• Today is: Saturday, March 2, 2024

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ၏ အခြေခံမူများ

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ၏ အခြေခံမူများ

လင်းလက် (သူ့အတွေးသူ့အမြင်)

တိုင်းပြည်ရဲ့အရေးပါတဲ့ နိုင်ငံရေးအင်အားစုအားလုံးကရော၊တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကပါ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်မယ်ဆိုတာကို တစ်စိတ်တစ်ဝမ်းတည်း ဆုံးဖြတ်ချက်ချထား ပြီးပါပြီး။ ဒါပင်မဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုက ဘယ်လိုပုံစံမျိုးဖြစ်သင့်သလဲဆိုတဲ့ အချက်အပေါ်မှာတော့ အယူအဆ အမြင်အမျိုးမျိုးဖြစ်နေပါတယ်။ ဒီလိုမတူကွဲပြားတဲ့ အမြင်အယူအဆ အမျိုးမျိုးကြားထဲကနေ အားလုံး လက်ခံနိုင်တဲ့ ဘုံသဘောတူညီချက်ကို ဘယ်လိုရှာဖွေ စုစည်းရယူမလဲ။

ရှုပ်ထွေးကျယ်ပြန့်တဲ့ ပြဿနာရပ်တွေကို ကိုင်တွယ်ဖြေရှင်းတဲ့ အခါ အရင်ဆုံး အရိုးရှင်းဆုံး ပုံစံတစ်ရပ်ကို အခြေခံအနေနဲ့ ပုံဖော်စဥ်စားလေ့ရှိပါတယ်။ ဒီအရိုးရှင်းဆုံးပုံစံမှာ မဖြစ်မနေပါဝင်ရမယ့် အခြေခံအချက်တွေကို ကျောရိုးအဖြစ်နေရာချထား စဥ်းစားကြည့်လေ့ရှိပါတယ်။ ဒီတော့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာ မဖြစ်မနေ အုတ်မြစ်အဖြစ် ပါဝင်ရမယ့် အခြေခံမူတွေက ဘာတွေလဲ။

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာ စုစည်းနေထိုင်ကြမယ့် တိုင်းရင်းသားလူမျိုးစုတိုင်း(ဗမာအပါအဝင်) ကိုယ့်ကြမ္မာကို ပြဌာန်းပိုင်ခွင့်ရှိရပါမယ်။ ပြည်ထောင်စုအဖြစ်စုစည်းတယ်ဆိုတဲ့ သဘောက တိုင်းရင်းသား အားလုံးရဲ့ စိတ်ဓာတ် အင်အားကို စုစည်းရယူတာဖြစ်တဲ့ အတွက် တိုင်းရင်းသားလူမျိုးစုတိုင်း တန်းတူရည်တူ ရှိမှုက အခြေခံကျတဲ့ လိုအပ်ချက်ဖြစ်ပါတယ်။

ဒါကြောင့် ပြည်ထောင်စုတစ်ရပ်လုံးရဲ့ အရေးကိစ္စအားလုံးမှာ ဗမာအပါအဝင်တိုင်းရင်းသား လူမျိုးစုတိုင်းဟာ တန်းတူရည်တူ ပါဝင်ဆွေးနွေး ဆုံးဖြတ်ပိုင်ခွင့်ရှိ စေရပါမယ်။ ဒါကြောင့် ကိုယ့်ကြမ္မာကိုယ်ပြဌာန်းပိုင်ခွင့် (self-rule) နဲ့ ပြည်ထောင်စုတစ်ရပ်လုံးရဲ့ အရေးကိစ္စတွေမှာ တန်းတူရည်တူ ပါဝင်ဆောင်ရွက်ပိုင်ခွင့် (shared rule) ဟာ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုရဲ့ အရေးအကြီးဆုံး အခြေခံမူနှစ်ရပ်ပါ။

