• Today is: Tuesday, April 23, 2024

သာမန်အခြေအနေ မဟုတ်ဟု အကြောင်းပြကာ စစ်ကောင်စီ အာဏာသက်တမ်းထပ်တိုး

သာမန်အခြေအနေ မဟုတ်ဟု အကြောင်းပြကာ စစ်ကောင်စီ အာဏာသက်တမ်းထပ်တိုး

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၃၁၊ ၂၀၂၃

နေပြည်တော်က စစ်ကောင်စီ ဥက္ကဋ္ဌရုံးမှာ ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ မနက်ပိုင်း ကျင်းပခဲ့တဲ့ အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးမှာ သာမန်အခြေအနေမဟုတ်ဟု အကြောင်းပြ ဆုံးဖြတ်ကာ စစ်ကောင်စီက အာဏာသက်တမ်း ၆ လ ထပ်တိုးယူခဲ့တယ်လို့ သိရပါတယ်။

အဲဒီအစည်းအဝေးမှာ “နိုင်ငံတော်ကို အလုံးစုံ ပျက်သုဉ်းစေရန် ရည်ရွယ် လုပ်ဆောင်မှုတွေ ရှိနေပြီး ဆူပူအကြမ်း ဖက်မှုတွေ အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်နေတာ ရှိတဲ့အတွက် တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းရေးမှာ သာမန်အခြေအနေ မဟုတ်ကြောင်း ဆွေးနွေးအတည်ပြုခဲ့တယ်”လို့ စစ်ကောင်စီ အာဘော်သတင်းရင်းမြစ်များက ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ဖက်ဒရယ်ဂျာနယ် မြန်မာက ကျင်းပပြီး ထုတ်လွင့်ခဲ့တဲ့ ၂၀၂၃ ခုနှစ် မြန်မာ့နိုင်ငံရေးအလားအလာ (စကားဝိုင်း) အစီအစဉ်ထဲက “စစ်ကောင်စီက ရွေးကောက်ပွဲကိုမလုပ်ပဲ တခြားနည်းလမ်းနဲ့ နိုင်ငံရေး ထွက်ပေါက်ရှာလာနိုင်လား” ဆိုတဲ့ မေးခွန်း နှင့် ပက်သက်ပြီး မေးမြန်း ဆွေးနွေးရာတွင်

ဦးအောင်မိုးဇော် (ဥက္ကဌ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ)က “စစ်အုပ်စုအဆက်ဆက်ဟာ ဘယ်ကိစ္စလုပ်လုပ် တိုင်းပြည်အတွက် လုပ်တာ မဟုတ်ဘဲ၊ သူတို့အတွက်သာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို မလုပ်ဖြစ်ဘူးဆိုရင် ဖေဖော်ဝါရီ (၁) ရက်နေ့မှာ ကာလုံအစည်းအဝေး ခေါ်ပြီး အာဏာတောင်း သက်တမ်းတိုးတာ လုပ်နိုင်တယ်”လို့ ဆွေးနွေး သုံးသပ်ထားပါတယ်။

ဒါ့အပြင် နိုင်ဗညားမွန် (ဒါရိုက်တာ၊ မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ) ကလည်း အခြားနည်းလမ်းနဲ့ နိုင်ငံရေးထွက်ပေါက် ရှာနိုင်မယ်လို့ မထင်ပါဘူး။ လက်ရှိ စစ်တပ်ဟာ ၁၉၆၂ ခုနှစ် စစ်အာဏာရှင်ရဲ့ မျိုးဆက်လို့ ပြောနိုင်ပါတယ်။

အကျပ်အတည်းကြုံတိုင်း ဖက်ဒရယ်ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ နိုင်ငံရေးဆွေးနွေးပွဲ စတဲ့ အရာတွေနဲ့ ထွက်ပေါက်ရှာတာရှိပေမဲ့ တကယ်အကောင်အထည်မဖော်ခဲ့ပါဘူး။ အပစ်အခတ်ရပ်စဲရေးလုပ်တဲ့အခါမှာလည်း မြောက်ပိုင်းကို အပစ်အခတ်ရပ်ထားရင် တောင်ပိုင်းကို အပြုတ်တိုက်တယ်။

