• Today is: Saturday, May 25, 2024

စစ်တပ်က စာသင်ကျောင်းထဲ ကျည်အတောင့်တရာကျော် ပစ်တာ

“စစ်တပ်က စာသင်ကျောင်းထဲ ကျည်အတောင့်တရာကျော် ပစ်တာ”

ကျနော်နာမည်က xxx ပါ။ တပ်သားရဲ​ဘော်ပါ။ အ​​မြှောက်တပ်ကပါ။ တပ်ထဲဝင်ဖို့ရည်ရွယ်ချက်တော့အစကမရှိဘူး။ တကယ်​တော့ ရည်ရွယ်ချက်ကတမျိုး ဖြစ်လာတာကတမျိုးဗျာ။

ကျနော့် မှာ အယူအဆ တခုရှိတယ်။ ယောက်ျားလေးပဲ အရာရာတင့်တယ်။ ကြိုက်တဲ့နေရာသွား‌ ထောင်အပြင်တန်းမရှိဘူး ဆိုတဲ့စကားလုံးပဲ။ ကျနော့်မိဘကလည်း ငယ်ငယ်ကတည်းကသင်ပေးထားတော့ ဘာကိုမှ ဂရုမစိုက်ဘူး။ ဒုက္ခလဲမကြောက်ဘူး။ ကျတော် ၅နှစ်ကစပြီး အိမ်ကနေထွက်​ပြေးဖူးတယ်။

အဖေအမေက ၅နှစ်ထဲက မရှိတော့တာ။ အမျိုးတွေအားမကိုးဘူး။ အပြင်မှာထွက်ပြီး အလုပ်လုပ်တယ်။ ကံကောင်းတာတခုက ဂေဟာမှာ ၁၈နှစ်အထိ နေလိုက်ရတယ်။ ကျောင်းကတော့ ၉တန်းကျလို့စိတ်တိုသွားလို့ ကျနော်မတက်တော့ဘဲ ကျောင်းထွက်လိုက်တာ။

တကယ့် ရည်ရွယ်ချက်ကတော့ အင်ဂျင်နီယာဖြစ်ချင်တာဗျ။ အင်ဂျင်နီယာ သင်တန်းတက်ဖို့  ပိုက်ဆံက တအားလိုအပ်တယ်၊ ၅သိန်းလိုအပ်တယ်တဲ့။ အဲဒီတုန်းက ၈တန်းအောင်ရင် အင်ဂျင်နီယာ သင်တန်း တက်လို့ရတယ်။

ကျနော်တက်ချင်တဲ့ သင်တန်းအတွက် ငွေက ၅သိန်းလိုနေတာ၊ ကျနော့်လက်ထဲမှာ ပိုက်ဆံမရှိတော့ စိတ်ဓါတ်ကျပြီး xxx တံတားမှာ ကျနော် စိတ်ညစ်ညစ်နဲ့ထိုင်နေတာကို အသက်၃၀ ဝန်းကျင် လောက်ရှိတဲ့ အစ်ကိုတစ်ယောက်က ဆိုင်ကယ်နဲ့ရောက်လာပြီး ညီဘာလုပ်နေလဲ၊ ဘာအလုပ်လုပ်လဲစမေးတယ်။

ကျနော်က ကားမောင်းတတ်တယ်၊ လက်ရှိတော့ အလုပ်မရှိဘူး။ သင်တန်းတက်ဖို့လည်း ပိုက်ဆံငါးသိန်းလိုနေတယ် ဘာညာပေါ့ပြောပြလိုက်တာ။ သူကနေ ကားလိုက်မလား၊ ကားမောင်းရမယ်။ တပတ်ငါးသောင်းရမယ်ဆိုပြီးပြောတယ်။

ကျနော်လည်းပိုက်ဆံရမယ်ဆိုတော့ လုပ်မယ်။ ရတဲ့အလုပ် ဘာဖြစ်ဖြစ် ပင်ပန်းရင် ပင်ပန်းပါစေ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်မယ်ဆိုပြီး ပြောတဲ့သူ​နောက်လိုက်သွားတာ။ အဲဒီမှာ စစ်သားစု​ဆောင်း​ရေထဲ ရောက်သွားခဲ့တာပဲ။ အဲဒီမှာ ကျနော်လည်း မထူးဘူးဆိုပြီး တပ်ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။

