• Today is: Friday, March 29, 2024

ပြည်တွင်းစစ်သံသရာစက်ဝန်းနဲ့ သန္ဓေမတည်နိုင်သေးတဲ့ ပြည်ထောင်စု (စကားဝိုင်းအနှစ်ချုပ်)

ပြည်တွင်းစစ်သံသရာစက်ဝန်းနဲ့ သန္ဓေမတည်နိုင်သေးတဲ့ ပြည်ထောင်စု (စကားဝိုင်းအနှစ်ချုပ်)

ပြည်ထောင်စု (ဗမာ)မြန်မာနိုင်ငံတော် တည်ဆောက်ခဲ့တဲ့ သမိုင်းကြောင်းနှင့် နောက်ဆက်တွဲပြဿနာများကို ဆွေးနွေးခြင်း

(၁) မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီး ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်ခဲ့တာ (၇၆) နှစ်ထဲ ရောက်ရှိနေပါပြီ၊ လွတ်လပ်ရေးနှင့်အတူ မြန်မာနိုင်ငံတော်ကို ဘယ်လိုပုံစံနဲ့ ပြည်ထောင်စုအဖြစ် တည်ဆောက်ခဲ့ကြတာလို့ ပြောလို့ရလဲ။

ဗဒိုစောတာနီး (ပြောရေးဆိုခွင့်ရှိသူ၊ ကရင်အမျိုးသားအစည်းအရုံး)

မြန်မာပြည်လွတ်လပ်ရေးနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် အစလုံးဝမကောင်းခဲ့ဘူးလို့ ပြောလို့ရပါတယ်။ ပင်လုံစာချုပ်နဲ့ပတ်သက်ပြီး ကရင်အနေနဲ့ လုံးဝမကြေလည်ခဲ့ဘူး။ အချက် (၁) အနေနဲ့ အင်္ဂလိပ်နဲ့သွားရောက်တွေ့ဆုံချိန်မှာ ကရင်ကိုယ်စားလှယ်တစ်ယောက်မှ မပါခဲ့ဘူး။ အချက်(၂) ကတော့ စာချုပ်ချုပ်ဆိုရာမှာ ကရင်သဘောထားကို လုံးဝမယူဘူး။ ကရင်အမျိုးသားတွေနဲ့ တိုင်ပင်ဆွေးတွေးတာလည်း မရှိခဲ့ဘူး။ နံပါတ်(၃) အချက်- တိုင်းပြုပြည်ပြုလွှတ်တော်မှာ ကရင်လူဦးအလွန်နိမ့်ပါးတယ်။ (၄) ကရင်တပ်ရင်းတပ်ဖွဲ့ အနာဂတ်နဲ့ပတ်သက်ပြီးပြောဆိုတာမရှိခဲ့ဘူး။ (၅) အောင်ဆန်းအက်တလီစာချုပ်မှာ ကရင်ပြည်နဲ့ပတ်သက်ပြီး ဘာမှ ပြောဆိုထားတာ မရှိဘူး။ ဒါကြောင့် ကရင်တွေ လုံးဝမကြိုက်ခဲ့ဘူး။

သို့ပေမဲ့ ကရင်ခေါင်းဆောင် စောဘဦးကြီးက အစိုးရအဖွဲ့မှာ ပါနေတော့ ပြောရဆိုရခက်နေတယ်။ ဒါကြောင့် ၁၉၄၇ ဧပြီလ (၄) ရက်နေ့မှာ စောဘဦးကြီးမှာ ဝန်ကြီးနေရာက နုတ်ထွက်ခဲ့တယ်။ ပြီးနောက်မှာ ကြားဖြတ်ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တယ်။ အဓိက တောင်းဆိုခဲ့တာက ကရင်ပြည်အရေးဖြစ်ပါတယ်။ ပင်လုံစာချုပ်မှာ ကရင်ပြည်အရေးနဲ့ပတ်သက်ပြီးမပါခဲ့ဘူး။ ကရင်ကတော့ ဘယ်ဆီမှန်းမသိဖြစ်နေတယ်။

