• Today is: Tuesday, April 16, 2024

ကွတ်ခိုင်မှာ KIA နဲ့ စစ်ကောင်စီတို့ကြား နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၂၃ 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ထဲက ကောင်ရန်ကုန်း အနီး၊ KIA တပ်ရင်း ၉ တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ 
KIA တပ်မဟာ ၆၊ တပ်ရင်း ၉ နယ်မြေဖြစ်တဲ့ ကောင်ရန်ကုန်းအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှားလာလို့ ယမန်နေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက်ပိုင်း ၈ နာရီ ခွဲ ခန့်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ KIA အာဘော်သတင်းရင်းမြစ်က ဖော်ပြပါတယ်။ 
နှစ်ဖက်တိုက်ပွဲဟာ KIA တပ်ရင်း ၉ နယ်မြေထဲက ခဖော့ ရွာဟောင်းအနီးမှာလည်း နံနက်ပိုင်း ၁၀ နာရီခွဲ ဝန်းကျင်မှာ တကြိမ်၊ မွန်းလွဲပိုင်း ၃ နာရီခန့်မှာ တကြိမ် KIA တပ်ရင်း ၉ တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီနှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးများဖြင့်လည်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့တယ်လို သိရပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း  နှစ်ဖက်ထိခိုက်ကျဆုံးမှု အသေးစိတ်မသိရသေးပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမှုများလည်း ရှိခဲ့လို့ စစ်ကောင်စီတပ်ဟာ မွန်းလွဲပိုင်း ၁ နာရီ ခွဲ ဝန်းကျင်ခန့်မှာတော့ မန္တလေးတံတားဦးက ဂျက်လေယာဉ်ပျံသန်းလာပြီး လာရောက်ဗုံးကြဲ တိုက်ခိုက်သွားတယ်လို့ သိရပါတယ်။ 
အလားတူ စစ်ကောင်စီတပ်ဖွဲ့ဟာ ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲက KIA တပ်မဟာ ၂ တပ်ရင်း ၄၃ နယ်မြေထဲက မုန့်လုံတောင်တကျော်ဘက်မှာလည်း ယမန်နေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က မန္တလေးတံတားဦးက စေလွတ်တဲ့ ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။ 
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားတွေရှိတဲ့ ကျေးရွာဒေသတွေမှာလည်း အကြောင်းမဲ့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုကျယ်ပြန့်စွာ ပြုလုပ်လာတာကို ကြုံနေရတယ်လို့ ဒေသခံတွေက သတင်းဌာနတွေကို ဖြေကြားထားပါတယ်။