• Today is: Friday, March 29, 2024

တိုင်းရင်းသားတော်လှန်လူငယ် အတွေးအသံ | ကရင်ပြည်နယ်

ရဲဘော်အယ်ဗင်လု(ခ်)

နဂါးနီစစ်ကြောင်း ၊ ကရင်ပြည်နယ်။

(၁) မေး။ ။ လူငယ်တွေ အများစု ပါဝင်ဦးဆောင်နေတဲ့ နွေဦးတော်လှန်ရေးအပေါ် ဘယ်လိုမြင်လဲ။

ဖြေ။ ။ ကျနော်တော့ ‌ နွေဦးတော်လှန်ရေးအပေါ်မှာ ဒီနွေဦးတော်လှန်ရေးက ဒီအာဏာရှင် လူတစ်စုရဲ့ အာဏာရူး ဘုရင်ရူး ပလ္လင်မူးတဲ့ ကိစ္စကနေဖြစ်ပေါ်လာတယ်ဆိုပင်မဲ့ ကျနော် တစ်ယောက်တည်းရဲ့ အမြင်အရ ပြောရမယ်ဆိုရင် ကျနော်တို့ နိုင်ငံရဲ့ စစ်မှန်တဲ့ခေါင်းဆောင်တွေက နေပြီးတော့ နည်းလမ်းပြပေးခဲ့တဲ့ နိုင်ငံရေး ပရောဂျက် တစ်ခုလို့တောင် ကျနော် မြင်မိတယ်။ ဘာလို့ဆိုတော့ တော်လှန်ရေး မတိုင်ခင်မှာ ကျနော် အပါအဝင် လူငယ်တော်တော်များများက နိုင်ငံရေး စိတ်မဝင်စားဘူး။ ကျနော် လူငယ်ဆိုတာ ထက် ပြည်သူလူထု တော်တော်များများပေါ့။

ကိုယ့်နိုင်ငံအရေးမှာ ဘာတွေဖြစ်နေလဲ သိပ်စိတ်မဝင်စားဘူး။ ဒီတော်လှန်ရေး ကြောင့် ပြည်သူတွေ ကျနော်တို့ လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားလာတယ်။ ကိုယ့်တိုင်ပြည်မှာ ဘာဖြစ်နေလဲ သိလာရတယ်။ စစ်အာဏာရှင်ရဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေကို သိလာတယ်။ အာဏာရှင်ကို မုန်းတီးတဲ့ စိတ်တွေဖြစ်ပေါ်လာတယ်။ ပြီးတော့ ကျနော်တို့ လူငယ်တွေ ပြည်သူတွေကို စည်းလုံးမှုတွေပိုပေးနိုင်တဲ့အတွက် အဆိုးထဲက အကောင်းတွေ ဖြစ်လာမယ့် အရေးတော်ပုံကြီး တစ်ခုလို့ ကျနော် မြင်ပါတယ်။

(၂) မေး။ ။ လူငယ်အများစုကတော့ နွေဦးတော်လှန်ရေးနှင့်အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တွန်းလှန် သွားမယ် လို့ ယုံကြည်ထားကြတယ်၊ ဒီအပေါ်လူငယ်တဦးအနေနဲ့ ဘယ်လို မြင်လဲ။

ဖြေ။ ။ အမှန်တိုင်းပြောရင် ကျနော်တို့က ဒီတော်လှန်ရေးကို အမြစ်ပြတ်တဲ့ အထိတိုက်မှာ အောင်နိုင်တဲ့ အထိကို တိုက်မှာ ဒီယုံကြည်ချက်တွေကြောင့်ပဲ ကျနော်တို့က တော်လှန်ရေးက အချိန်ကာလ ၂နှစ် ကြာသည်အထိ အရှိန်အဟုန်တွေက လျော့မသွားဘူး။ ကျနော်တို့ တော်လှန်ရေး ရဲဘော်တွေရဲ့ အားလုံးရဲ့ ယုံကြည်စိတ်မှာ အာဏာရှင်ကို အမြစ်ပြတ်အောင်တိုက်မယ် အာဏာရှင်ပြုတ်ကျသည်အထိ ကြိုးစားကြမယ်။