ပထမ တပ်ထဲတော့စမထားဘူး အပြင်မှာထားတယ်။ အစတုန်းက တပ်ထဲဝင်ရမယ်လို့မပြောဘူး။ ကားလိုက်မလားပေါ့။ ကျနော်က အရင်က ကားလိုက်ဖူးတယ်။ xxxမြို့တမြို့လုံးကျနော် ပတ်နိုင်တယ်လို့ ‌ပြောတော့ မဟုတ်ဘူး နယ်ဝေးသွားတဲ့ကားတဲ့။  မန္တလေးနဲ့ မြဝတီကိုရောက်တယ်တဲ့ကားတဲ့။  အဲဒါ တပါတ်ကို ၅ သောင်း၊ စားပြီးသောက်ပြီး စရိတ်ငြိမ်းဆိုတော့ ကျနော်က သ​ဘောတူလိုက်တာ။ ပြီး​တော့ ခေါ်တဲ့ သူကပြောတယ် ငါ့ကားခဏပြင်ထားတယ် ခဏ​စောင့်ရမယ်တဲ့။ ကားပြင်တာစောင့်​နေတာ  ၁ လကျော်လောက်ကြာတယ်။ ဒီကြားထဲ ပိုက်ဆံလည်းပေးသုံးတာများတယ်ဗျာ။  ကိုယ်ကလည်း ဘာမှမသိဘူး။  လူငယ်ဆိုတော့ ရတုန်းရခိုက် သုံးမယ်ဖြုန်းမယ်ပဲသိတာ။ အဲဒီတုန်းက အသက်၁၈/၁၉ပေါ့ ဒါပဲရှိသေးတယ်။

စစချင်း သူ့အိမ်ကိုပဲခေါ်တင်ထားတယ်။ အိမ်ကအင်းစိန်ဘက်ဖော့ကန်ဘက်မှာရှိတယ်။  စားလိုက်သောက်လိုက်နဲ့ တင်ကျွေးထားတာ။ လူကများလာတယ်။ ကြာလာ​တော့အလုပ်လည်းမလုပ်ရတော့  ကျနော်ကပြောတယ်။ ကျနော်မလုပ်ချင်တော့ဘူးဗျာလို့​ပြောတယ်။ 

ကျနော်ထွက်မယ်ဆိုတော့ မင်းစားထားတာ ပိုက်ဆံပြန်လျော်တဲ့။ ကျနော်က ဥတလုံး တကောင်ကြွက်။ ဆွေမျိုး ဆိုတာ ရှိတော့ရှိတယ် မွေးကတည်းကအားမကိုးဘူး။ အဲဒီမှာ ပိုက်ဆံက ဘယ်လောက်လျော် ရမလဲဆို တော့ ၅သိန်းနီးပါးပဲ။

ကျနော့်မှာမရှိဘူး ကျနော်ပြန်ရှာပေးလို့ရမလားဆိုတော့ မရဘူးတဲ့။ မရရင်ဘယ်လို လုပ်ပေးလို့ရမှာလဲပေါ့။ အဲဒါဆို ငါမင်းကိုတခုတော့ပြောမယ်၊ ချက်ချင်းလက်ငင်း ပိုက်ဆံရမယ့်အလုပ် မင်းလုပ်ရလိမ့်မယ်၊ ဘာလုပ်ရမလည်း ဆိုတော့ စစ်တပ်ထဲဝင်လိုက်တဲ့။ စစ်တပ်ထဲ ဝင်တာတော့ဟုတ်တယ်၊ အဲဒီပိုက်ဆံ ကျနော် ရမှာလားဆိုတော့ ရတယ် ၅သိန်းကျော်ကျော်ရတယ်တဲ့။ ဒါနဲ့ပဲ တပ်ထဲ ဝင်လိုက်တာ။

စစ်ထဲရောက်တော့ပိုက်ဆံတပြားမှမရဘူး။ လာခေါ်တဲ့သူကထွက်ပြေးသွားပြီ။ သူ့နာမည် စည်သူတဲ့၊ အသက်၃၀လောက်ရှိပြီ။ တပ်ထဲမှာ လစာကတော့တော့ပေးတယ်။ ၁၆၀,၀၀၀‌ရတယ်။  ဖြတ်တာ ဘာညာနဲ့ဆို ၁သိန်းနီးပါးလောက် ကျန်တယ်။

ကျ​နော်တို့ အမြှောက်တပ်ဆိုတာက အနီးကပ်ထိတွေ့မှုဆိုတာရှားတယ် ။ လာကတည်းက ဝေဟင်ပစ်ဆိုတော့ ခြေလျင်နဲ့စာရင် အများကြီးကွာတယ်။ ကျနော်တို့က သူတို့လိုသူသေကိုယ်သေ တိုက်တဲ့သူ မဟုတ်ဘူး။

