• Today is: Wednesday, May 29, 2024

ကျယ်ပြန့်ပြီး အဓိပ္ပါယ်ရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်လာနိုင်သလား   

ကျယ်ပြန့်ပြီး အဓိပ္ပါယ်ရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်လာနိုင်သလား   

ဒီ​ရေ (သူ့အတွေးသူ့အမြင်)

ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ သဘောတရားအချို့

ငြိမ်းချမ်းရေးဆွေးနွေးမှုတွေက စားပွဲပေါ် နဲ့ စားပွဲအောက် နှစ်မျိုး တွေ့ရပါတယ်။  စားပွဲပေါ်က လူသိရှင်ကြား တရားဝင် ဖိတ်ကြားမှုနဲ့ တွေ့ဆုံကြတာဖြစ်ပြီး တရားဝင် ဆုံဖြတ်ချက်များ ချမှတ်လေ့ရှိပါတယ်။

စားပွဲအောက်ကတော့ နှစ်ဖက် ကိုယ်စားလှယ်/ကြားခံလူ​တွေ လူနည်းနည်းနဲ့ လျို့ဝှက်တွေ့ဆုံ၊ နှစ်ဖက် အလွတ်သဘောတွေ့ပြီး တရားဝင်ဆုံးဖြတ်ချက် မချ၊ နှစ်ဖက်ကြားလူ​တွေ လမ်းကြုံတွေ့ရင်း/အတူထမင်းစားရင်း စကားပြော စတာ​တွေ ပါဝင်တယ်။

စားပွဲပေါ် ဖြစ်စေ၊ စားပွဲအောက် ဖြစ်​စေ တွေ့ဆုံမှုနဲ့ ဆွေးနွေးမှုအကြောင်းအရာ အထမြောက်ရေးအတွက် အစုအဖွဲ့ရဲ့ ကိုယ်စားလှယ် မဟုတ်တဲ့ ကြားခံလူ​တွေကို တစ်ခါတစ်ရံ အပြုသဘောမဆန်တဲ့ အနေနဲ့ ပွဲစား (ငြိမ်းချမ်းရေးပွဲစား) လို့လည်း ခေါ်ကြတယ်။

ပြည်တွင်းရော၊ နိုင်ငံတကာမှာပါ ပဋိပက္ခအတွင်း ပါဝင်တဲ့ ဇာတ်ကောင်တွေရဲ့ တော်လှန်ရေး အောင်မြင်ဖို့ သို့မဟုတ် နိုင်ငံရေး−စစ်ရေး ရည်မှန်းချက် အောင်မြင်ဖို့ ချမှတ်ထားလေ့ရှိတဲ့ ဗျူဟာ​တွေ ရှိပါတယ်။

ဒီဗျူဟာတွေကိုတော့ (၁) ရန်သူအပေါ် စစ်ရေးဖြင့် အောင်မြင်ခြင်း၊ (၂) ဆွေးနွေးညှိနှိုင်းခြင်းဖြင့် သဘောတူညီမှုရရှိခြင်း၊ (၃) ရန်သူအပေါ် နိုင်ငံတကာအကူအညီဖြင့် အောင်မြင်ခြင်း ဆိုပြီး တွေ့ရတယ်။ ဒီသုံးမျိုးစလုံး ရောစပ် သုံးစွဲတာလည်း ရှိတယ်။

ဒီနိုင်ငံမှာလည်း ပဋိပက္ခအစုအဖွဲ့အားလုံးဟာ ငြိမ်းချမ်းရေးဆွေးနွေးလိုကြတယ်ဆိုပေမယ့် ဗျူဟာ (၁) နဲ့ (၃) ကို အားပြုပြီး ဗျူဟာ (၂) ကို ရှေ့တန်းတင် ပြောနေကြတာ တွေ့ရပါတယ်။ ဒါကို “ဗျူဟာ (၄)” လို့ ဆိုပါစို့။ အကြံတူတော့ ထိပ်တိုက်တွေ့နေကြဆဲ ဖြစ်တာ မဆန်းပါဘူး။

အဲ့ဒီလိုပြောလို့ မြန်မာပြည်ရဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ အကြမ်းဖက်မှုအမျိုးမျိုးအတွင်း ပါဝင်တဲ့ အစုအဖွဲ့ အားလုံးကို တစ်တန်းတည်းထားလို့ မရပါဘူး။

မြန်မာစစ်တပ်က မြန်မာပြည်တစ်ခုလုံးကို ငါတို့ ပိုင်စိုးတဲ့ နယ်မြေအဖြစ် မြင်ပြီး လုံခြုံရေး−ကာကွယ်ရေး ခေါင်းစဥ်အောက်က​နေ လက်နက်အားကိုး၊ ကြမ်းကြမ်း တမ်းတမ်း၊ တရားလက်လွတ် တိုင်းရင်းသားလူနည်းစုများ နေထိုင်ရာဒေသ​နေ အပါအဝင် တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ထိုးစစ်ဆင်နေပေမယ့်၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ (Ethnic Armed Resistance Organization – EARO) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေရဲ့ အမြင်မှာတော့ မိမိတို့ နယ်နိမိတ်အတွင်း စစ်ရေးအရ၊ အုပ်ချုပ်ရေးအရ ကျူးကျော်ဝင်ရောက်လာတဲ့ အာဏာသိမ်းစစ်တပ်ကို တွန်းလှန် တိုက်ထုတ်နေခြင်း၊ မိမိတို့ ရပ်ရွာအသိုက်အဝန်းတွေကို ကာကွယ်နေခြင်း ဖြစ်ပါတယ်။

