• Today is: Sunday, December 10, 2023

ရိုဟင်ဂျာတွေက ကျနော်တို့ရှေ့ရောက်ရင် လက်ပိုက်ပြီးမှ စကားပြောရဲတာ

ရိုဟင်ဂျာတွေက ကျနော်တို့ရှေ့ရောက်ရင် လက်ပိုက်ပြီးမှ စကားပြောရဲတာ

ကျနော့် နာမည်က xxx။ ရာထူးကတော့ ရဲတပ်သား။ နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့နေရာက xxxတိုင်း မှုခင်းတပ်ဖွဲ့ ပေါ့ ။

ရဲတပ်ဖွဲ့ထဲဝင်ခဲ့တာ ၂၀၁၈ ။ ပထမတော့ ဒီအဖွဲ့အစည်းနဲ့ ပတ်သက်လို့ သိပ်ပြီးတော့ ကြည့်မရဘူး။ ဒါပေမယ့် နောက်ပိုင်းကျ တဖြေးဖြးနဲ့ အသက်အရွယ် ရလာတဲ့ အချိန်မှာ လုပ်ချင်စိတ်ဖြစ်လာတယ်။ ဒီအဖွဲ့အစည်း ထဲဝင်ပြီး လုပ်ကြည့်ရင် ငါ ဘယ်လောက်အထိ လုပ်နိုင်လဲ၊ ငါ ဘာလုပ်လို့ရလဲ ဆိုတဲ့စိတ် ဝင်လာချိန်မှာ ဝင်မယ်လို့ ဆုံးဖြတ်ပြီး ကိုယ့်ဘာသာကိုယ် တကူးတက သွားပြီး မှုခင်းရဲရုံးမှာ ဖောင်တွေဘာတွေဖြည့်ပြီး သွားဝင်ခဲ့တာ ။

ပထမဦးဆုံးအနေနဲ့က ရဲ ထောက်ခံစာ ယူတယ်၊ ရပ်ကွက်ထောက်ခံစာ ယူတယ်။ ပြီးရင် ကိုယ်ဝင်ချင်တဲ့ ရုံးမှာ ကိုယ်ဝင်ချင်တဲ့ နေရာကို ဖောင်တောင်းမယ် လိုအပ်တာတွေ ဖြည့်မယ် ဖြည့်ပြီးရင် မိဘရဲ့ အတည်ပြုချက် လက်မှတ်တွေ ဘာတွေ အကုန်လုံးယူပြီး ဖောင်ဖြည့်ပြီး ဖောင်တင်ခဲ့ရတယ်။ တခြားတပ်ဖွဲ့တွေတော့ မသိဘူး ကျနော် တို့ တပ်ဖွဲ့ကျတော့ မိဘရဲ့ ထောက်ခံချက်တွေ ဘာတွေ လိုတယ်။ ပြီးပြီ ဆိုတာနဲ့ ဆိုက်ကိုတက်စ် သွားဖြေရတယ်။

အဲဒီကနေမှ ကိုယ်ဝင်ခဲ့တဲ့ နေရာကပဲဖြစ်ဖြစ် အဆင်ပြေတဲ့ ရဲသင်တန်းကျောင်းကို အဆင့် သတ်မှတ်ချက် တခုအနေနဲ့ ပို့လိုက်တယ်။ ပို့တာကတော့ နံပါတ်စဉ်အလိုက်၊ နာမည်အစဉ်လိုက် ပို့တာပေါ့။ ရောက်တဲ့အချိန်ကစပြီး အစစအရာရာ အကုန် ပြောင်းပြန်ဖြစ်သွားတော့တာပဲ။ နေတာတွေကော စားတာတွေကော ပြောတာဆိုတာ တွေက အဲဒီမှာ အကုန်လုံး ပြောင်းလဲသွားတာပါပဲ။

