• Today is: Friday, March 29, 2024

ရဲရင့်တဲ့လူထုနှင့် မျိုးဆက်သစ်များ၏ ပေးဆပ်မှုကို ဂုဏ်ပြုတယ်လို့ KIO ပြော 

KIO – ထုတ်ပြန်ချက်
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၃၀၊ ၂၀၂၃
 
နွေဦးတော်လှန်ရေးမှာ ဦးဆောင်သူတွေ၊ ရှေ့တန်းမှာ မကြောက်မရွံ့ ရပ်တည်ခဲ့ကြတဲ့ ပြည်သူတွေ၊ ရဲရင့်တဲ့ မျိုးဆက်သစ်လူငယ် Generation Z တွေ၊ အသက်သွေးချွေးပေးဆပ်ခဲ့ကြတဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုမှတ်တမ်း တင်တယ်လို့ နွေဦးတော်လှန်ရေး ၂ နှစ်ပြည့် လူထုဟောပြောပွဲသို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က သဝဏ်လွှာပေးပို့ ပြောဆိုလိုက်ပါတယ်။
 
ဒါ့အပြင် လွတ်လပ်တရားမျှတတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အပြည့်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တောင်ပေါ်မြေပြန့် တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး စုစည်း ညီညွတ်စွာ ရဲရဲရင့်ရင့် ခရီးဆက်ကြရန် KIO က ထပ်မံတိုက်တွန်းထားပါတယ်။
 
၂ နှစ်တာကာလအတွင်း အခက်ခဲဆုံးအချိန်တွေကို ကျော်ဖြတ်ခဲ့ကြပြီဖြစ်ပြီး ပိုမိုခက်ခဲတဲ့ အခြေအနေ အချိန်အခါ တွေနဲ့ ကြုံတွေ့လာမယ်ဆိုရင်လည်း ရောက်ရှိရမယ့် ပန်းတိုင်သို့ စိတ်ဓါတ်ခွန်အား အပြည့်နဲ့ ခရီးဆက် ကြရမယ်လို့လည်း ပြောဆိုထားပါတယ်။
 
ဒါ့အပြင် ကမ္ဘာ့နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့်လည်း သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဆုံးရှုံးခဲ့ကြရသည့် မိခင်တို့၏ အသံများကို ကိုယ်ချင်းစာနာလျှက် အမှန်တရားဘက်တွင် ရပ်တည်ပေးကြပါရန် မေတ္တာရပ်ခံ ထားပါတယ်။
 
ယခု ပေးပို့ခဲ့တဲ့ သဝဏ်လွှာဟာ နွေဦးတော်လှန်ရေး ၂ နှစ်ပြည့် လူထုဟောပြောပွဲသို့ ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ အွန်လိုင်းကနေ ကျင်းပခဲ့တဲ့ အခမ်းအနားသို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ပေးပို့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။