မြန်မာစစ်တပ်က သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အမှန်တကယ် ရပ်ဆိုင်းတာ၊ လူနေရပ်ကွက်ပေါ် စစ်ဘက်အခြေခံ အဆောက်အဦး ကြီး/ငယ်တွေကို ဖျက်သိမ်းလိုက်တာ ဒါတွေကို လုပ်လိုက်ရင်ဘဲ ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းသွား နိုင်ပေမယ့်၊ ခုခံတော်လှန်နေရသူတို့အဖို့ မိမိကိုယ်ကို ကာကွယ်တဲ့ အနေနဲ့ မတိုက်ခိုက် တော့ရင် မြန်မာစစ်တပ်ရဲ့ စစ်ရေး−အုပ်ချုပ်ရေးထိုးဖောက်မှုနဲ့ နိုင်ငံရေးလှည့်ကွက် တို့အောက်မှာ တဖြည်းဖြည်း လုံးပါးပါး ပျောက်ကွယ်သွားနိုင်ပါတယ်။

ငြိမ်းချမ်းခြင်း ဆိုတာက မိမိတို့ စံစားလိုတဲ့ မျှော်မှန်းချက် ဖြစ်ပါတယ်။ ဒီမျှော်မှန်းချက် ရေရှည်တည်တံ့ဖို့ အတွက်လည်း ငြိမ်းချမ်းစေတဲ့ အရာတွေကို ဖော်ဆောင်ခြင်းနဲ့ အခြေအနေအရပ်ရပ်ကို မူလအတိုင်း ထိန်းသိမ်းမှု​တွေ ပြုလုပ်ရပါတယ်။

ဒါကြောင့် ငြိမ်းချမ်းရေးဟာ လုပ်ငန်းစဥ်ဖြစ်လာပါတယ်။ ငြိမ်းချမ်းရေး ကလည်း အလွှာအဆင့်ဆင့်ရှိတာကြောင့် ယေဘုယျ ခြုံငုံပြီး ပြောတာဘဲ ကောင်းပါတယ်။ လက်တွေ့နယ်ပယ် မှာတော့ မိမိတို့ အမှန်တကယ် ရင်ဆိုင်ကိုင် တွယ်ရတာက ပြဿနာ​တွေနဲ့ ဇာတ်ကောင်​တွေ ပါဝင်တဲ့ ပဋိပက္ခအစုအဝေးကြီး ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး အလုပ်က ပဋိပက္ခရဲ့  ပြဿနာတွေကို ရင်ဆိုင်ရတာ၊ စီမံရတာ၊ ကြိုတင်ကာကွယ်ရတာ တို့ပါဝင်ပြီး၊ ပဋိပက္ခ ဇာတ်ကောင်​တွေ (ပြဿနာဖန်တီးသူ၊ ပြဿနာရှာခံရသူ၊ ပြဿနာဒဏ်ခံရတဲ့ တတိယအုပ်စု) အကြား ဖြစ်စေ၊ ဇာတ်ကောင်တွေနဲ့ ဖြေရှင်းလိုသူများ အကြားဖြစ်​ေစ ဆက်ဆံရတာပါ။ ဘာပြဿနာမှ မရှိရင် ဘယ်သူနဲ့မှ မဆက်ဆံလည်း ရပါတယ်။ ဘာဆက်ဆံရေး၊ ဘာဆက်စပ်မှုမှ မရှိရင် ဘာပဋိပက္ခမှလည်း မရှိနိုင်ပါဘူး။

ပဋိပက္ခဖြစ်စေတဲ့၊ ပဋိပက္ခပိုမိုကြီးထွားစေတဲ့ လုပ်ရပ်တွေကို လုပ်မြဲအတိုင်းလုပ်ပြီး မတူညီတဲ့ ရလဒ် သို့မဟုတ် လူကြားကောင်းတဲ့ ဖြစ်စဥ်ကို မျှော်လင့်နေကြတာက ငြိမ်းချမ်းရေး ရရှိရေးအတွက် လက်တွေ့ မကျပါဘူး။ အပေါ်ယံ ငြိမ်းချမ်းရေး လိုလားသူတွေဘဲ ဖြစ်လာပါလိမ့်မယ်။

တစ်ဖက်မှာလည်း ဒီဖြစ်ရပ်တွေဟာ တစ်ယောက်တစ်စုတစ်ဖွဲ့ရဲ့ အကျိုးစီးပွားအတွက်တော့ ကြောင်းကျိုးဆီ​လျော်နိုင်ပါတယ်။ ၂၀၂၂  အစောပိုင်း ရုရှားရဲ့ စစ်ရေးကျူးကျော်မှုကြောင့် ဖြစ်လာတဲ့ ရုရှား−ယူကရိန်းစစ်ပွဲနဲ့ အကျိုးဆက် ပဋိပက္ခတွေ၊ ကမ္ဘာ့ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂအတွင်း ရပ်တည်ချက်များ ပွတ်တိုက်မှုတွေ၊ ဒေသတွင်းပါဝါ​တွေ ပေါ်ထွန်းလာမှုတို့က လောလောလတ်လတ် ဥပမာတွေဘဲ ဖြစ်ပါတယ်။

မြန်မာပြည်အပေါ် ပညာရှင်များရဲ့ သုံးသပ်ချက်အချို့

၂၀၂၁ အာဏာသိမ်းမှု စတင်ချိန် ကတည်းက နိုင်ငံတကာ ပညာရှင်တွေကတော့ အာဏာသိမ်းစစ်အုပ်စုနဲ့ တော်လှန်ရေး အင်အားစု​တွေ ဘာလုပ်ရင် ဘယ်ကဏ္ဍတွေမှာ ဘာဆက်ဖြစ်နိုင်တယ်ဆိုတာကို ပြောပြလျက် ရှိပါတယ်။ ခြုံပြီးပြောရရင် အခု အခြေအနေကလည်း အာဏာသိမ်းစစ်အုပ်စု အနေနဲ့ သဘောထား တင်းမာ သကဲ့သို့ တော်လှန်ရေး အင်အားစု ကလည်း ရရာ လက်နက်ဆွဲပြီး ခုခံတွန်းလှန်သွားမယ့် အခြေအနေပါ။