စဝင်တုန်းကတော့ ကိုယ်ဘယ်လောက်လုပ်နိုင်မလဲစဉ်းစားတယ်။ အပင်ပန်းခံဖို့ကတော့ နဂိုကတည်းက တွေးပြီးသား။ ပင်ပန်းပါစေ ကိုယ်လုပ်လို့ရသလောက် လုပ်မယ်ဆိုတဲ့ အတွေးနဲ့ ဝင်သွားခဲ့တာပါ။ အာဏာမသိမ်းခင်ထိကတော့ ကိုယ့်ရဲ့ လုပ်ငန်းစဉ်တွေပေါ်မှာ  လုပ်လို့ရနေ သေးတယ်။

အရပ်သား အစိုးရ လက်အောက်မှာ ရဲတပ်ဖွဲ့ဝင် တယောက် အနေနဲ့ ရဲ လုပ်ငန်းစဉ်ဆိုင်ရာ အလုပ်တွေ လုပ်လို့ ရနေသေးပေမယ့် အာဏာသိမ်းပြီး နောက်ပိုင်းကျ ဒါတွေက မရှိတော့ဘူး။ အကုန်လုံး မြောင်းထဲရောက်သွားတဲ့ အချိန်မှာတော့ အခုလို ထွက်လာခဲ့တယ် ။

တာဝန် စကျတာက ရခိုင်  xxx တပ်ရင်း xxx ပေါ့ ။

ပထမဦးဆုံး ရောက်ရောက်ချင်း နောက်တန်းမှာ ဌာနခွဲတာပေါ့။ ခွဲ၁၊ ခွဲ၂၊ ခွဲ၃၊ ခွဲ၄ နဲ့ ဌာနချုပ်တပ်ခွဲ စုစုပေါင်း တပ်ခွဲ ၅ခုနဲ့ ဖွဲ့ထားတာ။ ဒီတပ်ရင်းကို သင်တန်းဆင်း ရဲဘော်အနေနဲ့ ကျနော်အပါ စုစုပေါင် ၃၂ယောက် ရောက်ပြီးတော့ တပ်ခွဲခွဲလိုက်တာ ကျနော် တို့ဆို ခွဲ၂ ကို ရောက်တယ်။ ခွဲ ၂ မှာ ခဏ နားတယ် နားပြီးသွားတာနဲ့ ကျွန်တော် တို့ ခွဲ ၂ တာဝန် ကျနေတဲ့ စခန်းတွေကိုသွားရတယ်။

ရဲတပ်ရင်း ဆိုပေမယ့် လုံခြုံရေးယူထားတဲ့ စခန်းကိုသွားရတာ၊ စစ်သားတွေလို စစ်တိုက်ထွက်နေရတာ မဟုတ်ဘူး။ ရဲတပ်ရင်းအနေနဲ့က ရှေ့တန်းဆိုတာ လုံခြုံရေးယူရတဲ့နေရာ။ အဲဒီနေရာတွေ ပို့တယ်။ ကျနော်ဆို xxxကို ရောက်တယ်။ ရိုဟင်ဂျာတွေရွာ နဲ့ ရခိုင်ရွာတွေ ကြားထဲမှာ ရိုဟင်ဂျာတွေကို ထားတဲ့ Camp တခု ရှိတယ် အကြီးကြီးပဲ။ အဲဒီမှာ လုံခြုံရေး ပတ်ပြီး ယူထားရတဲ့ သဘောပဲ။ ဟိုဘက်ကလူလဲ ဒီဘက်ကို မဝင်အောင် ဒီဘက်ကလူလဲ ဟိုဘက်ကို မဝင်အောင် ပဋိပက္ခမဖြစ်အောင် ထပ်ပြီး တားထားတဲ့သဘောပေါ့ ။

စရောက်တော့ သူတို့က ပြောတာပေါ့။ ညဘက် ကင်းစောင့်တဲ့အချိန်သတိထား ရှေ့မှာ လည်လှီးတဲ့ ဖြစ်စဉ်တွေက ဖြစ်ခဲ့ပြီးပြီ၊ ညီးလေးတို့ သတိထားမှဖြစ်မယ် တခုခုဆို ဘာမှကြောက်မနေနဲ့ ဆဲဆို ရိုက်နှက်လိုက် ဆိုတာမျိုးတွေ တော့ ပြောတယ်။ အစကတော့ ညဘက် ကင်းစောင့်ရတာဆိုတော့ ကျနော်လည်း နည်းနည်းတော့ လန့်တာပေါ့။ သူတို့ camp နေရာက အကြီးကြီး၊ ကျနော် တို့ ရဲကင်းက သေးသေးလေး။