ဒီအခြေခံမှု နှစ်ရပ်ပေါ်မှာတော့ ဘယ်အင်အားစုကမှ အငြင်းမပွားကြပါဘူး။ ဒါပေမဲ့ လက်တွေ့ပြဿနာက ဒီအခြေခံမှုနှစ်ရပ်ကို ဆုပ်ကိုင်ပြီး ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်တဲ့ အခါ ပြည်နယ်ဘယ်နှစ်ခုထားမလဲ။ ပြည်နယ်ရထိုက်တဲ့ တိုင်းရင်းသားလူမျိုးစုတွေကို ဘယ်လိုနှုန်းစံတွေနဲ့ ရွေးချယ် သတ်မှတ်ထားမလဲ။

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဗမာပြည်နယ်ဆိုပြီး သီးခြားမထားတဲ့ အတွက် လူဦးရေအများဆုံးဖြစ်တဲ့ ဗမာတွေက ပြည်ထောင်စုအစိုးရဆိုတဲ့ ခေါင်းစဥ်အောက်ကနေ ကျန်လူနည်းစုတိုင်းရင်းသားလူမျိုးများအပေါ် ဖိနှိပ် လက်ဝါးကြီးအုပ်တယ်ဆိုတဲ့ အယူအဆရှိခဲ့ပါတယ်။

သမိုင်းအချက်အလက်အရ ပြောမယ်ဆိုရင် ဒီလိုဖြစ်ခဲ့တယ် ဆိုတာကလည်း မှန်ပါတယ်။ တစ်ခါရှမ်းပြည်နယ်ကိစ္စကို ကြည့်ရင် ရှမ်းပြည်နယ် ဧရိယာထဲကနေ “ဝ” ပြည်နယ်ဆိုပြီး သီးခြားပေါ်ထွက်လာမှာကို ရှမ်းနိုင်ငံရေးအင်အားစုတွေက မလိုလားကြပါဘူး။ ရှမ်းပြည်နယ် နယ်နိမိတ် ထဲကနေ ပအို့ဝ် ပြည်နယ်ထူထောင်လိုတဲ့ အင်အားစုတွေရှိပါတယ်။

ကချင်ပြည်နယ် နယ်နိမိတ်ထဲမှာနေတဲ့ ရှမ်းနီလူမျိုးစုအရေအတွက်က အတော်များပါတယ်။ ဧရာဝတီတိုင်းထဲမှာလည်း ကရင်လူမျိုး အတော်များများနေထိုင်ကြပါတယ်။

ဒီတော့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမှာ ပါဝင်ပတ်သတ်မယ့် ပြည်နယ်တွေကိုရွေးချယ်သတ်မှတ်တဲ့ အခါ “ပထဝီနယ်မြေအပေါ်အခြေခံမှာလား၊ တိုင်းရင်းသား လူမျိုးစုတွေ စုစည်းနေထိုင်မှုအပေါ် အခြေခံမှာလား” ဆိုတာက ဝိဝါဒကွဲပြားရတဲ့ ကိစ္စဖြစ်လာပါတယ်။

တိုင်းပြည်လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖြတ်သန်းခဲ့ရတဲ့ နှစ်ပေါင်း (၇၅) သမိုင်းဖြစ်ရပ်တွေအပေါ် အခြေခံစဥ်းစားကြည့်မယ်ဆိုရင် ပထဝီနယ်မြေ တစ်ခုတည်း အပေါ် အခြေခံ စဥ်းစားလို့ မရသလို တိုင်းရင်းသားလူမျိုးစုတစ်ရပ်စုစည်းနေထိုင်မှုသက်သက်အပေါ်မှာလည်း အခြေခံ စဥ်းစားလို့ မရပါဘူး။ ဒီနှစ်ချက်လုံးအပေါ်အခြေခံစဥ်းစားမှပဲ တိုင်းပြည်ရဲ့ပကတိအခြေအနေ အပေါ်ထင် ဟပ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ထောင်နိုင်မှာပါ။

