• Today is: Saturday, May 25, 2024

တိုင်းရင်းသား တော်လှန်လူငယ် အတွေးအသံ | ရန်ကုန်တိုင်း

ရန်ကုန်မြေအောက်ပြောက်ကျား ရဲဘော်တစ်ဦး

ဗမာတိုင်းရင်းသား ၊ ရန်ကုန်တိုင်း။

(၁) မေး ။ ။ လူငယ်တွေ အများစု ပါဝင်ဦးဆောင်နေတဲ့ နွေဦးတော်လှန်ရေးအပေါ် ဘယ်လိုမြင်လဲ။

ဖြေ။ ။ လူငယ်တွေဟာ ဆန်းသစ်တဲ့ တီထွင်ဖန်တီးမှုတွေ၊ တတ်ကြွရဲရင့်တဲ့ စိတ်ဓါတ်တွေနဲ့ တော်လှန်ရေးရဲ့ နေရာအသီးသီးမှာ ဦးဆောင်နေကြပါတယ်။ အတွေးအခေါ် အယူအဆတွေ၊ ကိုယ်ရည်ကိုယ်သွေးနဲ့ လုပ်ငန်းတွေကို အကောင်ထည်ဖော်တဲ့နေရာမှာ အမြင်ကျယ်ပြီး ယုံကြည်မှုရှိရှိနဲ့ တစိုက်မတ်မတ် လုပ်ဆောင်နေတာ ဂုဏ်ယူစရာပါ။

လူငယ်တွေ မြန်မြန်ဆန်ဆန်သွက်သွက်လက်လက်နဲ့ တော်လှန်ရေးမှာ ပါဝင်နေလို့လည်း ဒီနေ့ထိ တော်လှန်ရေးအရှိန်ဟုန်တစ်ခုကို ထိန်းထားနိုင်တာလို့ မြင်ပါတယ်။ နွေဦး တော်လှန်ရေးဟာ လူငယ်တွေရဲ့ ဦးဆောင်မှုနဲ့အတူ မုချအောင်မြင်ပါလိမ့်မယ်။ ဒါပေမဲ့ လူငယ်တွေကို နေရာပေးဖို့လိုပါသေးတယ်။ လူငယ်တွေ ဦးဆောင်နေတယ်ပြောပေမဲ့ အဓိကကျတဲ့ ဦးဆောင်မှုတွေကို ဆုံးဖြတ်နိုင်တဲ့ နေရာတွေမှာတော့ လူငယ်တွေကို သိပ်မတွေ့ရသေးပါဘူး။

(၂) မေး။ ။လူငယ်အများစုကတော့ နွေဦးတော်လှန်ရေးနှင့်အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တွန်းလှန် သွားမယ် လို့ ယုံကြည်ထားကြတယ်၊ ဒီအပေါ်လူငယ်တဦးအနေနဲ့ ဘယ်လို မြင်လဲ။

ဖြေ။ ။ လူငယ်တွေဟာ နွေဦးတော်လှန်ရေးနဲ့အတူ စစ်အာဏာရှင်မှ မဟုတ်ပါဘူး၊ ဘယ်လို အာဏာရှင် စနစ်ကိုမဆို တွန်းလှန်သွားမှာဖြစ်ပါတယ်။ အာဏာရှင်စနစ်ကို အထောက်အပံ့ပေးနေတဲ့ အရာမှန်သမျှကို တော်လှန် သွားမှာဖြစ်ပါတယ်။ ယနေ့ပွင့်လင်းပြီး သိမှုမြင့်မားလာတဲ့ လူ့အဖွဲ့အစည်းမှာ အာဏာရှင်ဝါဒ ဆက်လက် ရှင်သန်ဖို့ နေရာမရှိတော့ပါဘူး။

 (၃) မေး။ ။အထက်က မွေးခွန်းနှင့်ဆက်စပ်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေရတဲ့ အကြောင်း အရင်းတွေက ဘာတွေဖြစ်မလဲ။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့အတွက် ဘယ်လိုနည်းလမ်းက အဓိကကျမယ်လို့ မြင်လဲ။

ဖြေ။ ။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေရတဲ့ အကြောင်းအရင်းတွေမှာ

(က) ဘာသာရေး က ထိပ်ဆုံးကပါပါတယ်။ ဘာသာရေးက သင်ကြားပေးတဲ့ အတွေးအခေါ်အယူအဆတွေက အဖိနိုပ်ခံလူတန်းစားတွေကို ချွေးသိမ့်ပြီး မတရားမှုကို နုတ်ဆိတ်စေပါတယ်။ စစ်တပ်ဟာ လွတ်တော်ကနေ ထွက်ဖို့ လိုသလိုမျိုး ဘာသာရေးဟာလည်း နိုင်ငံရေးမှာ ပါဝင်နေတာတွေ ရပ်ဖို့လိုပါတယ်။ လောကီရေးရာနဲ့ လောကုတ်တရာရေးရာဟာ သီးခြားတည်ရှိဖို့လိုပါတယ်။ ပညာရေးမှာ လွမ်းမိုးနေတဲ့ ဘာသာရေး အယူအဆ တွေကိုလည်း လူ့အခွင့်အရေး စံနှုန်းတွေနဲ့ အညီပြန်လည်ပြင်ဆင်ဖို့လိုပါတယ်။

