• Today is: Tuesday, March 19, 2024

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို သံယောဇဉ် မပြတ်သေးဘူးလား

■ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို သံယောဇဉ် မပြတ်သေးဘူးလား

မင်းသေ့ | သူ့အတွေးသူ့အမြင် 

၁။ နွေဦးတော်လှန်ရေးဟာ ပြတ်ပြတ်သားသားတွေ ဆုံးဖြတ်ပြီး ရှေ့ကို တွန်းသွားနေသလား။ နွေဦးတော်လှန်ရေးမှာ မျက်နှာသစ်လူငယ်တော်လှန်ရေးသမားတွေက — အဟောင်းအားလုံးကို ဖြတ်ချခဲ့၊ အားလုံး အသစ်က ပြန်စဖို့ တာဆူပြီး ဆက်လျှောက်နေပါတယ်။
သို့သော်လည်း မျက်နှာဟောင်းလူကြီးနိုင်ငံရေးသမားတွေကတော့ — တစ်စုံတစ်ခုအတွက် အဟောင်းတချို့ကို သယ်လာတာတွေ့ရပါတယ်။ အဲသည့်အဟောင်းက ဘာလဲ။ သူတို့ သံယောဇဉ် မပြတ်နိုင်တဲ့ အဟောင်းက ဘာလဲ။ (၂၀၂၀) ရွေးကောက်ပွဲ ရလဒ် ဖြစ်ပါတယ်။
၂။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး သံယောဇဉ်ပြတ်သူ လူငယ်တော်လှန်ရေးသမားတချို့ရဲ့ အမြင် ရှိပါတယ်။ အဲဒါကတော့ —
■ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း တော်လှန်ရေးအင်အားစုတွေဘက်က ဖျက်သိမ်းပြီးပြီ။
■ ၂၀၀၈ အခြေခံဥပဒေအောက်မှာ လုပ်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲကို ကျင်းပခဲ့တာဖြစ်တယ်။
■ ၂၀၀၈ အခြေခံဥပဒေကို အမှန်တကယ် ဖျက်သိမ်းပစ်တယ်ဆိုရင် ၂၀၀၈ အောက်က လုပ်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုလည်း ထည့်ထည့် မပြောနဲ့တော့။
■ လက်ရှိနွေဦးတော်လှန်ရေးဟာ အသစ်ကို သွားနေပြီ။
■ အတိတ်က ရွေးကောက်ပွဲရလဒ်ကို သယ်လာပြီး အနာဂတ်ထိ ယူမလာပါနဲ့…တဲ့။
၃။ နွေဦးတော်လှန်ရေးမှာ — ၂၀၂၀ ရွေးကောက်ပွဲမှ ရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့ ပါဝင်မှုနဲ့ မြှုပ်နှံမှုဟာ မသေးငယ်ပါ။ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ သို့သော်လည်း ရွေးကောက်ခံကိုယ်စားလှယ်တိုင်းက အဲသည်လို မဟုတ်ပါ။ ခံဝန်လက်မှတ်ထိုးပြီး အသာနှပ်နေတဲ့သူတွေလည်း ရှိပါတယ်။
ယခင်တုန်းကတော့ ရဲရဲတောက်ပြီး အခုတော့ အနေအစား မပျက်သူတွေလည်း ရှိပါတယ်။ ဒါ့အပြင် ဗဟိုနဲ့ ပြည်နယ်/တိုင်းဒေသကြီး အဆင့်က ပါတီရဲ့ ညွှန်ကြားချက် မရှိတော့လို့ မခိုင်းတော့ မလုပ်ဘူး….ဆိုသူတွေလည်း ရှိပါတယ်။
ကိုယ့်ဆုံးဖြတ်ချက်နဲ့ အသက် အိုးအိမ် စည်းစိမ်ကို ပေးအပ်ပြီး ပါဝင်သူ ကိုယ်စားလှယ်တချို့လည်း ရှိပါတယ်။ ဒါပေမယ့် CRPH ဖွဲ့စည်းစဉ်တုန်းက အင်တင်တင် လုပ်ခဲ့သူတွေဟာ အခုတော့ တက်ကြွနေသူတွေ ဖြစ်တာကိုလည်း တွေ့နေရပြန်ပါတယ်။
