• Today is: Thursday, March 28, 2024

ပြည်ထောင်စု တန်းတူ အခွင့်အရေးကျင့်သုံးဖို့ ဖက်ဒရယ်ယူနစ် ဗမာပြည်နယ် ပေါ်ပေါက်ဖို့လိုတယ်လို့ KIO ဥက္ကဌ ပြော

ဓါတ်ပုံ – KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို တွေ့ရစဉ်။
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၅၊ ၂၀၂၃
 
ပြည်ထောင်စု တန်းတူ အခွင့်အရေးကျင့်သုံးဖို့ ဖက်ဒရယ်ယူနစ် ဗမာပြည်နယ် ပေါ်ပေါက်ဖို့လိုတယ်လို့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ကျရောက်တဲ့ ၆၂ နှစ်မြောက် ကချင်လွတ် မြောက်ရေးအဖွဲ့(KIO)၏ တော်လှန်ရေးနေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုလိုက်ပါတယ်။
 
ကချင်လွတ် မြောက်ရေးအဖွဲ့(KIO)အနေဖြင့် နွေဦးတော်လှန်ရေးအတွက် NUG နှင့် ပူးပေါင်းဆောင်ရွက်ခဲ့တာဟာ ဒီကနေ့ တနိုင်ငံလုံးအတိုင်းအတာအရ ဗမာလူထုအများစုဟာ အမှန်တကယ် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ လိုလားနေပြီဆိုတာ မြင်တွေ့ရတဲ့အတွက် လူထုဘက်က ရပ်တည်ပြီး ပူးပေါင်း ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
ဒါ့ကြောင့် NUG / NUCC / CRPH တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်သွားနေပြီဆိုတာ လက်တွေ့ပြဖို့လည်း လိုအပ်နေသေးတယ်လို့ ထောက်ပြပြော ဆိုပါတယ်။
 
ဗိုလ်ချုပ်ကြီး အင်ဘန်လက “စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်သွားနေပြီဆိုတာ ပြသဖို့အတွက် ပြည်ထောင်စု တန်းတူ အခွင့်အရေးကို ကျင့်သုံးပြဖို့ လိုပါတယ်။ အဲဒီထဲမှာ ဖက်ဒရယ်ယူနစ် တစ်ခုဖြစ်တဲ့ ဗမာလူမျိုးများကို အခြေခံတဲ့ ဗမာ ပြည်နယ် ပေါ်ပေါက်လာရေးအတွက် အကောင်အထည်ဖော်ပြဖို့လိုတယ်။ လူများစုဖြစ်တာကြောင့် အခွင့်အရေး ပိုကျင့်သုံးခွင့်ရှိတယ်ဆိုတဲ့ အယူအဆတွေကိုလည်း လက်တွေ့ဆန့်ကျင်ပြရမယ်”လို့ ပြောပါတယ်။
 
အလားတူ လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စု တည်ဆောက်ခဲ့တာဟာ နှစ်ပေါင်း ၇၅ နှစ်ကျော် ရှိခဲ့ပေမယ့် လူမျိုးကြီးဝါဒကိုကျင့်သုံးခဲ့တဲ့ ဖ.ဆ.ပ.လ ဒီမိုကရေစီအစိုးရ ခေတ် ၁၉၅၈ ခုနှစ် ကတည်းက စစ်ကောင်စီဟာ အုပ်ချုပ်မှု အာဏာကို လုယူခဲ့ပြီး စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒ နှင့် အမျိုးသားအစွန်းရောက် ဝါဒများကို ကျင့်သုံးခဲ့တာကြောင့် တိုင်းရင်းသားလူမျိုးစုပေါင်းစုံတို့၏ တန်းတူအခွင့်အရေးများဟာ အဲဒီကတည်းက ဆုံးရှုံးခဲ့တာ ဖြစ်တယ်လို့ ထောက်ပြပြောဆိုပါတယ်။
 
ဒ့ါကြောင့် ကနေ့ နွေဦးတော်လှန်ရေးနှင့်အတူ ပေါက်ဖွားလာတဲ့ တော်လှန်ရေးအင်အားစုများဖြစ်တဲ့ NUG / NUCC / CRPH နှင့် ဗမာလူမျိုးများဟာ လူမျိုးကြီးဝါဒကို ဖယ်ရှားပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ တန်းတူရေးကို ဖော်ဆောင် ပေးကြဖို့ လိုအပ်သလို စည်းလုံးညီညွတ်မှုကိုလည်းပြသပြီး တော်လှန်ရေး လုပ်ငန်းစဉ်တွေကိုလည်း လက်တွေ့ အကောင် အထည် ဖော်ပြနိုင်မယ်ဆိုရင် အင်အား ချိနဲ့ နေတဲ့ စစ်ကောင်စီကို အချိန်တိုအတွင်း အမြစ်ပြတ်ဖယ်ရှားနိုင်မှာ ဖြစ်တယ်လို့ အကြံပြု ပြောဆိုထားပါတယ်။
 
အဲဒီလို တန်းတူရေးကို လက်တွေ့ကျကျ အကောင်အထည် မဖော်ပြနိုင်ဘူးဆိုရင်တော့ နွေဦးတော်လှန်ရေးဟာ နှစ်ပေါင်းများစွာ ရှည်ကြာ သွားနိုင်တယ်လို့ ထောက်ပြ ပြောဆိုထားပါတယ်။