• Today is: Thursday, February 29, 2024

စစ်တပ်ထဲမှာ လူမျိုးရေး ခွဲခြားကြတယ်

စစ်တပ်ထဲမှာ လူမျိုးရေး ခွဲခြားကြတယ်

ကျနော့ ကိုယ်ပိုင်နံပါတ်က xxx ဒုတပ်ကြပ်ပါ။ ကျနော် က xxx တပ်တွေမှ နေခဲ့တယ်။ အခု နောက်ဆုံး ကxxx မှာ နေခဲ့တယ်။ ကျနော် စပြီး တပ်ထဲ ဝင်တာက ၂၀၀၂ ခုနှစ် ၁၁လပိုင်း ၂၈ရက် နေ့။ စပြီး ဝင်တဲ့အချိန် xxx ၊ အဲဒီကနေမှ xxx ၊ xxx၊ xxx နယ်စပ်တွေ သွားခဲ့တယ်။ အဲဒီကနေမှ xxx ရောက်ပြီး အခု စစ်သက် နှစ် နှစ်ဆယ်မှာ CDM ဝင်ခဲ့တယ်။

မွေးချင်း ၅ယောက် ရှိတယ်။ ညီအစ်ကိုချည်းပါပဲ၊ မိန်းကလေး မပါဘူး။ ထူးထူးခြားခြားပြောစရာရှိတာက အိမ်မှာ ပရဟိတ ၃ဖွဲ့ ရှိတယ် အိမ်က ထူထောင်ထားတာပေါ့ ။

ဇာတိက xxx ဇာတိ။ ကျနော်တို့ ကိုယ်တိုင်က လေဆိပ်မှာနေတော့ စစ်သားတွေနဲ့ထိတွေ့ တယ်။ မိသားစုက လေတပ်အသိုင်းအဝိုင်း ဆိုတော့ တပ် နဲ့ မစိမ်းဘူး။ ပုဂ္ဂိုလ်ရေးအရ တပ်က မိသားစုလို ဖြစ်နေတော့ တပ်အပေါ်မှာ မကောင်းမြင်တဲ့အမြင် မရှိခဲ့ပါဘူး။ အဲဒီ အချိန်ကလည်း ရဲဘော်တယောက် လမ်းမှာတွေ့ရင် စစ်သားဆိုရင် Respect တခု ရှိတယ်။ ကိုယ် ကိုယ်တိုင်က ပုဂ္ဂိုလ်ရေးအရလည်း နီးစပ်တယ်။

ကျနော် တို့ ငယ်ငယ်က နိုင်ငံခြား စစ်ကားတွေ ကြည့်ရင် ရမ်ဘိုတို့ အာနိုးတို့ ဗန်ဒိန်း တို့ စစ်ကားဆို အရမ်း crazy ဖြစ်တယ်။ အဲဒီလိုကားတွေ ကြည့်ရင်း အရွယ်လေး နည်းနည်းရောက်လာတော့ စစ်သားလုပ်ချင်တယ်။ တိုက်တာခိုက်တာ ဝါသနာပါတယ်။ စစ်တပ်ထဲကို နှစ်ကြိမ်ဝင်ခဲ့ဖူးတယ်။

တကြိမ်က အိမ်က လိုက်ထုတ်တာပေါ့။ သင်တန်း သွား နေတုန်းမှာ ထုတ်လိုက်တယ်။ နောက်နည်းနည်းကြာတော့ အိမ်ကို လှည့်ပတ်ပြီး ဝင်လိုက်တာပေါ့။ အဓိက ကိုယ့်ရဲ့ ခံစားချက်ပေါ့။ တိုက်ရခိုက်ရတာ ကြိုက်တယ် ပြတ်ပြတ်သားသား လုပ်ရတာ ကြိုက်တယ် ။

စဝင်ကတည်းက အကုန်လုံးက ပြောင်းပြန် ဖြစ်သွားတာ။ ကျနော့ရဲ့ တပ်အပေါ် မြင်ထားတဲ့ အမြင်က Positive ဆန်တယ်။ ကျနော်စပြီး ရဲဘော်စဝင်ဖို့ စုဆောင်းရေးကို ရောက်တယ်။ မင်္ဂလာဒုံ စုဆောင်းရေး စရောက်တဲ့ အချိန်မှာ ဆံပင်စညှပ်တာကစပြီး ကျနော်နဲ့ သဘောမတွေ့တာ။

ခေါင်းကို မကိုင်ဘူး။အဲဒီ တုန်းက မော်တာတွေ မပေါ်သေးဘူး။ လက်ထိုးတွေ။ ဆံပင်တွေက ညှပ်ရင် မပြတ်ဘူး။ ဆောင့်ဆောင့် ဆွဲတော့ အစမှာကတည်းက စိတ်အနှောင့်အယှက် ဖြစ်စေတယ်။ လေးစားမှု မရှိဘူး။ ကျနော် တို့ကျ လူကိုလူလိုပဲ တန်ဖိုးထားတာ။ သူတို့ အထဲမှာကျ အဲဒီလိုမဟုတ်ဘူး။ စဝင်ကတည်းက အဆင်မပြေဘူး။

ဆံပင်ညှပ်တာက စတာ နောက်ပိုင်း ဆေးစစ်တဲ့ အချိန်မှာလဲ အခက်အခဲတွေ အများကြီးရှိတယ်။ အရစ်ခံရတာပေါ့။ ဒါပေမယ့် သူတို့က ပိုက်ဆံပေးတော့မှပြီးသွားတာ။ ကျနော့်ကို လိုက်သွင်းပေးတဲ့ တယောက်ဆို ဆက်သွယ်ရေး တပ်ဖွဲ့ အရာခံဗိုလ်တယောက်၊ သူ သွင်းပေးတာ။

