• Today is: Thursday, March 28, 2024

မြစ်ကြီးနား-ဖားကန့်သွားတဲ့ ခရီးသည်များ တင်းကြပ်စွာ စစ်ဆေးခံနေရ 

ဓါတ်ပုံ – Getty Images
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၃၀၊ ၂၀၂၃
 
ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဖားကန့်ကို သွားတဲ့ ခရီးသည်များဟာ စစ်ကောင်စီတပ်၏ တင်းကြပ်စွာ စစ်ဆေးမှုများ ပိုမိုပြုလုပ် ခံလာရတယ်လို့ သိရပါတယ်။
 
“ဖားကန့်-နမ့်တီး လမ်းမကြီးပေါ်တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ခ.မ.ရ (၁၂) တပ်က ခရီးသွား ကားများအပြင် ဆိုင်ကယ်ဖြင့်ကုန်တင်တဲ့ ကယ်ရီသမားတွေကိုလည်း တင်းကြပ်စွာ စစ်ဆေးနေတယ်၊ တချို့ဆိုရင် ရိုက်နှက် စစ်ဆေးခံရတဲ့ အခြေအနေထိ ကြုံနေရတယ်လို့” ဖားကန့် သွားတဲ့ ခရီးသည်တဦးက ပြောပါတယ်။
 
ဒါ့အပြင် ဖားကန့်မြို့ထဲက မြို့မရပ်ကွက်နှင့် အေးမြသာယာ စျေးကုန်များတွင် အင်အား ၂၀ ခန့်ဖြင့် စစ်ကောင်စီ တပ်က ကင်းလှည့်ပြီး ဖြတ်သန်းသွားလာတဲ့ ဒေသခံများကိုလည်း တင်းကြပ်တဲ့ စစ်ဆေးမေးမြန်းမှု ပြုလုပ်ခဲ့ တယ်လို့ ဆိုပါတယ်။
 
အလားတူ မြစ်ကြီးနား-နမ်ယာ-ဖားကန့် လမ်းမပေါ်မှာ ပူးပေါင်းပြည်သူ့စစ်တပ်ဖွဲ့ဟာလည်း ၎င်းတို့တပ်စွဲထားတဲ့ ဂိတ်တွင် ဖြတ်သန်းသွားလာတဲ့ ခရီးသွားပြည်သူများနှင့် ကုန်တင်ကားများကို ဆန်၊ ဆီ၊ ဆား ကုန်များ သယ်ယူခွင့် ကန့်သတ်မှု ပြုလုပ်လာတယ်လို့ KIA အာဘော် သတင်းရင်းမြစ်က ဆိုပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့တို့က လက်တလော် ၎င်းတို့တပ်စွဲထားတဲ့ ခရီးသွားလမ်းမများတွင် တင်းကြပ်စွာ စစ်ဆေးမှုများ၊ ကုန်တင်ကားများနှင့် ဆိုင်ကယ်ဖြင့် ခရီးသွားများကို ကန့်သတ်မှုများပြုလုပ် လာတဲ့အကြောင်းအရင်းကို ရှင်းလင်းစွာ မသိရသလို၊ မြို့ပေါ်ရပ်ကွက်များထိ တင်းကြပ်တဲ့ စစ်ဆေးမှုများ ပြုလုပ်လာလို့ ဒေသခံများက စိုးရိမ်မှု မြင့်တက်နေတယ်လို့ သိရပါတယ်။
 
အတည်မပြုနိုင်သေးတဲ့ သတင်းရင်းမြစ်တွေအရတော့ အခုလို စစ်ကောင်စီတပ်ဘက်က စစ်ဆေးမှု ပိုမိုတင်းကြပ် လာတာဟာ လက်နက် အင်အား တောင့် တင်းပေမယ့် စစ်ရေးအရ အသာစီး မရနိုင်တော့တဲ့ အခြေအနေကို ရောက်ရှိလာတာကြောင့် အခုလို အရပ်သားပြည်သူများကို မတည်မငြိမ်ဖြစ်လာအောင် တမင်ပြုလုပ်လာတယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။