ဦးနှောက်ကတော့ စားတာပေါ့။ ကျည်တတောင့်ပစ်ဖို့ မိုင်ဘယ်လောက် မီတာဘယ်လောက် ဦးနှောက်ထဲမှာ စဉ်းစားရတယ် ဒီကျည်ကို ငါတို့ ယမ်းအား ဘယ်လောက်နဲ့ပစ်ရမလဲ ဆိုတာမျိုး တွက်ရတယ်။

ထိတွေ့မှုကတော့ ကျနော်တို့စတက်ကတည်းက ထိတွေ့မှုကရှိတယ်။ ထိတွေ့မှုရှိတာက ရွာသားလည်းမဟုတ်ဘူး။ PDFလည်းမဟုတ်ဘူး။ KNU နယ်​မြေထဲမှာ။ ကျနော်တို့ဘက်က မိုင်းထိတဲ့ အချိန်မှာထိတွေ့မှု စဖြစ်တယ်။ ၃ရက်ကြာ အပြန်အလှန်ပစ်ခတ်ကြတယ်။

ထိတွေ့မှုဖြစ်ပြီး၃ရက်ကြာတော့ လူက တော်တော်ပြိုင်းသွားတယ်။ နောက်က စစ်ကြောင်း တကြောင်းလောက် ပြန်‌လိုက်ပေးလာတယ်။ စစ်ကူ‌ပေါ့။ ကိုယ်တွေသွားမယ့် ခရီးမကြန့်ကြာအောင် လူနာကို ပြန်ဆွဲချပြီး ကိုယ်တွေ ပြန်တက်သွားတယ်။

ကျ‌နော်တို့ ကော့ကရိတ်မှာကျတော့ ဗိုလ်စောအယ်စေးဝါးလား သူတို့နဲ့ပဲအများဆုံးထိတွေ့မှုရှိတယ်။ သူတို့က မြို့ထဲသိမ်းတယ် ခဏခဏမြို့ထဲကိုလာပါတယ်။

ကော့ကရိတ်ထဲမှာတော့အိမ်မီးရှို့တာမျိုးမရှိဘူး။ စာသင် ကျောင်းကိုပစ်တာတော့ ကျည်ဆံအတောင့် တရာကျော် တယ်။ အထက်က ပစ်ဆိုပစ်ရတာပဲ။ ပစ်ပြီးမကြာဘူး သူတို့နေတဲ့ စခန်းကို ကြည့်ပြီးတော့ ကျသွားပြီလို့ ပြောတယ်။ ဒါပေမယ့်တကယ် ကျတာ မကျတာ ကိုယ်ကမမြင်ရဘူးလေ။

xxx မှာ အခြေခံသင်တန်းက၅လတက်တယ်။ စိတ်တွေကတော့ စစ်တပ်ထဲရောက်ကတည်းက မပျော်ဘူးဗျာ။ စိတ်ထဲက အရှင်းဆုံးပြောတာ ကျတော်လိုချင်တဲ့ရည်မှန်းချက်မဖြစ်နိုင်တော့ဘူးဆို​တော့ ထွက်​ပြေးဖို့အခွင့်​ကောင်းပဲ ရှာခဲ့တာ။ ရှေ့တန်းတက်တိုင်းလဲအခွင့်ကောင်းမကြုံခဲ့ဘူး။

ကျနော်လေ့ကျင့်ရေးကျောင်းရောက်တဲ့အချိန်တုန်းက အာဏာမသိမ်းသေးဘူး။ အဲ့ဒီရောက်ပြီး ၃လကျော် လောက်ရှိမှ အာဏာစသိမ်းတာ။ အာဏာသိမ်းတော့ လေ့ကျင့်ရေးကျောင်းမှာပဲရှိသေးတယ်။ လေ့ကျင့်ရေး ကျောင်းက xxxဘက်မှာ။ အဲဒီမှာလည်းကျနော်က ချက်ချင်းမသိသေးဘူး။ ကိုယ်တွေအထဲမှာ သတင်းက မပေါက်ဘူး။ သူများတွေပြောတာများလာတော့မှ သိရတာ။