ဒီပြင်းထန်တဲ့ ထိပ်တိုက်တွေ့မှုရဲ့ လမ်းကြောင်းက စစ်အုပ်ချုပ်ရေး၊ စစ်ဘောင်ကျယ်ခြင်း တို့မှတဆင့် ပြည်သူလူထုရဲ့ အခွင့်အရေး​တွေ ဆုံးရှုံးခြင်း၊ သွားလာလှုပ်ရှားမှု ပိုမိုတင်းကျပ်လာခြင်း၊ အာဏာချုပ်ကိုင်ထားသူက ဥပဒေတွေနဲ့ ဖိနှိပ်ခြင်း၊ ခုခံတွန်းလှန်ခြင်းနဲ့ စင်ပြိုင်အစိုးရ ပေါ်ထွန်းခြင်း၊ ပြည်တွင်းစစ် ပိုမိုပြင်းထန်လာခြင်း တို့ဖြစ်ပြီး နောက်ဆုံးမှာတော့ မင်းမဲ့စရိုက်−ပရမ်းပတာ ဖြစ်ခြင်းနဲ့ နိုင်ငံကျဆုံးခြင်းပါ။

အခုလည်း အနယ်နယ်အရပ်ရပ်မှာ ရပ်ရွာမတည်ငြိမ်မှုကို အခွင့်ကောင်း ယူပြီး ခိုးဆိုးလုယှက်သက်ဖြတ်မှုတွေနဲ့ စစ်ကောင်စီခန့် အာဏာပိုင်တွေရဲ့ ပြည်သူလူထုအပေါ် နည်းမျိုးစုံ အနိုင်ကျင့်မှုတွေက ထင်ရာစိုင်း ဖြစ်နေပါတယ်။

ဒါပေမယ့် စီးပွားရေးကတော့ နိုင်ငံရေးလိုမဟုတ်ဘူး။ နိုင်ငံတကာစီးပွားရေးပညာရှင်အဖွဲ့တစ်ခု ဖြစ်တဲ့ EIU ကတော့ ကိန်းဂဏန်းတွေအပေါ် အခြေခံပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးအပေါ် အကောင်းမြင်ထားတယ်။ သူတို့ရဲ့ မြန်မာနိုင်ငံအတွက် ၅ နှစ်တာ စီးပွားရေး ခန့်မှန်းချက်အရ ကဏ္ဍအသီးသီးက ဒီနှစ်ကစလို့ တဖြည်းဖြည်းတက်နေမယ့် သဘောပါ။ ဒီနေရာမှာ မြန်မာနိုင်ငံ (အထူးသဖြင့် အာဏာသိမ်းစစ်အုပ်စု) ရဲ့ အဓိက ပြင်ပအားက တရုတ်၊ ထိုင်းနဲ့ အိန္ဒိယ နိုင်ငံတို့ပါ။

လူသိရှင်ကြား ရပ်တည်ချက်​များ

မြန်မာပြည်နိုင်ငံရေးပဋိပက္ခက ရုတ်တရက်ကြည့်ရင် ဘက်နှစ်ဘက်ဘဲ ရှိတယ်ထင်ရပေမယ့် မထင်မရှားနဲ့ ဟိုဘက်လည်းမပါ ဒီဘက်လည်းမပါ အုပ်စု၊ ဟိုဘက်လိုလို ဒီဘက်လိုလို အုပ်စု၊ အခြေအနေအလိုက် အခုတစ်မျိုး တော်ကြာတစ်မျိုး အုပ်စု၊ ဖာသိဖာသာ ပရိတ်သတ် အုပ်စု စတဲ့ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။

ဘက်နှစ်ဘက်ကတော့ အာဏာသိမ်းစစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစု ဖြစ်တယ်။ တော်လှန်ရေးအင်အားစုကို ဒီမိုကရေစီအင်အားစုလို့လည်း သတ်မှတ်ထားကြပါတယ်။ တော်လှန်ရေးအင်အားစု ကိုယ်၌ကလည်း ကွဲပြားတဲ့ နိုင်ငံရေးလမ်းစဥ်တွေနဲ့ ကွဲပြားတဲ့ ဖွဲ့စည်းမှုတွေရှိတဲ့ အဖွဲ့အစည်း−အုပ်စု​တွေ ပါဝင်နေပါတယ်။ ဥပမာ − တော်လှန်ရေးဦးဆောင်အဖွဲ့ NUCC မှာ အစုအဖွဲ့ ငါးခုပါဝင်ပြီး အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်တဲ့ တော်လှန်ရေး အဖွဲ့အစည်း အားလုံးလည်း ပါဝင်တာမျိုး မဟုတ်ပါဘူး။

ဘက်တစ်ခုခုအတွင်းပါဝင်တဲ့ အဖွဲ့အစည်းတွေဖြစ်​စေ၊ ဘက်မရှိသည် ဖြစ်​စေ သူတို့အကြား အောက်ခြေအဆင့်မှာ တစ်နည်းတစ်ဖုံတော့ ဆက်သွယ်ဆက်ဆံမှုတော့ ရှိနိုင်ပါတယ်။