ကရင်ပြည်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ ရှင်းဖို့ ကြိုးပမ်းခဲ့ပေမဲ့ ဆွေးနွေးခွင့်မရခဲ့ဘူး။ လွတ်လပ်ရေးရရှိမှုဟာ ပြီးပြီးရော တက်သုတ်ရိုက် လုပ်ခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်ရေးဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့မှာ အင်္ဂလိပ်ကနေ ရခဲ့ပေမဲ့ ဇန်နဝါရီလ (၅) ရက်နေ့မှာ ထိုလွတ်လပ်ရေးကို ကရင်လူမျိုးနဲ့ မဆိုင်ဘူးဆိုတာကို KNU က ထုတ်ပြန်ခဲ့ပါတယ်။ ကရင်လူမျိုးဟာ လွတ်လပ်တဲ့ လူမျိုးတစ်မျိုးဖြစ်တယ်။ လွတ်လပ်တဲ့နိုင်ငံကိုဘဲ တည်ထောင်ချင်တယ်ဆိုတာကို အစကတည်းက ပြောခဲ့ပါတယ်။

ကိုကျော်ကိုကို (အထွေထွေအတွင်းရေးမှူး၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး)

လွတ်လပ်ရေးနဲ့အတူ ထွက်ပေါ်လာတာ ပြည်ထောင်စုမဟုတ်ဘူး။ ပြည်တွင်းစစ်ဘဲ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ သန္ဓေမမှန်ခဲ့ဘူးလို့ ပြောလို့ ရပါတယ်။ အင်္ဂလိပ်နယ်ချဲ့လက်အောက်ကနေ လွတ်လပ်အောင် လူမျိုးတစ်ခုတည်းကဘဲ ကြိုးပမ်းခဲ့တာ မဟုတ်ဘဲ၊ အားလုံးစုပေါင်း ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ တကယ် တည်ဆောက်ခဲ့တာက မည်ကာမတ္တ ပြည်ထောင်စုဘဲ ဖြစ်ပါတယ်။ နိုင်ငံရေးလက်တလုံးကြား လုပ်ပြီး တစ်ပြည်ထောင်စနစ်ကို ဖ.ဆ.ပ.လ က ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

ဆွတ်ဆိုင်းထွယ် (ဥက္ကဌ၊ ကချင်အမျိုးသားလူငယ်ကွန်ရက်)

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဟာ အစကတည်းက သန္ဓေမမှန်ခဲ့ဘူး။ မျိုးဆက်သစ်လူငယ်တွေဟာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးဖိနှိပ်မှုအောက်မှာ နေထိုင်ခဲ့ကြရတယ်။ မွန်၊ ကရင်၊ ရခိုင်၊ ရှမ်း စတဲ့ လွတ်လပ်တဲ့ လူမျိုးစု နိုင်ငံရေးအလေးမထားဘဲနဲ့ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့တာကြောင့် ပြဿနာတွေ ဖြစ်ခဲ့ရပါတယ်။ တန်းတူရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အလေးထားတဲ့ ပြည်ထောင်စု မဖြစ်လာတာကြောင့် အခုအချိန်အထိ နွေဦးတော်လှန်ရေးကြီး ရှိနေရတာ ဖြစ်ပါတယ်။ အာဏာသိမ်းမှုဟာ ဗိုလ်နေဝင်းကစထင်လို့ ထင်ရပေမဲ့ ဖ.ဆ.ပ.လ ဝန်ကြီးချုပ် ဦးနုကနေ စတယ်လို့ ပြောလို့ ရနိုင်ပါတယ်။ စစ်အာဏာရှင် ဗမာလူမျိုးကြီးဝါဒကြောင့် ပြည်တွင်းစစ်ကြီးဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

(၂) ဒါဆို ပြည်ထောင်စု အနှစ်သာရ ဆိုတာ ဘာလဲ။ လွတ်လပ်ရေးရပြီး ပြည်ထောင်စုစနစ်ကို တည်ဆောက် လာပြီးနောက် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ဆယ်စုနှစ် တစုလောက် ပြည်ထောင်စု အနှစ်သာရ တချို့ရခဲ့ တယ်လို့ ပြောကြတယ်၊ လက်ခံလို့ရမလား၊ ဘယ်လိုမြင်ပါသလဲ။

ကိုကျော်ကိုကို (အထွေထွေအတွင်းရေးမှူး၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး)