သေနတ်ပါပေမယ့် ညဘက်ကတော့ ဂရုစိုက်ရတာပေါ့။ အစကတော့ သူတို့ ပြောသလိုပဲ ညဘက် အပြင်ထွက်တာ တွေ့ရင် ဟိန်းဟောက်ဆဲဆိုပြီး ပြန်လွှတ်ရတာပေါ့။ နောက်ပိုင်း ကျတော့ တဖြေးဖြေး ရင်းနှီးလာတယ်။ ၁လ ၂လ လောက် နေလာတဲ့အခါကျတော့ သူတို့ရဲ့ ကိုယ်တွေအပေါ် ကြောက်ရွံ့မှုတွေ မြင်လာတော့ သူတို့ကို မလန့်တော့ဘူး။ ရဲ ဆိုရင် သူတို့ အနေနဲ့ နားမလည်တဲ့ သူတွေက တော်တော် ကြောက်နေကြတာ။

သူတို့ထဲမှာ ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး ပိုင်းလောက်ပဲ ကျနော် တို့ကို နည်းနည်းတန်းတူလောက် ဆက်ဆံတာ။ အကုန်လုံးက ကြောက်နေကြတာ ။ အသက် ၅၀ ကျော် ၆၀ ကျော် လူကြီး တယောက် ဝင်လာလည်း ရဲဘော်တွေ့ရင် လက် ကလေးပိုက်ပြီး စကားပြောသွားတယ်။ ပထမတော့ ကိုယ်တွေကို တခုခုလုပ်မှာ စိုးရိမ်တာ၊ ဒါပေမဲ့ သူတို့က လက်ကလေးပိုက်ပြီး ဝင်လာတော့ ကျနော့မှာ အံ့သြနေရော။

ရှေ့လူတွေ ဘယ်လိုလုပ်ခဲ့လဲ ကျနော်တို့ မသိဘူး၊ သူတို့ ကတော့ တော်တော်လေးကို ကြောက်နေကြတာ။ ကျနော်တို့က ခုံပေါ်မှာ ထိုင်စကား ပြောနေရင် ဝင်မလာရဲဘူး။ အဝေး တနေရာက လက်ပိုက်ပြီး လက်ဟန်ခြေဟန် ပြမယ် ဆရာတို့ ဘာဘာညာညာ လှမ်းခေါ်မယ်။ ပြီးတော့မှ ဝင်လာခဲ့ဆိုမှ လက်ကလေး ပိုက်ပြီး ဝင်လာတယ် ပြီးရင် ကျနော်တို့က ခုံပေါ်မှာ ထိုင်နေကြတယ် ရဲဘော်တွေ အရာရှိတွေနဲ့ စကားပြောနေတယ်ဆိုရင် သူတို့က အောက်မှာ ဝင်ထိုင်တယ် စောင့်ကြောင့်လေးထိုင်ပြီး စကားပြောတယ် ။

အရာရှိက မင်းတို့ မထိုးနဲ့ မကြိတ် နဲ့ ဆိုပြီး မှာထားပေမဲ့ တချို့ စီနီယာ ရဲဘော် စီနီယာ ရဲတပ်သားတွေက မရဘူး လက်သွေးချင်တဲ့သူတွေ ရှိတယ်။ တော်တော် ရိုင်းရိုင်းစိုင်းစိုင်းကောင်တွေ။ လူလစ်ရင် ထိုးတာ ပြုတာလုပ်ကြတယ်။ အဲဒါတော့ တော်တော်ဆိုးပါတယ်။ နောက်ပိုင်းကျ ဘယ်သူ မှ မစောင့်ရတော့ပဲ ကျနော်ပဲ စောင့်ရတာ များတယ်။

