• Today is: Thursday, March 28, 2024

ဇန်နဝါရီလအတွင်း စခန်းသိမ်းတိုက်ပွဲအပါဝင် တိုက်ပွဲပေါင်း ၃၆ ကြိမ် ဆင်နွဲနိုင်ခဲ့တယ်လို့ KNDF ပြော

ဓါတ်ပုံ – KNDF (ထုတ်ပြန်ချက်)
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၃၊ ၂၀၂၃ 
 
ကယား(ကရင်နီ)ပြည်နယ်မှာ ဇန်နဝါရီ တလတာအတွင်း စခန်းသိမ်းတိုက်ပွဲအပါဝင် တိုက်ပွဲပေါင်း ၃၆ ကြိမ် ဆင်နွဲနိုင်ခဲ့တယ်လို့ KNDF ထုတ်ပြန်ပါတယ်။
 
အဲဒီတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦးကျဆုံးခဲ့ပြီး ကရင်နီကာကွယ်ရေး ပူးပေါင်းတပ်ဘက်ကလည်း ၅ ဦးကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
 
စခန်းသိမ်းတိုက်ပွဲဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၀) ရက်နေ့က ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ စစ်ကောင်စီ၏ ဗျူဟာမြောက် မယ့်စလောင်း တောင် စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ ချေမှုန်းတိုက်ခိုက် သိမ်းပိုက်ခဲ့တာပါ။
 
နှစ်ဖက်တိုက်ပွဲများကိုတော့ ဖယ်ခုံမြို့နယ်အပါအဝင် ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့ နယ်၊ ဘောလခဲမြို့နယ်၊ လွိုင်ကော်မြို့ နှင့် ဖားဆောင်း မြို့နယ်တို့ရှိ စစ်ကောင်စီ၏ တပ်ရင်းများ၊ ကင်းပုန်း စခန်း များ၊ စစ်ဆေးရေး ဂိတ်များ၊ ရှေ့တန်း စခန်းများ၊ လှုပ်ရှားစစ်ကြောင်းများကို၊ ချေမှုန်း တိုက်ခိုက်ခြင်း၊ ရှောင်တခင် တိုက်ခိုက်ခြင်း၊ ပျောက်ကြား တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်း၊ ဒရုန်းများဖြင့်တိုက်ခိုက်ခြင်းတို့ကို ဇန်နဝါရီလ တစ်လတာအတွင်း အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်က လွိုင်ကော်မြို့၊ တီးလုံကျေးရွာအုပ်စုရှိ စစ်ရှောင်စခန်းနှင့် ကျေးရွာများသို့ ဇန်နဝါရီလ (၂၂)၊ (၂၃)နှင့် (၂၄)ရက်နေ့တို့မှာ လေကြောင်းဖြင့် (၄)ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
 
အလားတူ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်ဖွဲ့တို့ဟာ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ လွိုင်ကော်မြို့၊ ဘော်လခဲမြို့နယ် နှင့် ရွာသစ်မြို့နယ်ခွဲတို့အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ် (၅) လုံး ပျက်စီးခဲ့ပြီး၊ ဘုန်းကြီးကျောင်း(၂)ကျောင်း နှင့် စေတီတစ်ဆူ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
 
အရပ်သား (၁)ဦး ကတော့ လက်နက်ကြီး ထိမှန်ပြီး အသက်ဆုံးရှုံးခဲ့ရသလို (၅) ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါ တယ်။
 
စစ်ကောင်စီတပ်ဖွဲ့ကတော့ အာဏာ သက်တမ်း ၆ လ ထပ်မံတိုးယူပြီးနောက် ကရင်နီပြည်နယ်ထဲက ဒီးမော့ဆို မြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘော်လခဲမြို့နယ်နှင့် ရှားတောမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး (Martial Law) နယ်မြေ အဖြစ် ယမန်နေ့ ဖေဖော်ဝါရီ ၂ ရက်နေ့က သတ်မှတ်ကြေညာထားပါတယ်။