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံကိုအခြေခံပြီး ဆယ်နှစ်တာ အုပ်ချုပ်ခဲ့ပေမဲ့ ထိုကာလမှာကတည်းက လက်နက်ကိုင်တော်လှန်ရေးက ရှိနေပြီဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံဟာ 1935 Burma Act, အိန္ဒိယနဲ့ အိုင်ယာလန် အခြေခံဥပဒေတွေကို အခြေခံပြီးတော့ (၂) လ တက်သုတ်ရိုက်ရေးပြီး အင်္ဂလိပ်ကနေ လွတ်လပ်ရေးတောင်းခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လုံးဝမပြည့်စုံသလို ပင်လုံကတိကဝတ်တွေကိုလည်း ပြန်လည်ထည့်သွင်းရေးဆိုမှုထဲမှာ အများကြီး ကျန်ခဲ့တာ ရှိပါတယ်။

ထိုကာလ ပါလီမန်ထဲမှာ ဖ.ဆ.ပ.လရဲ့ ဂိုဏ်းဂဏပြဿနာက အလွန်ကြီးနေချိန်လည်း ဖြစ်ပါတယ်။ ထိုအချိန်ကတည်းက ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မယ်ဆိုရင် လက်နက်ကိုင်တော်လှန်ရေးတွေ၊ ပြည်တွင်းစစ်တွေက ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။ အချုပ်ပြောရမယ်ဆိုရင် ဖက်ဒရယ်ကိုတည်ဆောက်နိုင်ဖို့ဆိုရင် အချင်းချင်းကြား power Sharing လုပ်ဖို့ လိုပါတယ်။ လူမျိုးစုတစ်ခုချင်းရဲ့ Autonomy ကိုလည်း အသိအမှတ်ပြုဖို့လိုပါတယ်။

၃) ၁၉၄၇ ပင်လုံစာချုပ်နှင့် ပြည်ထောင်စုကို တည်ဆောက်ခဲ့ကြတဲ့ အခင်းအကျင်းက သမိုင်းကြောင်းအရ၊ ဥပဒေ ကြောင်းအရ ကနေ့ချိန်ထိ တရားဝင်တည်ရှိနေပါတယ်။ သို့သော် ပြည်ထောင်စု အနှစ်သာရ ပျောက်ဆုံးနေတဲ့ အခင်းအကျင်းကြုံနေရတယ်၊ အဓိက ကြုံနေရတဲ့ အကြောင်းအရင်းက ဘာလဲ။

ဆွတ်ဆိုင်းထွယ် (ဥက္ကဌ၊ ကချင်အမျိုးသားလူငယ်ကွန်ရက်)

လူမျိုးတွေရဲ့ နိုင်ငံရေးအာဏာ၊ နိုင်ငံရေးသိက္ခာကို အသိအမှတ်မပြုခြင်းကြောင့် ပြည်ထောင်စုအနှစ်သာရက ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ ပင်လုံစာချုပ်ဟာ လက်ရှိအချိန်အထိ တရားဝင်ဖြစ်နေပါတယ်။ ပြည်ထောင်စုတစ်ခု တည်ဆောက်လိုတဲ့ စိတ်ဟာ အခုချိန်အထိ ရှိပါတယ်။ ဗမာလူမျိုးကြီးဝါဒကို အခြေခံတဲ့ စစ်အာဏာရှင်စနစ်ကြောင့် အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဆုံးရှုံးနေကြရတာဖြစ်ပါတယ်။

ဗမာလူမျိုးကြီးဝါဒရဲ့ဆိုးကျိုးကို အခြားလူမျိုးစုတွေသာမက ဗမာလူမျိုးတွေကိုယ်တိုင်ပါ ခံစားနေကြရတာကို လက်ရှိနွေဦးတော်လှန်ရေးမှာ ထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ်။ အမျိုးသားရေးဂုဏ်သိက္ခာကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ အချိန်တန်ပြီလို့ ပြောလို့ ရပါတယ်။