သူက နောက်ကနေ တောက်လျောက် ငွေလိုက်ရှင်းရတာ။ ဆေးစစ်မယ် ဆိုလည်း ငွေရှင်းတယ်။ ပေါင်ချိန်စက်ပေါ်တက်လည်း ငွေရှင်းပေးတယ်၊ နောက်ကနေ ငွေလိုက်ရှင်းပြီးမှောင်ခိုဈေးကွက်တခုလို သွားတာပေါ့ ။ စဝင်ကတည်းက အဆင်မပြေတာ။

ပြီးရင် ရဲဘော်သစ် သင်တန်းသွားတော့ xxx မှာ စစ်အခြေခံ သင်တန်း သွားတက် ရတယ်။ သင်္ဘော စီးရတယ်။ ကားလမ်းကြောင်းတွေကအဆင်မပြေတော့ သင်္ဘော လမ်းကြောင်း နဲ့ သွားရတယ်။ သင်္ဘောပေါ်မှာ ဆိုလည်း ကျနော်တို့နဲ့ လာတဲ့ အချိန်မှာ ၆၀ကျော်လောက်ရှိတယ်။ စုပြီး လိုက်သွားရတယ်။

ထိုင်ပြီးနေရတာ လှုပ်လို့ မရဘူး။ တညလုံး စီးရတာ။ တချို့ နောက်ဘက်နဲ့ နီးတဲ့သူကျ ခုန်ချတယ်။ ၄ယောက်လောက် ခုန်ချတာ တွေ့တယ် ။ သူတို့က မကြည့်ခိုင်းဘူး။ လိုအပ်ရင် ခေါင်းငုံ့ခိုင်းထားတယ်။ အဲဒီမှာကတည်းက ကိုယ် ဖြစ်ချင်တဲ့ ခံစားမှုကို မရဘူး။

ရဲဘော်သစ် သင်တန်း ရောက်သွားတော့ သူတို့က အခြေခံပစ္စည်းတွေ ထုတ်ပေးတယ်။ ခြင်ထောင်တို့၊ ယူနီဖောင်းတို့၊ စစ်ဖိနပ်တို့၊ ခါးပတ်တို့၊ ဦးထုပ်တို့ လို တကိုယ်စာ သုံးဖို့ ပစ္စည်းတွေ ထုတ်ပေးတယ်။ ပြီးရင် ကိုယ့်ကို သတ်မှတ်ပေးတဲ့ နေရာမှာ ပုံထားပြီး လူတွေ က အပြင်ထွက် တန်းစီရတယ်။

တန်းစီရတဲ့အချိန်မှာစပြီး ရန်ကုန်သားတွေတဘက်ထွက်ရပ်ဆိုပြီးပြောတော့ ထွက်ရပ်တာရန်ကုန်သားချည်းပဲ အားလုံး ၄၂ ယောက်။ သင်တန်းဆရာက အရင်ဆုံး ပါးတယောက် တချက်စီ လိုက်ရိုက်တယ်။ စိတ်ထဲမှာ နည်းနည်းတော့ လူက မကျေနပ်မှုတွေ ဖြစ်လာပြီး အဆင်မပြေမှုတွေ များလာတယ်။

ဘာလို့ ပါးရိုက်တာလဲ ဆိုတော့ ရန်ကုန်သား တွေက သူတို့ကို ဘယ်တော့မှ ကောင်းကျိုး မပေးဘူး၊ ဒုက္ခပေးတယ်တဲ့။ ရန်ကုန်သားတွေက တယောက်ထဲ ဝင်လာပြီးရင် သုံးလေးငါးယောက်လောက် ခေါ်ပြီး ဖောက်ထွက်ပြေးကြတယ်၊ ဘယ်တော့မှ ကောင်းကျိုး မပေးလို့ရိုက်တာ။ မင်းတို့ ဒုက္ခ မပေးခင် ငါက ကြိုပြီး အနိုင်ယူထားတာ ဆိုပြီး သင်တန်းဆရာကြီးက ပြောတယ်။

စကတည်းက တော်တော် လေး အဆင်မပြေတာ။ သင်တန်း တောက်လျောက်မှာလဲ ရေမချိုးရဘူး။ တပတ် တကြိမ်ပဲ ချိုးရ တယ်။ တောက်လျောက် တနေကုန် run နေပြီး တပတ် တကြိမ်ပဲ ရေချိုး ရတော့ အိပ်မပျော်ဘူး။ လူက မရွှင်လန်းဘူး နေရထိုင်ရတာ အဆင်မပြေဘူး။ ညပိုင်း သင်တန်းရဲ့ စည်းကမ်း အတိုင်း အပေါ့အပါး သွားတယ် ဆိုရင်တောင် အိမ်သာတက် တယောက် အပေါ့သွားမယ်ဆို တယောက် လက်ထောင်ပြီး သွားရတယ်။
သွားရင် အဝတ်အစား တွေ အကုန်ချွတ် ထားခဲ့ရတယ်။ အဝတ်အစား ယူသွား ရင် ထွက် ပြေးလို့တဲ့။ အလုပ်လုပ်တယ်ဆိုတဲ့ နေရာမှာ ကိုယ်ကိုတိုင် ယုံကြည်လို့ ဝင်တာ။ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ဝင်တာ ဆိုတော့ အဲဒီလို ဆက်ဆံတော့ အဆင်မပြေဘူး။ ကျနော်တို့ ခေတ် က ကျတော့ အခုလို ပေါ်တာတွေ မဟုတ် သေးဘူး။ အဲဒီ နောက်ပိုင်း ကျမှ ၂၀၀၅ တို့ ၂၀၀၇ တို့ အရေးအခင်းတွေနဲ့ကြုံပြီး တဖြေးဖြေး ပေါ်တာဆွဲတဲ့ အလေ့အကျင့်တွေဖြစ်ပြီး ပိုပြီးတော့ ဆိုးလာတာ ။
ပြောရရင်တော့စစ်ထဲ စသွားခဲ့ချိန် စုဆောင်းရေးမှာထဲမှာကတည်းက အခက်အခဲတွေ အများကြီး ဖြစ်ပြီး စိတ်အနှောင့်အယှက် ဖြစ်တာပါ။
ကျနော် စဝင်တော့ သောကြာနေ့မှာ ဝင်လိုက်တာ။ ကျနော်ဝင်တာက ရေတပ်စခန်းကို ဝင်တာ။ နေထိုင်ကြီးပြင်းတာကတော့ လေတပ် အသိုင်းအဝိုင်း ထဲမှာ။ ဝင်တော့ ရေတပ်ထဲ သွားဝင်တာ။ ရည်ရွယ်တာတော့ မဟုတ်ဘူး အလုပ်ရပြီးရော သွားတာ။ ရောက်သွားတဲ့နေ့က သောကြာနေ့ဆိုတော့ ရုံးပိတ်ရက်ဖြစ်နေလို့ဆိုပြီး လက်မခံကြဘူး။
အဲဒါနဲ့ ကာကွယ်ရေးဌာနက တယောက်နဲ့ ကျနော် သူတို့ကာကွယ်ရေးဌာန ကို ပါသွားပြီး အဲဒီမှာ ခဏစောင့်ခိုင်းထားတယ်။ အဲဒီတုန်းက တပ်မ xx က လူသစ်တွေ လိုက်ရှာတာ ဝယ်တာတွေရှိတယ်။ တပ်ထဲမှာက ဈေးကွက် တခုရှိတယ်။ တပ်ရင်းမှုးတွေဆို ရာထူးတိုးဖို့က လူသစ်တွေဝယ်ရတယ်။

