• Today is: Wednesday, May 29, 2024

အရာရှိမဟုတ်ရင် ချိုးနှိမ်ခံရတယ်

အရာရှိမဟုတ်ရင် ချိုးနှိမ်ခံရတယ်

ကျနော်က ကိုယ်ပိုင်အမှတ် xxx  ဒုတပ်ကြပ် xxx ပါ ။ သံချပ်ကာ အမှတ် xxx တပ်ရင်း xxx မြို့က ယာဉ်ပြင်ဆင်ရေးပိုင်းကပါ။  ကားတွေ တိုက်ယာဉ်တွေနဲ့ အုပ်ချုပ်မှုကားတွေအပါအဝင် ပြင်ဆင်ရေးပိုင်းကို တာဝန်ယူရပါတယ်။ စစ်ဆင်ရေးထိုးထားတဲ့ xxx ရှေ့တန်းစခန်းမှာ ကားတွေကိုပြင်ဆင်ပေးဖို့  တာဝန်ယူရတဲ့သူပါ။ တပ်ထဲကို ၂၀၁၀ ၉လပိုင်း ၃ရက်နေ့က စရောက်တာ။

မိဘတွေရဲ့ ဘယ်ဘက်ဘက်မျိုးရိုးမှာမှ စစ်မှုထမ်း မရှိဘူး။ အရင်တုန်းက အလုပ်က နေပြည်တော် အမှတ်၂ စခန်း ဝန်ကြီးဌာနမှာ ကုမ္ပဏီက GE အဖွဲ့တွေနဲ့ လမ်းတံတားတွေ လုပ်တာ။ လမ်းတံတားတွေ မီးဆင်တာတွေလုပ်တဲ့အခါ သူတို့ရဲ့ ရပိုင်ခွင့်တွေ သူတို့ရဲ့ ဖြတ်သန်းတာတွေ  အားကျပြီး ကျနော်ကစစ်ထဲဝင်တာ။ ဝင်တုန်းကတော့ ဆောက်လုပ်ရေးနဲ့ ဝင်တာ။ ဒါပေမယ့် ရလာတာက သံချပ်ကာဖြစ်သွားတယ်။ တပ်ထဲရောက်မှပဲ ကျနော် အိမ်ထောင် ကျပါတယ်။

ကျနော်တို့ တပ်တွေက ပညာသည်တပ်တွေဆိုတော့ သင်တန်း ဆိုတာမျိုးနဲ့ပဲ သွားနေတာ။ သင်တန်းပြီး သင်တန်းပေါ့။ ကျနော်ဆို သင်တန်း ငါးဆယ့်ခြောက်လ တက်ရတယ်။  ၉လသင်တန်း၊ ၆လသင်တန်း၊ ၄လသင်တန်း နဲ့  အဲဒီလိုမျိုးသင်တန်းစုစုပေါင်း ၁၁ခု ဆိုတော့ အချိန် က ၅၆လဖြစ်သွားတာ။ သင်တန်းဆိုတော့ လူအများနဲ့ နေရတယ်။ စစ်တပ်ရဲ့ သဘောသဘာ၀ ပညာမတတ်တဲ့သူတွေလည်းပါတယ်။

သင်တန်းတခုမှာဆို သင်တန်းသား လေးငါးခြောက်ဆယ်၊ တရာလောက်ကနေ တချို့ကျနော်တက်ရတဲ့ သင်တန်းတွေ ဆိုရင် ၇၀၀ ကျော်လောက်ထိရှိတယ်။ လူအမျိုးမျိုး စိတ်အထွေထွေတွေမို့ တန်းညှိလို့ မရဘူး၊ ကိုယ့်စိတ်နဲ့ကိုယ် နေလို့မရဘူး။ ကိုယ်က အေးဆေး နေချင်တာ လူအများနဲ့ဆိုတော့ တချို့ဆို သောက်စား မူးရူးပြီး ရမ်းကားတာရှိတယ်။ အသိမရှိတဲ့သူတွေ ရှိတယ်။ ဒါမျိုးတွေပေါ့။  ကိုယ်ဖြစ်ချင်တိုင်းလဲ မဖြစ်ရဘူး။ လူကတော့ ကိုယ့်ခန္ဓာနဲ့ သူများစိတ် ဖြစ်နေတာ။ သူတို့ စေခိုင်းတာကြီးကိုပဲ လုပ်ရတာ။