ပဋိပက္ခဘက်​တွေ အနေနဲ့လည်း ပြည်တွင်း−ပြည်ပ ထောက်ခံမှု ရရှိအောင် စည်းရုံးရေးဆင်းနေကြသလို အထူးသဖြင့် ပြည်တွင်းမှာဆိုရင် အားကောင်းတဲ့ အဖွဲ့အစည်းတွေကို မိမိတို့နဲ့ မပူးပေါင်းရင်တောင်မှ ရန်ဘက်ကို မကူညီဖို့ လွန်ဆွဲနေကြတာ တွေ့ရပါတယ် (ဥပမာ − “ဝ” နှင့် “မိုင်းလား”  အဖွဲ့တို့အပေါ် သဘောထား)။

မြန်မာပြည်ရဲ့ နိုင်ငံရေး−လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်ပတ်သက်သူတွေအားလုံး ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီ တို့ကို ဦးတည်ချက်အဖြစ် ရှိကြတာတူပါတယ်။ ဒါပေမယ့် အဓိပ္ပါယ်ဖွင့်ဆိုချက်​တွေ မတူကြပါဘူး။

မြန်မာစစ်တပ်ဖြစ်စေ၊ စစ်ကောင်စီဖြစ်​စေ နှစ်သစ်မှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း ကြေညာထားပေမယ့်လည်း လုံခြုံရေး−ကာကွယ်ရေး−အုပ်ချုပ်ရေး အကြောင်းပြချက်နဲ့ ဆက်လက် တိုက်ခိုက်နေမယ် ဆိုတာလည်း ရှင်းလင်းလှ ပါတယ်။ တစ်ဖက်မှာလည်း အဖွဲ့အစည်းအချို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေပေမယ့် စစ်ရေးခြိမ်းခြောက်မှုတွေ လည်း ရှိနေပါတယ် (ဥပမာ − ငြိမ်းချမ်းရေး ဆွေးနွေးဖက် DKBA နဲ့ SSPP အပေါ် မြန်မာစစ်တပ်ရဲ့ လေကြောင်းဖြင့် ခြိမ်းခြောက်ခဲ့ခြင်း)။

သွေးခွဲစည်းရုံးလှုံ့ဆော်မှုတွေကိုလည်း အဆက်မပြတ် ဆောင်ရွက်နေသလို ငြိမ်းချမ်းရေးဆွေးနွေးမှုကလည်း EARO ​ေတွ အတွက်ဘဲ လမ်းဖွင့်ထားပါတယ်။ EARO နှင့် PDF များအကြားရော၊ EARO တွေအကြားရော တစ်ဖွဲ့ချင်းစီ အပေါ်မှာရော မတူညီတဲ့ ဆက်ဆံမှုနဲ့ ချည်းကပ်နေပါတယ် (ဥပမာ − KNLA ကို KNLA မှ ငြိမ်းချမ်းရေး မလိုလားသောအုပ်စု / KNLA အမည်ခံအကြမ်းဖက်အဖွဲ့ ဟူ၍ ခွဲခြားခေါ်ဝေါ် သုံးစွဲခြင်း၊ KNU ထိပ်တန်းခေါင်းဆောင်များသို့ တိုက်ရိုက်စာပေးပို့ခြင်း)။

နိုင်ငံပိုင်နဲ့ စစ်တပ်ပိုင် မီဒီယာယန္ဒရားတွေက​နေလည်း CRPH, NUG, PDF တို့ကို အမြစ်ပြတ်သုတ်သင်နိုင်ရေးအထိ ဝါဒဖြန့်နေပြီး၊ ဥပဒေတွေကို လက်ကိုင်တုတ်အဖြစ်ရော၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ယန္တရားကိုရော အသုံးချပြီး ၎င်းတို့ကို ဝိုင်းဝန်းပံ့ပိုးသူ မရှိစေရေး ထိန်းချုပ်နေပါတယ် (ဥပမာ − စစ်ကောင်စီရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုကော်မတီ − CCCT က​ မိုဘိုင်းဖုန်း မှတဆင့် သုံးစွဲသူတွေကို အကြမ်းဖက်မှု နဲ့ဆိုင်တဲ့ Post, Like, Share, Comment မလုပ်ဖို့ စာများပေးပို့ခြင်း)။

ပြီးတော့ စစ်ကောင်စီ အနေနဲ့ လွတ်လပ်ပြီး တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲကို ဇွတ်လုပ်ပြီး နိုင်ငံတကာနိုင်ငံရေး ထွက်ပေါက်ကို ရှာနေတာ တွေ့ရပါတယ်။ ပြည်တွင်းနိုင်ငံရေး ထွက်ပေါက်တော့ ဘယ်လိုမှ မရနိုင်ပါဘူး။ ဒီလိုရွေးကောက်ပွဲကို ဇွတ်လုပ်ရင် ပဋိပက္ခက ပိုမိုကြီးထွားလာမှာဖြစ်ကြောင်း EARO ထိပ်တန်းခေါင်းဆောင်တွေက သတိပေးထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဆိုရာမှာလည်း NUG လက်အောက်ခံတွေရှိသလို၊ EARO တို့ရဲ့ ကွပ်ကဲမှုအောက်ရှိ PDF တွေလည်းရှိပါတယ်။ ဘယ်သူ့လက်အောက်ခံမှ မဟုတ်ဘဲ မိမိရပ်ရွာကို ကာကွယ်ဖို့ စစ်ကောင်စီတပ်တွေကို တွန်းလှန်ဖို့အတွက် နယ်ပိုင်တွေနဲ့ ညှိနှိုင်းပြီး ရပ်တည်တဲ့ ဒေသခံ PDF တွေလည်း ရှိပါတယ်။

မြန်မာစစ်တပ်/စစ်ကောင်စီ ကတော့ ဘယ် PDF ကိုမှ လက်မခံပါဘူး။ သူတို့ရဲ့ ပြည်သူ့စစ်ဗျူဟာအရ အရံအကြမ်းဖက် လက်ကိုင်တုတ် (မဘသ၊ ပြည်သူ့စစ်၊ ပျူစောထိီး​) တွေနဲ့ PDF တွေကို တန်ပြန်တိုက်ခိုက်နေပါတယ်။

