• Today is: Friday, April 19, 2024

မြန်မာစစ်တပ်ကို ထောက်ပံ့ပေးနေတာဟာ ရုရှားအနေနဲ့ အာရှမှာ ခြေကုတ်ယူနိုင်ဖို့လား

မြန်မာစစ်တပ်ကို ထောက်ပံ့ပေးနေတာဟာ ရုရှားအနေနဲ့ အာရှမှာ ခြေကုတ်ယူနိုင်ဖို့လား

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၂၃ 

(ဘာသာပြန်ဆောင်းပါး ကဏ္ဍ)

အာဏာသိမ်း မြန်မာစစ်တပ်ကို ရုရှားအစိုးရ  စစ်လက်နက်ရေးရာ၊ သံတမန်ရေးရာတွေမှာ ထောက်ပံ့ပေးလျက်ရှိပါတယ်။ သို့ပေမဲ့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားကို နိုင်ငံတကာက အထီးကျန်ရေးဆန်ရှင်တွေ ချမှတ်ထားတာကြောင့် ထောက်ပံ့မှုတွေက အကန့်အသတ်ရှိနေပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ရွေးကောက်ပွဲကို အကြောင်းပြပြီး စစ်အာဏာသိမ်းခဲ့တဲ့နှစ်နှစ်ရှီပြီဖြစ်သလို ရုရှားကလည်း ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတာ တစ်နှစ်နီးပါးရှိပြီဖြစ်ပါတယ်။

ရုရှားကို နိုင်ငံတကာက ရှုတ်ချမှုအပေါ်မှာ မြန်မာစစ်တပ်က နှုတ်ဆိတ်နေသလို၊ မြန်မာစစ်အာဏာသိမ်းမှု အပေါ် ကုလသမဂ္ဂလုံခြုံရေးကောက်စီက အရေးယူဒဏ်ခတ်ဖို့လုပ်ဆောင်မဲ့အပေါ်မှာ ရုရှားက အစဉ်တစိုက် ကန့်ကွတ်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာရဲ့ တရားဝင်မှုကို အပြင်းအထန်ကြိုးပမ်းနေတဲ့ အာဏာသိမ်းမြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရုရှားက သုံးကြိမ်တိုင်တိုင် အလည်အပတ်လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ထို့ပြင် ၂၀၂၂ ခုနှစ် စက်တင်ဘာလ မှာ ကျင်းပခဲ့တဲ့ အရှေ့တိုင်းစီးပွားရေးဖိုရမ်ကို တက်ရောက်ရင်း ရုရှားသမ္မတ ပူတင်နဲ့ မင်းအောင်လှိုင်တို့အလွတ်တန်း တွေ့ဆုံခဲ့ပါတယ်။

စီးပွားရေးရင်းနှီးမြုပ်နှံမှုအပိုင်းနဲ့ ပတ်သက်ပြီး ရုရှားက တရုတ်ကို မကျော်နိုင်ပေမဲ့ မြန်မာနိုင်ငံကို စစ်လက်နက်တင်သွင်းမှုအနေနဲ့ ရုရှားအစိုးရက အဓိကတင်ပို့သူအနေနဲ့ ရှိနေပါတယ်။

ပင်ဆာ- S1 မြေပြင်- ဝေဟင်ပစ်မစ်ဆိုင်းစနစ်တွေ၊ အိုလန်- 10E စောင့်ကြည့်ရေးဒရုန်းတွေ၊ ရေဒါပစ္စည်းတွေ၊ M-17, Mi-35 ရဟတ်ယာဉ်တွေ၊ Su-30 တိုက်လေယာဉ်တွေ၊ လေယာဉ်ပစ်မစ်ဆိုင်းတွေကို ရုရှားက မြန်မာစစ်တပ်ကို ရောင်းချခဲ့ပါတယ်။

မော်စကိုတိုင်းမ် ထုတ်ပြန်ချက်အရ ရုရှားအနေနဲ့ မြန်မာစစ်တပ်ကို ၂၀၂၁ခုနှစ်ဖေဖော်ဝါရီမှာ ကန်ဒေါ်လာ ၁၄.၇ သန်းဖိုး၊ လွန်ခဲ့တဲ့ ၃ လက ကန်ဒေါ်လာ ၉၆ သန်းဖိုး စစ်လက်နက်ရောင်းချခဲ့ပါတယ်။ ထိုငွေကြေးတွေဟာ ယူကရိန်းကို တိုက်ခိုက်ဖို့အတွက် အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။

ရုရှားကနေ စစ်လက်နက်တွေ တင်သွင်းနေတဲ့နိုင်ငံအချို့ကတော့ ရုရှားအနေနဲ့ စာချုပ်အတိုင်း လက်နက်တွေ မပေးနိုင်မှာကို စိုးရိမ်နေကြပါတယ်။ ရုရှားအနေနဲ့ ဆားဘီးယားကို တင်ပို့ရမဲ့ Ka-32 ရဟတ်ယာဉ်တွေနဲ့ အယ်လ်ဂျီးရီးယားကို တင်ပို့ရမဲ့ စစ်လက်နက်ပစ္စည်းတွေကို အချိန်မှီမပို့ပေးနိုင်ဘဲ စာချုပ်တွေကို ဆိုင်းငံ့ထားရပါတယ်။