ဒီအခြေခံမူနှစ်ရပ်အပေါ် မူတည်စဥ်းစားမယ်ဆိုတာကလည်း အပြောလွယ်သလောက် လက်တွေ့မှာတော့ မလွယ်ပါဘူး။ ဒီအခြေခံမူနှစ်ရပ်ကို အတိုင်းအတာတစ်ခုအထိ ထင်ဟပ်ကိုယ်စားပြုနိုင်တဲ့ မူတစ်ရပ်ကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ subsidiarity principle က ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ယူဆပါတယ်။ ဥရောပ သမဂ္ဂ (EU) မှာ ဒီအခြေခံမူကိုကျင့်သုံးပါတယ်။

နယ်မြေဧရိယာ ဘယ်လောက်ပဲသေးငယ်သေးငယ် ဒီနယ်မြေ အပေါ်တိုက်ရိုက်၊ သီးသန့်သက်ရောက်တဲ့ ကိစ္စရပ်တွေအပေါ် ဒီနယ်မြေမှာစုစည်းနေထိုင်တဲ့ လူမျိုးစုတွေပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ သဘောပါ။ “တိုက်ရိုက်၊သီးသန့်” ဆိုတဲ့ဝေါဟာရကို အလေးအနက်ပြုစေလိုပါတယ်။ ဒီနယ်မြေအပေါ်  “တိုက်ရိုက်၊သီးသန့်” သက်ရောက်တာမျိုး မဟုတ်ပဲ ဒီနယ်မြေအပါအဝင် ပြည်ထောင်စု တစ်ရပ်လုံး အပေါ်သက်ရောက်တဲ့ ကိစ္စရပ်တွေမှာတော့ ပြည်ထောင်စုအာဏာပိုင်တွေက ဆုံးဖြတ်ချက် ချပေးရမှာပါ။

ဒီအခြေခံအပေါ် မူတည်စဥ်းစားရင် ဧရာဝတီတိုင်းထဲမှာ ကရင်လူမျိုးတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ဒေသတွေက တိုင်းအတွင်းကရင် လူမျိုးစုတွေရဲ့ စုစည်းနေထိုင်မှုအပေါ်မူတည်ပြီး ပြန့်နှံတည်ရှိနိုင်ပါတယ်။ အလားတူပဲ ကချင် ပြည်နယ်ထဲမှာလည်း ရှမ်းနီတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေပြန့်နှံတည်ရှိနိုင်ပါတယ်။

ပအိုဝ်လူမျိုး တွေအတွက်လည်း သူတို့စုစည်းနေထိုင်မှုအပေါ်မူတည်ပြီး ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေက ရှမ်းပြည်နယ် မှာ လည်း ရှိနိုင်သလို မွန်ပြည်နယ်မှာလည်း ရှိနိုင်ပါတယ်။ လူဦးရေအရေအတွက် ကြီးကြီးမားမား မရှိတဲ့ ကျန်တိုင်းရင်းသားလူမျိုးစုတွေအတွက်လည်း အလားတူသဘောစဥ်းစားနိုင်ပါတယ်။

ဒီနေရာမှာ အရေးကြီးတာက ပြည်နယ်ရထိုက်တဲ့တိုင်းရင်းသားလူမျိုးစုတွေကို ဘယ်လိုရွေးချယ် သတ်မှတ် မလဲဆိုတဲ့ “နှုန်းစံ” ကိစ္စပါ။ သေချာတာကတော့ ပြည်ထောင်စုထဲမှာပါဝင်မယ့် တိုင်းရင်းသားလူမျိုးစုတိုင်းကို နယ်မြေကြီးကြီးသေးသေး၊ လူဦးရေ နည်းနည်းများများ ပြည်နယ်သတ်မှတ်ပေးမယ်ဆိုရင် ဒီပြည်ထောင်စုကို လက်တွေ့လည်ပတ်လို့ရမှာမဟုတ်ပါဘူး။

