• Today is: Saturday, April 20, 2024

အသစ်ထပ်မံ ဖွဲ့စည်းလိုက်တဲ့ KSCC နှင့်ပတ်သက်ပြီး မေးမြန်းခန်း

သီးသန့်ဆက်သွယ်မေးမြန်းခန်း။  ။

“ဒီတစ်ကြိမ် ကျမတို့ စုစည်းမှု အထွတ်အထိပ် ဆုံးရောက်တဲ့အခြေအနေလို့ ကျမတို့ သုံးသပ်လို့ရတယ်။ ကျမတို့ ပြည်သူလူထုတွေရော နိုင်ငံရေးဦးဆောင်တဲ့ အင်အားစုတွေပါ ဒီစစ်တပ်ကို လုံးဝအရှုံးမပေးမယ့် အနေထား မရှိဘူး”

အယ်ဗလင်း

KSCC | ပြောရေးဆိုခွင့်ရှိသူ

———

အသစ်ထပ်မံ ဖွဲ့စည်းလိုက်တဲ့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) နှင့်ပတ်သက်ပြီး ဖက်ဒရယ်ဂျာနယ်မြန်မာက ဆက်သွယ်မေးမြန်း တင်ဆက်ထားပါတယ်။

———

၁) မေ။ ။ အသစ်ထပ်မံဖွဲ့စည်းခဲ့သော ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) မှာ ဘယ်လို အင်အားစုတွေနဲ့ ပါဝင်လဲ။

ဖြေ။ ။ ညီလာခံအပြီးမှာ အဓိကတော့ ကြားကာလ အစီအမံပါအတိုင်း နိုင်ငံရေးအရ ဦးဆောင်မှုသွားမယ့် ကရင်နီ အတိုင်ပင်ခံ ကောင်စီကို ကရင်နီမှာရှိတဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ စုဖွဲ့တာဖြစ်တယ်။ နိုင်ငံရေး အင်အားစု တွေအနေနဲ့ ၂ပိုင်းရှိတယ်။

ကြားကာလအစီအမံကိုကတိကဝတ်ပြုကျင့်သုံးသွားမယ်ဆိုတာနဲ့ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းသွားမယ်ဆိုတဲ့ ကတိကဝတ် ပြုမှုတွေကို နိုင်ငံရေူအစုအဖွဲ့တွေအားလုံးက ကတိပြုရတာပါ။ အဲ့ဒီထဲမှာ ကတိပြုတဲ့ အဖွဲ့အစည်းတွေနဲ့ KSCC ကို ဖွဲ့စည်းရတာပါ။

၂) မေး။ ။ KSCC မှာရှိပြီးသား အင်အားစုတွေ အပြင် အသစ်ထပ်တိုးလာတဲ့ အဖွဲ့အစည်းတွေ ရှိသေးလား။

ဖြေ။ ။KSCC ကို စတင်ဖွဲ့စည်းပြီးကတည်းက တည်ရှိနေတဲ့ လက်နက်ကိုင်အင်အားစုတွေ၊ လွှတ်တော် ကိုယ်စား လှယ်အင်အားစုတွေ၊ အမျိုးသမီး၊ လူငယ်အင်အားစု နဲ့အရပ်ဖက်အဖွဲ့အင်အားစုဆိုပြီး မဏ္ဍိုင် ၅ ရပ်နဲ့ အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ KSCC အင်အားစုထဲမှာ ပါဝင်ပါတယ်။

၃) KSCC ထဲမှာ ကရင်နီပြည်နယ်မှာရှိတဲ့ နိုင်ငံရေးပါတီ၊ EAOs ဘယ်နှစ်ဖွဲ့လောက်ပါဝင်လဲ။