သူတို့ဆီမှာ အဓိက သိမ်းသွင်းတာက အမိန့်နာခံတတ်အောင်ပေါ့ဗျာ။ သက်သာ အေးစေဆိုတာလဲ ဒီကောင်တွေရဲ့ အမိန့်နာခံတတ်အောင်လို့ပဲ။ ပြောရမယ်ဆို တမိန့် တသံပေါ့။ အဲဒီစနစ်ကိုအရင်ဆုံးသင်ပေးတယ်။ ဒါပေမယ့် ကိုယ်တွေက အရပ်သား ဆိုတော့ ဒါတွေမသိဘူးဗျ။ ထိုးခံနေရတာပဲခဏခဏ။ ပါးရိုက်ခံရတယ် ကိုယ်တွေက သူတို့ကို ပြန်မှ လုပ်လို့မရတာ။

ကိုယ်တွေဘဝနဲ့ သူတို့ဘဝက ထွက်ပြေးတော့လည်း လွတ်မြောက်မယ့် နယ်မြေမဟုတ်ဘူး။ ကြိတ်မှိတ်ခံရတာပဲ။ ပန်းတိုင် တခုလိုချင်ရင်တော့ တခုတော့စွန့်လွှတ်ရမှာပဲ။ ကြိတ်မှတ်ခံပြီးနေခဲ့တယ်။ အစက သူငယ်ချင်းတ​ယောက်က ပြောတယ် မင်းတို့ထွက်ပြေးမလားတဲ့ လုပ်လို့ရတယ်တဲ့။

စိတ်ထဲမှာက  မနေချင်တော့တာမို့ သူနဲ့အဆက်သွယ် မပြတ်​အောင်လုပ်တယ်။ သူနဲ့က တပ်ရင်းမှာခင်တာ။ ငါဒီမှာမနေချင်ဘူး ငါ့ကို တခုခု လုပ်ပေးစမ်းပါလို့ ပြောမိတယ်။ လူဆိုတာ တခုလိုချင်တော့ တခုစွန့်လွှတ်ရတာပေါ့။ သူ့ကိုလည်းပေါင်းတာပေါ့ဗျာ တည့်အောင်ပေါင်းတယ်။ 

ကျနော်က ငါဘယ်လိုလုပ်ရမလဲ ပြောဦးလို့​ပြော​တော့ မင်းသည်းခံ အခွင့်ကောင်းရလာတဲ့တချိန် တော့မင်းလွတ် မှာပါတဲ့။ သူနဲ့ကျနော် ရှေ့တန်းတချိန်တည်းတက်တယ်။  သူကတော့ တရက်နောက်ကျတယ် xxxကို ပြန်တက် သွားတာ။

နောက်တန်းမှာထပ်နေပြီး ၄လလောက်နေတော့ ကျနော့်ကို ရှေ့တန်းထပ်ပို့တယ်။ အဲဒီမှာ သူနဲ့ပြန်တွေ့တော့ သူက အချိန်လေးတော့ နဲနဲစောင့်ပေးပါတဲ့။ စောင့်ရင်း တရက် ရေချိုးဆင်းတဲ့ အချိန်မှာ သူက သွားမလားတဲ့။ ပြောရမယ်ဆိုရင် နည်းနည်းကြောက်တယ်။  ဖြစ်ချင်ရာဖြစ်ဆိုပြီး ဒီကောင်နောက်လိုက်လာလိုက်တာ ကော့ကရိတ် ကို ရောက်တာ။

လူဆိုတာပန်းတိုင်ရှိတယ် ဘယ်လိုဒုက္ခတွေပဲကြုံကြုံကိုယ့်ပန်းတိုင်ကိုယ်လျှောက်လှမ်းရမှာပဲ။

 ကျနော်တို့လဲ ကျေးဇူးသိတတ်တယ်လေ။ လိုအပ်ရင် အချိန်တိုင်းလှမ်းခေါ်လို့ရတယ် လို့ ကျနော်ပြောပါတယ်။  ကျနော်က အ​မြှောက်တပ်က လာတာဆို​တော့ လက်နက်အသေးတော့ မပစ်တတ်ဘူး။

လက်နက်အကြီးတော့ ကောင်းကောင်းမွန်မွန်ပစ် တတ်တယ် ကျွမ်းကျင် မဟုတ်ပေမယ့် ထိရောက်မှုတော့ ကောင်း စေရမယ်လို့ ကျနော်ပြောထားတယ်။ ကိုယ့်အသက်ကိုလည်း သူတို့ကကယ်ထားတာတာပဲလေ။ လိုအပ်လာရင် တိုက်ပွဲထဲဝင်ဖို့ အဆင်သင့်ပါပဲ။