အစောပိုင်းက xxx မှာရှိတဲ့ သံချပ်ကာ အမှတ်xxx သံချပ်ကာ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် တပ်မမှာ နေတာ။ တပ်မကနေ အင်ဂျင်နီယာ သင်တန်းကို တက်လိုက်ပြီး ပြင်ဆင်ရေးပိုင်းကို ပညာသင် ပြန်ကူးလိုက်တာ။ တပ်မမှာ ပညာသည်မရှိဘူး၊ ပညာသည် ထားလို့မရဘူး။ တပ်မဆိုတာ အုပ်ချုပ်မှု ယန္တရား ကိုင်တာကိုး။ ကျနော်တို့က တပ်ရင်းတွေမှာပဲ နေရာရှိတယ်။ သံချပ်ကာ ယာဉ်ဆိုပြီး တပ်ရင်းတွေမှာ ရှိတာ။ အဲတာကြောင့် တပ်ရင်းကို ပြောင်းရွှေ့လိုက်တာ။ xxx ကို ၂၀၁၇ ၈လပိုင်း ၂၇ ရက်နေ့က ပြောင်းသွားတာ။ 

ကျနော်တို့က တပ်ထဲမှာ တခြားအဆင့်တွေထဲဆိုရင် လုပ်ပိုင်ခွင့်ရှိတဲ့လူလို့ ပြောလို့ရတယ်။ ကျနော်တို့တပ်ရင်းမှာ လူ ၂၅၀ ရှိတယ်။ လူ ၂၅၀ မှာ ပြင်ဆင်ရေး အတွက် ကျနော်တယောက်ထဲ ပေးထားတာ။ ဒီကားတွေထွက်ဖို့ ကားတွေအကုန်လုံး စစ်ဆင်ရေး အသင့်ဖြစ်ဖို့က ကျနော့်လက်မှတ်ပါမှ။ ကျနော်က ရတယ် ဒီကား ထွက်လို့ရတယ် ဒီကား ကောင်းတယ် ဒီကား တိုက်ပွဲဝင် အသင့် ဖြစ်တယ်ဆိုတာ ကျနော်က အရင် အကြံပြုပြီးတော့မှရတာ။

ဒီကား မထွက်နဲ့ဆို ဒီကား မထွက်နဲ့ပဲ၊ ကျနော်က ထွက်ခွာခွင့်မပေးဘူး။ ဒါကိုမှ သူ့တို့သဘောနဲ့ သူတို့ ထွက်သွားပြီဆိုရင် ဒီကားနဲ့ ပတ်သက်တဲ့ ဖြစ်လာသမျှကို ကျနော် တာဝန်မယူဘူး။ အဲလိုမျိုး လုပ်ပိုင်ခွင့် ရှိတဲ့သူ တယောက်ပေါ့။

ကျနော် ဘာ့ကြောင့် CDM လုပ်လာခဲ့လဲ ဆိုရင် အာဏာမသိမ်းခင်ကတည်းက တပ်က ထွက်ဖို့ မိဘနဲ့လည်း တိုင်ပင်တယ် အသိုင်းအဝိုင်းနဲ့လည်း တိုင်ပင်တယ်။ စစ်ပြေးတယောက်ဆိုတာ အရပ်ဘက်မှာ နေလို့ မရဘူး။ စီးပွားရေး တခုခု လုပ်မယ် ဆိုလည်း ပတ်ဝန်းကျင်ရဲ့ ပုတ်ခတ်မှု ရှိရင် ခံရနိုင်တယ်။ အသက်ကြီးမှ စစ်ပြေးဆိုပြီး အဖမ်းခံရနိုင်တယ်။ မသိဘူးမဟုတ်ဘူး သိတယ်။  တပ်ထဲမှာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်တာ မကြိုက်ဘူး။ 

ကျနော့်ရဲ့အမေ တပ်ကိုလာလည်တယ် လူပျိုစစ်သည် ဖြစ်တဲ့အတွက် ဘားတိုက်ဆိုတာရှိတယ်၊ ဘားတိုက်ဆိုတာ ဒလဟောကြီး။ အမေတို့ လာပြီးလည်ရင် ဘယ်လိုဖြစ်ဖြစ် အနေအထား တခုတော့ ရအောင် ထားချင်တာ။ ဒါပေမယ့် ထားလို့မရဘူး။ ဒါက အခွင့်အရေး ဆုံးရှုံးတာကို ပြောတာ။

အရာရှိ​တွေကြ​တော့ သူတို့ ဆွေမျိုးသားချင်းလာပြီဆိုရင် သူတောင်းစားပဲဖြစ်ဖြစ် သူ့ မိန်းမက မကောင်းတဲ့သူပဲ ဖြစ်ဖြစ်၊  ဒါဗိုလ်ကြီး ဘယ်သူ့ အမေ ဆိုတာနဲ့ အရာရှိ ရိပ်သာမျိုးမှာ မလာခင်ကတည်းက အခန်းပြင်တာမျိုး။ ဒါမျိုးတွေကအစ ကြုံခဲ့ရတယ်။ ကျနော်က အဲဒီကတည်းက အခွင့်အရေးအရ  ချိုးနှိမ် ခံနေရတာ မကြိုက်ဘူး။ တပ်ထဲမှာ နေ့စဉ် လှုပ်ရှားနေတဲ့ အရာတွေကို မပြောသေးဘူး၊ ဒါ ကျနော်တို့ ရပိုင်ခွင့်ထဲက တခုကိုပဲ ပြောပြတာ။