ဖြေ။ ။ ကျမတို့ ညီလာခံအပြီးထုတ်ပြန်ချက်ထဲမှာ အစုအဖွဲ့အင်အားစုတွေထဲ ကတိကဝတ် ပြုလိုက်တဲ့ အင်အားစုတွေ အဖွဲ့နာမည် နဲ့ဆိုရင် ၆ဖွဲ့ရှိတယ်။ နိုင်ငံရေးပါတီ အင်အားစုတွေ ပါဝင်လာနိုင်ခြင်းတော့ မရှိတော့ဘူး။ သို့သော် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ အခန်းကဏ္ဍကတော့ KSCC ရဲ့ဒေါက်တိုင်အနေနဲ့ ဆက်လက် တည် ရှိနေပါသေးတယ်။

၄) မေး။ ။ ပြောင်းလဲ ဖွဲ့စည်းလိုက်တဲ့ KSCC ရဲ့ ထပ်မံချမှတ်လိုက်တဲ့ ရှေ့လုပ်ငန်းစဉ်သစ်များက ဘာတွေလဲ။

ဖြေ။ ။ KSCC ရဲ့ အဓိက တာဝန်နဲ့ လုပ်ဆောင်မှုကတော့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်းသွားနေပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံရေးလမ်းပြမြေပုံကတော့ အချက် ၉ ချက်ပါ နိုင်ငံရေးလမ်းပြမြေပုံဖြစ်တယ်။

နံပါတ် ၂ ကတော့ စုစည်းညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို စပြီးမှ အကောင်အထည်ဖော်တယ် ဆိုတဲ့အဆင့်မှာရှိတယ်။ NUCC တို့နဲ့ NUG တို့နဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေဖြစ်တယ်။

နံပါတ် ၃ မှာကတော့ KSCC မှာ ကျင့်သုံးမယ့် principal တွေကို ရေးဆွဲ အတည်ပြုကြတယ်။ ကရင်နီပြည်နယ်ရဲ့ ကြားကာလအစီအမံ အထူးသဖြင့်တော်လှန်ရေးကာလ အတွင်းမှာ အသုံးပြုမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေလို့ ပြောလို့ရတယ် အဲ့ဒါတွေကို ရေးဆွဲခြင်း အတည်ပြုခြင်းတို့ လုပ်ကြတယ်။ နိုင်ငံရေးလမ်းပြမြေပုံရဲ့ နံပါတ် ၃ ဖြစ်တယ်။

နံပါတ် ၄ မှာကတော့ တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံရေးအင်အားစုတွေမှနေပြီးတော့ ရေးဆွဲထားတဲ့ ကြားကာလ အစီအမံကို အတည်ပြုရမယ့် ညီလာခံကြီးကို ကျင်းပရမှာဖြစ်ပါတယ်။ KSCC က ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ road map အတိုင်းလာရင်းနဲ့ တစ်ဖက်တစ်လမ်း မှာ ပြည်သူ့ဝန်ဆောင်မှုပေးနေရတာတွေလည်း ရှိပါတယ်။

နံပါတ် ၅ မှာကတော့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီကို ပြန်လည်ရွေးချယ်တင်မြောက်ရတာ့လည်း ညီလာခံရဲ့ ရလဒ်ဖြစ်တယ်။ တစ်ဆက်တည်းမှာပဲ KSCC ရဲ့လုပ်ငန်းစဥ်အရ ကြားကာလ ပြည်နယ် အုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းပေးရမှာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးကောင်စီဖွဲ့ပြီးရင်တော့ ပြည်သူလူထုကိုပေးနေတဲ့ ဝန်ဆောင်မှုတွေရဲ့ အဓိက တာဝန်ယူမှု တာဝန်ခံမှုတွေက အုပ်ချုပ်ရေးကောင်စီရဲ့ တာဝန်ဖြစ်သွားပြီး။ အဲ့ဒီအချိန်ကျရင် KSCC ရဲ့ မြေပြင်မှာ ဝန်ဆောင်မှုပေးနေတာ ရပ်တန့်သွားပါပြီး။ ဒါကလုပ်ငန်းစဥ် နံပါတ် ၆ မှာရှိပါတယ်။

