• Today is: Monday, May 27, 2024

စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက် ရဲရဲတိုက်ပွဲဝင်ကြ

❝စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက် ရဲရဲတိုက်ပွဲဝင်ကြ❞
 
– AJAY | GSCB
 
ဖေဖော်ဝါရီ (၁၂) ရက်နေ့သည် ပင်လုံစာချုပ်ကို သဘောတူချုပ်ဆိုခဲ့သည့် (၇၆) နှစ်ပြည့် နှစ်ပတ်လည်နေ့ ဖြစ်သည်။
 
သို့သော်၊ ပင်လုံညီလာခံနှင့် ပင်လုံစာချုပ်တွင် သဘောတူညီခဲ့ကြသည့် တန်းတူခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ပြဋ္ဌာန်းခွင့်၊ ဒီမိုကရေစီအခွင့်အရေးစသည့် ကတိကဝတ်များမှာ ယနေ့ထိတိုင် အကောင်အထည် မဖော်နိုင်သေးပါ။
 
လူနည်းစု တိုင်းရင်းသားလူမျိုးများ၏ ဒေသများစွာသည် မြန်မာနိုင်ငံတွင် ဖွံဖြိုးမှု အနည်းဆုံး ဒေသများပင် ဖြစ်နေ‌သည်။
 
ခေတ်အဆက်ဆက် အာဏာရှင်အဆက်ဆက်တို၏ နှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ် အမြတ်ထုတ်ခြင်း၊ ဗိုလ်ကျလွှမ်းမိုးခြင်းတိုကို အကြီးအကျယ် ခံစားခဲ့ကြရသည်။
 
အာဏာရှင်အဆက်ဆက်သည် မတရားမှုကို ခေါင်းငုံမခံဘဲ ၎င်းတိုကို ဆန့်ကျင်တော်လှန်ကြသည့် တိုင်းရင်းသား တော်လှန်ပြည်သူများကို အကြမ်းဖက်သမားများ၊ ပြည်ထောင်စုကို ပြိုကွဲအောင် နှောင့်ယှက် ဖျက်ဆီးသူများ စသည့်ခေါင်းစဥ် အမျိုးမျိုးတပ်၊ တံဆိပ်ကပ်ခဲ့ကြသည်။
 
လက်နက်အားကိုး၊ အင်အားအားကိုးဖြင့် အကြမ်းဖက် ဖိနှိပ်ခဲ့ကြသည်။
 
သို့သော် ဤနိုင်ငံတွင် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုဟူသည် ဘယ်နံရောအခါကမျှ မတည်ရှိခဲ့ပေ။
 
တန်းတူညီမျှခြင်း၊ လွတ်လပ်ခြင်း၊ တရားမျှတခြင်းတည်းဟူသော လောကပါလတရားတိုသည် ဤနိုင်ငံတွင် ကင်းမဲ့နေသည်မှာ နှစ်ပေါင်းများစွာ တိုင်ခဲ့ပြီဖြစ်သည်။
 
ပြည်သူ့နွေဦးတော်လှန်ရေးကြီး၏ လွန်စွာထူးခြားပြောင်မြောက်သည့် ဝိသေသလက္ခဏာတရပ်မှာ ဤနိုင်ငံ၏ လူများစု လူမျိုးဖြစ်သော ဗမာလူမျိုးများကိုယ်တိုင်က အမျိုးသားတန်းတူရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၏ အရေးပါမှု၊ အခြားညီနောင် လူမျိုးများ၏ ခံစားချက်နှင့် နစ်နာမှုများ၊ အကြမ်းဖက်စစ်တပ်၏ ရက်စက်ယုတ်မာမှုများကို ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ သိရှိနားလည်၊ သဘောပေါက်လာကြခြင်း ဖြစ်သည်။
 
စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်ထောင်စုစိတ်ဓာတ်ဟူသည် အမိန့်အာဏာနှင့် အတင်းအဓမ္မ စုစည်း၍ မရနိုင်။
 
စစ်အင်အားဖြင့် လုပ်ယူ၊ တည်ဆောက်ယူ၍ မရနိုင်။ ထိုသို တည်ဆောက်ခြင်း၊ တည်ဆောက်ရန် ကြိုးပမ်းခြင်းသည် ဆွေးမြေ့ဟောင်းနွမ်းနေသည့် ပဒေသရာဇ်ခေတ်က လူမျိုးကြီးဝါဒ၊ အုပ်စုကြီးဝါဒ သွတ်သွင်းခြင်းမျှသာ ဖြစ်ချေမည်။
 
အကြမ်းဖက်အာဏာသိမ်းစစ်တပ်ကို ယခုအခါ မြေပြန့်နှင့် အညာဒေသက ပြည်သူလူထုကိုယ်တိုင် အပြင်းထန်ဆုံး၊ ရှေ့တန်းအကျဆုံးက ရဲရဲတောက် တွန်းလှန်တိုက်ပွဲဝင်နေကြပြီဖြစ်သည်။
 
ယနေ့ အကြမ်းဖက်စစ်တပ်၏ အခြေအနေမှာ ရေသောက် မြစ် ပျက်စီးသွားပြီဖြစ်သော သစ်ပင်အိုကြီးတပင်နှင့် အလားသဏ္ဍာန် တူညီပါသည်။
 
ရေရှည်ဆက်လက်ရပ်တည်ရန် မည်သိုမျှ မဖြစ်နိုင်တော့ဘဲ မကြာမီပင် ဘုံးဘုံးလဲ ပြိုကျတော့မည်ဖြစ်သည်။
 
ကျွန်ုပ်တို လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံ တော်လှန်ပြည်သူအပေါင်းသည် ဤပြည်သူ့နွေဦးတော်လှန်ရေးကြီးတွင် အာဏာရှင်စနစ်ကို တိုက်ဖျက်သည်နှင့်အမျှ လူမျိုးကြီးဝါဒ၊ ကျဉ်းမြောင်းသည့် အမျိုးသားရေး အစွန်းရောက်ဝါဒများအားလုံးကို ခဝါချ တိုက်ဖျက်ကြရမည်လည်း ဖြစ်သည်။
 
ဤနွေဦးတော်လှန်ရေးအောင်ပွဲမှသည် အတုအယောင် အမည်ခံ ပြည်ထောင်စုကို ဖြိုချ၍ စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အတူတကွ ရဲရဲကြီး ဆက်လက်တိုက်ပွဲဝင်ကြပါစို့ဟု လေးစားစွာ တိုက်တွန်းနှိးဆော်အပ်ပါသည်။