• Today is: Friday, March 29, 2024

လွိုင်ကော်အရှေ့ဖက် ဆင်စခန်း(စစ်‌ဘေးရှောင်စခန်း) လေယာဉ်ဗုံးကြဲခံရ

ဓါတ်ပုံ – CJ ( လေယာဉ် ဗုံးကြဲတိုက်ခိုက်ခံရတဲ့ စစ်ရှောင်စခန်းမြင်ကွင်း)
ဖယ်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၄၊ ၂၀၂၃
 
ကယား(ကရင်နီ) လွိုင်ကော် အရှေ့ဖက်ကမ်း ဆင်စခန်း(စစ်ဘေးရှောင်စခန်း)ရှိ ဆေးခန်းနှင့် စာသင်ကျောင်းများတွင် ယမန်နေ့ည ၆ နာရီခွဲ ဝန်းကျင်ခန့်မှာ စစ်ကောင်စီက အကြောင်းမဲ့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
 
လေကြောင်း ဗုံကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းထဲက စာသင် ကျောင်းနှင့် ဆေးပေးခန်းတို့ ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဆင်စခန်း စစ်ရှောင်အမျိုးသမီးတဦးက “လေယာဉ်လာပြီ ပြောတာနဲ့ ကျမ သားသမီး ၅ယောက်ကို မြောင်းထဲခေါ်ဆင်းပြီးပြေးပုန်း ရတယ်လေ။ ယောင်္ကျားကလည်း ခရီးသွားတာ ပြန်မရောက်သေးတော့ ပိုဒုက္ခရောက်တာပေါ့။ လေယာဉ်ဗုံးလာကြဲတဲ့နေရာနဲ့ ကျမတို့နေတဲ့ တဲနေရာက ဆိုင်ကယ်နဲ့သွားရင် ၁၀ မိနစ် ၁၅မိနစ်လောက်ဘဲဝေးတယ်လေ” လို့ ပြောပါတယ်။
 
KNDFရဲ့ ဇန်နဝါရီလ သတင်းထုတ်ပြန်ချက်မှာလည်း စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လွိုင်ကော်အရှေ့ဖက်ကမ်း စစ်ရှောင်စခန်းများတွင် (၂၂)ရက်နေ့မှ (၂၄)ရက်နေ့အထိ (၃)ရက်ဆက် လေယာဉ်နဲ့ဗုံးလာကြဲခဲ့တယ်လို့လည်း ထုတ်ပြန်ထားတာတွေ့ရပါတယ်။
 
ကယား(ကရင်နီ)ပြည်နယ်တွင် မကြာခဏဆိုသလို ကျေးရွာများနှင့် စစ်ရှောင်စခန်းများတွင် စစ်ကောင်စီမှ လက်နက်ကြီးများနဲ့ လေယဉ်များဖြင့် ပစ်မှတ်တိုက်ခိုက်ခံနေရကြောင်း သိရပါတယ်။