ကျမတို့ KSCC အနေနဲ့တော့ ကြားကာလ အစီအမံလုပ်ဆောင်မှု လိုက်နာမှု မှုဝါဒ ပဲ့ထိန်းအနေနဲ့ဆက်လက်လုပ်ဆောင်သွားမယ်။ ဒါအပြင်မှာ ပြည်သူလူထုကို ကြားကာလအစီအမံတွေကို အောက်ခြေလူထုကအစ နိုင်ငံတကာကလည်း ဒီဟာအပေါ်မှာ သိရှိနားလည်နိုင်အောင် ဆက်လက်ရှင်းလင်းပြသသွားမယ့် ရှေ့လုပ်ငန်းစဥ်တစ်ခုဖြစ်တဲ့ နိုင်ငံရေးလမ်းပြမြေပုံထဲမှာ တိတိကျကျပြဌာန်းထားတယ်။

နံပါတ် ၈ မှာတော့ KSCC အနေနဲ့ အသွင်ကူးပြောင်းမှုဆိုင်ရာ လုပ်ငန်းစဥ်တွေကို ရေးဆွဲရတော့မယ်။

တစ်ချို့သောကာလတွေမှာ ကရင်နီပြည်နယ်အနေနဲ့  ….. တွေလိုဖြစ်နေတဲ့အနေအထားတွေရှိတယ်။ ဒီအသွင်ကူးပြောင်းရေး ကာလအတွက် KSCC အနေနဲ့ ကြိုတင်ပြင်ဆင်ပြီး လုပ်ငန်းစဥ်တွေဆွဲသွားရမှာ ဖြစ်တယ်။

ဒီကြားကာလ ကနေ အသွင်ကူးပြောင်းရေကာလရောက်သွားရင် ကရင်နီပြည်နယ်ရဲ့ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရမှာလည်း KSCCရဲ့ ကြားကာလ အစီအမံရဲ့ လုပ်ငန်းစဥ်တစ်ခုထဲမှာ ပါဝင်တယ်။ အနာဂတ်မှာ KSCC အနေနဲ့ ဖက်ဒရယ် constitution ရေးဆွဲသွားမယ့်လုပ်ငန်းတွေလည်း ဆက်ရှိပါတယ်။

၅) မေး။ ။ ကရင်နီပြည် ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်ပေါက်ရေးနှင့် ကြားကာလ ပြည်နယ်အစိုးရပေါ်ပေါက်လာဖို့ နီးစပ်ပြီလာ။

ဖြေ။ ။ တစ်ချို့သော အခေါ်အဝေါ်တွေမှာပဲနည်းနည်းလေးကွဲပြားလိမ့်မယ်။ အုပ်ချုပ်ရေးကောင်စီက အစိုးရတစ်ရပ်ပါပဲ။ ကြားကာလအစိုးရ တစ်ရပ်ကဲ့သို့ ဝန်ဆောင်မှုတွေပေးသွားမှာပါ။ အုပ်ချုပ်ရေးကောင်စီရဲ့ လုပ်ငန်းစဥ်တွေထဲမှာ ဒီမိုကရေစီ ရဲ့ ပုံစံအတိုင်း ဥပဒေပြုရေး တရားစီရင်ရေး တွေကိုလည်း အုပ်ချုပ်ရေးကောင်စီအောက်မှာ ရှိနေပါမယ်။

ကျမတို့အနေနဲ့ အစိုးရတစ်ရပ်လိုပဲ လုပ်သွားမှာပါ။ ကျမတို့ ခဏက ဆရာပြောသလိုပဲ ကရင်နီပြည်နယ်ရဲ့ ဖွဲ့စည်းပုံ ကတော့ နှစ်ပေါင်းများစွာ ပြင်ဆင်လာတာရှိတယ်။ Fourth draft အထိရှိတယ်။ ဒါတွေက ကျမတို့ရဲ့ frame ပဲ။ အဲ့ဒီ frame ကိုလည်း အဆုံးသတ်ပေးရမှာ KSCC မှာတာဝန်ရှိတယ်။