၄)  ပြည်ထောင်စု အနှစ်သာရ ပျောက်ဆုံးခဲ့တဲ့ နောက်ဆက်တွဲက ပြည်တွင်းစစ်ကြီး စတင်ဖြစ်ပွားစေခဲ့တယ်လို့ ပြောလို့ရပြီပေါ့နော်။ ဆိုတော့ ပြည်တွင်းစစ် ဘယ်လောက် ရှည်ကြာနေပြီလဲ။ ပြည်တွင်းစစ်ကြီး ဖြစ်ရတဲ့ အရင်းခံ ပြဿနာတွေက ဘာတွေလဲ။

ဗဒိုစောတာနီး (ပြောရေးဆိုခွင့်ရှိသူ၊ ကရင်အမျိုးသားအစည်းအရုံး)

ကရင်လူမျိုးအတွက် ပြောရမယ်ဆိုလို့ရှိရင် ပြည်တွင်းစစ်ပြီးဖြစ်ရတဲ့အကြောင်းအရင်းက လုံခြုံမှုမရှိခြင်းကြောင့် ဖြစ်ပါတယ်။ အင်္ဂလိပ်လက်အောက်က‌နေ လွတ်လပ်ရေးယူကတည်းက သပိတ်မှောက်ခဲ့ပေမဲ့ ဗမာပြည်အောက်မှာ ကရင်လူမျိုးတွေကို သွတ်သွင်းပြီး တပါးတည်းလွတ်လပ်ရေးယူခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် သီးခြားကရင်ပြည်ရရှိဖို့အတွက် ကရင်ခေါင်းဆောင်ကြီး စောဘဦးကြီးက တောင်းဆိုခဲ့တာကို ကရင်သဘောဆန္ဒမှန် ဖြစ်ရင် ပေးပါ့မယ်ဆိုတာကြောင့် ၁၉၄၉ ခုနှစ်ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ကရင်လူမျိုး လေးသိန်းကျော် ဆန္ဒပြပြီး (၁) ကရင်ပြည်ချက်ချင်းပေး၊ (၂) ကရင်တစ်ကျပ်၊ ဗမာတစ်ကျပ်၊ ရှမ်းတစ်ကျပ်၊ (၃) လူမျိုးရေးပဋိပက္ခ အလိုမရှိ ဆိုတဲ့ အချက် (၃) ချက်ကို တောင်းဆိုခဲ့ပါတယ်။

ပြည်တွင်းစစ် ချုပ်ငြိမ်းနိုင်ဖို့ ဘယ်လိုနိုင်ငံရေးစနစ်နှင့် နိုင်ငံရေး အခင်းအကျင်းက လိုအပ်နေလဲ သုံးသပ်ခြင်း

(၁) ပဋိပက္ခတိုင်းကတော့ ပြဿနာတွေ၊ ပြည်တွင်းစစ်တွေကို ဦးတည်စေတာတော့ မဟုတ်ပါဘူး ဖြေရှင်းလို့ ရတယ်လို့ ပြောကြတယ်။ မြန်မာနိုင်ငံမှာ ဘာကြောင့် ပဋိပက္ခတွေဟာ ဖြေရှင်းလို့ မရနိုင်သေးတဲ့ ပြဿနာ ကြီးတွေအထိ ရောက်လာရတာလဲ။

ဗဒိုစောတာနီး (ပြောရေးဆိုခွင့်ရှိသူ၊ ကရင်အမျိုးသားအစည်းအရုံး)

နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းဖို့ အစဉ်တစိုက် တောင်းဆိုခဲ့ပါတယ်။ သို့ပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို လက်နက်ချရေးဆိုတာနဲ့အမြဲတမ်းအဆုံးသတ်ရခဲ့ရတယ်။ ငြိမ်းချမ်းရေးကို ဘယ်တော့မှ သဘောရိုးနဲ့ မလုပ်ဆောင်ခဲ့ဘဲ လက်ရှိအချိန်အထိ ညစ်ပတ်တဲ့ နည်းလမ်းနဲ့ သုံးနေဆဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ စစ်တပ်ကို မကျော်နိုင်ဘဲ အောင်မြင်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။

(၂) ပြည်သူတရပ်လုံးပါဝင်နေတဲ့ နွေဦးတော်လှန်ရေးက မြန်မာပြည်တွင်းစစ် ချုပ်ငြိမ်းဖို့ အလားအလာလို့ မြင်ရ ပြီလား။