ကျနော့ အတွေ့အကြုံ တခု ပြောပြမယ်။ ကျနော်တို့ကို အုပ်ချုပ်တဲ့ တပ်စုမှူးက xxx ဖဲရုံက အပျော်အပျက် ကောင်မလေးနဲ့ ရတာ။ အဲဒီလို မိန်းကလေး တယောက်က တပ်ထဲကို ရောက်လာတယ်။ သူ့ဟာသူ ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် တပ်စုထဲ ရောက်တော့ အရာရှိ ကတော် ဖြစ်သွားရော။ ကျနော်တို့က သူ့ကို ရိုသေသမှုနဲ့ အစ်မ လို့ ခေါ်ပေမဲ့ သူကကျတော့ ကျနော်တို့ကို ပြန်ပြီး ရိုသေမှု မပေးဘူး။

ကျနော်တို့ရဲ့ ဇနီးမယားတို့ ညီအကိုမောင်နှမ လာရင် ထားစရာနေရာ၊ အိပ်စရာနေရာ မရှိဘူး။  သူလဲစစ်မှုထမ်း ကိုယ်လဲ စစ်မှုထမ်း ဘာကွာသွားတာလဲ ဒါကတချက်။ လုပ်ငန်းဆောင်တာ ကတော့ ဘယ်နေရာဖြစ်ဖြစ် ပညာတတ်တဲ့သူနဲ့မတတ်တဲ့သူ ကွဲသွားတာကို လက်ခံတယ်။ ကျနော် ဆိုရင် စစ်တပ် ရဲ့ ဦးစီးထောက်ပံ့ ပြင်ဆင်ရေးပိုင်း လုပ်ငန်းခွဲ အကုန် ရအောင် လေ့လာတယ်။ ရအောင်လုပ်တယ် မသိတာမရှိအောင် လေ့လာခဲ့တယ်။ သူများလာပြီးပြောရင် မခံချင်တဲ့ အတွက် ကြိုးစားတယ်။ ဒါပေမယ့် အလကားပဲ။ ဆဲချင်ဆဲမယ် အော်ချင်အော်မယ် ခံရတာပဲ။ နိုင့်ထက်စီးနင်း လုပ်တာပဲ။

အဆိုးဆုံးက သောက်စားမူးရစ်ပြီး မကျေနပ်တဲ့ အချက်တွေကို ရစ်တာ ရှိတယ်။ ထလုပ်လိုက်ပြန်ရင်လဲ စစ်တပ်ရဲ့ ဥပဒေပုဒ်မ အရ အထက်အရာရှိ နဲ့ ပြန်လည် ပြောဆိုမှု ထောင်ဒဏ် အနှစ် ၂၀ ဒါမျိုးက လာတာ။ တန်ဖိုး မရှိတဲ့သူတွေနဲ့ ကျနော် တို့ ဘဝကို မလဲချင်ဘူး ။ တပ်ထဲမှာ နေစဉ်ကာလကလဲ အမြဲတမ်း အရာရှိနဲ့ ကျနော်က အမြဲပြသနာဖြစ်တယ်။ အဲဒီမှာ ၃နှစ် ကြာခဲ့တယ်။ ရေရှည်မဖြစ်ဘူး ဆိုတာ စစ်သက် ၇နှစ်ကျော် ၈နှစ်လောက်မှာ အဲဒီစိတ် ဖြစ်လာတယ် ။

အာဏာသိမ်းတဲ့နေ့က စစ်ဆင်ရေး ထိုးထားတဲ့ xxx ရှေ့တန်းစခန်းမှာ။ ၂၀၁၉ က xxx ရှေ့တန်းစခန်း ကို တိုက်ယာဉ်တွေသွားတယ်။ အဲဒီ တပ်ဖွဲ့ဝင် ကားတွေကို ပြင်ဆင်ဖို့အတွက် ပြင်ဆင်ဖို့အတွက် ကျနော့်ကို ရှေ့တန်း ပို့လိုက်တာ။ ရှေ့တန်းစခန်းမှာ PSI နဲ့ Skynet တပ်ထားတယ်။  အာဏာသိမ်းတဲ့နေ့မှာ မနက်ခင်းပိုင်းလောက် မြဝတီကနေ အာဏာသိမ်းလိုက်ပြီ ဆိုပြီး သတင်းလွှင့်တယ်။