PDF နဲ့ EAO ကို သွေးခွဲတယ်။ စစ်ကောင်စီဟာ သူတို့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက်သာ စဉ်းစားတာဖြစ်ပြီး၊ ရွေးကောက်ပွဲက မလုပ်နိုင်လောက်ဘူး ထင်တယ်” လို့ ဆွေးနွေးသုံးသပ်ခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီ၏ သာမန်မဟုတ်တဲ့ အခြေအနေ အကြောင်းပြမှုဟာ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို ဆက်လက် ကိုးကားဆွဲကိုင်ခဲ့တာဖြစ်ပြီး ပုဒ်မ ၄၂၅ မှာ သာမန်မဟုတ်တဲ့ အခြေအနေ ဖြစ်ပါက ကာလုံအနေနဲ့ ကာကွယ်ရေး ဦးစီးချုပ်ထံ အာဏာ ဆက်လက် ပေးအပ်နိုင်တယ်လို့ ပြဌာန်းချက်ကို ကိုးကားကာ စစ်ကောင်စီက အာဏာ သက်တမ်း ၆ ထပ်မံ တိုးယူခဲ့တာ ဖြစ်ပါတယ်။

ပုဒ်မ ၄၂၁ (ခ) အရ သမ္မတ အနေနဲ့ စစ်အာဏာသိမ်းမှုကို သာမန်အားဖြင့် တကြိမ်လျှင် ခြောက်လနဲ့ ၂ ကြိမ် သက်တမ်းတိုးလို့ရပြီး လက်ရှိ သက်တမ်း ၂ ကြိမ် တိုးပြီး ဖြစ်လို့ စစ်ကောင်စီရဲ့ သက်တမ်း ကုန်ဆုံးရမှာ ဖြစ်ပေမယ့် ပုဒ်မ ၄၂၅ အရ သမ္မတက မဟုတ်ဘဲ ကာလုံ အနေနဲ့ သာမန်အားဖြင့် “တကြိမ်လျှင် ၆ လနဲ့ ၂ ကြိမ် သက်တမ်း တိုးပေးနိုင်တယ်လို့ ဖော်ပြထားတဲ့ အချက်ကို အသုံးချပြီး ဒီကနေ့ အစည်းအဝေးမှာ စစ်တပ် အာဏာသိမ်းမှုကို ကာလုံ အနေနဲ့ ၆ လသက်တမ်း ထပ်တိုးပေးလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို စစ်ကောင်စီ၏ သက်တမ်းတိုးယူမှုနှင့် ပတ်သက်ပြီး  “သာမန်အားဖြင့်” ဆိုတဲ့ စကားရပ် ပါရှိနေတဲ့အတွက် နိုင်ငံရဲ့ အခြေအနေဟာ သာမန် မဟုတ်ဘူးလို့ ကာလုံက ဆုံးဖြတ်နေသရွေ့ စစ်အုပ်ချုပ်ရေး သက်တမ်းတိုးနိုင်တဲ့ အခြေအနေဖြစ်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

စစ်တပ် အာဏာထိမ်းထားတဲ့ ၂ နှစ်ပြည့် ဒီကနေ့ ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်းမှာ ကျင်းပခဲ့တဲ့ ကာ/လုံအစည်းအဝေးကို ယာယီသမ္မတ (ရုပ်သေး ယာယီသမ္မတ) ဦးမြင့်ဆွေ ဦးဆောင်ကာ အစည်းအဝေး ကျင်းပခဲ့တာ ဖြစ်ပြီး ယင်းအစည်းအဝေးမှာတော့ ဒုသမ္မတဟင်နီရီဗန်ထီးယူ ပင်ပါဝင်ခြင်း မရှိဘဲ ကာလုံမှာ မပါတဲ့ စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုချုပ်ကြီးအောင်လင်းဒွေး၊ တွဲဖက် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီး  ဒေါက်တာသီတာဦး တို့ကို အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တွေ အဖြစ် တက်ရောက်စေခဲ့တာ တွေ့ရပါတယ်။

၂၀၀၈ ဖွဲ့စည်ပုံ အခြေခံ ဥပဒေအရ ကာလုံ အစည်းအဝေးကို (၁)နိုင်ငံတော်သမ္မတ (၂) ဒုတိယသမ္မတ (၃) ဒုတိယသမ္မတ (၄) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ (၅) အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ (၆) တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (၇) ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (၈) ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး (၉) နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး (၁၀) ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး နဲ့ (၁၁) နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးတို့နဲ့ ကျင်းပရမှာ ဖြစ်ပါတယ်။