• Today is: Thursday, April 25, 2024

Meta- Conflict နဲ့ မြန်မာနိုင်ငံတော်

Meta- Conflict နဲ့ မြန်မာနိုင်ငံတော်

စည်းနရီ (သူ့အတွေးသူ့အမြင်)

Meta-conflict ဆိုတာ တော်လှန်ရေးတွေအတွက် အလှည့်အပြောင်းဒိုင်းနမစ်များကို နားလည်ရေးမှာ အရေးကြီးတဲ့ အယူအဆတစ်ခုပါပဲ။ တော်လှန်ရေးတွေဟာ သာမန်အကြောင်းအရာတစ်ခုကို အခြေခံပြီး မီးထတောက်တတ်ပေမယ့် သူ့မီးစာတွေကတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာတွေလို အမှတ်သညာ၊ ဝိသေသလက္ခဏာတွေ၊ တန်ဖိုးထားမှုတွေနဲ့ အာဏာဆိုင်ရာအကြောင်းအရာတွေကနေ နက်ရှိုင်းတဲ့ ပဋိပက္ခတွေကို အခြေခံနေတတ်ပါတယ်။

အခြေခံကျပြီးတော့ နက်ရှိုင်းတဲ့ပဋိပက္ခတွေ (Meta-conflict) ကို အဖြေရှာဖို့ မကြိုးစားကြဘဲ အပေါ်ယံဆန်တဲ့ ထင်သာမြင်သာ ပြဿနာတွေကိုသာ အဖြေရှာဖို့ ကြိုးပမ်းကြတာကြောင့် ပဋိပက္ခတွေဟာ ပြေလည်သွားခြင်းမရှိဘဲ အောက်ဆုံး ကြမ်းပြင်မှာ အနည်ထိုင်စုပုံသွားတတ်ကြပါတယ်။

ဥပမာတခုကို ကြည့်မယ်ဆို ပြင်သစ်တော်လှန်ရေးကို ကြည့်လို့ရပါတယ်။ အပေါ်ယံအားဖြင့်တော့ ပြင်သစ်တော်လှန်ရေးဟာ ၁၈ ရာစုစစ်ပွဲတွေကနေ အခြေတည်တဲ့ နိုင်ငံရေး၊ စီးပွားရေးပြဿနာတွေလို့ မြင်လို့ရပါတယ်။ သူ့နောက်မှာဖုံးနေတဲ့ အကြောင်းအရာတွေတော့ ဖွံ့ဖြိုးလာတဲ့ ဓနရှင်လူတန်းစားနဲ့ အထက်တန်းလွှာထဲက ပြဿနာတွေ၊ လူတန်းစားပြဿနာ၊ ဘာသာရေးအရ မတူညီတဲ့ ကာသိုလစ်ဘုရား ကျောင်းနဲ့ လောကီဝါဒကြား အားပြိုင်မှုတွေကို သုံးသပ်ရှုမြင်ဖို့လည်း လိုပါတယ်။

နောက်ထပ်ဥပမာတစ်ခုကတော့ ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးပါပဲ။ အပေါ်ယံကတော့ နိုင်ငံရေးကိုယ်စားပြုမှုနဲ့ အာဏာရှင်အုပ်ချုပ်မှုအဆုံးသတ်ရေးဆိုတာမျိုး မြင်ရမှာပါ။ ဒါပေမယ့် ပိုနက်ရှိုင်းတဲ့ ရိုးရာဘာသာရေးယုံကြည်မှုနဲ့ ခေတ်ရေစီးကြောင်းအမြင်တွေကြား ပဋိပက္ခတွေကိုလည်း ထည့်မြင်သုံးသပ် ရမှာပါ။

တော်လှန်ရေးဒိုင်းနမစ်နှင့် ရလဒ်တွေ ဘာလိုဖြစ်လာသလဲ၊ ဘာလို့ဖြစ်လာရသလဲဆိုတာကို နားလည်ဖို့အတွက် Meta-conflict ကို ထည့်သွင်းစဉ်းစားဖို့ရန် လိုပါတယ်။ မတူညီတဲ့ အုပ်စုတွေ၊ စံနှုန်းတန်ဖိုးတွေနှင့် ပါဝါဒိုင်းနမစ်တွေကို ပိုင်းခြားစိတ်ဖြာပြီးတော့မှ အဲ့သည်အချက်အလက်တွေဟာ ပါဝင်တဲ့အုပ်စုတွေရဲ့ ခံယူချက်နှင့် ပန်းတိုင်တွေကို ဘယ်လိုပုံသွင်းလဲဆိုတာတွေကို နားလည်ဖို့ လိုပါတယ်။