မြဝတီကနေ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဖမ်းလိုက်ပြီ ဒုသမ္မတကနေ လက်မှတ်ထိုးပြီးတော့ နိုင်ငံတော်အာဏာကို လွှဲ​ပြောင်းဖို့ ဆိုတာမျိုး တနေကုန် ဖွင့်ပြထားတာ။ ကျနော်တို့လည်း အတွေးချော်ခဲ့တယ်။ ဦးသိန်းစိန် လက်ထက်က ကျနော် တို့ ခရီးသွားတော့မယ်ဆိုရင် ရထားသွားရင်တောင် ရထား လက်မှတ် အလကား၊ လုပ်ပိုင်ခွင့်တွေ ရှိတယ်ပေါ့။ အခွင့်အ​ရေး ရှိခဲ့တယ်။  ကျနော် ခံယူထားတာက ကာကွယ်ရေးဆိုတာ စစ်သားတာဝန်။

စစ်သားက စစ်သားအလုပ်ပဲ လုပ်ရမယ် ပြည်သူက ပြည်သူအလုပ် လုပ်ရမယ်၊ ဒီလို အာဏာသိမ်းတာ ဘာ့ကြောင့်လဲ အဖြေကို လိုချင်တာ။ ဒီအာဏာကို ဘာ့ကြောင့် ရူးသွပ်တာလဲ။ သူတို့မှာ ရှိသင့်တဲ့ အရာမျိုးတွေ ရှိနေပြီပဲ ဘာ့ကြောင့် သိမ်းတာလဲ ဆိုတဲ့ အဖြေကို လိုချင်တာ။ စဉ်းစားရင်း တွေးရင်း သင်တန်း တွေ တက် သူတို့ရဲ့ လုပ်ဆောင်မှုတွေ ကြည့်ပြီးတော့မှ ကောက်ချက် ပြန်ချနိုင်တာ။

သူတို့ရဲ့ အကျိုးစီးပွားနဲ့ သူတို့ရဲ့ လုပ်ပိုင်ခွင့် အဏာတွေ သူတို့ရဲ့  များပြားလှတဲ့ ပိုင်ဆိုင်မှုတွေကို အရပ်သား အစိုးရ တက်လာပြီဆိုတာနဲ့ ဒါတွေကို ချပြခိုင်းတော့မယ်၊ နောက်ဆုံး သူတို့ရဲ့ လုပ်သက် နဲ့ တွက်ရင် သူတို့အရာရှိ တယောက်ရဲ့ ရပိုင်ခွင့်နဲ့တွက်ရင် သူတို့ စီးပွားရေးနဲ့က တခြားစီ။ ဒါတွေက ဂုတ်သွေးစုတ်ထားတာပဲ။ ဒါတွေကို ထိမှာကြောက်လို့ ဒါတွေကို ဆုံးရှုံးမှာ ကြောက်လို့ ဆိုတဲ့ အမြင်မျိုး မြင်လာတယ်။ မြင်လာတဲ့အချိန်မှာ ကိုယ်တွေက နာကျည်းထားတဲ့ နာကျည်းချက်နဲ့။ အာဏာကို အလွဲသုံးစား လုပ်တာတွေ အကြမ်းဖက် အာဏာ သိမ်း တာတွေနဲ့ဆို​တော့ မကိုက်တော့ဘူး ။

ဒါပေမဲ့ တပ်ထဲမှာ ခိုင်းတာလုပ် ပေးတာယူ ကျွေးတာစား အဲဒီလိုမျိုး ဉာဏ်ရည်မမှီတဲ့သူကလည်း ရှိတယ်။ လူတွေရှိတယ်။ အဲလိုလူတွေထဲမှာ ကျနော်တို့ထက် ကြီးတဲ့သူ လည်းရှိတယ်။ ငယ်တဲ့သူလည်း ရှိတယ်။ brainwash လုပ်ခံထားရတာ။ စစ်တပ်ကပဲ နိုင်ငံတော် အာဏာကိုမယူရင် နိုင်ငံပျောက်သွားမှာလိုလို သူတို့ရဲ့ ရိုက်သွင်းထားတဲ့ အချက်ပေါ့။

အာဏာသိမ်းပြီး နောက်ရက်မှာ အာဏာသိမ်းပြီး တပတ်ကြာတော့ ဆိုရှယ်မီဒီယာတွေ ကျနော်တို့ Facebook account တွေရဲ့ Passwordတွေ တောင်းတယ်၊ Facebook account တွေ ယူကြည့်တယ်၊ ကျနော်တို့ သုံးတဲ့ Viber တွေ ယူကြည့်တယ်၊ Passwordတွေ တောင်းတယ် PSI လိုင်းတွေ Skynet တွေ အကုန်ဖြုတ်ခိုင်းတယ်၊ မြဝတီလိုင်း တလိုင်းပဲ ကြည့်ရတယ်၊ သတင်းအမှောင်ချထားတာ။