ပြောရရင် ကျနော့ကို ရောင်းလိုက်တဲ့ ပုံစံပေါ့။ သူတို့ နောက်ကြောင်းမှာ ငွေအကြောင်းတွေရှိမှာပေါ့။ ကျနော်ကို xxxတပ်ကို ထည့်လိုက်တယ်။ တပ်မ xxx ကို ရောက်သွားတယ်။ ကိုယ်စားလှယ်ဆီ ရောက်သွားတာ။ အဲဒီကနေမှ စုဆောင်းရေးကို ခေါ်လာ တယ်။

ကြားထဲမှာ ဆက်သွယ်ရေးက တယောက် ကနေမှ ဖြတ်ဝယ် လိုက်တော့၊ ဆက်သွယ်ရေးကို ပါသွားတာပေါ့။ တကယ် ဝင်တာက တိုက်ခိုက်ရေးတပ်။ ဒါပေမယ့် လိုက်ဝင်တော့ ရေတပ်၊ ရေတပ်ကနေ ရောင်းစားခံရရင်းနဲ့ ဆက်သွယ်ရေးတပ် ရောက်သွားတယ် ။

သင်တန်း စာမေးပွဲ ဖြေနေတဲ့ အချိန် နှစ်ကုန်ပိုင်းမှာ အာဏာသိမ်းမှုကြီး ဖြစ်လာတာ။ကျ နော် တို့ ဆီမှာ ကြိုပြီးတော့ စာမေးပွဲ ဖြေလိုက်တယ် ဖြေပြီးသွားရင် အရပ်ဘက် က တက္ကသိုလ် ဝန်ထမ်းတွေ ခေါ်ပြီဆို ကျနော် ကပြင်ပ ကနေ ဝင်ဖြေရတယ် အဲဒီလို မဖြစ်ခင်မှာ အာဏာသိမ်းမှု ဖြစ်တော့ CDM ဆိုပြီး ထွက်လိုက်တာ။

ကျနော်က ပရိုဂျူဆာ အော်ပရေတာ။ အော်ပရေတာ ဆိုတာ ဝါယာလက် စက် တွေ ကိုင်ပြီးတော့ စစ်ကြောင်းတွေ လိုက်ရတယ် ဆက်သွယ်ရေး စက်တွေ နဲ့ စစ်ကြောင်းကို အထက် ဌာန တွေ ဘယ်ကို သွားပါ ဘာလုပ်ပါဆိုပြီး ဆက်သွယ်ရေး လမ်းကြောင်းကနေ ညွှန်ကြားချက် ရတယ်။ စစ်ကြောင်း ကို အဲဒါနဲ့ လိုက်တွဲရတာ။

အဲဒီနောက်ပိုင်း တပ်ပေါ်မှာ ညွှန်ကြားချက် တခု ဖြစ်သွားတယ်။ ဆက်သွယ်ရေး ကို အများဆုံး တိုက်ခိုက် ခံရတယ်။ တဖက်က တိုက်ရင် ဆက်သွယ်ရေး နဲ့ စစ်ကြောင်း တခုကိုပဲ တိုက်ခိုက်တယ်။ အဲဒီ ၂ခုက ထိခိုက်သွားရင် အဲ့ဒီ စစ်ကြောင်းက အသေ ဖြစ် သွားတယ်။

ဆက်သွယ်ရေးက ပိုထိရောက် တယ်။ ဆက်သွယ်မှု ပြတ်သွားရင် စစ်ကြောင်းရေးမှူး က ဘာမှ မလုပ်တတ်တော့ဘူး။ ဘယ်မှ မသွားရဲတော့ဘူး။ သွားရင် ကိုယ်တပ်နဲ့ ကိုယ့်အချင်းချင်း ပြန်မှားနိုင်တယ်။ ကျနော်တို့က ရှေ့တန်း ထွက်ရင် အနိမ့်ဆုံးက ဗျူဟာမှူးတွေ နဲ့ လိုက် ရတယ်။

သူ့အောက်မှာ တပ်ရင်း၊ တပ်ရင်းတွေ နဲ့ကျ တွဲစရာ မလိုဘူး။ ကျနော် တို့က ကွပ်ကဲရေး ဌာနနဲ့တွဲရတော့ ဗျူဟာ နဲ့ တွဲရတယ်။ ဗျူဟာ မှုးတွေ ကို တပ်မကနေ ညွှန်ကြားတာ၊ တိုင်းတွေက ညွှန်ကြားတာ။ ဗျူဟာမှုးက သူ့တပ်တွေကို ပြန် ခိုင်းတယ်။ ခိုင်းတာတွေ ကို ကျနော် တို့က communication ပြန်လုပ်ပေးရတယ်။