ဒီ fourth draft ကို ကိုင်နိုင်မယ့်အနေထားကတော့ အသွင်ကူးပြောင်းရေးကာလမှ ဆက်ပြီး ကိုင်နိုင်မယ့်အနေအထားဖြစ်ပါတယ်။ ဒီကြားထဲမှာတော့ မကြာခင် တော်လှန်ရေးအလွန် အသွင်ကူးပြောင်းရေးကာလအတွက် constitution ကိုတော့ အရင်ဆုံးပြင်ဆင်ရမှာဖြစ်ပါတယ်။

၆) KSCC ၏ ညွန်ကြားမှုအောက်မှာ KNDF ကာကွယ်ရေးတပ်ဖွဲ့ကို ဘယ်လို ဖော်ဆောင်နေလဲ။

ဖြေ။ ။ ကာကွယ်ရေးတပ်အနေနဲ့ဦးဆောင်နေတယ်။ ကျန်တဲ့ လက်နက်ကိုင်အင်အားစုတွေနဲ့ကလည်း ပူးပေါင်းဆောင်ရွက်မှုတွေက ရှိနေပါတယ်။ အုပ်ချုပ်ရေးကောင်စီဖွဲ့ပြီးရင်တော့ ကာကွယ်ရေးနဲ့ လုံခြုံရေး department အောက်မှာ KNDF က ဆက်ရှိသွားမှာပါ။

တစ်ဆက်တည်းမှာပဲ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ရဲတွေကလည်း အုပ်ချုပ်ရေးအောက်မှာဆက်ရှိသွားပါမယ်။

၇) KNDF တပ်ဖွဲ့က ကရင်နီပြည်နယ် လုံခြုံရေးတပ် ဖြစ်လာမှာလား။

ဖြေ။ ။ ကျမတို့ အဲ့ဒီကနေစရမှာပေါ့။ ကျမတို့ ပြည်နယ်ရဲ့ တပ်တွေ အများကြီးရှိသေးတယ်။ KNDF တစ်ခုတည်းမဟုတ်ပဲနဲ့။ ကျန်တဲ့ အင်အားစုတပ်တွေက ပြည်နယ်ရဲ့ တပ်နဲ့ နောက်ပိုင်းဖြစ်လာမယ့် ဖက်ဒရယ်တပ်တွေအတွက် ကျမတို့ မူဝါဒတွေ အများကြီးပြင်ဆင်ရဦးမယ်။

ပြည်ထောင်စုတစ်ခုလုံးနဲ့ ညှိနှိုင်းဆွေးနွေးရတာလည်း ရှိပါမယ်။ လောလောလတ်လတ်မှာက KNDF က ပြည်နယ်ရဲ့တပ်ပါပဲ။

၈) မေး။ ။ စစ်ကောင်စီကျင်းပလာနိုင်တဲ့ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဘယ်လိုသဘောထားချမှတ်ထားလဲ။

ဖြေ။ ။ ကျမတို့ KSCC အနေနဲ့ရှင်းပြပါတယ်။ စစ်တပ်ကနေလုပ်တဲ့ ဘယ်အရာမဆို ကျမတို့တွေအတွက် တရားမဝင်ဘူးပေါ့နော်။လက်ခံနိုင်ဖွယ်လည်းမရှိဘူး။ တရားဝင်နိုင်ငံရေးအရ လူထုကို massage ပေးတာတွေ KSCC ကနေ မကြာခင်လုပ်ပါလိမ့်မယ်။