ဘယ်အချိန်မှာ မြဝတီက သတင်းလာမယ် ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်းပြောမယ် အဲဒါကို စောင့်ကြည့် ဆိုတာမျိုး။ သူကလဲ သူ့ဘက်ကို ရအောင်ပြောတာ။ ဒီ အာဏာသိမ်း ရတဲ့အကြောင်းအရင်းကို ခိုင်လုံအောင်ပြောမယ်။ မဲခိုး မဲလိမ်တဲ့ ကိစ္စကနေပြီးတော့ တွက်ပြတဲ့လူဦးရေနဲ့ ကွဲလွဲမှုနဲ့ ဘယ်လောက်ကွာဟ တယ်ဆိုတာ ၂၀၁၀ ခြေဥ နဲ့ ပတ်သက်ပြီး သူပြောပြနေတဲ့ သူ့စကား ဒါ​တွေပဲ နား​ထောင်​နေရတာ။ 

ကျနော်တို့က အ​ခြေအ​နေအမှန်ကို အမြဲသိချင်နေတဲ့သူဆိုတော့ ဘယ်လောက်ပဲ ထိန်းချုပ်ချုပ် တခြားအကောင့် ပြန်ဝင်ပြီး ပြန်ဝင်ကြည့်တာမျိုး။ ကိုယ်ကြည့်ပြီးသွားရင် ပြန်ထွက်။ ဒီ​တော့ သတင်း​တွေက  နေ့စဉ်ရက်ဆက် ကြားနေရတာ။ ပြီးရင် ကိုယ် နားထောင်ပြီးသွားရင် ကိုယ့်ရဲ့ personal အကောင့်ကို ပြန်ဖွင့်တာ။ သူတို့ ပြန်ကြည့် ပြန်စစ်တဲ့ အချိန်မှာ နိုင်ငံရေး နဲ့ ပတ်သက်တာ ဘာတခုမှ မရှိဘူး follower လုပ်ထားတာ မရှိဘူး like ပေးထားတာ မတွေ့ဘူး ဒီလိုမျိုးနဲ့ ကိုယ်လိုချင်တဲ့ သတင်း အချက် အလက် ကို စုရတာ ။

CDM မလုပ်ခင်အထိက xxx မှာက ဒကစ ဆိုတာရှိတယ်။ ဒေသစစ်ဆင်ရေး ကွက်ကဲမှုဌာနချုပ်။ အဲဒီဝင်းထဲမှာ ကြည်း၊ လေ ၊ ထောက်ပို့ ၊ ဆက်သွယ်ရေးနဲ့ သံချပ်ကာတွေရှိတယ်။ ကျနော်တို့ သံချပ်ကာက တော့ အများဆုံး။ သံချပ်ကာ ကား ၆စီးဆိုတော့ တစီးကို ၅ယောက်။ တပ်စိပ်မှုးအရာရှိ တယောက် တခြား အဆင့် ၄ယောက် အဲ့လို သွားတွဲရတယ်။ ကား ၆စီး ဆိုတော့ လူ ၃၀ သွားတွဲရတယ်။ အုပ်ချုပ်ဖို့ဆိုပြီး ဗိုလ်မှူးတယောက် ပေးထားတယ်။ စစ်နည်းဗျူဟာ အရ ၂ဖွဲ့ ခွဲထားတယ်။ တဖွဲ့က ကား၄စီး နဲ့ ဒကစ ထဲမှာ ထိုးထားရတယ်။ ကျန်တဲ့ ၂စီးက မြို့ပြင် တောင်၂ လုံးကို ချိန်ထားတယ်။

ကျနော်တို့က ရုတ်ရုတ်သဲသဲ ဖြစ်တာတွေဘာတွေဆို သွားလို့မရဘူး။ ၂၀၁၅ စစ်ဖြစ်ပြီးတော့ သိမ်းထားတဲ့နေရာ ကချင်ဒေသ။ မိုင်းလားတို့လို ကချင်ပိုင်တဲ့မြေတွေကို သိမ်းထားတဲ့ နေရာမို့ ပြန်ပြီးတော့ နယ်မြေ ပြန်လာလုမှာ၊ တိုက်ခိုက်ပြီး ပြန်သိမ်း သွားမှာစိုးလို့။

စစ်တပ်က ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်ကလဲ တမြို့လုံးပဲ။ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်းမျိုးစုံ ရှိတယ်။ စစ်တပ်နဲ့ အဆင်ပြေနေရင် ဘာပဲလုပ်လုပ်ရတယ်။ ပိုက်ဆံ ရှိရင် လက်နက်တရားဝင် ကိုင်လို့ ရတယ်။ လောက်ကိုင်က အဲသလိုမျိုး။ ပြည်သူ့စစ် ဆိုတာက တပ်မတော် ကာကွယ်ရေး ဝန်ကြီးဌာန ရဲ့ ညွှန်ကြားချက်နဲ့ ဖွဲ့တာ မဟုတ်ဘူး။

