• Today is: Wednesday, May 29, 2024

မဟာမိတ်တပ်များနဲ့အတူ တိုက်ပွဲဝင်ပြီး ချင်းပြည်ထောင် တည်ဆောက်မယ်လို့ CNF ပြော 

ပုံစာ – Chinland Information Center (CNF တပ်ဖွဲ့ဝင်များ)

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၂၃

ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသားတပ်မတော်ဟာ လက်ရှိဆင်နွှဲနေတဲ့ တော်လှန်ရေးစစ်ပွဲကို အမျိုးသား လွတ်မြောက်ရေး အောင်ပွဲအဖြစ် ခံယူလျက် မဟာမိတ် တပ်ဖွဲ့ဝင်များနှင့် လက်တွဲကာ ချင်းပြည်ထောင် တည်ဆောက်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

လာမည့် ဖေဖော်ဝါရီလ၂၀ ရက်နေ့မှာ ကျရောက်မယ့် ၇၅ နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ်နေ့နှင့် ဆက်စပ်ပြီး CNF က ယခုလို ထုတ်ပြန်လိုက်ခြင်း ဖြစ်တာပါ။

ဒါ့အပြင် နိုင်ငံရေး ဦးတည်ချက်၊ ယုံချက်တူညီတဲ့ ညီနောင်လက်နက်ကိုင် မဟာမိတ်တပ်ဖွဲ့ဝင်များ၊ NUG အစိုးရအဖွဲ့၏ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ လက်တွဲပြီး ဆက်လက် တိုက်ပွဲဝင်သွား မည်ဖြစ်သလို အနာဂတ်တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင် ရေးအတွက် နိုင်ငံရေးအရ တဆင့်ချင်း ဆွေးနွေးသွား မည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအခြေအနေမှာတော့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရန် ပြည်သူတရပ်လုံးက မိမိတက်ကျွမ်းတဲ့ ကဏ္ဍ အသီးသီးမှာ တတက်တအားဖြင့် ဆက်လက် ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်း နှိုးဆောင်သလို ဖက်ဒရယ် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ထူထောင်ရန်အတွက် ရရာလက်နက် စွဲကိုင်ပြီး နွေဦးတော်လှန်ရေးအတွက် အသက်၊ သွေး၊ ချွေး၊ အိုးအိမ်စည်းစိမ် ပေါင်းများစွာ စတေးလျက် ခုခံတော်လှန်စစ်ကို ဆင်နွှဲလာခဲ့ကြသူများကို အသိ အမှတ်ပြု လေးစား ဂါရ၀ပြုတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းမှု၏ အကျိုးဆက်များကို ချင်းပြည်သူများအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် အလွှာစုံက လူထုများအနေဖြင့် လူမှုဒုက္ခပေါင်းစုံ ရင်ဆိုင်ကြုံတွေ့နေရတဲ့အပေါ် လေးစားစာနာတယ်လို့လည်း ပြောဆို ထား ပါတယ်။