(ခ)တရားဥပဒေ စိုးမိုးမှုမရှိခြင်း နဲ့ အကျင့်ပျက်ခြစားခြင်း။ ငွေနဲ့ အာဏာဟာ လူတွေကို ပြောင်းလဲစေပါတယ်။ တရားရေးမဏ္ဍိုင်ဟာ အလေးထားခြင်းမခံရအခါ၊ မူတွေသာ အရေးအသားကောင်းပြီး လက်တွေ့အသုံးမချတဲ့ အခါ၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စတဲ့ မဏိုင်တွေဟာ အပြန်အလှန် မထိန်းကျောင်းနိုင်တော့ပဲ တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ကပဲ ကိုင်တယ်နေတာတွေက အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေပါတယ်။

(ဂ) မဟာလူမျိုးကြီးဝါဒ နဲ့ တန်းတူညီမျှမှုမရှိခြင်း။ လူမျိုးစုတစ်စုဟာ အခွင့်အရေးတွေကို အခြားသော လူမျိုးစုထက် ပိုရရှိနေပြီး ဒီအလေ့အထဟာ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး စတဲ့ အရေးကိစ္စအားလုံးမှာ တည်ရှိနေတာကလည်း စစ်အာဏာရှင်စနနစ်ကိုသက်ဆိုရှည်စေပါတယ်။

(၄) မေး။ ။ မြန်မာပြည်ရဲ့ အရှည်ကြာဆုံး ပြည်တွင်းစစ် ချုပ်ငြိမ်းဖို့အတွက် ဘယ်လိုနိုင်ငံရေးစနစ်နဲ့ အုပ်ချုပ်ပုံ စနစ်က အကောင်းဆုံးဖြစ်မယ်လို့ မြင်လဲ။

ဖြေ။ ။ ဖက်ဒရယ်ဒီမိုကရေစီလည်း ဖြစ်နိုင်သလို၊ ကွန်ဖက်ဒရိတ်လိုမျိုးလည်းဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သက်ဆိုင်ရာ နယ်မြေတွေမှာ နေထိုင်တဲ့ လူမျိုးစုတွေရဲ့ သဘောထား၊ ကိုယ့်ကံကြမာ ကိုယ်ဖန်တီးနိုင်ခွင့်၊ တန်းတူညီမျှရေး စတာတွေက ပိုအဓိကကျပါတယ်။ စနစ်ကိုနာမည်ပေးတာထက် လွတ်လပ်ပြီး တရားမျှတရဲ့လားဆိုတဲ့ အကြောင်းအရာက အဓိကကျပါတယ်။

(၅) မေး။ ။ နွေဦးတော်လှန်ရေးနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ကြမယ်လို့ အများစုက ကြွေးကြော်နေကြပြီ အောင်မြင်မှုဖို့ ဘယ်လိုအခင်းအကျင်းတွေ ရှိဖို့လိုအပ်မယ်လို့ မြင်လဲ။

ဖြေ။ ။ အပြောနဲ့အလုပ်နဲ့ ညီဖို့လိုပါတယ်။ (၁) NUCC ဖြည်းဖြည်းနှေးနှေး အေးအေးဆေးဆေးပဲလားလို့ အရင်မေးချင်ပါတယ်။ (၂) အရည်အချင်းရှိတဲ့ သူတွေကို လူမှန်နေရာမှန် ထားရှိပေးဖို့လိုပါတယ်။ တစ်ဦးတစ်ယောက်တည်းက ရာထူးနေရာတွေယူထားတာတွေ ပြောင်းလဲရပါမယ်။ (၃) မဟာဗျူဟာ တိတိပပ မမြင်ရပါဘူး။ လျှို့ဝှက်ရမယ်ဆိုတာကို သဘောပေါက်ပေမဲ့ တစ်ယောက်တစ်ပေါက်ပြောချင်ရာပြောနေတဲ့ ဝန်ကြီးတွေက ပြည်သူကို ဒွိဟဖြစ်စေပါတယ်။ (၄) ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ပြောနေပေမဲ့ တည်ဆောက်ဖို့ အဓိကကျတဲ့ အရာတွေကို လုပ်မနေပါဘူး။

ခေတ်အဆက်ဆက် ကတိတွေပျက်ခဲ့တဲ့ ပြည်ထောင်ဇွတ်ကြီးဟာ အရင်လိုမဟုတ်တော့ဘူးဆိုရင် အလုပ်တွေနဲ့ သက်သေပြဖို့လိုပါတယ်။ ဥပမာ ဗမာပြည်နယ် ဖွဲ့စည်းရေး လုပ်မနေပါဘူး။ ဘုံရန်သူကိုလည်း တိုက်ထုတ်ရမှာဖြစ်သလို လူမျိုးစုတွေကို လုံလောက်တဲ့ လုပ်ရပ်တွေနဲ့ သက်သေပြဖို့လိုပါတယ်။ (၅) ရှရှား၊ တရုတ် နဲ့ ကောင်းမွန်တဲ့ သံတမန် ဆက်ဆံရေး ကြိုးစားဖို့လိုပါတယ်။ ရန်သူကို အင်အားလျော့နည်းစေပြီး နိုင်ငံတကာမှာ အကာအကွယ်မဲ့ စေဖို့ ရှရှားနဲ့ တရုတ်ကို ဆက်ဆံရေး တိုးမြင့်ဖို့လိုပါတယ်။

(၆) မေး။ ။ စစ်ကောင်စီက ကျင်းပလာမယ့် ရွေးကောက်ပွဲအပေါ် လူငယ်တဦးအနေနဲ့ ဘာပြောချင်လဲ။ ဘယ်လို သဘောထားမျိုးရှိလဲ။

ဖြေ။ ။ ရင်တောင်မခုန်ဘူး။