လောက်ကိုင်က အကြီးအကဲဆုံး ပုဂ္ဂိုလ်နဲ့ ရင်းနှီးမှုရှိတယ်ဆိုရင် ကျနော့ ရဲ့ အကျိုးစီးပွား၊ ပိုင်ဆိုင်မှု နဲ့ အသက်အန္တရာယ် ကာကွယ်ပေးဖို့ အတွက် ပြည်သူ့စစ် ဝန်ထမ်းသင်တန်းဆိုတာကို သွားပြီး  လစာပေးငှားလို့ရတယ်။

လောက်ကိုင်က လောင်းကစား မြို့တော် ဆိုတော့ အဲဒီမှာကတော့ ဆန္ဒပြပွဲ တွေ ဘာတွေ မရှိဘူး။ အာဏာ သိမ်းပြီးတဲ့ ကာလမှာ သူတို့ အဓိက  ကြပ်မတ်တာက PDF စိမ့်မဝင်လာဖို့ကိုပဲ အဓိက ကြပ်မတ်တာ။ ကျနော်တို့က စစ်ဖြစ်တော့မှ ဒီကားနဲ့ ထွက်ရတာကိုး။ စစ်မဖြစ်ပဲ ဒီကားနဲ့ သွားလို့မရဘူး ။ ပြည်သူ့စစ် အချင်းချင်း ပစ်တာခတ်တာကတော့ ဒီကားတွေနဲ့ သွားပြီး တားပေးတာတော့ ရှိတယ်။

လက်နက်ကိုင်အဖွဲ့အစည်း အချင်းချင်း သောက်ရင်းစားရင်းနဲ့ မူးလာတဲ့အချိန် ဟိုဘက်အဖွဲ့ ဒီဘက်အဖွဲ့ ပစ်ကြခတ်ကြတဲ့ အချိန်မှာ ကားနဲ့ သွားပြီးတော့ ခြိမ်းခြောက်တာ ဖမ်းတာဆီးတာလောက်ပဲ ရှိတယ်။

CDM လုပ်ပြီးတော့ မိသားစုက xxx မှာ ရှိတာကိုး။ ပြန်လာခဲ့ လို့ပြောပေမဲ့ အိမ်ကိုတော့ သွားပြန်လို့မရဘူး၊ ကျနော်တို့ရွာ အိမ်ဘေးမှာ  ဥက္ကဌအိမ် ရှိတယ်။ သူက စစ်ကောင်စီ က အမာခံ။ အဲဒီနားမှာ ရှိတဲ့ ကျေးရွာ အုပ်ချုပ်မှု တွေ အကုန်လုံးက ထွက်တဲ့သူက ထွက် အသတ်ခံရတဲ့သူက သတ်ခံရ ဆိုတော့ တခြားဘယ်သူမှ မလုပ်ရဲဘူး။ ကျနော်တို့ ရွာမှာ တပ်ရှိတယ်။ သံချပ်ကာတပ် ရှိတယ်။ တပ်မ xxx ဆိုတဲ့ သံချပ်ကာတပ် ရှိတယ်။

အဲတော့ ကျနော်က အိမ်ပြန်လို့ မရဘူး။ ဒါပေမဲ့ ၂နာရီလောက် ခိုးပြန်ပြီး ပိုက်ဆံတွေထည့် xxxကို ပြန်လာပြီး ဟိုတယ်မှာနေ၊ ၁၃ရက်လောက် ကြာတော့ အဒေါ်က လာပြီး ပြည်သူ့ရင်ခွင်တို့ ပြည်သူ့ပန်းတိုင်တို့နဲ့ ချိတ်ဆက်မှု မရမချင်း ဦးဇင်းတို့နဲ့ နေဆိုပြီး သင်္ကြန်တွင်း ဦးဇင်း ဝတ်ပေးထားတယ်။

အဒေါ် သီလရှင်ဆရာလေးမို့ သူ့ သူငယ်ချင်း တိုက်မှာထားပေးတယ်။ ဦးဇင်းဝတ်နဲ့ ဆွမ်းခံလဲ မကြွရဘူး။ တရားထိုင် ဆွမ်းစားရင်း ပြည်သူ့ရင်ခွင်က ဆက် သွယ်လာမယ့် အချိန်ကို စောင့်နေရင်း သူတို့ဆက်သွယ်လာမှ ထွက်လာတာ။

မန္တလေးမှာ ကျနော်ရောက်သွားတာက ၁၃ရက် ၃လပိုင်းမှာစရောက်တာ။ တလလောက် ကြာတယ်။ ကျနော်တို့ ရောက်တဲ့ အချိန်မှာ ဆန္ဒပြပွဲတွေရှိတဲ့နားကို အခြေအနေကို သိချင်လို့ သွားကြည့်သေးတယ်။ အဲဒီမှာ လွတ်လွတ်လပ်လပ် သွားလို့မရလို့ Mask တွေဘာတွေတပ်ပြီး ရုပ်ဖျက်ပြီး သွားကြည့်တာ။ ဆန္ဒပြတဲ့အချိန် ပစ်တဲ့အချိန် နောက်စိ မှန်တယ် ဆိုတာ သွားကြည့်ကြတာ။

