• Today is: Friday, March 29, 2024

ဖယ်ခုံ၊ ဝါရီ‌ခူကျေးရွာ မယ်တော်ဂူအနီး လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရ

ဓါတ်ပုံ – CJ

ဖယ်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၃

ကယား(ကရင်နီ)ပြည်နယ် ဖယ်ခုံမြို့နယ်၊ ဝါရီခူကျေးရွာ မယ်တော်ဂူအနီး ယမန်နေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ည (၁၁)နာရီ ခွဲ ဝန်းကျင်ခန့်က စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘာသာရေးအတောက်အဦးဇရပ်တခုလည်း ပျက်စီးသွားခဲ့ရတယ်လို့ ဆိုပါ တယ်။

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူများ ထိခိုက်မှုမရှိခဲ့ပေမယ့် ထိတ်လန့်တုန်လှုပ်စွာ ကြုံခဲ့ရလို့ ဒေသခံ များဟာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

PKPF တာဝန်ရှိသူတစ်ဦးက “ဒီဖေဖော်ဝါရီလအတွင်းမှာဘဲ စစ်ကောင်စီက အရပ်သားပြည်သူတွေကို ပစ်မှတ် ထားပြီး ‌‌လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ (၃)ကြိမ်ရှိခဲ့ပါပြီ၊ ဒီလ (၃)ရက်နေ့နဲ့ (၉)ရက်နေ့တွေမှာ လွိုင်ကော် အရှေ့ဖက်ခြမ်းတွေမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲခဲ့တာပေါ့၊ အခုဒီဖယ်ခုံမြို့နယ် ဝါရီခူရွာနားဖြစ်တဲ့ ဗုံးကြဲမှုအပါအဝင်ဆိုရင် (၃)ခါရှိပြီပေါ့နော်” လို့ ပြောပါတယ်။

ကယား(ကရင်နီ)ပြည်နယ်တွင် အာဏာသိမ်းမှုအလွန် ၂၀၂၃ခုနှစ်၊ ဇန်နာဝါရီလ (၃၁)ရက်နေ့အထိ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု (၁၉၀)ကြိမ်ရှိခဲ့တယ်လို့ PKPF ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။