၄။ မဟာဗျူဟာ အခင်းအကျင်းတချို့ကို အကြမ်းဖျင်း ချထားတာတွေ ကြည့်ရပါတယ်။ အဲသည့်အခါ NUG ကို အုပ်ချုပ်ရေးအခန်းကဏ္ဍအတွက် လျာထားပြီး၊ NUCC ကို နိုင်ငံရေးအခန်းကဏ္ဍအတွက် လျာထားကာ၊ CRPH ကိုတော့ ဥပဒေအခန်းကဏ္ဍ အဖြစ် လျာထားပြီး ပုံစံချတာ တွေ့ရပါတယ်။
လက်တွေ့အားဖြင့် NUCC ထဲမှာ CRPH ဟာ အားပြိုင် လွန်ဆွဲမှုတချို့ကို လုပ်ခဲ့တာတွေ့ရပါတယ်။ အသစ်ဖြစ်ထွန်းလာတဲ့ မျက်နှာသစ်လူငယ်တော်လှန်ရေးသမားတွေနဲ့ မျက်နှာဟောင်းလူကြီးနိုင်ငံရေးသမားကိုယ်စားလှယ်တွေအကြား အားပြိုင်လွန်ဆွဲမှု ရှိနေပါသလား။
၅။ နွေဦးတော်လှန်ရေးမှာ — CRPH (ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ) ရဲ့ အခန်းကဏ္ဍက အရေးပါခဲ့တယ်လို့ ပြောနိုင်ပါတယ်။ သို့သောာ်လည်း — လက်နက်ကိုင်လမ်းစဉ်ကို ဗဟိုပြုပြီး လျှောက်လှမ်းနေတဲ့ နွေဦးတော်လှန်ရေးမှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အားဖြင့် ထွက်ပေါ်လာတဲ့ လွှတ်တော်ဆိုတာမျိုးကို ထားဖို့ လိုအုံးမှာလား။ လိုတယ်ဆိုရင် ဘာအတွက် ဆက်လက်ထားရှိတာလဲ။
၆။ တကယ်တော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို နိုင်ငံရေးစကားဝိုင်းတွေထဲမှာ သယ်သယ်လာရင် — ဗမာမဟုတ်သောတိုင်းရင်းသားလူမျိုးစုတွေက စိတ် မသိုးမသန့်ဖြစ်တာတွေ့ရပါတယ်။ အထူးသဖြင့် စစ်ရေးနည်းအားဖြင့် ပူးပေါင်းပါဝင်နေတဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေဟာ စိတ်ထဲ မသိုးမသန့် ဖြစ်ကြရပါတယ်။
အကြောင်းကတော့ — CRPH လောက်နဲ့တင် အလုပ်ဖြစ်ပြီး လုံလောက်နေတဲ့ကိစ္စကို၊ ဘာ့ကြောင့် လွှတ်တော်လို့ခေါ်တဲ့ အခင်းအကျင်းကို တော်လှန်ရေးကာလမှာ သယ်လာရပါသလဲ။ ဒီလွှတ်တော်အစည်းအဝေးမှာ တက်ရောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ဘယ်ပါတီကလဲ။
NLD အပြင် တခြားသောပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေ ပါပါသလား။ အကယ်၍ ဒီလွှတ်တော်အစည်းအဝေးဟာ — NLD ရဲ့ နိုင်ငံရေးအခန်းကဏ္ဍကို ဆက်လက်ချဲ့ထွင်ဖို့ ဖန်တီးထားလေသလား… စသည်ဖြင့် သို့လော သို့လော ဖြစ်နေရပါတယ်။
၇။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆွဲကိုင်ပြီး ဖွဲ့စည်းထားတဲ့ လွှတ်တော်ဆိုတာ ဘယ်သူ့ကို သစ္စာခံသလဲဆိုတာလည်း သို့လော သို့လော ဖြစ်နေကြရပါတယ်။ ပါတီကို သစ္စာခံတာလား / ပြည်သူကို သစ္စာခံတာလား။ ပါတီကို သစ္စာခံတယ်ဆိုတာ ပြည်သူကို သစ္စာခံတာနဲ့ အတူတူပဲလား။
ဒါကတော့ — ၂၀၀၈ အခြေခံဥပဒေအောက်မှာ ကျင်းပခဲ့သော ၂၀၂၀ ရွေးကောက်ပွဲရလဒ် အမျှင် မပြတ်နိုင်ဘဲ အနာဂတ်အထိ သယ်ဆောင်လာဖို့ ရည်ရွယ်သော လုပ်ရပ်တွေအပေါ် ဗမာမဟုတ်သောလူမျိုးစုတွေဘက်က သို့လော သို့လော ဖြစ်ရတဲ့ အမြင်သဘောထား တချို့ဖြစ်ပါကြောင်း….။