အမြဲတမ်း စားပွဲပေါ်မှာတင်ထားတဲ့ မြန်မာစစ်တပ်ရဲ့ လူသိရှင်ကြား ခိုင်မာတဲ့ ရပ်တည်ချက်ကတော့ ၂၀၀၈ ​ခြေ/ဥ နဲ့ တပ်မတော်က ဒီနိုင်ငံရဲ့ တစ်ဦးတည်းသော ကာကွယ်သူ ဆိုတာပါဘဲ။ တပ်မတော်ရဲ့ ပြည်တွင်း EARO တွေနဲ့ NLD အပါအဝင် နိုင်ငံရေး−စစ်ရေး ပြိုင်ဘက်​ေတွ မရှိတော့ရင်ဖြင့် ဒီနိုင်ငံဟာ ထာဝရငြိမ်းချမ်းသွားနိုင် သယောင် ဖော်ထုတ် ပြောဆိုနေတာက မုသားမှန်းသိသိ စိတ်ကူးယဥ်ပကတိ အဖြစ် တည်ရှိနေပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းေတွ အနေနဲ့လည်း ဒီနိုင်ငံရေး−စစ်ရေးပဋိပက္ခမှာ အဓိက ပါဝင်ပတ်သက်သူ​ေတွ တွေ့ဆုံဆွေးနွေးရေးကို မူအားဖြင့် လက်ခံကြသလို အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ရပ်ကိုလည်း ထောက်ခံတာတွေ့ရတယ် (NIKKEI ASIA ပါ “ASEAN must help reverse Balkanization of Myanmar” ခေါင်းစဥ်နဲ့ KNU, CNF, KNPP ခေါင်းဆောင်တို့ရဲ့ ဆောင်းပါး၊ ၃၁ ဇန်နဝါရီ ၂၀၂၃)။

ဒီဆောင်းပါးအရ အင်ဒိုနီးရှား ဦးဆောင်တဲ့ အာဆီယံရဲ့ ကြားဝင်ဖြန်ဖြေမှုကို အထူးမျှော်လင့်ပုံရပါတယ်။ နိုင်ငံတကာအဆင့် ဒေသတွင်းအသင်းတစ်ခုကို သိအပ်စေတဲ့ စာဖြစ်တာကြောင့် ဒီစာရဲ့ အဆင့်အတန်းနဲ့ အနေအထားက သူ့ရည်ရွယ်ချက်နဲ့သူ ရှိတယ်ဆိုတာကိုတော့ နားလည်ရပါတယ်။

တစ်ဖက်မှာလည်း အင်ဒိုနီးရှား ဦးဆောင်တဲ့ အာဆီယံရဲ့ နိုင်ငံရေးဝန်ကြီးများ အစည်းအဝေးအပြီး ဖေဖော်ဝါရီလ အစောပိုင်း ထုတ်ပြန်ခဲ့တဲ့ ပထမဆုံး သတင်းထုတ်ပြန်ချက် အရဆိုရင် လက်ရှိပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် အားလုံးပါဝင်တဲ့ နိုင်ငံ့အတိုင်းအတာနဲ့ တွေ့ဆုံဆွေးနွေးမှုကို ဖြစ်စေတဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည် ဖော်ဖို့ တိုက်တွန်းထားပါတယ်။

ထို့နည်းတူ သက်ဆိုင်သူအားလုံးဟာ အကြမ်းဖက်မှုရပ်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအတွက် လမ်းဖွင့်ပေးဖို့ ဖော်ပြထားပါတယ်။ အမေရိကန်  အပါအဝင် အနောက်နိုင်ငံတွေကလည်း အာဆီယံဘုံသဘာတူညီချက် ငါးရပ်ကို ဆက်လက် အားပေးသလို၊ NUG အားဖြင့် ဒီမိုကရေစီအကူအပြောင်းကို ပြန်သွားဖို့၊ အာဏာသိမ်း စစ်ကောင်စီကို လက်မခံဘဲ နိုင်ငံရေးချိန်ခွင်လျှာညှိဖို့ သဘာထားရှိတာ တွေ့ရပါတယ်။

ဒါပေမယ့် ကရင်အမျိုးသားအစည်းအရုံး (KNU) အားဖြင့် အထင်အရှား စားပွဲပေါ်မှာ ရှိနေတဲ့ ကြိုတင်သတ်မှတ်ချက် တစ်ခုကတော့ ပဋိပက္ခပြေလည်ရေးအတွက် တွေ့ဆုံညှိနှိုင်းဖို့ဆိုရင် မြန်မာစစ်တပ် (တပ်မတော်) က နိုင်ငံရေးကနေစွန့်ခွာဖို့ ဆိုတဲ့ ကတိပေးဖို့ဘဲ ဖြစ်ပါတယ်။ မြန်မာစစ်တပ်နဲ့ စစ်ကောင်စီ ကို အပြီးပြတ်သုတ်သင်ရေး မဟုတ်ပါဘူး။

EARO တွေက လူသားစာနာထောက်ထားမှုအရ ပြင်ပမှ လာရောက်ခိုလှုံသူတွေကို ၎င်းတို့ နယ်မြေအတွင်း လက်ခံထားသလို၊ လူသားအခွင့်အရေးအရရော၊ ဒီမိုကရေစီအခွင့်အရေးအရရော ရွေးချယ်စရာမရှိတဲ့ လူငယ်လူရွယ်တွေ ကို မိမိကိုယ်ကို ခုခံကာကွယ်နိုင်ရေးအတွက်ဖြစ်စေ၊ နိုင်ငံရေး အပြောင်းအလဲအတွက် ပါဝင်နိုင်ရေးဖြစ်​စေ အခွင့်အလမ်း တစ်ရပ် ဖန်တီးပေးထားပါတယ်။