တပ်တွေမှာ ခြေလျင် ဆက်သွယ်တွေ ရေး တပ်စုတွေ ပေးပြီး တပ်တွေမှာ ခြေလျင်ဆက်သွယ်ရေး တွေ ရှိတယ်။ သူတို့ကို ညွှန်ကြားတာတွေ ခိုင်းတာတွေ ကို communicate ပြန်လုပ်ပေးရတယ်။ ကျနော့်ရဲ့ အဓိက တာဝန် က ရေဒီယို အော်ပရေတာ ဆိုတော့ ဆက်သွယ်ရေး တခုပဲ။

ကျနော် တို့က ဘယ်သူပဲ ဘယ်ပဲ သွားသွား အဖွဲ့ တခုမှာ ဆက်သွယ်ရေးက ရှိနေတော့ လိုက်ရတယ်။ ဗျူဟာမှူး က စစ်ဆင်ရေး တာဝန်ပဲ ဖြစ်ဖြစ် တခြား လုံခြုံရေး တာဝန် ပဲ ဖြစ်ဖြစ် သွားတဲ့အခါ လိုက်သွား ပေးရတယ်။

ကျနော် က ဖုန်းကိုင် ထားတော့ ပုံမှန် ဆိုရှယ် မီဒီယာတွေ သုံးနေတယ်။ အဲဒီအချိန်မှာ ပြင်ပ က ဖြစ်နေတာ တွေ အကုန်လုံး ကသိနေတယ်။ ကျန်တဲ့သူတွေ က မသိဘူး။ ဒီတော့ တန်းစီ တဲ့ အချိန်မှာ ကျနော်က သတိပေးတယ်။ တပ်ကတော့ အာဏာသိမ်း မယ့် လက္ခဏာ ပေါ်နေပြီ ဘာပဲဖြစ်ဖြစ် အဲ့ဒီ အပေါ်မှာ မင်းတို့ စီးမြောဖို့ မလိုဘူး မစီးမြောနဲ့။ အဖွဲ့တွေ အပြင်မသွားနဲ့ ဘယ်လိုမလုပ်နဲ့ ကျောင်းက စည်း ကမ်း ထုတ် ပေးထားတာ တွေ ချပြရတယ်။

၁၀ရက် လောက်က တည်း က ကျနော့် အသိ တပည့်တွေက အသင့်ပြင်ထားတယ်။ နောက်ပြီး ဒီဘက်မှာ နိုင်ငံရေး သတင်း နားထောင်တော့ အာဏာ သိမ်းနိုင်တယ် ဆိုတဲ့ လက္ခဏာ ရှိနေတယ်။ ဗိုလ်ချုပ် ဇော်မင်းထွန်း တို့ ပြောနေတဲ့ စကား ရှိတယ်၊ တပ်က အာဏာမသိမ်းဘူးလို့ မမှတ်ယူနိုင်ဘူးတဲ့။

အဲ့ဒီလို စကားတွေရယ် ရွေးကောက်ပွဲ ကိစ္စတွေ အကြီးအကျယ် ကန့်ကွက် တာတွေ ပြောတာတွေရယ်။ ကိုယ့်လူတွေ ကြည့်တော့လဲ Stand by ဖြစ်နေကြတယ်။ အထူးသ ဖြင့် သန်လျင် တပ် ကို Stand by လုပ်ထားတယ်။ အာဏာသိမ်း တောက်လျှောက် သံလျင်တပ်တွေကို သုံး သွားတာ။

သန်လျင်တပ်မှာ က အသိတွေ တပည့်တွေ ရှိနေတော့ ဆရာ ကျနော့် တို့ကိုတော့ အသင့် လုပ် ခိုင်း ထားတယ်၊ ဘာလဲ မသိဘူး ဆိုတာမျိုး ကြားရတယ်။ ကျနော်က ဆက်သွယ်ရေး မှာ လုပ်သက်လဲ ရှိတယ် ကျနော် နဲ့ အသိတွေ က တိုင်းတွေ ဌာန တွေမှာ ရှိတော့ တခုခု သိချင် ကျနော့်ကို မေးကြတယ်။ ကျနော်ကလည်း အသိ မိတ်ဆွေ တွေ လိုက်ချိတ်ကြည့်တော့ ပြောလို့ မရဘူးတဲ့ အရေးကြီးတယ်တဲ့။ ဒါပေမယ့် တပ်က လုပ်စရာ ရှိတာ လုပ်နေတယ် ဆိုတဲ့ message ကို ရတယ်။

သိပ်တော့ မသေချာသေးဘူး ဒါပေမယ့် ကျနော့် အယူအဆ အရ တပ်က တခုခု လုပ်တော့မယ်၊ အာဏာသိမ်းတာ ဖြစ်စေ ဒါမှမဟုတ် သူတို့ အကြမ်း ဖက်တဲ့ နည်း တခုခု လုပ်တော့မယ်လို့ နားလည်တယ်။ နောက်ဆုံးတော့ အာဏာ သိမ်းဖို့ တပတ်လောက်မှာ ကျနော် ကောင်းကောင်း သိသွားတယ်။

ဆိုတော့ မြို့တော်ခန်းမမှာ တပ်တွေ ဖြန့်ဖို့ အတွက် သန်လျင် တပ်တွေကို စပြီးတော့ လွှတ်နေတယ်။ ဒီလို နေရာတွေ စယူ နေပြီ ဆိုတော့ အဲ့ဒီမှာ သိသွားပြီ။ သာမာန် အရပ်သား ရှိတဲ့ နေရာကို တပ်သွားချတယ်။

