• Today is: Tuesday, April 16, 2024

လွိုင်ကော် အနောက်ဖက်ကျေးရွာထဲ လက်နက်ကြီးကျလို့ ဘုရားကျောင်းအပါအဝင်၊ နေအိမ် ၂၀ ခန့်ပျက်စီး 

ဓါတ်ပုံ – CJ
 
ဖယ်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၅၊၂၀၂၃
 
ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နယ် အနောက်ဖက် ကျေးရွာတစ်နေရာအနီးမှာ ယမန်နေ့ည (၁၀)နာရီခွဲ ဝန်းကျင်ခဲ့က ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီနှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီ ဖက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးများဟာ ကျေးရွာထဲ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဘုရားကျောင်းအပါအဝင်၊ အရပ်သား နေအိမ် ၂၀ ခန့် ပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။
 
ရွာခံတစ်ဦးက ” ည(၁၀)နာရီခွဲလောက်မှာ အစကလက်နက်ငယ်သံ‌‌တွေဘဲကြားတယ်လေ၊ ခဏကြာတော့ လက်နက် ကြီး တွေ ဆက်တိုက်ကျလာတယ်။ မိုးဗြဲ နဲ့ လွိုင်ကော်ဖက်က အမြောက်တပ်တွေ ဆက်တိုက်ဘဲ ထုလာတယ်”လို့ ပြောပါတယ်။
 
စစ်ကောင်စီ လက်နက်ကြီးများကြောင့် အရပ်သားနေအိမ် ၂၀ လုံးခန့် ထိခိုက်ပျက်စီးခဲ့ပြီး၊ ခရစ်ယာန်ဘုရား ကျောင်း တစ်ကျောင်းလည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
 
ဒါ့အပြင် အဲဒီလက်နက်ကြီး ပေါက်ကွဲဆများ ထိမှန်ပြီး ဒေသခံ ရွာသားတဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
 
တိုးတက်သော ကရင်နီပြည်သူ့အင်အစား(PKPF) ၏၂၀၂၃ခုနှစ်၊ ဇန်နာဝါရီလ (၃၁)ရက်‌နေ့ အထိ ထုတ်ပြန်ချက် အရ ကရင်နီဒေသက ဘုရားကျောင်း (၂၈)လုံးအထိပျက်စီးပြီး၊ အရပ်သား နေအိမ် (၁၃၁၇)လုံးပျက်စီးခဲ့တယ်လို့ ပြောဆိုထားပါတယ်။