တစ်ဖက်မှာလည်း NCA လက်မှတ်ရေးထိုးထားတဲ့ EARO ခုနှစ်ဖွဲ့နဲ့ မြောက်ပိုင်းက သုံးဖွဲ့ကလည်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးနေသော်လည်း အချို့မှာ တစ်ခါတစ်ရံ ပိုနေမြဲကျားနေမြဲထက် ပဋိပက္ခအစုအဝေး အပြောင်းအလဲအတွက် သဘောထားရှိကြပါတယ်။

NLD နဲ့ CRPH အားဖြင့် အဓိကဖွဲ့စည်းတဲ့ NUG ကတော့ စစ်ကောင်စီကို ဦးတည်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခုံခံတွန်းလှန်စစ်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ကတည်းက ကြေညာခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းမှာလည်း NUG သမ္မတက ၎င်းတို့အကြား တွေ့ဆုံဆွေးနွေးဖို့ဆိုရင် စစ်ကောင်စီက ပြည်သူတွေကို သတ်ဖြတ်တာ ရပ်ဖို့၊ တပ်မတော်က နိုင်ငံရေးက​နေစွန့်ခွာတဲ့ အာမခံချက်ပေးဖို့၊ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု အကူအညီကို သဘောတူဖို့၊ ၂၀၀၈ ခြေဥကို ဖျက်သိမ်းဖို့၊ နိုင်ငံတကာက ကြား​နေ ခိုင်မာအောင် လုပ်ပေးဖို့ ပြောဆိုထားပါတယ်။

ဒီသဘောထားတွေဟာလည်း နွေဦးတော်လှန်ရေး အစောပိုင်း တက်ကြွလှုပ်ရှားကြတဲ့ သပိတ်အဖွဲ့​တွေ အပါအဝင် အခြားသော တော်လှန်ရေးအစုအဖွဲ့တွေနဲ့ သဘောထားတိုက်ဆိုင်မှုရှိပါတယ်။ စစ်ကောင်စီကလည်း ဒီသဘောထား အားလုံးကို ပယ်ချခဲ့ပါတယ်။

တစ်ဖက်မှာလည်း NUG ခေါင်းဆောင်၊ ကိုယ်စားလှယ်တွေရဲ့ ဘယ်တော့ စစ်ကောင်စီကျဆုံးမယ်၊ ဘယ်တော့ တော်လှန်ရေး အောင်မြင်မယ်၊ ဘယ်လိုဆို တရားမျှတမှုရှိမယ် စတဲ့ ယုတ္တိမဲ့ မျှော်လင့်ချက်ပေးတာတွေ၊ တိုက်တွန်းနေ တာတွေကို တွေ့ရပါတယ်။

PDF တွေကတော့ အင်အားကောင်းလာသလို အမျိုးအစားကွဲပြားနေပေမယ့် စစ်ရေးအရ လက်ဦးယူမှုနဲ့ ခုခံတွန်းလှန် မှုတို့ကို ဦးစားပေးတာကြောင့် ငြိမ်းချမ်းရေးအခင်းအကျင်းအတွက်ဆိုရင် သူတို့ရဲ့ ကွပ်ကဲသူ​ေတွ သို့မဟုတ် သူတို့ အနေနဲ့ နိုင်ငံရေးဦးဆောင်မှုကို ယုံကြည်စိတ်ချစွာ အပ်နှင်းထားတဲ့ အစုအဖွဲ့ သို့မဟုတ် အဖွဲ့အစည်း တို့ရဲ့ သဘောထားကိုဘဲ စောင့်ကြည့်ရမှာပါ။ အထူးသဖြင့် KIO, CNF, NUG, KNPP, KNU တို့ပေါ့။

ဆိုတော့ကာ…ကျယ်ပြန့်ပြီး အဓိပ္ပါယ်ရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်လာနိုင်သလား

အစုအဖွဲ့−အဖွဲ့အစည်း အသီးသီးရဲ့ သဘောထားကို ကြည့်ရင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုက မဖြစ်နိုင်စရာ မရှိပါဘူး။ အားလုံးက သူ့အလုပ်သူလုပ်နေကြတယ်ဆိုတာကိုတော့ သတိမလျော့ပါဘူး။ အားလုံး သူ့ကိုယ်၌ အကျိုးစီးပွားနဲ့သူပါ။

ထာဝရငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မပြောနဲ့အုံး လူများစုအခြေခံလူတန်းစားရဲ့ စားဝတ်နေရေး ပြေလည်ဖို့ အတွက်တောင်မှ ဝေးပါသေးတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ နိုင်ငံရေးတွေ့ဆုံညှိနှိုင်းမှုတို့က​နေ ကနဦး မျှော်လင့်လို့ရတာက နိုင်ငံရေး−စစ်ရေးထိပ်တိုက်တွေ့မှုကင်းတဲ့ ပဏာမငြိမ်းချမ်းရေးသဘောတူညီချက်ပါဘဲ။ ဒါဘဲ ရပါအုံးမယ်။

အပေါ်က လူသိရှင်ကြား စားပွဲပေါ် တင်ထားတဲ့ ရပ်တည်ချက်တွေကတော့ မတူညီကြတာ မကပါဘူး အထူးသဖြင့် ထိပ်တိုက်တွေ့နေတဲ့ ဘက်နှစ်ဘက်အကြားမှာ ဆန့်ကျင်ဘက်ရပ်တည်ချက်​တွေ ဖြစ်နေတာပါ။ လက်ရှိပဋိပက္ခအတွင်း ဘက်တွေကြားမှာ ၎င်းတို့ရဲ့ ကိုယ်ပိုင် အခြေခံသတ်မှတ်ချက်တွေ၊ မူဘောင်​တွေ ချမှတ်ထားပါတယ်။