သူတို့ကစည်း၃စည်း တားထားတယ် မကျော်ဖို့ပြောတယ်။ ပထမဆုံးစည်းမှာ မကျော်ဖို့ ပြောတယ်။ လူထုက အဲဒီစည်းကမဝင်ပဲ ဒီဘက် ကန်ပတ်လမ်း ဆိုတာ မြောင်းထဲကတက်လို့ရတယ်။ ရပ်ကွက်ထဲကလဲ ပြေးတက်လို့ရတယ်။ သူတို့တားထားက လမ်းမက ဝင်တဲ့သူတွေကို တားထားတာ။ ကမ်းဘေးကနေ ဖြတ်တက်တာ အများကြီး အယောက်၁၀၀ ကျော်လောက် ရှိတယ်။ အဲဒီ အချိန်မှာ တားလို့မရတော့ဘူး။

ပထမစည်း ဒုတိယစည်း တတိယစည်း အကုန် ဖြတ်ဝင်တဲ့အချိန်မှာ ပစ်တာ။ ပစ်တာက ခြောက်ပစ်ပုံစံမျိုး ပစ်တာ။ မှန်တာလည်း တချက်ထဲ မှန်တာ။ ပြီးမှ အပေါ်ထောင်ပစ်တာက အချက် ၃၀ ၊ ၄၀ လောက် ရှိမယ်။ ပစ်လဲပစ်ပြီး ရော ချက်ခြင်း ကားပေါ်ဆွဲတင်တာ။ အတွင်းက တယောက်က အမိန့်ပေးမှာပေါ့ ဆင်းကောက် ဆိုပြီး။ အကုန် ဆင်းပြီး သွားခေါ်တာ။ အဓိကက လက်စဖျောက်ချင်တာ ဖြစ်မှာပေါ့။ ထိသွားတာက ယောင်္ကျားလေး ။

မန္တလေး တမြို့လုံးကို ယူထားတာ လပခ ကပဲ ဆိုတော့ ပစ်တာ  ခတ်တာကလည်း လပခ တိုင်းထဲကပဲ။ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းထဲမှာကို လပခ အများကြီးပဲ။ ဆက်သွယ်ရေး ပါမယ်၊ တိုင်းစီး ပါမယ်၊ အမြှောက် ပါမယ်၊ ခြေလျင်ခြေမြန် ပါမယ်၊ စအဖ ပါမယ်၊ တိုင်းထဲမှာ ရှိတဲ့ အဖွဲ့တွေ အကုန်လုံး ။ ပစ်မိန့်ရလို့ ပစ်တာပေါ့။ ပစ်မိန့်မရရင် စစ်တပ်က ကျည်ထွက်လို့ မရဘူး။ ပစ်မိန့်ပေးတာ ဘယ်သူဆိုတာတော့ မသိဘူး ။

 ၂၀၂၂ ၊ ၃လပိုင်းမှ CDM လုပ်လာတာ။ ၃ရက်နေ့ ထွက်လာတယ် ၇ရက်နေ့ မန္တလေးကို ရောက် တယ်။  တပ်ထဲမှာ ကျ​နော်လိုပဲ CDM လုပ်ချင်တဲ့သူ​တွေရှိတယ်။ တပ်ကထွက်​ပြေး​တော့ ကျနော်နဲ့အတူ ရဲ​ဘော်တ​ယောက်ပါလာ​သေးတယ်။ ကျနော့တပည့်ရဲ​ဘော်ပါပဲ။ ကျနော် ထွက်လာတုန်းက သူရဲ့ ကုန်ကျ စရိတ် အကုန်လုံး ကို ကျနော်ပဲ ခံပေးတယ်။

လမ်းမှာ ထမင်းစားတဲ့ အချိန်မှာ သူက အိမ်သာခဏ သွားအုံးမယ် ဆိုပြီး ကားကြုံစီးပြီးတော့ သူက ကျောက်မဲကိုသွားတာ။ ကျောက်မဲမှာ သူ့ကောင်မလေးရှိတယ်။ သူ့ကောင်မလေးက ခြေလျင်က တပ်ကြပ်ကြီးရဲ့သမီး ဖြစ်နေတယ်။ သူ့ကောင်မလေးကနေ တပ်မှုးကို သတင်းပို့ပြီး လာပြီးခေါ်ခိုင်းတာ ပြန်ပြီးဖမ်းမိသွားတယ်။ နောက်ပိုင်းသူက ကျနော့ကို ကျနော်ကပဲ သူ့ကို PDF ထဲရောင်းစားတဲ့ပုံစံမျိုးတောင် သတင်းလွှင့်သေးတာ။