ဆွတ်ဆိုင်းထွယ် (ဥက္ကဌ၊ ကချင်အမျိုးသားလူငယ်ကွန်ရက်)

နွေဦးတော်လှန်ရေးဟာ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းနိုင်သလား။ အောင်မြင်နိုင်သလားဆိုတာနဲ့ ပတ်သက်ပြီးပြောလို့ မရနိုင်သေးပါဘူး။ လူမျိုးကြီးဝါဒချုပ်ငြိမ်းရေးနဲ့ အာဏာရှင်စနစ်အမြစ်ပြတ်ရေးဟာ နွေဦးတော်လှန်ရေးနဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်မလားဆိုတာနဲ့ပတ်သက်ပြီး ပြောစရာအများကြီးရှိပါတယ်။

စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် စစ်တပ်ကို တိုက်ခိုက်တာ စစ်တပ်ထုတ်ကုန်တွေကို သပိတ်မှောက်တာ စတာတွေနဲ့ပတ်သက်ပြီးလုပ်ဆောင်နေတာ ရှိပေမဲ့ လူမျိုးကြီးဝါဒနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတာတွေက အားနည်းနေပါသေးတယ်။

တော်လှန်ရေးအောင်မြင်ဖို့အတွက် အမိန့်ပေးစနစ်တစ်ခုတည်းအောက်မှာ လုပ်ဆောင်တဲ့ လုပ်ရပ်တွေ ရှိဖို့လိုပါတယ်။ တိကျပြတ်သားတဲ့ ပန်းတိုင်၊ လမ်းစဉ်တွေကို ရှိဖို့လိုသလို စစ်တပ်အတွင်းပြိုမှု (Defection) တွေအားကောင်းရင်လည်းအောင်မြင်မှာ ဖြစ်ပါတယ်။ လူမျိုးစုအားလုံးရဲ့ ကံကြမ္မာကို ဖန်တီးပေးနိုင်တဲ့ ဖက်ဒရယ်စိတ်ဓာတ်ရှိဖို့လိုအပ်ပါတယ်။

၃) မြန်မာနိုင်ငံတော်ကြီးဟာ လွတ်လပ်ရေးတာ နှစ်ပေါင်း ၇၅ နှစ် ကျော်လာပြီပေါ့နော်။ လက်ရှိအချိန်အထိ အားလုံးအတွက် အကျိုးများစေတဲ့၊ လက်ခံကျင့်သုံးလို့ ရတဲ့ နိုင်ငံရေးစနစ်တစ်ခုကို အကောင်အထည် မဖော်နိုင် သေးတာ ဘာကြောင့် ပါလဲ။

ကိုကျော်ကိုကို (အထွေထွေအတွင်းရေးမှူး၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး)

နွေဦးတော်လှန်ရေးမှာ စစ်အာဏာသိမ်းတာ၊ အမေစုကို ဖမ်းတာတွေကို မကျေနပ်လို့ အလိုအလျောက်တုံ့ပြန်တဲ့အနေနဲ့ လမ်းပေါ်ထွက်ဆန္ဒပြတော်လှန်ကြတာဖြစ်ပါတယ်။ နောက်တဆင့်အနေနဲ့ အလိုအလျောက်တုံ့ပြန်မှုကနေ နိုင်ငံရေးအသိစိတ်ကို အရင်းခံလုပ်ဆောင်ခြင်း (Political Consciousness) နဲ့ လုပ်ဆောင်ဖို့ လိုပါတယ်။ လူမျိုးစုကို ဖိနှိပ်တာ၊ လူနည်းစုတွေကိုဖိနှိပ်တာတွေစတဲ့ အရင်းခံအကြောင်းတွေ ရှိပါတယ်။

ကျွန်တော်တို့ရဲ့ လမ်းစဉ်အနေနဲ့ ဖြို(၂) ဖြို၊ တည် (၂) တည်ဆိုတဲ့ လမ်းစဉ်ရှိပါတယ်။ ဖြို(၂) ဖြိုကတော့ အတွေးအခေါ်ဟောင်းတွေကို ဖြိုရမယ်။ အာဏာယူထားတဲ့ အာဏာရှင်ယန္တရားကို ဖြိုရမယ်။ တည်(၂) တည်ကတော့ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်စတဲ့အတွေးအခေါ်သစ်တွေကို တည်ဆောက်ရမှာဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာ ဖက်ဒရယ်စိတ်ဓာတ်၊ တန်ဖိုး၊ အလေ့အကျင့်ကို ကျင့်သုံးဖို့ လိုပါတယ်။ အဲလိုမှ မဟုတ်ရင် ပြဿနာက တကျော့ပြန်နေမှာ ဖြစ်ပါတယ်။