ရုရှားသဘဏ္ဍာငွေ ပြတ်တောက်နိုင်ရေးအတွက် အမေရိကန်နဲ့ အီးယူနိုင်ငံတွေက ရုရှားကို စစ်သုံးအရပ်သုံးအပိုပစ္စည်းတင်သွင်းမှုကို ပိတ်ဆို့အရေးယူခဲ့ပါတယ်။

ဒါကြောင့် ရုရှားအနေနဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ဖို့အတွက်အခက်အခဲဖြစ်နေရပါတယ်။ ပြီးခဲ့တဲ့နှစ်မှာလည်း ဥရောပဈေးကွက်ကနေ အဆင့်မြင့်ထုတ်ကုန်ပစ္စည်းကို မဝယ်ယူနိုင်တာ‌ကြောင့် Ka-31 ရဟတ်ယာဉ်တွေ၊ MiG – 29 တိုက်ဂျက်လေယာဉ်တွေ၊ Mi- 17 ရဟတ်ယာဉ်တွေကို မထုတ်နလုပ်နိုင်တာကြောင့် အိန္ဒိယကို တင်ပို့ရမဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့ရပါတယ်။

“ရုရှားအနေနဲ့ မြန်မာ့ပြည်တွင်းစစ်အတွက် အရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်နေပေမဲ့ အခုလို ရုရှားအနေနဲ့ စစ်လက်နက်ထုတ်လုပ်ရေးမှာ အခက်အခဲဖြစ်ခြင်းက မြန်မာ့ပြည်တွင်းစစ်အရှိန်ကို မလျော့ပေး နိုင်လောက်ဘူး” လို့ ပိုလန်မှ ဂျာဂျင်လိုနီယံတက္ကသိုလ်မှ မီရှယ်လူဘီနာက ပြောကြားခဲ့ပါတယ်။

မြန်မာကို စစ်လက်နက်တင်ပို့နေတဲ့ ထိပ်တန်းနိုင်ငံတွေထဲမှာ တရုတ်ပါဝင်နေပေမဲ့ ရှုပ်ထွေးတဲ့ သမိုင်းကြောင်းအခြေအနေအရ နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ ယုံကြည်မှုတွေ ပျောက်ဆုံးနေပါတယ်။

လက်ရှိမြန်မာစစ်ခေါင်းဆောင်တွေဟာ တချိန်က ဘေဂျင်းအစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်တွေကို အမြစ်ပြတ်တိုက်ခိုက်ခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာလည်း ဝ၊ ကိုးကန့်၊ ကချင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကို တရုတ်က တရားမဝင် ထောက်ပံ့ပေး နေတာဖြစ်ပြီး မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။

မြန်မာနဲ့ ရုရှားဆက်ဆံရေးကောင်းမွန်မှုဟာ တရုတ်ရဲ့ အကျိုးစီးပွားကိုတော့ မထိခိုက်နိုင်ဘူးဆိုတာ တရုတ်အစိုးရက သိထားပြီးဖြစ်ပါတယ်။

ဆန်ရှင်တွေ၊ ဒေါ်လာပေးချေရေးစနစ်မှာ အကန့်အကတ်တွေများနေတာကြောင့် ရုရှားအနေနဲ့လည်း မြန်မာနဲ့ လက်တွဲဆောင်ရွက်ဖို့ အခက်အခဲများစွာရှိနေပါတယ်၊ မြန်မာအနေနဲ့ ရုရှားအတွက် ရေနံနဲ့ သဘာဝဓာတ်ငွေ့ အလုံအလောက် တင်ပို့နိုင်တဲ့အခြေအနေမှာ မရှိနေပါဘူး။

သို့ပေမဲ့ ရေရှည်အကျိုးစီးပွားကို ရှေးရှုပြီး ရုရှားက မြန်မာစစ်တပ်ကို အထောက်အပံ့ပေးနေတာဖြစ်ပါတယ်။ လက်ရှိမှာ မော်စကိုအနေနဲ့ ဗီယက်နမ်နဲ့သာ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ထားနိုင်တာ ဖြစ်ပါတယ်။

“ပြည်တွင်းစစ်မှာ မြန်မာစစ်တပ်ဘက်က နိုင်ခဲ့မယ်ဆိုရင် ရုရှားက အများဆုံးအကျိုးအမြတ်ရရှိမှာ ဖြစ်တယ်” လို့ လူဘီနာက ပြောပါတယ်။

မြန်မာအနေနဲ့လည်း တရုတ်ထက်စာရင် ရုရှားဟာ ပိုမိုလုံခြုံစိတ်ချရတဲ့ လက်တွဲဖော်နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ မြန်မာကိုအမှီပြီး ရုရှားအနေနဲ့ ကမ္ဘာမှာ ပိုမိုအရေးပါတဲ့ နိုင်ငံဖြစ်လာနိုင်သလို၊ အထီးကျန်နိုင်ငံအဖြစ်ကနေ လွတ်မြောက်လာနိုင်ပါတယ်။

DW Website စာမျက်နှာတွင် Alena Zhabina ရေးသားတဲ့ Will Russian aid for Myanmar give Moscow an Asian foothold? ကို ဖက်ဒရယ်ဂျာနယ် မြန်မာက ဆီလျော်အောင် မြန်မာဘာသာပြန်ထားပါတယ်။

မြန်မာဘာသာပြန် – ကံ့ကော်ဖြူ

မူရင်းဆောင်းပါးလင့်ခ် –

https://www.dw.com/en/will-russian-support-for-myanmar-give-moscow-an-asian-foothold/a-64644348