နောက်တော့ လက်နက်တွေအစ စီမံလာပြီ ဆိုကတည်းက အဓိကရုဏ်းတွေ နှိမ်နင်းဖို့ပဲ။ တချို့ ရဲဘော် အသစ် တွေဆို သူတို့ မမြင်ဖူးဘူးတဲ့ သေနတ်တွေပါပါတယ်။ စထုတ်ပေးတုန်းကတော့ အရပ်သားကို တုန့်ပြန်တဲ့ လက်နက်တွေ၊ လူသေစေတဲ့ လက်နက်တွေ မဟုတ်ဘူး။

အဖွဲ့လိုက်ကို ၁လက်၂လက်စသဖြင့် ဖွဲ့စည်းပုံတွေနဲ့ ထုတ်ပေးလာတယ်။ ပြီးရင် အမြဲတမ်း ကားပေါ်မှာ ရိက္ခာအသင့်ပြင် ထားတယ်။ ကားပေါ်မှာပဲ အိပ်ရတယ်။ လူပျိုတွေဆို လူပျို အိပ်ဆောင်မှာ စုထား လိုက်တယ်။ အိမ်ထောင်သည်တွေ ကျတော့ ကရိကထများလို့ ကားပေါ်မှာ ထားတယ်။

အိမ်ပေးမပြန်ဘူး။ အဲ့ဒီတော့ ခြုံကြည့်လိုက်ရင် အာဏာ သိမ်းတော့မယ် ဆိုတာ လုံးဝ နားလည်သွားတယ်။ လက်နက်တွေ ဖြန့်တယ်၊ လူတွေ ဖြန့်ခွဲပြီးတပ်တွေ နေရာချတယ် ဆိုတာ မြို့ကိုထိန်းဖို့ လုပ်တာပဲ။ မြို့အဝင်အထွက်တွေ ကြိုပြီးချိတ်ဆက် ထားတာ။

အဲဒီ အချိန်ထဲက သိနေပြီ။ ပထမဆုံး ဆိုးဆိုး ဝါးဝါး သတင်းတွေ ထဲမှာ ကြားတာကတော့ မမြသွဲ့သွဲ့ခိုင် အပစ်ခံရတဲ့ ကိစ္စပဲ။ ကျနော်လဲ စိတ်မထိန်း နိုင်ဘူး။ သင်တန်းမှာဆို ပေါ်တင်ပြောတာ တကယ်လို့ အာဏာသိမ်းတယ်တို့ ဘာတို့ ဆိုရင် မင်း တို့ ကိုယ်ဉာဏ်နဲ့ကိုယ် ဆုံးဖြတ်။

ပြည်သူကို ထိခိုက်မယ်ဆို ငါ့အမြင်ကတော့ လက်မခံဘူး။ အဲဒီမှာ တော်တော် များများ ကျနော့်ကို negative ဆန်တဲ့ မှတ်ချက်တွေ ပေးကြတယ်။ သူတို့အချင်းချင်း ကွယ်ရာမှာ ပြောကြတာပါ။ ကျနော်က တပ်ခွဲမှူး ဆိုတော့ မပြောရဲဘူး။ ကျနော် ဝင်သွားရင် ကြားတယ်။ အဲ့ဒီ အခါကျ သူတို့ ပြောတာ ရပ်လိုက်ကြတယ်။

အဲ့ဒီလိုပေါ့ အများစု ကတော့ သိမ်းတာ ကြိုက်ကြတာပေါ့။ အထူး သဖြင့် စစ်တပ် က ဝါဒမှိုင်း မိနေကြသူတွေပေါ့။ သူတို့က negative ဖြစ်တယ် NLD ကို မကြိုက်ကြဘူး။ NLD ဆိုတာ ဘာလဲတောင် ကောင်းကောင်း မသိကြဘူး။

ကျနော်က အပြင်မထွက်ရတော့ ဆန္ဒပြပွဲ နှိမ်နင်းရတဲ့ အတွေ့အကြုံ မရှိဘူး။ ကျနော်သိတာတခုက အဓိကရုဏ်း နှိမ်နင်း ရေးတွေကို လုပ်နေတဲ့ သန်လျင်က တပ်ဖွဲ့တွေနဲ့ ကျနော်က အဆက်အသွယ်တော့ ရှိတယ်။ အစပိုင်း တပတ်လောက်က ငြိမ် နေတော့ အဆင်ပြေသွားမယ်လို့ ယူဆကြသေးတယ်။

နောက်ပိုင်းမှာ ဆေးကျောင်း အဖွဲ့တွေ ထွက်လာတယ်။ ဆန္ဒပြတယ် တဖြည်းဖြည်းနဲ့ ထိန်းမရတော့ဘူး။ လူတွေက များလာတယ် တခါ တလေ သူတို့ နဲ့ ဖုန်းမပြောနိုင်ဘူး။ နောက်ပိုင်း သူတို့နဲ့ ကျနော် ဖုန်းကောင်းကောင်း မပြောဖြစ်တော့ဘူး။ အဆက်အသွယ် လုပ်လို့မရတော့ဘူး။

တပ်ရဲ့ သဘော သဘာဝ အရ နေ့နေ့ ညည ဟိုလှည့် ဒီလှည့်နဲ့ ဖြစ်လာတော့ ကျနော်နဲ့ အဆက်အသွယ် နည်းလာတယ်။ ဒါပေမယ့် စပြီး လုပ်တဲ့ တ လျောက်လုံး မှာတော့ တပည့်တွေနဲ့ အဆက်အသွယ်ရတယ်။ ဘယ်နေရာမှာတော့ သွားပြီး ပိတ်ထားရတယ်၊ ရေသန့်ဘူးတွေ နဲ့ ထုလို့၊ ဘာတွေနဲ့ ထုလို့ ကျနော် တို့လဲ ပြေးရတယ် ဆိုပြီး ပြောလာ ကြတယ်။