စစ်တပ်က မထွက်ခင်မှာ စဉ်းစားခဲ့တာ ရှိတယ်။ ဒါ့ကြောင့်လည်း ဒီအခြေအနေထိ ကြာတာ လေးတွေ ရှိတယ်။ ငါ ထွက်သွားပြီးရင် ငါ ဘယ်လို ရပ်တည်မလဲ။ ကျနော်ဆို ရုံးသက်တမ်း ၃နှစ် လောက်မှာ တပ်ထဲ ရောက်တာကိုး။ လောကမှာ အတွေ့အကြုံ မရှိဘူး လုပ်စားကိုင်စားဖို့ ဆိုတာလဲ မိဘ ကျောထောက် နောက်ခံက လွဲလို့ ဘာမှ မရှိဘူး။ ကျနော်တို့ မှာလဲ အရင်လိုမဟုတ်ဘူး ကိုဗစ် စပြီး ဆိုင်တွေပိတ်တယ်။ နိုင်ငံရေးဖြစ်လို့ ဆိုင်တွေ ပိတ်တယ်။

မိသားစု ဝင်ငွေဆိုတာလဲ မရှိဘူး။ အဲဒီတော့ ထွက်သွားလို့ရှိရင် ငါ့ဘ၀က ဒီထက် ဆိုးသွားမလား ဆိုတဲ့ အခြေအနေမျိုးကိုလည်း တွေးခဲ့ ရတယ်။ ပြီးရင် ဘာဖြစ်လာမလဲ ဆိုတဲ့ စိန်ခေါ်မှုတွေလဲ ရင်ဆိုင် ခဲ့ရတယ်။ ထွက်လာပြီး တော့ လည်း မိသားစုရဲ့ ထောက်ပံ့မှုနဲ့ ကိုယ်တွေ ဘဝကို ဘယ်လိုမျိုး ရပ်တည်မလဲပေါ့။

တော်လှန်ရေးအတွက်က တော့ ငါတို့ CDM လုပ်ခဲ့ပြီးပြီး၊ ပြီးရင် ငါတို့ဘဝကို ဘယ်လို ရှေ့ဆက်သွားမလဲ ဆိုတဲ့ ပလန်တော့ ရှိတယ်။ တော်လှန်ရေးထဲ ဆက်ပြီးပါဝင်ဖို့ဆိုရင်တော့လဲ ကိုယ်ကျွမ်းကျင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့က အသင့်ပါပဲ ။ 

ထွက်လာပြီးနောက်ပိုင်း အခက်အခဲက​တော့ ရောက်ရောက်ခြင်းမှာ အဖွဲ့အစည်းကနေ အိမ်မှာ တလ နေခွင့် ပေးထားတယ်။ နောက်တော့ xxx ငှားပေးထားတော့ ၅လ နေလို့ထပ်ရတယ်။ ၅လ ပြီးသွားရင် ကိုယ်ပိုင် ရပ်တည်ရတော့မယ်။ ဝင်ငွေဆိုတာမျိုးက မရှိဘူး။ ဝင်ငွေ ရမယ့် အလုပ်ကို ရကို ရမှဖြစ်မယ်။ အဓိက စားဝတ်နေရေး၊ ဒါမျိုးတွေ ဖြေရှင်းဖို့ အတွက်ကို အခုထဲက တွေးနေရတယ် ပြင်ဆင်နေရတယ်။ ကိုယ်တွေနဲ့ ကိုက်ညီတဲ့ အလုပ်တွေ ရှာတယ်။ ဒီမှာနေနေရတာက တရားမဝင်တဲ့ အတွက် ရှာရဖွေရဖို့ အတွက်ကို ဘယ်လိုရပ်တည်ရမလဲ ကိုယ့်ဘာသာကိုယ် စဉ်းစား တွေးခေါ်နေတုန်း ။

တရားမျှတမှုဆိုတာ အဓိကကတော့ စာနာမှု နဲ့ ကိုယ်ချင်းစာတရားလို့ပဲ မြင်တယ် ။ တရားမျှတဖို့ ဆိုတာလည်း ကိုယ်ချင်းစာတရားရှိမှ။ အခုဖြစ်တဲ့အရာပေါ့ သူသာလျင် ကိုယ့်နေရာ ကိုယ်သာလျင် သူ့နေရာ မျှမျှတတ တွေးရင် ဒါမျိုးကိစ္စ ဖြစ်လာစရာမရှိဘူး။ စာနာမှု ထားမယ်ဆို ဒီလိုမျိုးလည်း ဖြစ်စရာ မရှိဘူး။ လောဘ ဒေါသ မောဟ ကင်းမယ် ဆိုရင်ပေါ့ ။