• Today is: Sunday, February 25, 2024

အိုင်ဒီယာလော်ဂျီကို လှစ်လျူရှုထားတဲ့ နွေဦးတော်လှန်ရေး

အိုင်ဒီယာလော်ဂျီကို လှစ်လျူရှုထားတဲ့ နွေဦးတော်လှန်ရေး

စည်းနရီ (သူ့အတွေးသူ့အမြင်)

တော်လှန်ရေးတွေဖြစ်လာပြီဆိုတာနဲ့ ရှိရင်းစွဲလူမှုရေးနဲ့ နိုင်ငံရေးတည်ဆောက်ပုံတွေကို မကြေလည်တာတွေ တွေ့ရမြဲပါပဲ။ အဲသည်ရှိရင်းစွဲလူမှုရေးနဲ့ နိုင်ငံရေးတည်ဆောက်ပုံတွေကို နားလည်ဖို့ ရာအတွက် အတွေးအမြင်မူဘောင်တွေနဲ့ ထပ်တည်ချင်ကြတဲ့ စနစ်သစ်တွေရဲ့ ဖွံ့ဖြိုးသင့်တဲ့ပုံစံနဲ့ မူဘောင်တွေကို လမ်းညွှန်ပြသပေးတာကတော့ နိုင်ငံရေးအယူအဆ နိုင်ငံရေးအိုင်ဒီယိုလော်ဂျီတွေပါပဲ။

တနည်းပြောရရင် တော်လှန်ရေး ရည်မှန်းချက်ဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအပြောင်းအလဲ တွေအတွက် အခြေခံ အမြင်အုတ်မြစ်ကို ပံ့ပိုးပေးတာဟာ နိုင်ငံရေးအိုင်ဒီယိုလိုဂျီပါပဲ။

ပထမဆုံး နိုင်ငံရေးအိုင်ဒီယိုလိုဂျီဆိုတာ ဘာလဲဆိုတာကို နားလည်ဖို့ လိုပါတယ်။ အိုင်ဒီယိုလိုဂျီတွေဟာ ယုံကြည်ချက်၊ တန်ဖိုးထားမှုတွေနဲ့ လောကအမြင်တွေကို လူတဦးစီရဲ့အနေအထားမှာဖြစ်စေ၊ အုပ်စု အနေအထား မှာဖြစ်စေ ပုံဖော်ပေးတဲ့ ဥပဒေသတွေပါပဲ။​

နိုင်ငံရေးအိုင်ဒီယိုလော်ဂျီဆိုရင်တော့ လူတွေ ဘယ်လိုစုဖွဲ့နေထိုင်သင့်လဲဆိုတာတွေ၊ အစိုးရကို ဘယ်လိုစုဖွဲ့မှုပြုသင့်တယ် မပြုသင့်ဘူးဆိုတာတွေ၊ အရေးအရာ တွေကို ဘယ်လိုစီမံကြတယ်ဆိုတာတွေနဲ့ သက်ဆိုင်တဲ့ ယုံကြည်ချက်ဥပဒေသတွေပါပဲ။

တော်လှန်ရေး သမားတွေကို စုပေါင်းစေဖို့၊ ဝိသေသလက္ခဏာပေါ်ပေါက်လာစေဖို့၊ ရည်မှန်းချက် ပန်းတိုင် တွေဖြစ်ပေါ်စေဖို့နဲ့ လမ်းကြောင်းပေါ်ကနေ မသွေဖယ်စေဖို့အတွက် အိုင်ဒီယိုလော်ဂျီတွေဟာ အရေးကြီးပါတယ်။

ဒီနေ့ခေတ်နိုင်ငံရေးအိုင်ဒီယိုလိုဂျီတွေကိုကြည့်ရင် အရင်းစနစ်၊ ကွန်မြူနစ်စနစ်၊ ဆိုရှယ်လစ်စနစ်လို ပင်မအိုင်ဒီယိုလိုဂျီတွေကို ပြောတတ်ပေမယ့် အဲ့သည်အိုင်ဒီယိုလိုဂျီတွေရဲ့ ကနဦးမရင့်ကျက်သေးတဲ့ ပုံစံတွေဖြစ်တဲ့ မျိုးနွယ်အုပ်စုဝါဒ၊ ဧကရာဇ်ဝါဒ၊ မြေရှင်ပဒေသရာဇ်ဝါဒတွေဟာလည်း နိုင်ငံရေးအိုင်ဒီယို လိုဂျီတွေပါပဲ။

ဒီနေ့ခေတ် Feminism, Environmentalism နဲ့ Wokeism လို ပေါ်ထွန်းလာတဲ့ အိုင်ဒီယိုလိုဂျီတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဒီမိုကရေစီနဲ့ ဖက်ဒရယ်လစ်ဇင်တွေဟာတော့ ယေဘုယျအားဖြင့် နိုင်ငံရေးအိုင်ဒီယိုလိုဂျီတန်းမှာ ထည့်သွင်းလေ့မရှိပါဘူး။

နိုင်ငံရေးအိုင်ဒီယိုလော်ဂျီတွေဟာ လူတွေစုဖွဲ့ရာမှာ ထားသင့်တဲ့ ပင်မစံနှုန်းကဘာလဲ၊ လက်ရှိ ဘာပြဿနာဖြစ်နေတယ်၊ ဘယ်လိုပုံစံဖြေရှင်းသင့်တယ်ဆိုတာတွေနဲ့ ဘယ်သူ့ကိုအတင်းဖိအားပေး ရမယ်ဆိုတာကို ယေဘုယျ ပြောလေ့ရှိပါတယ်။ 