ကျနော်အဲဒီမှာ ၆လလောက် ကြာတယ် ။ သူတို့ကို camp ကြီး ပေးထားတယ်။  အဲ့ဒီ camp ကြီး ကျော်ပြီး သွားခွင့် မရှိဘူးလို့ သူတို့က သတ်မှတ်ထားကြတယ်။  Camp ကျော်ပြီး လမ်းဟိုဘက် သွားဆော့တာတို့ဘာတို့ ဆို ကလေးတွေကိုခေါ်ပြီး လက်ပိုက်၊ ထိုင်ထ လုပ်ခိုင်းတာတို့၊ တုတ်နဲ့ရိုက်တာ၊ မောင်းထုတ်တာ၊ ဆုံးမတာတို့ လုပ်ကြတာမျိုးတော့ တွေ့တယ်။ 

သူ့ရဲ့ camp က ပင်လယ်နဲ့ နီးတယ်။ xxx ဆိုတာက camp ရဲ့ နောက်ဘက် တောင်ကျော်သွားတာနဲ့ မြစ်ပုံစံ ပင်လယ် နဲ့ ဆက်နေတာ။ ပင်လယ်ထွက်ပေါက် စခန်း တခုရှိတယ်။ သူတို့မှာ ငါးဖမ်းခွင့်တွေ အပြင်သွားလာခွင့်တွေ ကန့်သတ်ထားတွေ ရှိတယ်။ သွားချင်ရင် နားလည်မှု ယူရတယ်။ ငွေရေးကြေးရေးသော်လည်းကောင်း၊ ပစ္စည်းသော်လည်းကောင်း ပေးပြီး အလုပ်လုပ်ကြတာ ရှိတယ်။

ဥပမာ ငါးသွားဖမ်းချင်တယ်ဆို ပင်လယ်ထဲကို ငါးသွားဖမ်းပြီး ပြန်လာရင် ဘာပစ္စည်းလေး ရလာတဲ့အခါ အဲဒီ ဂိတ်ကကောင်တွေကို ပေးရတယ်။ ပြီးတော့ တခု ရှိတာက ကျနော် တို့လည်း ဖြစ်ဖူးတယ်။ သူ တို့ camp ထဲမှာ စားစရာရှားတယ် camp ကြီးပဲ ရှိတာကိုး။ ထောက်ပံ့ကြေးနဲ့ရတဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်က မလောက်နိုင်ဘူး။ မလောက်နိုင်တော့  သူတို့က ဘာလုပ်ရလဲ ဆို xxx ရွာထဲကနေ ကယ်ရီနဲ့ မှာရတယ်။

ပစ္စည်းကို မှာရတော့ ကျနော် တို့ ဂိတ်ကို ဖြတ်ရတာပေါ့။ ပထမတော့ လှမ်းကြည့်နေရုံပဲ နောက်ကျ ဘာလုပ်လဲဆိုတော့ အရာရှိ တယောက်ကစပြီး လက်ဖက်ရည် ဖိုးရှာတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ စတာ။ ဝင်လာတဲ့ ပစ္စည်းကို လုံခြုံရေးအရပါဆိုပြီး ဂိတ်မှာ အကုန်လုံး ထုတ်၊ ဖောက်စစ် ပြီး ပိုက်ဆံတောင်းတဲ့ ကိစ္စတွေ ရှိခဲ့တယ်။ နောက်ပိုင်းကြတော့ အုပ်ချုပ်ရေးမှူးနဲ့ ပြဿနာတက်လို့ မလုပ်ဖြစ်တော့တာ။ အစကတော့ အဲ့လိုမျိုးတွေ လုပ်တာ ရှိတယ်။

