• Today is: Saturday, April 20, 2024

မကွေးတိုင်းဒေသကြီးရှိ Local PDF (၄) ဦးကို ပကဖများ ဖမ်းဆီးထားခြင်းနှင့်ပတ်သတ်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၅၊ ၂၀၂၃
 
မကွေးတိုင်းဒေသကြီး ဂန့်ဂေါ်မြို့နယ်ရှိ ဆည်ပေါင်ပြောက်ကျား အမည်ရှိ Local PDF အဖွဲ့မှ အဖွဲ့ဝင် ၄ဦးကို ဂန်ဂေါ်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ ဖမ်းဆီးထားခြင်းနှင့် ပတ်သတ်၍ Yaw PDF အဖွဲ့ရှိ တာဝန်ခံ တစ်ဦးမှ ယနေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
 
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ဆည်ပေါင်ပြောက်ကျားတပ်ဖွဲ့ဝင်များသည် ယောဒေသ ဂန့်ဂေါ်မြို့နယ် ရွှေဘိုကျေးရွာရှိ စစ်ကောင်စီဒေါက်တိုင် သတင်းပေး (ဒလန်) လင်မယား ၂ဦးကို ၂၀၂၂ခုနှစ် သြဂုတ်လ ၁၃ရက်နေ့တွင် သုတ်သင်ရှင်းလင်းခဲ့သည် ကိစ္စနှင့် ပတ်သတ်၍ ၂၀၂၂ခုနှစ် သြဂုတ်လ ၁၄ရက်နေ့တွင် ရွှေဘို(ပကဖ)အဖွဲ့မှ မေးမြန်းရန်ရှိသည်ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြောပါတယ်။
 
ထိုနေ့တွင် ဒလန်ရှင်းလင်းရာတွင် ပါဝင်ခဲ့ကြသော ရဲဘော်မြွေပွေး၊ရဲဘော်မိုးကြိုးနှင့် ရဲဘော်နေလတို့ကို မနက်ပိုင်းတွင် ဖမ်းဆီးသွား၍ ညနေပိုင်းတွင် အဖွဲ့ခေါင်းဆောင် ရဲဘော် လရောင်(ခ) နိုင်နိုင်အောင်ကို ထပ်မံဖမ်းဆီးခဲ့ ကြောင်း သိရပါတယ်။
 
အဆိုပါဖမ်းဆီးထားသူများကို မိသားစုဝင်များနှင့် တွေ့ခွင့်မပေးခြင်း၊ အမှုစစ်ဆေးခြင်းများ မပြုလုပ်ပဲ ကာလကြာမြင့်စွာ ဖမ်းဆီးထားခြင်းကြောင့် NUG အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် လူ့အခွင့်ရေးဝန်ကြီးဌာနများထံ စာပို့တိုင်ကြားသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိခြင်းကြောင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။
 
ယနေ့ သတင်းစာရှင်းလင်းပွဲတွင် လူ့အခွင့်အရေးဝန်ကြီးဌာနမှ အတွင်းဝန်တက်ရောက်ခဲ့သော်လည်း မည်သည့် အကြောင်းမှ ကို ဝင်ရောက်ဆွေးနွေးခဲ့ခြင်းတော့ မရှိခဲ့ပေ။