အဲ့ဒီယုံကြည်ချက်ကြောင့် ကျနော်တို့ တော်လှန်ရေးက အရှိန်အဟုန် လျော့မသွားဘူး ရတဲ့နည်းနဲ့ လက်နက်ကိုင်တယ် တောခိုတယ် ထောက်ပံ့နိုင်တဲ့ ပြည်သူက ထောက်ပံ့ကြတယ်။ နည်းမျိုးစုံ ပုံစံမျိုးစုံနဲ့ အားလုံး ဝိုင်းဝန်းကြိုးစားတယ်။ အာဏာရှင်စနစ်ရဲ့ ဆိုးကျိုး အာဏာရှင်တွေရဲ့ ဆိုးကျိုး ကို သိလာရတယ်။

သိလာတဲ့အတွက် ပြည်သူတွေက ဒီအာဏာရှင်ကိုမှ ဖြုတ်ကျအောင် မတိုက်ချနိုင်ဘူးဆိုရင် ဒီထက် မက ဆိုးလာဖို့ပဲ ရှိတော့တယ်ဆိုတဲ့ အသိစိတ်တွေဝင်လာတယ်။ အဲ့ဒီအတွက် ယုံကြည်ချက်တွေ ပိုပြီးခိုင်မာလာတယ်။ အဲ့ဒီယုံကြည်ချက်တွေကြောင့်ပဲ ကျနော်တို့ တော်လှန်ရေးက အောင်ကို အောင်မယ်လို့လည်း ကျနော်မြင်တယ်။ ဒီယုံကြည်ချက်က ကောင်းမွန်တယ်။ ကျနော်တို့ ကိုယ်တိုင်မှာလည်း ရှိတယ်။

 

(၃) မေး။ ။ အထက်က မွေးခွန်းနှင့်ဆက်စပ်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေရတဲ့ အကြောင်း အရင်း တွေက ဘာတွေဖြစ်မလဲ။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့အတွက် ဘယ်လိုနည်းလမ်းက အဓိကကျမယ်လို့ မြင်လဲ။

ဖြေ။ ။ အာဏာရှင်စနစ် သက်ဆိုးရှည် ရတဲ့ အကြောင်းရင်းက စောစောက ပြောခဲ့ သလိုပဲ အရင်ကာလတွေမှာ ကျနော်တို့ ပြည်သူတွေကို အာဏာရှင်တွေ ပုံသွင်းခဲ့တာလည်းပါသလို ကျနော်တို့ ပြည်သူတွေက ကြောက်သင့်တဲ့ အရာမှာ မကြောက်ဘူး လန့်သင့်တဲ့နေရာမှာ မလန့်ဘူး။ အမှန်တရးကိုပြောဖို့ အတွက် တွန့်ဆုတ်တတ်တယ်။ အမှားတစ်ခုကိုလည်း ထောက်ပြဖို့လည်း ဝန်လေးတက်ကြတယ်။ အဲ့ဒါကြောင့်လည်း ပါမယ်။

ပြီးတော့ အာဏာရှင်တွေက သူတို့ဘက်ကိုတွေးကြည့်မယ်ဆိုရင် ယုတ်မာတယ်ဆိုပင်မဲ့ သူတို့ ယုတ်မာတဲ့နည်းလမ်းတွေမှာ သူတို့က အရမ်းတော်တယ် ဗျ။ အဲ့ဒါလည်းပါတယ်။ သူတို့တွေ သေသေချာချာကို နှစ်ရှည်လများ ပလန်ချပြီးတော့ သူတို့တစ်စုစာကောင်းစားဖို့ အတွက် သေချာကြိုးစားခဲ့တာကြောင့်လည်း ပါမယ်။

