိ ရွှေ့နေတုန်းပဲ။ ဘာမှမပြင်ဆင်ဘဲ ရွှေ့လိုက်ရတာဆိုတော့ နေရေးထိုင်ရေးက တော်တော်ဒုက္ခရောက်နေကြတယ်။ တချို့ဆို အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ပြေးနေကြရပါတယ်” လက်ရှိမှာရာသီဥတု အအေးလွန်ကဲတာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ နေထိုင်ရေးအတွက် အမိုးအကာတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၀ ရက်နေ့ကတည်းက ဒီးမော့ဆိုမြို့နယ်ရဲ့ မြို့အဝင်အထွက် လမ်းတွေကို ပိတ်ထား တာကြောင့် စစ်ဘေးဒုက္ခသည်တွေဟာ ဒီးမော့ဆိုမြို့နယ် အတွင်းမှာပဲ လှည့်ပတ်ထွက်ပြေးနေရတယ်လို့ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် တစ်ဦးက ပြောပါတယ်။ “လမ်းတွေအကုန်ပိတ်ထားတော့ အများစုက လွတ်မယ်ထင်တဲ့နေရာကို ပြေးရတာ ပေါ့။ ဆီဈေးကလည်းကြီး၊ ပစ္စည်းသယ်ဖို့ ကားလည်းမရှိတော့ တစ်ပိုင်တစ်နိုင်ပဲ သယ်ခဲ့တာ။ ဘာဆိုဘာမှမယူခဲ့လိုက်နိုင်ဘူး၊ လောကငရဲ ခံစားနေရသလိုပါပဲ။ တစ်ခါတစ်လေ မပြေးတော့ဘဲ အသေပဲ ခံလိုက်ချင်တော့တယ်” ဒီးမော့ဆိုမြို့နယ် အခြေစိုက် ခမရ-၁၀၂ ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စစ်ဘေးဒုက္ခသည်တွေ ပုန်းခိုနေတဲ့ တောတောင်တွေထဲကို ညစဉ် ပစ်ခတ်လေ့ရှိတယ်လို့ သူကဆိုပါတယ်။ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ စာရင်းတွေအရ အာဏာသိမ်း နှစ်နှစ်နီးပါး ကာလအတွင်း ကယားပြည်နယ်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်းရှစ်သောင်းကျော်ရှိပါတယ်။ ဒါဟာ တစ်ပြည်နယ်လုံးမှာရှိတဲ့ လူဦးရေရဲ့ ထက်ဝက်နီးပါး ဖြစ်ပါတယ်။ https://www.rfa.org/burmese/news/demoso-refugee-01262023045913.html

 

 

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။