အဲဒီကနေ ကျနော် နောက်တန်း ပြန်ရောက်တယ်။ ဌာနချုပ်ကို ပြန်ရောက်တယ်။ ဖြစ်စဉ်က ကျနော်တို့ ရှေ့တန်းမှာ ရှိနေစဉ်ကာလမှာ ရဲတပ်ရင်းတွေကို ဝင်တိုက်တယ်။ ဒါပေမယ့် ကျနော် တို့ က ရှေ့တန်းမှာ၊ တပ်ရင်းကို ဝင်တိုက်ပြီး အခြေအနေတွေ မကောင်းတော့ဘူး။ နောက်ပိုင်းကျတော့ နောက်တန်းကို ပြန်ရတယ်။ သင်တန်း သွားတက်ရတယ်။ xxxမှာ သင်တန်းသွားတက်ရတယ်။

သင်တန်းကပြန်လာပြီး နောက်ပိုင်း တပ်ရင်းမှာ တောက်လျောက် ကျန်ခဲ့တဲ့ နှစ်တွေ အကုန်လုံး မှုခင်းတပ်ဖွဲ့မှာပဲရှိတယ်။ အဲဒီတော့ ရန်ကုန်ပြန်ရောက်နေပြီ။ အဲဒီညက မှတ်မှတ်ရရ ကင်းစောင့်နေတာ၊ အချုပ်သား ရှိတယ်။ ကင်းစောင့်နေတဲ့ အချိန် ညဘက်ကျ လိုင်းပြတ်သွားတယ်။ လိုင်းပြတ်သွားတော့ ဘာလဲမသိဘူး ထူးထူးခြားခြားပဲ  လိုင်းပြတ်တာ။ နည်းနည်းတော့ သဘာဝမကျဘူးလို့ထင်တယ်။

အဲဒီမှာ အာဏာသိမ်းသလို ကြားတယ်လို့ အရာရှိတယောက်က လာပြောပြတယ်။ ကျနော်က မဟုတ်လောက်ပါဘူး အင်တာနက် ချို့ယွင်းသွားတာပဲ ထင်ပြီး အိပ်လိုက်တယ်။ မိုးလင်းတော့မှ သိရတာ။ မနက် ၆နာရီထပြီး အချုပ်သား အိမ်သာ သွားပို့ တော့မှ ဒီ အာဏာသိမ်းတဲ့ ဖြစ်စဉ်ကို သိရတာ။ မနက်မိုးလင်းမှ သေချာသိရတာ ။

ရဲတပ်ဖွဲ့ထဲ ဝင်လာကတည်းက အရပ်သားအစိုးရအောက်မှာ ရဲတပ်ဖွဲ့ဝင်တယောက် အနေနဲ့ ပြည်သူတွေကိုကူညီမယ် ကိုယ်လုပ်သင့်တာတွေအားလုံးကို အကုန်လုံး လုပ်ပေးမယ် ကိုယ်လုပ်လို့ရတာတွေ လုပ်ပေးမယ်ဆိုပြီးစိတ်ရှိခဲ့တာ။  ဒီလို အာဏာသိမ်းလိုက်ပြီ ဆိုတဲ့ ဖြစ်စဉ် ကြားရတော့ အဆင်မပြေဘူး။ ရှေ့မှာလဲ အာဏာသိမ်းတဲ့ ဖြစ်စဉ်တွေက ရှိခဲ့တော့ ကျနော်တို့လည်း နည်းနည်းတော့ သိထားတာပေါ့။

ဆက်လုပ်လို့ မရတာ အဆင်မပြေတာတွေ အများကြီးပဲ။ ဘယ်လိုတွေ ဆက်ဖြစ်မလဲပဲ သိချင်တော့တယ်။ ဘာလုပ်ရမှန်းလဲ မသိတော့ဘူး။ ဘာအလုပ်မှလဲ မလုပ်ချင်တော့ဘူး။ အဲဒီအချိန်မှာ ကိုယ်လုပ်နေတဲ့ ကင်းတာဝန်ကို ဆက်မစောင့်ချင်ပဲ အိမ်ပြန်ပြီး ခွေနေလိုက်ချင်တဲ့ စိတ်ပဲ ဖြစ်တော့ တယ် ။