ပြီးတော့ ပြည်သူလူထု တော်တော်များများကလည်း အခုချိန် အထိကိုရှိနေသေးတယ်ဗျာ။ တချို့ တချို့ သောသူတွေ ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတဲ့သူတွေလည်း ရှိနေသေးတယ်။ အဲ့လိုလူတွေလည်း များသေးတယ်။ အဲ့ဒါကြောင့်မို့ ကျနော် အာဏာရှင်စနစ်က သက်ဆိုးရှည်နေသေးတယ်။ တော်လှန်ရေး အစတုန်းကလိုမျိုး ဆန္ဒပြတဲ့ အချိန်ကာလကလိုမျိုးသာ ပြည်သူလူထုက စည်းစည်းလုံးလုံးနဲ့ သာ တော်လှန်မယ်ဆိုရင် အာဏာရှင် စနစ် ပြုတ်ကျနေလောက်ပါပြီ။

အာဏာရှင်စနစ်ကိုတွန်းလှန်တဲ့ တော်လှန်ရေးမှာ အခန်းကဏ္ဍ အားလုံးက အရေးပါတယ်လို့ ကျနော်မြင်တယ်။ ဘာလို့ဆိုတော့ စစ်ရေးရော။ နိုင်ငံရေးရော ကျနော်တို့ ပြည်တွင်း စည်းလုံးညီညွတ်မှုပိုင်းဆိုင်ရာရော ပြည်သူလူထုရဲ့ထောက်ပံ့ကူညီမှုရော အရေးပါတဲ့ အခန်းဏ္ဍပါ။ ကျနော်တို့ pdf တွေဆိုတာလည်း ပြည်သူလူထုရဲ့ထောက်ပံ့မှု ပြည်သူလူထုရဲ့ ကူညီမှု မပါရင် ရပ်တည်လို့မရပါဘူး။

ပြည်သူလူထုကလည်း ကျနော်တို့ ရှိနေတဲ့ အတွက် သူတို့လည်း နောက်ကနေပြီးတော့ အခုချိန်ထိ စိတ်မလျော့သွားပဲ တော်လှန်ရေးမှာ ပါဝင်နေတာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ နဲ့ ဒီတော်လှန်ရေးကိုပါဝင်နေကြတယ်။ အောင်မြင်ဖို့အတွက် အခန်းဏ္ဍ ပေါင်းစုံကြနေကြိုးစားနေကြတယ်။

ပြည်ပမှာလည်း ပြည်ပ အလျှောက် အစိုးရကလည်း အစိုးရ အလျှောက် လုပ်သင့်လုပ်ထိုက်တာ လုပ်နေပြီး ကျနော်တို့ အစိုးရ တဖြည်းဖြည်းနဲ့ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရတစ်ရပ်ဖြစ်လာပြီ။ အဲ့ဒီ အတွက် ဘယ်အချက်တွေက အဓိကကျလဲ ဆိုတာထက် တော်လှန်ရေးမှာ click to donate လုပ်နေတဲ့သူကနေစပြီးတော့ အစိုးရယန္တရားရောက်တဲ့ အထိ တောထဲမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေအထိ အကုန်လုံး သူ့အခန်းဏ္ဍနဲ့ သူအရေးကြီးတယိလို့ ကျနော်ထင်တယ် အကုန်လုံးက အဓိက ကျပါတယ်။

 

(၄) မေး။ ။ မြန်မာပြည်ရဲ့ အရှည်ကြာဆုံး ပြည်တွင်းစစ် ချုပ်ငြိမ်းဖို့အတွက် ဘယ်လိုနိုင်ငံရေးစနစ်နဲ့ အုပ်ချုပ်ပုံစနစ်က အကောင်းဆုံးဖြစ်မယ်လို့ မြင်လဲ။

ဖြေ။ ။ ဒါကတော့ အားလုံးသိပြီးသား အတိုင်းပါပဲ နိုင်ငံရေး စနစ် အရပြောရမယ်ဆိုရင်တော့ ဒီမိုကရေစီပေါ့။ ဒီမိုကရေစီနည်းလမ်းအရဆိုရင် လွတ်လပ်မျှတပြီးတော့ စည်းကမ်းရှိတဲ့ တိုင်းပြည်တစ်ခုဖြစ်လာပြီး ဆိုရင် တော့ ကျနော်တို့ နိုင်ငံက တဖြည်းဖြည်းနဲ့ တိုးတက်လာမှာဖြစ်တယ်။