၄) နွေဦးတော်လှန်ရေးနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မယ်လို့ ကြွေးကြော်နေကြပြီ အားလုံးလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆိုတာနဲ့ ပတ်သက်ပြီး ဆိုလိုရင်း အဓိပ္ပါယ်ကို ဘယ်လို ဖွင့်ဆို ကြမလဲ။ ဖွင့်ဆိုဖို့ လိုအပ်သလဲ။

ဗဒိုစောတာနီး (ပြောရေးဆိုခွင့်ရှိသူ၊ ကရင်အမျိုးသားအစည်းအရုံး)

ဖက်ဒရယ်ပြည်ထောင်စု၊ ဒီမိုကရေစနစ်စတာနဲ့ပတ်သက်ပြီး ဝိဝါဒတွေ ရှိပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်က မတူပါဘူး။ ဒီမိုကရေအခွင့်အရေးရရုံနဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးက အလိုအလျောက်မဖြစ်နိုင်ဘူးဆိုတာ လက်ရှိခေါင်းဆောင်တွေ သတိထားဖို့ လိုပါတယ်။ ဖက်ဒရယ်ရဲ့အနှစ်သာရဖြစ်တဲ့တန်းတူညီမျှရေး၊ အာဏာခွဲဝေရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် မပေးဘဲ ဒီမိုကရေအရေးကိုဘဲ စောင်းပေးပြောနေမယ်ဆိုရင် ပြည်ထောင်စုဆိုတာကြီးကို အကောင်းသိပ်မမြင်တော့ဘူးလို့ဘဲ ပြောချင်ပါတယ်။

၅)  မြန်မာ့နိုင်ငံရေးရဲ့ အရင်းခံပြဿနာတွေကို ဘယ်လိုနိုင်ငံရေးစနစ်က ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်လဲ။ ဘယ်လိုသုံးသပ်ပါသလဲ။

ကိုကျော်ကိုကို (အထွေထွေအတွင်းရေးမှူး၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး)

အမျိုးသားတန်းတူညီမျှမှုကို အာမခံပေးနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစနစ်နဲ့ ပြည်တွင်းစစ်ကြီးကို ငြိမ်းသတ်နိုင်မယ်လို့ မြင်ပါတယ်။ ဖက်ဒရယ်ပြည်ထော်စုကြီးကို ဘယ်လို တည်ဆောက်မလဲဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးရမယ်ဆိုရင် တူတဲ့ ယူနစ်တွေနဲ့ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ လူမှုရေး၊ စီးပွားရေးကဏ္ဍတွေမှာလည်း လက်ဝါးကြီးအုပ်စီးပွားရေးစနစ်မဟုတ်ဘဲ ဆိုရှယ်ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖို့လိုပါတယ်။

ဆွတ်ဆိုင်းထွယ် (ဥက္ကဌ၊ ကချင်အမျိုးသားလူငယ်ကွန်ရက်)

လူမှုအသိုင်းအဝိုင်းတစ်ခုကို တည်ဆောက်ရာမှာ လူဖြစ်ခြင်းရဲ့ တန်ဖိုးကို အလေးထားဖို့ လိုပါတယ်။ အမျိုးသမီး၊ အမျိုးသား တန်းတူညီမျှမှုဟာ လူမှုအသိုင်းအဝိုင်းမျှခြေဖြစ်မှုနဲ့ အဆင့်အတန်းမြှင့်တင်ဖို့အတွက် အရေးပါပါတယ်။ မတူကွဲပြားတဲ့ လူမျိုးစုတိုင်း၊ လူသားတိုင်းကို အာမခံချက်ပေးနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့လိုပါတယ်။ နွေဦးတော်လှန်ရေးဟာ ပုံစံမျိုးစုံနဲ့ အာဏာရှင်စနစ်တစ်ခုလုံး ဖြိုချရမှာ ဖြစ်ပါတယ်။

