• Today is: Saturday, April 20, 2024

တိုင်းရင်းသား တော်လှန်လူငယ် အတွေးအသံ | မွန်ပြည်နယ်

မင်းမွန်ဆောင်း

မွန်အမျိုးသား လူငယ် | မွန်ပြည်နယ်။

(၁) မေး။ ။ လူငယ်တွေ အများစု ပါဝင်ဦးဆောင်နေတဲ့ နွေဦးတော်လှန်ရေးအပေါ် ဘယ်လိုမြင်လဲ။

ဖြေ။ ။ အာဏာရှင်စနစ်ပျက်သုဉ်းဖို့ ခေတ်တိုင်းမှာ လူငယ်တွေဟာ ခေတ်ဝန်ကိုထမ်းခေတ်လမ်းကို လျှောက်ခဲ့ ကြပါတယ်။ ခုလက်ရှိနွေဦးကာလမှာလဲ လူငယ်တွေဟာ မတရားမှုကို တွန်းလှန်ဖို့ ကိုယ်ကျရာ ကဏ္ဍ၊ ကိုယ်ကျွမ်းကျင်ရာ ပညာရပ်တွေနဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြတာဖြစ်တယ်။ စစ်အာဏာ ရှင်စနစ် အပါအဝင် မဟာလူမျိုးကြီးဝါဒကိုပါ အမြစ်ဖျက်နိုင်တဲ့ တော်လှန်ရေးဖြစ် လာဖို့မျှော် လင့်တယ်။

(၂) မေး။ ။ လူငယ်အများစုကတော့ နွေဦးတော်လှန်ရေးနှင့်အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တွန်းလှန် သွားမယ် လို့ ယုံကြည်ထားကြတယ်၊ ဒီအပေါ်လူငယ်တဦးအနေနဲ့ ဘယ်လို မြင်လဲ။

ဖြေ။ ။ စစ်အာဏာရှင်စနစ်အပါအဝင် လူမျိုးကြီးဝါဒပါပျက်သုဉ်းပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအာမခံတဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးသည် တော်လှန်ရေးရဲ့အမြင့်မားဆုံးပန်းတိုင်ဖြစ်တယ်။ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ ပန်းတိုင်ကို မျက်ခြေမပြတ်ဖို့လိုပါတယ်။

(၃) မေး။ ။ အထက်က မွေးခွန်းနှင့်ဆက်စပ်ပြီး စစ်အာဏာရှင် စနစ် သက်ဆိုးရှည်နေရတဲ့အကြောင်းအရင်း တွေက ဘာတွေဖြစ်မလဲ။ စစ်အာဏာရှင် စနစ် အမြစ်ပြတ်ဖို့အတွက် ဘယ်လိုနည်းလမ်းက အဓိကကျမယ်လို့ မြင်လဲ။

ဖြေ။ ။ စစ်တပ်အနေနဲ့ တိုင်းပြည်ပြိုကွဲမဲ့အန္တရာယ်ကို ဒို့တာဝန်အရေးသုံးပါးဦးထိပ်ထားပြီး ကာကွယ်နေ တယ်ဆိုတဲ့ အတွေးအခေါ်ကိုပုံဖော်ပြီး တိုင်းပြည်ကိုဝါဒမှိုင်းသွင်းထားတာဖြစ်တယ်။ ဒီအတွေးအခေါ်ကို အကာ အကွယ်ယူပြီး စစ်တပ်အနေနဲ့တိုင်းပြည်ကိုချယ်လှယ်လို့ရခဲ့တယ်။ လွတ်လပ်ရေးရပြီးခါစ အချိန် ကာလတွေ ကနေရေတွက်ရင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ဖို့  နှစ်ပေါင်း (၇၀) ကျော်ကြာခဲ့ပြီ။

စစ်တပ်အနေနဲ့ ခုနကအတွေးအခေါ်ကို အကာအကွယ်ယူထားတာပါပဲ။ နွေဦးတော်လှန်ရေးက စစ်အာဏာရှင်တွေ ကိုယ်တိုင်မကြုံခဲ့ဖူးတဲ့ တော်လှန်ရေးအခင်းအကျင်းဖြစ်ပါတယ်။ စစ်တပ်က ကာကွယ်ရေးကိစ္စတခုကလွဲလို့ ကိုယ့်နဲ့မဆိုင်တဲ့ကဏ္ဍတွေကနေ ထွက်ခွါရမယ်။ ဒါကိုလည်း ဥပဒေနဲ့ခိုင်ခိုင်မာမာပြဌာန်းထားဖို့လိုတယ်။

(၄) မေး။ ။ မြန်မာပြည်ရဲ့ အရှည်ကြာဆုံး ပြည်တွင်းစစ် ချုပ်ငြိမ်းဖို့အတွက် ဘယ်လိုနိုင်ငံရေးစနစ်နဲ့ အုပ်ချုပ်ပုံ စနစ်က အကောင်းဆုံးဖြစ်မယ်လို့ မြင်လဲ။

ဖြေ။ ။  ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ်အာမခံပြီး ဖက်ဒရယ်ဒီမိုကရေစီအတွေးအခေါ်အပေါ်အခြေခံတဲ့ စနစ်ကသာ အကောင်းဆုံးဖြစ်တယ်။

(၅) မေး။ ။နွေဦးတော်လှန်ရေးနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ကြမယ်လို့ အများစုက ကြွေး ကြော်နေကြပြီ အောင်မြင်ဖို့ ဘယ်လိုအခင်းအကျင်းတွေ ရှိဖို့လိုအပ်မယ်လို့ မြင်လဲ။

ဖြေ။ ။ စစ်တပ်ကနှစ်ပေါင်းများစွာရိုက်သွင်းထားတဲ့ မဟာဝါဒအစွဲတွေကိုချွတ်ချနိုင်ဖို့လိုတယ်။ လူမျိုးရေး ပဋိပက္ခ၊ နယ်မြေပဋိပက္ခတွေကို သိမ်သိမ်မွေ့မွေ့နဲ့ ဖြေရှင်းနိုင်မဲ့နည်းလမ်းတွေ ကြိုပြီးဆွေးနွေးထားကြဖို့ လိုတယ်။ ဖက်ဒရယ်ပြည်ထောင်စုကိုသွားဖို့ရာ ဘယ်လိုပုံစံ၊ ဘယ်လိုနည်းလမ်းတွေနဲ့ သွားမယ်ဆိုတဲ့ တော်လှန်ရေး ကာလ ဘုံသဘောတူညီချက်တွေ၊ အာမခံချက်ရှိတဲ့ အနာဂတ်လမ်းစဉ်တွေကို အစုအဖွဲ့တွေ ကြား ကြေကြေလည်လည်ဆွေးနွေးကြဖို့ လိုအပ်ပါတယ်။

(၆) မေး။ ။ စစ်ကောင်စီက ကျင်းပလာမယ့် ရွေးကောက်ပွဲအပေါ် လူငယ်တဦးအနေနဲ့ ဘာပြောချင်လဲ။ ဘယ်လို သဘောထားမျိုးရှိလဲ။

ဖြေ။ ။ စစ်ကောင်စီအနေနဲ့ သူတို့လူရာဝင်ဖို့ နည်းလမ်းပေါင်းစုံသုံးပြီး ကြိုးစားမှာပဲ။  ရွေးကောက်ပွဲက တရားမဝင်ပါဘူး။