မဟာဗျူဟာဆိုတာ ကြိုက်တဲ့သူဆွဲပြီး ဝိုင်းလုပ်ကြဆိုတာမျိုး မဟုတ်ပါဘူး။ တော်လှန်ရေး မဟာဗျူဟာဆိုတာ Decentralize လုပ်လို့ ရတာမျိုးမဟုတ်ပဲ အပေါ်က ပြောခဲ့သလို အကြောင်းအကျိုးတွေကို ထည့်သွင်းစဉ်းစားပြီးမှ ရေးဆွဲဖို့ရန် အလွန်အရေးကြီးပါတယ်။

ရိုးရှင်းလွန်းတဲ့ အမြင်နဲ့ကြည့်ပြီး ရိုးရှင်းလွန်းတဲ့ကြွေးကြောင်သံတွေကို မဟာဗျူဟာပဲလို့ မှားယွင်းသတ်မှတ်တဲ့အခါ ပြဿနာတွေ ပိုကြီးလာတတ်ပါတယ်။ Meta-conflict သည် အမြဲတမ်း အဆိုးသဘောရယ်လို့တော့ မဟုတ်ပါဘူး။ နားလည်နိုင်ရင်၊ မဟာဗျူဟာထဲမှာ ထည့်သွင်းနိုင်ရင် အလွန်အကျိုးရှိပါတယ်။ ခေါင်းဆောင်အမည်ခံသူတွေဟာ ဒီအချက်တွေကို အလေးထားမှ ရလဒ်က ခံသာတာ ဖြစ်ပါတယ်။

Meta-conflict အခြေခံတဲ့ပြဿနာတွေ ဆင့်ပွားပေါ်ပေါက်လာတာဟာ ရည်မှန်းချက်တွေအတွက် အမြဲပဲ အနှောင့်အယှက်ဖြစ်ပါတယ်။ Meta-conflict ပြဿနာတွေ ရှိနေပြီဆိုတာကို မြင်နိုင်တဲ့တချက်က ပြဿနာကို ဘယ်လိုပုံဖော်ကြသလဲဆိုတဲ့ရည်ညွှန်းဖော်ပြချက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။

ပြဿနာက ဘာလဲဆိုတာကို ဖော်ပြတဲ့စကားလုံးတွေနဲ့ ရည်ညွှန်းချက်တွေကို သေချာစေ့ ငုသုံးသပ်ကြည့်တဲ့အခါ ဆိုလိုရင်းတွေ မတူရင်၊ ခြွင်းချက်တွေ အများကြီးတွေ့နေရရင် အဲ့ဒါဟာ Meta-conflict အခက်အခဲတွေဖြစ်နေပြီလို့ သိနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်ရတာဟာ စစ်တပ် ကြောင့်လို့ပြောတဲ့သူတွေ၊ နိုင်ငံရေးသမားတွေကြောင့်လို့ ပြောတဲ့သူတွေ၊ ဗမာမှုပြုတာဆိုတဲ့ Burmanization သို့မဟုတ် ဗမာ့နိုင်ငံရေးအောက် အားလုံးသွတ်သွင်းမှုကြောင့်လို့ ပြောတာတွေ၊ အကျိုးစီးပွားကြောင့်လို့ ပြောတဲ့သူတွေ စသဖြင့် မတူညီမှုတွေ များပြားနေတာဟာ Meta-conflict ရဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။

Meta-conflict တွေထဲက သတိပြုစရာတချက်က အကျိုးစီးပွားတွေ ဖြစ်ပါတယ်။ အကျိုးစီးပွားတွေကြောင့် ကွဲပြားကြသလို အကျိုးစီးပွားတွေကြောင့် ပေါင်းစည်းကြတာကို နားလည်ဖို့ လိုပါတယ်။ အကျိုးစီးပွားဆိုရာမှာ ကောင်းမွန်တာကို လိုလားတာလည်း အကျိုးစီးပွားဖြစ်ပါတယ်။ တော်လှန်ရေးမှာ အကျိုးစီးပွားကို အခြေမခံပဲ ပါဝင်တာမရှိပါဘူး။

တော်လှန်ရေးတိုင်း၊ နိုင်ငံရေးတိုင်း အကျိုးစီးပွားကို အခြေခံမှသာ လုပ်ကိုင်လို့ရတာပါပဲ။ မတူညီတဲ့အကျိုးစီးပွားတွေကို ကြည့်တာက ပြဿနာမဟုတ်ပဲ ဘယ်လိုဆုပ်ကိုင်ကြလဲဆိုတာကသာ စဉ်းစားရမယ့် ပြဿနာဖြစ်ပါတယ်။ အကျိုးစီးပွားကို ဖြိုဖျက်ဖို့မဟုတ်ပဲ မျှတအောင်ရကြစေဖို့ ရှေ့ရှုတွေးရမှာပါ။