ဒါတွေက သက်ဆိုင်ရာ အစုအဖွဲ့−အဖွဲ့အစည်းတွေရဲ့ မူဝါဒ​တွေ ကောင်းမွန်ပြီး ခိုင်မာနေလို့ဘဲလား၊ ကိုယ့်မူနဲ့ကိုယ် ပိတ်မိနေကြပြီလား စဥ်းစားစေပါတယ်။ ထုတ်ဖော်ထားတဲ့ မူတွေအရ ရှေ့ဆက် ဘာမှ တွေ့ဆုံပြောဆိုဖို့ မရနိုင်ပါဘူး။

ပြည်ပ သို့မဟုတ် နိုင်ငံတကာအစိုးရတစ်ခုခုက မိမိတို့ လိုချင်တဲ့ အပြောင်းအလဲကို တိုက်ရိုက်ဖြစ်​ေစ​၊ သွယ်ဝိုက်ဖြစ်​ေစ ပံ့ပိုးကူညီဖို့ကို မျှော်လင့်တာထက် ဘယ်သူမှမရှုံးတဲ့ ဖြေရှင်းနည်း ရရှိရေးကို တတိယအုပ်စုက ကြားဝင်ဖျန်ဖြေပေးဖို့ မျှော်လင့်တာက ကြောင်းကျိုးဆီလျော်ပါသေးတယ်။

ဒီနေရာမှာ ဘက်နှစ်ဘက်ကို အခြေပြုပြီး ပြောပါရစေ။ တစ်ဦးနဲ့တစ်ဦး တွေ့ဖို့ နေနေသာသာ ယုံကြည်မှုကလည်း ဘယ်မှာမှ ပြန်ရှာမရအောင် ပျောက်ဆုံးနေတာပါ။

မြန်မာစစ်တပ်ရဲ့ အကြိမ်ကြိမ် နိုင်ငံရေးသဘောတူညီချက်တွေကို ချိုးဖောက်မှု အပြင် အာဏာသိမ်းအကြမ်းဖက်မှုနဲ့ အကျိုးဆက်တွေက အဓိကအုပ်စုတွေအကြား အယုံအကြည်မရှိမှုကို ခိုင်မာစေတာဟာ ကြောင်းကျိုးဆီလျော်ပါတယ်။ အကျိုးစီးပွား အရေးကြီးသည်ထားဦး၊ အခုက ကိုယ့်ရဲ့ အစုအဖွဲ့ သို့မဟုတ် အဖွဲ့အစည်း အကျိုးစီးပွားကိုတောင်မှ စစ်ကောင်စီနဲ့ မဖလှယ်ချင်ကြတဲ့ အနေအထားပါ။

လူသိရှင်ကြား ရပ်တည်ချက်​ေတွ (တစ်နည်း) ဆွေးနွေးမယ့် စားပွဲပေါ် ကြိုတင် တင်ထားတဲ့ အကြောင်းအရာတွေက တွေ့ဆုံဆွေးနွေးညှိနှိုင်းမှု ဖြစ်ပေါ်ဖို့ ဘယ်လိုမှ အလုပ်မဖြစ်နိုင်ပါဘူး။

ဒီလိုဆိုရင်တော့ စားပွဲပေါ်တွေ့ဆုံရေးကို မဆိုနဲ့ဦး စားပွဲပေါ် တင်ထားတဲ့ ကိစ္စနဲ့တင် ကျယ်ပြန့်ပြီး အဓိပ္ပါယ်ရှိတဲ့ နိုင်ငံရေးဆွေးနွေးပွဲ အထူးသဖြင့် အဓိကဇာတ်ကောင်တွေအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ မဖြစ်လာနိုင်ပါဘူး။

လူသိရှင်ကာ ရပ်တည်ထားတဲ့ မူဝါဒ​တွေ ဘယ်တော့မှ မပြောင်းသ၍ ၂၀၂၃ ခုနှစ် မကပါဘူး နောင်ဘယ်နှစ်မှ မဖြစ်လာနိုင်ပါဘူး။ ရှေ့တန်းတင်ထားတဲ့ မူမပြောင်းဘဲ ဆွေးနွေးပွဲ​တွေ ဖြစ်လာခဲ့ရင်လည်း သံသယများစွာနဲ့ အနှစ်သာရ မဲ့နေအုံးမှာပါ။

ဖြစ်နိုင်ပေမယ့် ဖြစ်ခဲတယ့် စစ်တပ်ရဲ့ အခြေခံအဆောက်အဦး​တွေ ပြိုကျပြီး၊ လူထုတော်လှန်ရေးကလည်း ပင်ပန်းလာရင်တော့ တစ်မျိုးပေါ့။ ကျဆုံးနိုင်ငံလုံးလုံးဖြစ်မှ စကားပြန်ပြောကြမလား။ တော်လှန်ရေးအင်အားစု အနိုင်ရရင်တော့ အတိုင်းထက် အလွန်ပေါ့။

တစ်လမ်းကတော့ ပွင့်နေပါသေးတယ်။ စားပွဲအောက် တွေ့ဆုံဆွေးနွေးမှုပါ။ ရိုးသားမှုနဲ့ သိက္ခာသမာဓိတော့ လိုပါတယ်။ ရိုးသားမှုက ပဋိပက္ခအပြုသဘော ပြောင်းလဲဖို့ကို လိုလားတဲ့ အစုအဖွဲ့ သို့မဟုတ် အဖွဲ့အစည်းရဲ့ နိုင်ငံရေးစိတ်ရင်း စေတနာနဲ့ ဆိုင်ပြီး သိက္ခာသမာဓိက ဆွေးနွေးပွဲမှာ ထိုင်ကြမယ့် သူတွေနဲ့ ဆိုင်ပါတယ်။