(၆) ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ ဘာလဲ။

ဗဒိုစောတာနီး (ပြောရေးဆိုခွင့်ရှိသူ၊ ကရင်အမျိုးသားအစည်းအရုံး)

ပြည်ထောင်စုစိတ်ဓာတ်ဆိုတာနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ပြည်ထောင်စုအတွင်းမှာ အတူတူနေထိုင်တဲ့ လူမျိုးစုတွေအားလုံး အေးတူပူမျှ၊ တန်းတူမျှတမှုရှိကြတယ်ဆိုရင် ပြည်ထောင်စုစိတ်ဓာတ်ရှိတယ်လို့ ပြောလို့ရနိုင်ပါတယ်။ ဗဟိုချုပ်ကိုင်မှုကြီးလာမယ်ဆိုရင် သီးခြားလွတ်လပ်နိုင်ငံအဖြစ် ခွဲထွက်တဲ့ ဖြစ်စဉ်တွေ ဖြစ်လာနိုင်မယ်လို့ မြင်နေရပါတယ်။ အဲတာကြောင့် ပြည်တွင်းအပါအဝင်၊ ပြည်ပနိုင်ငံတကာအဖွဲ့အစည်းတွေက ဝိုင်းထိန်းဖို့ လိုပါတယ်။

လူတိုင်းမှာ သည်းခံမှုဆိုတာ အကန့်အသတ်ရှိပါတယ်။ သို့ပေမဲ့ အခြေအနေတွေ ဆိုးလာမယ်ဆိုရင် ခွဲထွက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီကို မိုးမွှန်အောင် ပြောရုံနဲ့ မရပါဘူး။ ဖက်ဒရယ်တည်ဆောက်မယ်ပြောပြီးကိုယ်တိုင်က ဘယ်ယူနစ်မှာပါမှန်းမရေရာသေးဘူးဆိုရင် ပိုဆိုးလာရုံဘဲ ရှိပါတယ်။ လက်တွေ့မှာ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ဖို့ အရမ်းခက်နေမယ်ဆိုရင် ခွဲထွက်မှုက ဖြစ်ကို ဖြစ်လာမှာ ဖြစ်ပါတယ်။

ဆွတ်ဆိုင်းထွယ် (ဥက္ကဌ၊ ကချင်အမျိုးသားလူငယ်ကွန်ရက်)

စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ပတ်သက်ပြီး လူမျိုးတိုင်းအနေနဲ့ သမိုင်း၊ ပထဝီအနေအထားနဲ့ပတ်သက်ပြီး နားလည်လက်ခံရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုအတွင်းနေထိုင်တဲ့  လူတိုင်းကို လူမျိုးရေးအရ ၊ နိုင်ငံရေးအရ လက်ခံပေးရမှာ ဖြစ်ပါတယ်။ အဲတာက ပြည်ထောင်စုစိတ်ဓာတ်ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

ကိုကျော်ကိုကို (အထွေထွေအတွင်းရေးမှူး၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး)

ပြည်ထောင်စုဆိုတာ အချင်းချင်း အနိုင်ကျင့် ဗိုလ်ကျခြင်းမရှိဘဲနဲ့ ချစ်ချစ်ခင်ခင် နေထိုင်ကြတဲ့ စိတ်ဓာတ်ကို ဆိုလိုတာဖြစ်ပါတယ်။ အချင်းချင်းအနိုင်ကျင့်မှုတွေကဘဲ လွမ်းခြုံနေတာကြောင့် အချင်းချင်းကြား သံသယတွေ များလာကြပါတယ်။ မှန်ကန်တဲ့ စိတ်ဓာတ်နဲ့ တော်လှန်ရေးကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုအတွင်းမှာ အတူနေထိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုရင် ခွဲထွက်ခွင့်ကိုလည်း အသိအမှတ်ပြုဖို့လိုပါတယ်။ အဲလို မဖြစ်စေချင်ဘူးဆိုရင် နိုင်ငံရေးရင့်ကျက်မှုရှိဖို့လိုသလို၊ နိုင်ငံရေးပြဿနာတွေ သေသေချာချာ ဖြေရှင်းဖို့လိုပါတယ်။