Meta-conflict တွေထဲက အရေးကြီးတဲ့ တချက်က လူမှုအသိုင်းအဝိုင်းကို ဘယ်လိုစုဖွဲ့သင့်သလဲဆိုတဲ့ အမြင်လည်း ဖြစ်ပါတယ်။ နိုင်ငံရေးအိုင်ဒီယိုလိုဂျီနဲ့ အတွေးအခေါ်တွေဟာ တော်လှန်ရေးတွေမှာကော၊ နိုင်ငံတည်ဆောက်ရေးမှာပါ အလွန်ပဲ အရေးကြီးပါတယ်။

တော်လှန်ရေးမှာ ဦးတည်ချက်နဲ့ ပန်းတိုင်တွေကို နိုင်ငံရေးအတွေးအခေါ်နဲ့ တန်ဖိုးထားမှုတွေနေ အများကြီးပုံဖော်ပါတယ်။ နိုင်ငံရေးအိုင်ဒီယိုလော်ဂျီတွေဟာ လူတွေကို အနာဂတ်အတွက် မြင်ယောင်သင့်တယ်လို့ ဖော်ပြတဲ့ လောကနိဗ္ဗာန်ဆိုတာဘာလဲ၊ ဘယ်လိုရောက်အောင် သွားမလဲဆိုတာနဲ့ ဘယ်သူတွေကိုအင်အားသုံး ပြောင်းလဲဖယ်ရှားဖို့ လိုသလဲဆိုတာတွေကို နိုင်ငံရေး အိုင်ဒီယိုလော်ဂျီတွေမှာ တွေ့နိုင်တယ်။

အိုင်ဒီယိုလော်ဂျီတွေညီရင် စုစည်းတဲ့ အားဖြစ်လာပြီး တော်လှန်ရေးကို အများကြီး တိုးတက်စေနိုင်ပါတယ်။ မတူညီကွဲပြားတဲ့ နိုင်ငံရေးအမြင်တွေကြောင့် ပန်းတိုင်အပြိုင်တွေ ဖြစ်လာတဲ့အခါ အတွင်းကနေလှိုက်စားကွဲလွဲတတ်ကြတယ်။ အာဏာရထားသူ၊ ဒါမှမဟုတ် တည်ဆဲစနစ်ကို ဖြိုချမယ်ဆိုတဲ့ သူတွေစုစည်းတဲ့အခါ နိုင်ငံရေးအမြင်တွေဟာ အလွန် အရေးကြီးတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအမြင်ဟာ အမြဲတမ်း အငြင်းပွားဖွယ် မကြေလည်တဲ့အရာပဲ ဖြစ်တယ်။ စစ်တပ်နဲ့ အစဉ်အလာသမားတွေက ရှေးရိုးစံထားတာတွေကို အခြေခံပြီး နိုင်ငံကို တည်ဆောက်ဖို့တွေးကြတယ်၊ ဘာသာရေးအခြေခံတဲ့နိုင်ငံ (Theocratic state) ကို တွေးကြတဲ့သူတွေလည်းရှိတယ်။

တွေ့ရများတဲ့ ဗမာ့နိုင်ငံရေးအဖွဲ့တွေအများစုကျတော့ လစ်ဘရယ်ဒီမိုကရေစီကို အခြေပြတဲ့ နိုင်ငံရေးစနစ်အောက်ကနေ ဆွဲစုထားတဲ့နိုင်ငံကြီးကို တမျိုးသားတည်းဖြစ်တဲ့သဘော မြင်ကြတယ်။ တဖက်က တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကတော့ ဗမာနိုင်ငံရေးစုဖွဲ့မှုအောက် အတင်းဆွဲစုခံထိထားတဲ့ ကိုယ့်အမျိုးသားလူထုတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်အတွက် လှုပ်ရှားကြတယ်။ အမြင်တွေက မတူညီကြဘူး။ စဉ်းစားချက်တွေမှာ ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့အသုံးအနှုန်းတူနေပေမယ့် တပ်လာမယ့် နာမဝိသေသနတွေ မတူကြဘူး။