ဒါကြောင့်တိုင်းရင်းသား လူမျိုးစုတွေကြားမှာ ဘယ်လိုနှုန်းစံတွေရှိမှ သီးခြားပြည်နယ်သတ်မှတ်ရမယ်ဆိုတာကို အပြန်အလှန် အကြေအလည် ညှိ့နှိုင်းသဘောတူဖို့ လိုအပ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုတစ်ရပ်က ကျန်တိုင်းရင်းသား လူမျိုးစုတွေ အပေါ် တစ်နည်းနည်းနဲ့ ဖိအားပေး အကျပ်ကိုင်တာမျိုး မဖြစ်ဖို့ အင်မတန် အရေးကြီးပါတယ်။

နယ်မြေကျဥ်းမြောင်းမှုအရဖြစ်စေ၊ လူဦးရေနည်းပါးမှုအရဖြစ်စေ၊ သီးခြားပြည်နယ်မရရှိတဲ့ တိုင်းရင်းသား လူမျိုးစုတွေအတွက် သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် မဆုံးရှုံးရလေအောင် ပြည်ထောင်စုတစ်ခုလုံးရဲ့ အရေးကိစ္စရပ်တွေမှာ သူတို့ရဲ့ အမြင်သဘောထားများ တင်ပြဆွေးနွေးဆုံးဖြတ်ပိုင်ခွင့် ရရှိအောင် ပုံဖော်ဖန်တီး ပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒီနည်းလမ်းတွေကို ချမှတ်တဲ့နေရာမှာ “တိုင်းရင်းသား လူမျိုးစုအားလုံးကြား အကြေအလဘ် အပြန်အလှန် ညှိ့နှိုင်းဆွေးနွေးရမယ်” ဆိုတဲ့ အခြေခံမူကို ဆုပ်ကိုင်ထားဖို့ပဲ အရေးကြီးပါတယ်။

အစဥ်အလာသုံးစွဲတဲ့ ဝေါဟာရဖြစ်လို့ ဒီဆောင်းပါးမှာ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရဲ့ အဓိကအခြေခံယူနစ်အဖြစ် “ပြည်နယ်” လို့ သုံးနှုန်းထားပေမယ့် တိုင်းရင်းသားလူမျိုးစုတွေကြား အပြန်အလှန် ညှိ့နှိုင်းမှုအရ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖွဲ့ဝင် “သမ္မတနိုင်ငံ”ဆိုတာလည်း ဖြစ်နိုင်တာပါပဲ။

အရေးကြီးဆုံး ကတော့ တိုင်းရင်းသား လူမျိုးစုတိုင်းရဲ့ “ကိုယ့်ကြမ္မာကိုယ်ပြဌာန်းပိုင်ခွင့်နဲ့ ပြည်ထောင်စု တစ်ခုလုံးရဲ့ အရေးကိစ္စတွေမှာ တိုင်းရင်းသားလူမျိုးစုတိုင်းက တန်းတူရည်တူပါဝင်ဆောင်ရွက်ပိုင်ခွင့်” ကို ဟန်ချက်ညီညီ ထိန်းညှိထားပြီး “ပြည်ထောင်စုတစ်ရပ်လုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုရော၊ ဒီဖွံ့ဖြိုးတိုးတက်မှုရဲ့ အသီးအပွင့်တွေကို တိုင်းရင်းသားလူမျိုးစုတိုင်း မျှမျှတတခံစားနိုင်ခွင့်ရရှိရေးကိုပါ “လက်တွေ့ကျကျ” ဆောင်ရွက်နိုင်ဖို့ပါပဲ။

တိုင်းရင်းသားလူမျိုးစုတိုင်းကသာ သန္နိဋ္ဌာန်ချဆောင်ရွက်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်၊ ငြိမ်းချမ်းစည်ပင်၊ ဝပြောတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်သစ်ကြီးက မလွဲမသွေ မုချဖြစ်ပေါ်လာမှာပါ။