နောက်ပိုင်း တလလောက် ကြာတော့ မမြသွဲ့သွဲ့ခိုင် ပစ်ခံရတဲ့ အချိန်မှာ ကျနော်နဲ့ အဲ့ဒီ အဖွဲ့တွေ နဲ့ အဆက် အသွယ် မရှိ သလောက် ဖြစ်သွားတယ်။ အဲ့ဒီနောက်ပိုင်း ကျနော်လဲ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးအရ ဆက်ပြီး မသိချင်တော့ဘူး။ ကျနော့စိတ်ထဲမှာ စစ်တပ်အဖွဲ့အစည်းထဲက ဘယ်သူနဲ့မှ စကား မပြောချင်သလို ဖြစ် လာ တယ် ။

တပ်ရဲ့ သဘော သဘာဝအရ ပြည်သူတွေကို အခွင့်အရေးချိုးဖောက်တာမျိုးက ရှိတယ် အများကြီးပဲ။ ဒါပေမယ့် ကျွန်တော်တို့ တိုက်ရိုက် ကြုံတာ နည်း တယ် ဘာဖြစ်လို့လဲ ဆိုတော့ ကျနော် တို့ တပ်ဖွဲ့ သဘောအရ ဆက်သွယ်ရေး ဆိုတော့ ကျနော်တို့က တပ်ဖွဲ့ တဖွဲ့မှာဆို အလုံခြုံဆုံး နေရာမှာ လူကြီးနဲ့အတူ နေရတယ်။

တော်ရုံဆို ကျနော်တို့က လက်အောက်ကို တခုခု လုပ်လိုက်ပါဆို အောက်က တပ်စုတွေ၊ တပ်စိတ်တွေက ထွက်ပြီး လုပ်ကြတာ။ ဥပမာ တပ်က ရွေးကောက်ပွဲ ကိစ္စမျိုးပေါ့။

ရွေးကောက်ပွဲ ကိစ္စ တုန်းက ဆို ကျနော်က xxx မှာ ရှိတယ်။ အဲ့မှာ ရွာတွေကို စစ်ကြောင်းတွေ လွှတ်ရတယ်။ စီမံချက်တွေ တင်ရတယ်။ ကိုယ့်ရဲ့ စစ်ဆင်ရေး ကွပ်ကဲနှိမ်နင်းရေးတွေ ရှိတယ်။ နယ်မြေတွေ ခွဲပေးထားတယ်။

ကိုယ့်တပ်ရင်း၊ ကိုယ့်စစ်ကြောင်း လှုပ်ရှားမယ့် နယ်မြေမှာ ရှိတဲ့ရွာ ဘယ်နှစ်ရွာ၊ အဲ့ဒီရွာရဲ့ လူဦးရေ အချက်အလက်တွေယူ။ ရွာတွေတက်ပြီး မဲကိစ္စတွေ စည်းရုံးခိုင်းတယ်။ ပထမ တကျော့ စည်းရုံးရေး ကာလ ပြီးတော့ စည်းရုံးရေး နယ်မြေတွေ စည်းရုံး ထားပြီးပြီ ဆိုတဲ့ ဖြစ်စဉ်တွေ အထက်ဌာန ကို တင်ပြရတယ်။

နောက်ပြီးတော့ ကြိုတင်မဲ လုပ်ပါ ဆိုပြီး ကြိုတင်မဲတွေ လိုက်လုပ်တယ်။ မရှိရှိတဲ့ နာမည်တွေနဲ့ လုပ်တာပဲ။ မပါတဲ့နေရာ တခုမှ မရှိဘူး။ ပြောရရင် အရင် list တွေကိုပဲ ကြည့်ပြီး လုပ်တာ။ တချို့ဆို စာရင်းပေးထားတဲ့ လူတွေက သေပြီးသား လူတွေ။ ပြီးရင် ကျနော်တို့ကိုယ်တိုင်လဲ မဲပေးရမယ် ဆိုတာ ဖြစ်လာ တော့ ရှေ့တန်း စခန်းမှာပဲ မဲပေးရမယ်ဆိုပြီး တကယ်တမ်းကျ မပေးခဲ့ရဘူး။

မဲပေးဖို့ စစ်ပုံစံဝတ်စုံတွေ အပြည့်နဲ့ အသင့် တန်းစီရတယ်။ တယောက်ချင်း မဲပေးရမယ်၊ မဲရုံ ပုံစံမျိုးလုပ်တယ်၊ မဲပုံးထားတယ်။ တပ်မမှူးရော ဗျူဟာမှူး ပါလာထိုင်တယ့်အပြင် ဒုစစ်ဦးစီးမှူး(G2) ပါပါတယ်။ မဲထည့်စထည့်ခိုင်းတဲ့ အချိန်မှာ ရဲဘော်တွေက တသက်လုံး ဘောပင် နဲ့ ရင်းနှီးနေတဲ့ သူတွေ မဟုတ်တော့ အမှတ်တောင် သေချာ မခြစ် တတ်ဘူး။

နောက်တခုက တပ်ထဲမှာ တပ်ရဲ့ သဘော သဘာဝ အရ လူကြီးရှေ့ရောက်ရင် အလိုလို ကြောက်သလို ဖြစ်တတ်ကြတယ်။ အဲ့ဒီမှာ ရဲဘော် လေးတွေက မှားပြီး ခြစ်တယ် တချို့ကျ ရွဲ့ပြီး NLD ခြစ်တာမျိုး လုပ်တယ်။

အဲ့ဒါနဲ့ အကုန်လုံးကို မောင်းထုတ်ပြီး ကိုယ့်အလုပ်ကိုယ်ပြန်တာဝန်ယူခိုင်းတယ်။ မဲတွေကို G2 က ဒိုင်ခံ ထိုင်ခြစ် ပစ်တယ်။ အုပ်ချုပ်မှုရုံး နဲ့ ကျနော့် ဆက်သွယ်ရေး အခန်း နဲ့က ကပ်နေတာဆိုတော့ ကျနော်က ရုံးထဲမှာ ဖြစ်နေတာကို သိတာ။