 ကျနော်တို့က မှုခင်းတပ်ဖွဲ့။ ၃လပိုင်းမှာ CDM လုပ်တာတာ အခက်အခဲကတော့ မရှိပါဘူး။ မရှိဘူးလို့ပဲ ပြောရမှာပေါ့။ ကျနော်တို့ စားနေရသေးတယ်၊ နေနေရ သေးတယ်၊ အသက်ရှင်နေရသေးတယ်။ ဆိုတော့ ဒါက အခက်အခဲတော့ မဟုတ်ပါဘူး၊ ကျန်တာတော့ ဘာမှ မရှိပါဘူး။

အခုနောက်ပိုင်းတော့ NUG အောက်က ရဲတပ်ဖွဲ့ထဲ  ဝင်ပြီးလည်း လုပ်တော့မှာပေါ့။ ကျနော်တို့ အစီအစဉ်တွေ စနေပြီ အစည်းအဝေးတွေတော့ လုပ်နေပါပြီ။ တကယ်တမ်းတော့ နည်းနည်း ကင်းကွာနေသေးတာပေါ့။ ဘာလုပ်ရမှန်းမသိဘူး။ အဓိကကတော့ လုပ်ချင်တယ်။ ယုံကြည်မှု တည်ဆောက်လို့ မရတဲ့ အပိုင်းတွေလည်းရှိနိုင်တယ်ပေါ့။ ကိုယ့်ကြောင့် အဖွဲ့အစည်း တခု သံသယတွေ ဝင်သွားမှာမျိုးတွေလည်း ကြောက်တော့ ကိုယ့်ဟာကိုယ် နေခဲ့တာ များတယ်။ အခုကတော့ ကိုယ့်အဖွဲ့အစည်းနဲ့ကိုယ် လုပ်ရမယ် ဆိုတော့ ကောင်းတာပေါ့ ။

တကယ်လို့ တော်လှန်ရေး အောင်နိုင်သွားတဲ့ အခါမျိုးမှာ ရဲတပ်ဖွဲ့ဝင်အနေနဲ့ ကတော့  ပြန်လုပ်သင့်တယ်။ ပြန်လုပ်သင့်တယ်ဆိုတာ ကာလ အပိုင်းအခြား တခုထိပေါ့။ အမြဲတမ်းတော့ လုပ်ချင်မှ လုပ်ဖြစ်လိမ့်မယ်။ လိုအပ်လာမှ လုပ်မှာပါ။ တကယ်လို့ နိုင်သွားတဲ့ အခါကျရင် နယ်မြေစိုးမိုးမှု အခြေအနေ အရ ရဲတပ်ဖွဲ့ လိုလာမှာပဲ။

ရှိရင်းစွဲလူတွေကို ထိန်းချုပ်ဖို့ လိုအပ်သလို တခြနေရာမှာ အစားထိုးမယ် သူတို့ ကို ဖယ်ထုတ်မယ် ဆိုရင်လည်း ကျနော်တို့က ယာယီအနေနဲ့ လုပ်ပေးလို့ရတယ်။ အဲလိုမျိုး အရာကို ငါးနှစ်တန်သည် ခြောက်နှစ်တန်သည် အဆင်ပြေတဲ့ ကာလအပိုင်းအခြား တခုထိ လုပ်ပေးပြီးရင် ကိုယ့် ဘာသာ အပြင်မှာ ရပ်တည်ချက် တခုအနေနဲ့ ကျန်တဲ့အလုပ်တွေ လုပ်ဖို့တော့ စိတ်ကူး ရှိပါတယ် ။ ယာယီကတော့ လုပ်ပေးဖြစ်အုံးမှာ။

 

#တရားမျှတမှုရရှိဖို့အမှန်တရားထုတ်ဖော်ပြောကြစို့

#Let’sTelltheTruthtoGetJustice

#CDMစစ်သား

#CDM

#TransitionalJustice

#TruthTelling

#နွေဦးတော်လှန်ရေး

#မြန်မာစစ်တပ်

#မြန်မာနိုင်ငံရဲတပ်ဖွဲ့

#Myanmar_Police_Force