ကျမတို့မြေပြင်မှာလိုအပ်ချက်အရ ကျမတို့ပြည်နယ်အတွင်းမှာရှိတဲ့ ကာကွယ်ရေးတပ်တွေကနေ ဒီဟာတွေကို ကန့ကွက်ကြောင်းကိုတော့ တရားဝင်စာထုတ်ထားတာ ရှိပါတယ်။ ဒီသဘောထားတွေကို တပ်ပိုင်းဆိုင်ရာတွေ ထုတ်ထားတာ ရှိပြီးပြီ။

ကျမတို့ နိုင်ငံရေးအရ KSCC အနေနဲ့ကလည်း လူထုကို အသိပေးသွားဖို့ ပြတ်ပြတ်သားသား ကန့်ကွက် ဆန့်ကျင်ကြဖို့ massage ကို ဘုံသဘောထားအနေနဲ့ ထုတ်သွားဖို့ ရှိပါလိမ့်မယ်။

၉) မေး။ ။ ဖြည့်စွက်ပြောချင်တာများ ရှိဦးမလား။

ဖြေ။ ။ ကျမတို့ ဒီတော်လှန်ရေးကာလက ကရင်နီပြည်နယ်အတွက်ကိုပြောမယ်ဆိုရင် ၂နှစ်မဟုတ်ဘူး နှစ်ပေါင်းများစွာကြာခဲ့ပြီး။

ဒီတစ်ကြိမ် ကျမတို့ စုစည်းမှု အထွတ်အထိပ် ဆုံးရောက်တဲ့အခြေအနေလို့ ကျမတို့ သုံးသပ်လို့ရတယ်။ ကျမတို့ ပြည်သူလူထုတွေရော နိုင်ငံရေးဦးဆောင်တဲ့ အင်အားစုတွေပါ ဒီစစ်တပ်ကို လုံးဝအရှုံးမပေးမယ့်အနေထားမရှိဘူး။

ဒီကြားထဲမှာ တော်လှန်ရေးကို မြန်မြန်ဆန်ဆန်ပြီး နိုင်မယ့်အနေအထားကတော့ unity ပေါ့။ စည်လုံးညီညွှတ်စွာနဲ့တိုက်နိုင်စွမ်းကို ကျမတို့ ကရင်နီမှာ ပြရတော့မှာပေါ့။ ကျမတို့ တစ်စုတစ်ဖွဲ့အောက်မှာ တည်ရှိတာ မရှိတာနဲ့စာရင် ဘုံရည်မှန်းချက် အားလုံးကိုစုပြီးမှ တိုက်တဲ့ တိုက်ပွဲကိုဆောင်ရမှာဖြစ်ပါတယ်။

လက်နက်ကိုင်အင်အားစုတွေက လက်နက်ကိုင်အင်အားစုတွေ အလျှောက် နိုင်ငံရေးပါတီတွေက နိုင်ငံရေးပါတီအလျှောက် အဆုံးဆုံထိ လူမှုအသင်းအဖွဲ့ လူငယ်အမျိုးသမီး တွေပါမက ဒေသအသီးသီးရှိ ပြည်သူ လူထုတွေက ဝိုင်းပြီးတော့ ကျရာတာ ကဏ္ဍ မှာ တာဝန်ကျေဖို့လိုတယ်။

ဘုံရန်သူတစ်ခုတည်းရှိတယ်။ အဲ့ဒါကို ဝိုင်းပြီးတူတူတိုက်မယ့် platform အားလုံး ထဲရောက်လာဖို့လိုတယ်။ KSCC အနေနဲ့လည်း ၂၀၂၃ မှာရည်မှန်းချက်ကြီးကြီးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့ပြီးမှ  ဆောင်ရွက် သွားမယ်။ လူထုတွေကိုချပြမယ်။ ဖက်ဒရယ်ဂျာနယ်ကနေ ပြောခွင့်ရတဲ့အတွက် ဒီချဲလ်နယ်ကိုလည်း မေတ္တာ ရပ်ခံပါတယ်။