ကျနော်က xxx မှာ တပ်မ xx နဲ့ စစ်ဆင်ရေးခွဲမှူး တာဝန် ယူနေတာ ဆိုတော့ နယ်စပ် တခွင်လုံး xxx နဲ့ တိုက်ပွဲတွေ ဖြစ်ဖို့ ဆိုင်နေတဲ့ ကာလ တလျောက်လုံး အဲ့လိုတွေ လုပ်ပစ်တာ။ စစ်ရှေ့တန်း စခန်း ဆိုရင် လူစေ့ အကုန် လာပြီး မဲခြစ်ပါ လို့ပြေမဲ့ နောက်ကျ ရဲဘော်တွေ ရူးကြောင်မူးကြောင် နဲ့ လျောက်ခြစ် နေရင် မဲစာရွက်တွေလဲ အလကား ဖြစ်တယ် မင်းတို့ဟာ မင်းတို့ ကြီးကြပ်ပြီးတော့သာ သေချာ သပ်သပ်ရပ်ရပ်လုပ် ဆိုပြီး လူကြီးဆီပြန်ပို့ အစီအမံတွေပြန်လုပ်ခိုင်းတာ။ အားလုံးက ကြံ့ခိုင်ရေး ပါတီပဲ ထည့်ရတယ်။ ကျန်တဲ့ ပါတီ မထည့်ရဘူး။

၂၀၂၁ခု ၃လပိုင်း ၁ရက်နေ့ အာဏာသိမ်းပြီး တလပြည့်တဲ့နေ့မှာ CDM လုပ်တာ။ တပ်ထဲမှာ မသိမသာတမျိုး သိသိသာသာတမျိုး လူမျိုးရေးအရ ဖိနှိပ်ခံရတာ ခွဲခြားဆက်ဆံခံရတဲ့အချက်က အဆိုးဆုံးပဲ။ ဒါက ကျနော် CDM လုပ်လာရတဲ့အချက်ထဲမှာ အဓိကကျတဲ့အချက်ပဲ။ ဥပမာကျနော်က လုပ်သက်အကြာကြီးရှိလာပေမယ့် ကျနော်နဲ့ အဆင့်တူတွေ ရာထူးတိုးလည်း ကျနော် မတိုးဘူး။

စည်းကမ်းနဲ့ အလုပ်တွေမှာ ပြစ်ဒဏ်တခါမှမရှိဘူး။ ဒါပေမယ့် ရာထူးတိုးမပေးဘူး။ ပိုဆိုးတာက အန္တရယ်ရှိမယ့် နေရာ အနေအစားဆင်းရဲမယ့်နေရာ အဲဒီနေရာမျိုးဆိုရင် သူများထက် ကျနော့ကိုပိုခိုင်းတာ ပိုပို့တာပဲ။ အဲဒီ pressure ပိုကြီးတယ်။ ပုံမှန် မဟုတ်ဘူး။

သာမန် အရပ်သား ဘဝကတည်း က မြန်မာနိုင်ငံရဲ့ ဓလေ့ အရ ကလေးလေးက အစ တွေ့ရင် ကျနော့ကိုဆို ကုလားလေးပဲ ခေါ်တာ။ ကျောင်းတွေမှာ အရမ်း ခွဲခြား ဆက်ဆံခံရတယ်။ ဆရာ၊ ဆရာမ တွေ စာမေးရင် ရှေ့တန်းမှာ နေတဲ့ တခြား ကလေးတွေ ဆိုရင် လှိုက်လှိုက်လှဲလှဲ ရှိတယ်။

ကျနော်တို့ကိုဆို သိပ် ဟက်ဟက်ပက်ပက် မလုပ်ဘူး။ ဒါက ငယ်ငယ်ထဲက ဖြတ်သန်း လာရတဲ့ မတူညီ တဲ့ အသွင်သဏ္ဍာန်ပေါ့။ တပ်ထဲရောက်တော့လဲ အဲ့ဒီ အချက် အလက် က ပိုပြီးတော့ ဆိုးတယ် တပ်မှာကျတော့ အရွယ်ရောက်ပြီးသား လူတွေလေ။ ကလေးတွေလို မဟုတ်ဘူး။

သူတို့ မှတ်ထားတာကို ပြန်ပြင်ဖို့ ခက်တဲ့ အရွယ်တွေ။ ကျနော်တို့ကျ ဆက်ဆံရတာ မတူဘူး။ အခွင့်ထူးခံ ကိစ္စဆို ကျနော် တို့မှာ မရှိဘူး။ အဲ့ဒီ အကျိုးဆက် ကလည်း ကျနော် ရာထူးမတက်ရတဲ့ အကြောင်းတွေမှာ ပါတယ်။ ခိုင်းစရာရှိ ခိုင်းလိုက်တယ်။ အခွင့်အရေးကျ မပေးဘူး။

စစ်တပ်ရဲ့ သဘော သဘာဝ အရ တပ်ခွဲမှာ သူတို့ရဲ့ အကြီး ဖြစ်လို့ ကျနော့ကို မပြောရဲဘူး၊ ကွယ်ရာကျလို့ ရှိရင် ဘယ်တော့ မှ နာမည် နဲ့ အဆင့် နဲ့ မပြောတော့ဘူး။ ဆရာ ကုလားပဲခေါ်တာ၊ စာရေးတွေ ရုံးကိစ္စတွေ လုပ်ရင်လည်း ဟိုကုလားလုပ်ရမယ့်ကိစ္စ၊ ဒီ ကုလားကိစ္စ အဲ့လိုမျိုး။

သူတို့ မှာ တော်တော်နဲ့ ဖျောက်လို့ မလွယ်တဲ့ ပုံစံ တခု ရှိတယ်။ မကြားချင်လဲ ကြားနေရတယ် ကိုယ့် အတွက် အဆင်မပြေဘူး။ ကျနော်တို့က မိသားစုလိုက် လူမှုရေးလုပ်တာ။ ဘာသာရေးမခွဲခြားဘူး။