ပဋိပက္ခတခုဖြစ်လာတဲ့အခါ ပြေလည်အောင်ဖြေရှင်းဖို့ဦးစားပေးတာထက် နိုင်တဲ့သူအကုန်ယူ လမ်းကြောင်းပေါ် ရောက်လာတဲ့အခါ  ဂုဏ်သိက္ခာအတွက် အနိုင်ရဖို့ ဘာဖြစ်ဖြစ်လုပ်ဖို့ လိုတယ်ဆိုတဲ့ အတွေးတွေ ရှေ့တန်းရောက်လာပြီး ပြဿနာတွေ ပိုဆိုးလာတတ်တယ်။ လူမှုအသိုင်းအဝိုင်း အတွင်းမှာ မတူညီတဲ့ အမြင်ဆိုတာ ရှိစမြဲပဲ။ ဒါပေမယ့် မတူညီမှုတွေကို လက်မခံကြနိုင်တော့ရင် အားလုံးတူဖို့ လိုတယ်ဆိုတဲ့ ဖိအားပေးတာတွေပေါ်လာရင် နဂိုတည်းက ယိုယွင်းနေတဲ့ လူ့အသိုင်းအဝိုင်းတွေမှာ အမျိုးသားရေးဝါဒရှိရှိ မရှိရှိ၊ နိုင်ငံအခြေပြုတဲ့ဖက်ဆစ်ဝါဒတွေ ရှေ့တန်းကို ရောက်လာတတ်တော့ တာပဲဆိုတာကို ကောင်းကောင်းသတိထားဖို့ လိုပါတယ်။ 

မြန်မာနိုင်ငံရဲ့ Meta-conflict တွေမှာ အရေးကြီးတာတခုက စကားလုံးအသုံးအနှုန်းတွေ မတူညီမှုကနေ အခြေခံပြီး ဖြစ်တဲ့ ပြဿနာတွေပဲ။ ဥပမာ ဖက်ဒရယ်လို့ပြောတဲ့အခါ အရင်က ခွဲထွက်ရေးဝါဒလို့ ဗမာတွေက အမြင်မှားခဲ့ကြတယ်။

အခုကျတော့ ဖက်ဒရယ်လို့ ပြောတဲ့အခါ ဗမာတွေက ပထဝီအခြေပြု တနိုင်ငံလုံး တမျိုးသားတည်းလို့ ယူဆတဲ့ အတင်းဆွဲစုတဲ့နိုင်ငံကို မြင်ယောင်နေဆဲဖြစ်သလို၊ တိုင်းရင်းသား တွေဘက်ကလည်း ကိုယ့် အမျိုးသား လူစုနဲ့ကိုယ် လွတ်လပ်မှုအပြည့်ရှိတဲ့ ဗမာ့ကိုလိုနီမဟုတ်တော့တဲ့ ဖက်ဒရယ်ကို မြင်ယောင်တာဆိုတဲ့ မတူညီမှုကလည်း ရှိနေဆဲပါ။

ဒီမိုကရေစီလို့ ပြောတဲ့အခါ ဗမာတွေက အများစုသဘောတူရင် လုပ်လို့ရတဲ့ဝါဒလို့ မြင်နေသေးသလို တိုင်းရင်းသားတွေကျတော့ စုစည်းညှိနှိုင်းပြီး သဘောတူမှသာ လုပ်လို့ရတဲ့ ဒီမိုကရေစီစနစ်ပုံစံကို လိုလားနေတာပါပဲ။

ဒီလိုလားမှုတွေရဲ့အနောက်မှာ စီးပွားရေး၊ လူမှုရေးနဲ့အတူ အမျိုးမျိုးသော ဆန္ဒတွေ ရှိနေတာလည်း အမှန်ပါပဲ။ ဒါကို မြင်အောင်ကြည့်နိုင်တဲ့အခါ ပြဿနာကို ဖော်ပြတဲ့ပုံစံ ပိုရှင်းလာမှာပါပဲ။ မဟုတ်ရင်တော့ ဘာကြောင့်ပြဿနာဖြစ်သလဲလို့မေးတဲ့အခါ ဖြေပုံတွေ မတူကြပဲ အမြင်ကွဲနေကြမှာပါ။

အချုပ်ပြန်ပြောရရင် ပဋိပက္ခကိုကြည့်ရှုတဲ့အခါ Meta-conflict လို့ဆိုတဲ့ အကြောင်းအရင်းနဲ့ အခြေခံအုတ်မြစ်တွေကို မြင်အောင်ရှုဖို့ အလွန်ပဲ အရေးကြီးလှတယ်။ မြန်မာနိုင်ငံလိုနိုင်ငံမှာ ကိုယ့်ရှုထောင့်တခုတည်းကို အခြေခံပြီး စစ်တပ်ကြောင့်၊ သို့မဟုတ် နိုင်ငံရေးကတိမတည်လို့ သို့မဟုတ် အကျိုးစီးပွားကြောင့်လို့ လူပြိန်းတကြောင်းတွေးမဟုတ်ပဲ Narrative စကားတွေ ဆုံးအောင် ကြည့်ရှုမြင်နိုင်ဖို့နဲ့ မျှတစွာပန်းတိုင်တွေကို ဖန်တီးဆက်သွယ်ပြောဆိုနိုင်ဖို့က အလွန်ကိုပဲ အရေးကြီးလှပါတယ်လို့ တင်ပြလိုက်ရပါတယ်။