ပြီးတော့ အုပ်ချုပ်ရေး စနစ် ဆိုရင်တော့ ဖက်ဒရယ်ပေါ့နော်။ ဖက်ဒရယ် ပြည်ထောင်စုတစ်ခုဖြစ်လာပြီးဆိုရင်တော့ ကျနော်တို့ ပြည်တွင်းစစ်ဆိုတာ လည်း လုံးဝ ချုပ်ငြိမ်းသွားမယ်။ ကိုယ့် ပြည်နယ် အစိုးရနဲ့ ဆက်လက်သွားနိုင်မယ်။ 

EAO တွေနဲ့ PDF စတဲ့ စစ်တပ်တွေဆိုတာကလည်း တစ်တိုင်းပြည်လုံးမှာ စစ်တပ်ကတစ်ခုတည်း ရှိလာမှာဖြစ်တဲ့ အတွက် ပြည်တွင်းစစ်က ချုပ်ငြိမ်းသွားမှာ ကြိမ်းသေပါတယ်။ စစ်တပ်တစ်ခုတည်းဆိုပင်မဲ့ ကိုယ့်ပြည်နယ် ကိုယ့်အစိုးရနဲ့ ဖက်ဒရယ်အောက်မှာသွားတဲ့ အတွက် ဝန်ကြီးဌာနရဲ့ အောက်မှာသွားတဲ့ အတွက် စစ်ဦးစီးချုပ် ရှိရမယ် ပြည်သူ့အစိုးရရဲ့အောက်မှာ သွားတဲ့ အတွက် ပြည်တွင်းစစ်တွေ ချုပ်ငြိမ်းသွားပါမယ်။

 

(၅) မေး။ ။ နွေဦးတော်လှန်ရေးနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ကြမယ်လို့ အများစုက ကြွေးကြော်နေကြပြီ အောင်မြင်မှုဖို့ ဘယ်လိုအခင်းအကျင်းတွေ ရှိဖို့လိုအပ်မယ်လို့ မြင်လဲ။

ဖြေ။ ။ အခင်းကျင်းတွေကတော့ အရင်ကတော်လှန်ရေးနဲ့ မတူဘူးပေါ့လေ။ ကျနော်တို့ စစ်ရေးရော နိုင်ငံရေးရော သံတမန် ရေးရော ပြည်တွင်းစည်းလုံး ညီညွတ်မှု ပါ၊ ပြီးတော့ NUCC , ပြည်တွင်းမှာဆို NUCC က အဓိက ကျသလို ပြည်ပမှာလည်း NUG က အရေးပါတယ်။ NUCC က ပြည်တွင်း တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုအတွက် အဓိက ကြိုးစားနေတယ်။

NUG ကလည်း အစိုးရသစ်တစ်ရပ်ဖြစ်ပေါ်လာဖို့ အတွက် အစွမ်းကုန်ကြိုးစားနေတယ်။ စစ်ရေးပိုင်းအရလည်း လက်နက်ကိုင်  တွေက အစွမ်းကုန်ကြိုးစားနေတဲ့ အတွက် အခင်းအကျင်း ကအောင်မြင်မှုရလာတဲ့ အခါမျိုးမှာ ဖရိုဖရဲ ဖြစ်စရာအကြောင်းတော့ မရှိဘူး။ အားလုံး သူဟာနဲ့သူ စနစ်တကျ ဖြစ်လာမယ်လို့ ကျနော် မြင်တယ် အားလုံး လည်းဖြစ်လာလိမ့်မယ်။

(၆) မေး။ ။ စစ်ကောင်စီက ကျင်းပလာမယ့် ရွေးကောက်ပွဲအပေါ် လူငယ်တဦးအနေနဲ့ ဘာပြောချင်လဲ။ ဘယ်လို သဘောထားမျိုးရှိလဲ။