ပရဟိတအသင်း သုံးခု ရှိတယ်။ ဒါပေမယ့် တပ်ထဲမှာ ဗုဒ္ဓဘာသာဝင်ချင်းတူတာတောင်မှ ကျနော်က ဟိန္ဒူလူမျိုးဖြစ်နေလို့ ကုလားဆိုပြီး အမြဲတန်း ချိုးနှိမ်ဆက်ဆံတယ်။ အဲဒါ ကျနော်အခံရအခက်ဆုံးပဲ။ တခြား အချက်တွေအရ CDM လုပ်ဖို့ စဥ်းစားခဲ့ပေမယ့် အဲဒီ လူမျိုးခွဲခြားဆက်ဆံခံရတဲ့အချက်က ထိပ်ဆုံးကဖြစ်မယ် ထင်ပါတယ်။

ဟိန္ဒူလူမျိုး၊ ကုလား ဟူသော ဝေါဟာရများမှာ မူရင်း ပြောကြားချက် အတိုင်းဖြစ်ပါသည်။

ကျနော်က အစကတည်းကလဲ တပ်မှာ ရေရှည် ဆက်မနေချင်တော့ဘူး။ ဒါပေမယ့် ကျနော် တို့က ဥပဒေဘောင်မှာ နေတဲ့ အဖွဲ့အစည်းတွေ။ ကျနော်တို့ အိမ်မှာလဲ အဖွဲ့အစည်းတွေ ပရဟိတတွေ လုပ်ကြတော့ ကျနော် လုပ်သမျှက သူတို့ ဆီမှာ image က ရှိတယ်။ သူတို့ကို မထိခိုက် စေချင်ဘူး။

သူတို့ကျ အစိုးရ ဘောင်ထဲမှာ အလုပ်လုပ် နေတာ ကိုယ်တိုင်ကလဲ ဝန်ထမ်း ဆိုတော့ အိမ်ကို သွားပြီး သက်ရောက်မှု မရှိ စေချင်ဘူး။ တရားဝင် ထွက်ခွင့်ရဖို့ ကြိုးစားခဲ့ပေမဲ့ ထွက်ခွင့်မပေးဘူး။ အာဏာ သိမ်း တော့မယ် ဆိုကတည်းက တပ်က ထွက်ဖို့ ပြင်ဆင်နေတာ ကျနော့်ဘက်က ရယ်ဒီ ဖြစ်နေပြီ။

ဒါပေမယ့် ကျနော့်ရဲ့ပါတနာ တချို့ က ခဏ စောင့်ကြည့်ပါဦး ငြိမ်သွားမှာပါ ဆိုပြီး တပတ် စောင့်ကြည့်လိုက်၊ နှစ်ပတ် စောင့်ကြည့်လိုက်နဲ့ တလ ပြည့်လာတယ်။ တဖြည်းဖြည်း သည်းမခံ နိုင်တော့ဘူး။

အထူးသဖြင့် မမြသွဲ့သွဲ့ခိုင်ကို ပစ်သတ်တဲ့ ကျည်ဆံ ခေါင်းထဲ ရောက်အောင်ပစ်တဲ့ သတင်း နေ့တိုင်း ကြားနေရတဲ့အချိန်မှာ ဆုံးဖြတ်ချက်က ခိုင်မာသွားတယ်။ မရရတဲ့နည်းနဲ့ သင်တန်းကနေ ထွက်လာတာ။ တပ်ရင်း တပ်ဖွဲ့ ကနေ လာတာ မဟုတ်တဲ့ အတွက် ဘာပစ္စည်း မှ မပါဘူး။

ကျနော်က မြို့ပေါ်မှာပဲ xxဘက် မှာ အရင်သွား နေတယ်။ ဧည့်စာရင်း တွေဘာတွေဝင်စစ်ရင် အဖမ်းခံရနိုင်တယ်ဆိုပြီး ကိုယ့်အတွက် safe ဖြစ်မယ့် နေရာ ရွှေ့လိုက်တယ်။ စိုက်ပျိုးရေး လုပ်စားတယ် ကျနော့်ဘာသာ တောရှင်းပြီး စိုက်ပျိုးရေး လုပ်တယ် ချဉ်ပေါင်တွေ ကန်စွန်းတွေ အသီးအနှံတွေ စိုက်ရောင်းပြီး ဝမ်းစာရှာစား နေတယ်။

နေရင်းနဲ့ ကျနော် UG တချို့ကို သတင်း အချက် အလက် နဲ့ သယ်ယူ ပို့ဆောင်ရေး ထောက်ပံ့ ပေး တယ်။ xxx မှာ UG တချို့ နဲ့ အလုပ်လုပ်နေတာ ဆိုတော့ ဆက်သွယ်မှု အခက်အခဲကို နားလည် သွားတယ်။ တခုခု ဖြစ်ရင် ဖုန်းပိတ်လိုက်တယ်၊ အင်တာနက် ကို speed ချလိုက်တယ် ကျနော် တို့ ဖုန်းနဲ့ ဆက်သွယ်ဖို့ အဆင်မပြေတော့ဘူး။ အင်တာနက် speed ချလိုက်တော့ ကျနော် တို့ ဗီဒီယို ဖိုင်တွေ ပို့လို့ မရတော့ဘူး။

Live တို့ meetingတို့တွေလည်းလုပ်လို့မရဘူး။ အဲ့လို အခက် အခဲ တွေ ဖြစ်လာတယ်။ ဆက်သွယ်မှု အခက်အခဲတွေတွေ့လာတော့ ကျနော်က ဆက်သွယ်ရေးကမို့ ကျနော်နားလည်တဲ့အပိုင်းတွေကို ဒီဘက်က အဖွဲ့အစည်းတွေဆီ sharing လုပ်ခဲ့သေးတယ်တယ် ။ နောက်တော့ အခြေအနေအရ လွတ်မြောက်နယ်မြေကိုကူးလာခဲ့တာပါ။