ယုံကြည်ရတဲ့ ပြင်ပ တတိယအုပ်စုဖြန်ဖြေသူ (Third−Party Mediator) နဲ့ စလို့ရသလို၊ ယုံကြည်ရတဲ့ စပ်ကြားဖျန်ဖြေသူ (Quasi Mediator) တို့နဲ့လည်း စလို့ရပါတယ်။ စပ်ကြားဖျန်ဖြေသူ လို့ဆိုရမှာ သူ့ဘက်ကိုယ်စားလှယ်၊ ကိုယ့်ဘက်ကိုယ်စားလှယ် ရှိနိုင်ပါတယ်။

ကြားဝင်ဖျန်ဖြန်ပေးသူ  (Mediator) အမျိုးအစားကတော့ အများကြီးရှိနိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁−၂၀၂၀ အတွင်း အတွေ့အကြုံအရ Quasi Mediator တွေကို ငြီးငွေ့တယ်ဆိုရင်လည်း ကာယကံရှင်တွေသဘောပါ။ ဒါပေမယ့် ဒီကိစ္စက ကြားဝင်ဖျန်ဖြေမှုကို အယုံအကြည်မဲ့ဖို့ မဟုတ်ဘဲ လူပုဂ္ဂိုလ်ရဲ့ သိက္ခာသမာဓိ၊ ထို့ပြင် နိုင်ငံရေးရလဒ် တို့နဲ့ သက်ဆိုင်ပါ တယ်။ စားပွဲအောက်မှာ တစ်မျိုး၊ စားပွဲပေါ်မှာ တစ်မျိုး မရိုးမသား၊ ဆန့်ကျင်ဘက် မဖြစ်သင့်ပါ။

အဓိက က အားလုံးမျှော်လင့်တဲ့ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာရေးအတွက်ပါ။ တစ်နေရာရာမှာတော့ ပဋိပက္ခစနစ် အပြုသဘောအသွင်ပြောင်းလဲရေး အတွက် ပါဝင်သင့်တဲ့ အစုအဖွဲ့၊ အဖွဲ့အစည်းနဲ့ အင်အား အသီးသီးေတွက တိုက်ရိုက်ဖြစ်စေ၊ ကိုယ်စားပြုမှုနဲ့ဖြစ်​ေစ ပါဝင်ရပါမယ်။

ဒုက္ခပင်လယ်ဝေနေတဲ့ လူအများအမြင်မှာ ဘာငြိမ်းချမ်းရေးမှ မရနိုင်မယ့် အတူတူ၊ အပြန်အလှန် လက်နက်အားကိုးနဲ့ အမြစ်ဖြတ်သုတ်သင်နေကြရင်း စားပွဲအောက် (အလွတ်သဘော) ဆွေးနွေးမှုကို ရိုးရိုးသားသား အားထည့်ကြည့်ပါ။

စားပွဲအောက် ဖြစ်လို့ လူကြီးလူကောင်းကတိကဝတ်​များ (Gentlemen’s Agreements) ကို မလေးမစားလုပ်လို့မရပါ။ ပြီးခဲ့တဲ့ အစိုးရသက်တမ်း နှစ်ခုအတွင်း ယုံကြည်မှုအခြေခံတဲ့ သဘောတူညီချက်တွေကို မြန်မာအစိုးရဘက် (စစ်တပ် အပါအဝင်) က မလိုက်နာ၊ လစ်လျူရှုခြင်းနဲ့ မိမိရဲ့ အာဏာ−ကြီးစိုးမှုကို တရားသေကိုင်ခြင်းကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဥ်မှာ အဖုအထစ်များစွာ ရှိခဲ့ပါတယ်။

စားပွဲအောက် ဆွေးနွေးမှုတွေကလည်း စိန်ခေါ်မှုတွေရှိနိုင်ပါတယ်။ တည်ဆဲလူမှုကွန်ယက်အားတွေကြောင့် တွေ့ဆုံဆွေးနွေးကြမယ့် သူတွေရဲ့ မိမိကိုယ်ကို ယုံကြည်မှုနဲ့ ပတ်ဝန်းကျင်က မိမိအပေါ် ထားရှိတယ့် သဘောထားတွေက ခြိမ်းခြောက်မှုတွေအဖြစ် ရှိနေနိုင်ပါတယ်။

အလွတ်သဘောဖြစ်စေကာမူ အဖွဲ့အစည်း သို့မဟုတ် အင်အားစု တွေက ကိုယ်စားလှယ်စေလွှတ်သည် ဖြစ်စေ၊ ကြားဝင်ဖျန်ဖြေရေး လမ်းကြောင်းကို ချမှတ်သည် ဖြစ်​စေ “ငွေတစ်ပဲနှင့် ငါးကြင်းခေါင်း ကိုင်” မဖြစ်ဖို့တော့ လိုပါတယ်။

ဝန်ခံချက်။      ။ ပဋိပက္ခရဲ့ အရင်းခံအကြောင်းဖြစ်စေ၊ အကျိုးဆက်ဖြစ်​တွေ ပြောင်းလဲရင် သုံးသပ်ချက်တွေကလည်း ပြောင်းလဲနိုင်ပါတယ်။ ဒီစာအတွက် အခြေခံဗဟုသုတတွေက အရင်းအမြစ်များစွာ ဆီကလာပါတယ်၊ အားလုံးကို ကျေးဇူးတင် အသိအမှတ်ပြုပါတယ်။