ဖြေ။ ။ ဒါကတော့ သူ့အတွက် ထွက်ပေါက်လို့တော့ မြင်တယ်ဗျ ဘာလို့လဲဆိုတော့ စစ်အာဏာရှင်က အမျိုးမျိုးစမ်းသပ်ကြည့်ပြီးပြီ။ အရင်လိုမျိုး ခဏလေးနဲ့ ငြိမ်သွားမလား သူတို့ လုပ်ပြလိုက် သတ်ပြလိုက်တာနဲ့ ကြောက်လန့်ပြီးတော့ ငြိမ်သွားမလား ဆိုပြီးတော့ သူအမျိုးမျိုးအဖုံဖုံနဲ့ လုပ်ကြည့်ပြီးပြီ။ မရလာတဲ့ အခါမှာတော့ သူ့ရဲ့နောက်ဆုံးအကွက်လို့ပဲ ပြောရမှာပေါ့။

မရလာတဲ့ အခါမှာ သူရွေးကောက်ပွဲလုပ်မယ်။ ရွေးကောက်ပွဲက ဘယ်လို ပုံစံနဲ့တူလဲဆိုရင်တော့ ကျနော့် အမြင်အရဆို လူရွှင်တော်တွေ ပြောသလို မီးနေသည်က ဝမ်ချိုင်းကို စိန်ခေါ်သလိုပဲ။ ကျနော်တို့က မီးနေသည်ပေါ့။ သူက ဝမ်ချိုင်းပေါ သူ့မှာ အင်အားတောင့်တင်းတယ်။ သူအခုလုပ်မယ့် ရွေးကောက်ပွဲက ဘောလုံးကစားနည်းနဲ့ပြောမယ်ဆို သူ့ပရိတ်သတ် သူ့အိမ်ကွင်း သူ့စည်းကြပ်ဒိုင် သူ့ကွင်းလယ်ဒိုင်နဲ့ ကျနော်တို့က ဧည့်သည် အနေနဲ့သွားကန်ရသလိုပဲ။ သူ့ခြေသူ့လက်အကုန်လုံးသူ လုပ်လိုက်မှာပေါ့နော်။ ပြီးရင် သူ့ လူယုံတွေကို သူ အာဏာအပ်မှာပေါ့။

သူအာဏာအပ်လိုက်ပါပြီး စစ်တပ်နဲ့ မဆိုင်တော့ပါဘူး။ အချုပ်အခြာအာဏာဟာ ဘာမှမဆိုင်တော့ပါဘူး။ ပြီးရင်သူချယ်လှယ်မယ်။ အရင်တုန်းကပုံစံအတိုင်း ပြန်ရဖို့ ဒီအကွက်ကို သူနင်းကြည့်တယ်ပေါ့။ အဲ့လိုတော့ ကျနော်မြင်တယ်။ ပြောရရင်တော့ ရယ်စရာကြီးဗျ။ အဲ့တော့ အချုပ်အရပြောရရင်တော့ တော်လှန်ရေးဟာ ကျနော်တို့ အောင်ပြီ။

အောင်လည်း အောင်နေပြီး အဖက်ဖက်ကလည်း ကြိုးစားနေပြီး ရောက်သင့်တဲ့ အတိုင်းအတာ တစ်ခုထိလည်း ရောက်နေပြီးဖြစ်တဲ့ အတွက် ပြည်သူလူထု အားမငယ်ပါနဲ့။ ဆက်ပြီးတော့ အားတင်းထားပေးပါ အရာရာတိုင်းက ကောင်းဖို့ ဖြစ်လာတာလို့ပဲ မြင်ပေးပါ အဆိုးထဲက အကောင်းလို့ပဲမြင်ပေးပါ။ ကျနော်တို့ နိုင်ငံရဲ့ အရွေ့တစ်ခု တစ်ပြောင်းအလဲတစ်ခုဖြစ်ဖို့အတွက် ကျနော်တို့ ရင်းသင့်တာ ရင်းရမယ်ဆိုတာ သိရမယ်။