ဒီနေရာမှာအလျဉ်းသင့်လို့ လှည့်ရရင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်လစ်ဇင်ဟာ အစိုးရတွေကို ဘယ်လိုဖွဲ့စည်းပြီး အာဏာကို ဘယ်လိုကျင့်သုံးသင့်တယ်ဆိုတာကို ဖော်ပြတဲ့ ဥပဒေသအရင်းခံ နိုင်ငံရေးစနစ်လို့ သတ်မှတ်ကြတာ ပိုများပါတယ်။

ဒီမိုကရေစီစနစ်တစ်ခုအတွင်း နိုင်ငံရေးအိုင်ဒီယိုလိုဂျီအမျိုးမျိုးကို အရင်းခံထားတဲ့ နိုင်ငံရေးပါတီတွေ ဖွဲ့စည်းကာ ပြိုင်နိုင်ကြပါတယ်။ ဒီလိုပဲ ဖက်ဒရယ်စနစ်မှာလည်း အချုပ်အခြာအာဏာကို တည်ဆောက် တဲ့ပုံအရ တစ်နိုင်ငံတည်းရှိတာကို ခွဲခြမ်းကာအုပ်ချုပ်တဲ့ ဖက်ဒရယ်စနစ်လား၊ မတူညီတဲ့ နိုင်ငံရေးယူနစ် တွေစုပေါင်းလာပြီး အုပ်ချုပ်ကြတဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ်လားဆိုတာ ကွာခြားပါတယ်။

 တော်လှန်ရေးမှာ နိုင်ငံရေးစနစ်ကို ရည်မှန်းတာရှိသလို နိုင်ငံရေးအိုင်ဒီယို လိုဂျီအမြင်တွေလည်း ခွဲခြမ်းနားလည်ဖို့လိုပါတယ်။ လက်ရှိမြန်မာ့တော်လှန်ရေးမှာ နိုင်ငံရေးစနစ်ကိုသာ ဆွေးနွေးကြပြီး နိုင်ငံရေးအယူအမြင်တွေကိုတော့ ဆွေးနွေးတာ သိပ်မတွေ့ရပါ။

စစ်အာဏာရှင်စနစ်ဟာလည်း အုပ်ချုပ်မှုစနစ်သာဖြစ်ပြီး တနိုင်ငံလုံးကို လူထုတခုတည်းလို့ ယူဆတဲ့လူမျိုးကြီးအမြင်နဲ့ ဘာသာရေးအခြေခံတဲ့ နိုင်ငံတော်အမြင်တွေက အခြေခံအမြင်က သူ့ရဲ့အုတ်မြစ်ဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့တော်လှန်ရေးတွေမှာတော့ နိုင်ငံအုပ်ချုပ်ရေးစနစ်အရ ဘယ်သူဖြစ်ဖြစ် ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲကို ပြောကြတာပါပဲ။ သို့ပေမယ့် နိုင်ငံရေးအယူအဆ၊ အိုင်ဒီယိုလိုဂျီအရ အတော် ကွာခြားကြပါတယ်။

အရင် ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ ရွေးကောက်ပွဲနိုင်သူ အများစုနဲ့ ပင်မဗမာနိုင်ငံရေး စနစ်အောက်ကသူ အများစုကတော့ လူအများစုသဘောနဲ့ အုပ်ချုပ်တဲ့ Majoritarian Democracy ၊ ဒါမှမဟုတ် လစ်ဘရယ်ဒီမိုကရေစီဘက်ယိမ်းတဲ့ အယူအဆတွေနဲ့ ဗမာလူမျိုးကြီးအယူအဆ ရောနှောတည်ရှိ နေတတ်သလို တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ အမျိုးသားလူထုလွတ်လပ်ရေး National liberation အယူအဆကို အခြေခံပြီး တော်လှန်တာ၊ စစ်တပ်ကတော့ ဘာသာရေးကို အခြေခံပြီး လူမျိုးကြီးဝါဒနဲ့ နိုင်ငံတည်ဆောက်ချင်တာတွေကို တွေ့ရလေ့ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ အရင်းရှင်စနစ်ကွဲကြောင်းကို သိပ်မတွေ့ရပဲ လစ်ဘရယ်ဘက် ယိမ်းတဲ့အမြင်၊ ဘာသာရေး အခြေပြု နိုင်ငံရေးဘက် ယိမ်းတဲ့အမြင်နဲ့ အမျိုးသားလူထု အခြေပြုအမြင်တွေ ရောနှောတာတွေ မြင်ရတတ် ပါတယ်။

တခါတလေ ဝိရောဓိဖြစ်တဲ့အမြင်တွေ ရောနှောနေတာကိုလည်း မြင်ရနိုင်ပါတယ်။ ဥပမာ ဗမာပညာတတ် အများစုရဲ့ လစ်ဘရယ်အမြင်ဖြစ်တဲ့ ဗဟုဝါဒ Pluralism ကနေ ဗမာတွေရဲ့ကိုလိုနီပြုထားမှုကိုဖော့ပြီး ကတိပျက်ကိုလိုနီနိုင်ငံရေးကို တရားဝင်စေတာမျိုး၊ ဒါမှမဟုတ် လက်နက်ကိုင်အဖွဲ့တွေရဲ့ ဒီမိုကရေစီ ကြွေးကြော်သံအောက်ကနေ တဦးတယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်ကို လစ်လျူရှုတာမျိုးတွေလည်း တွေ့ရတတ်ပါတယ်။

အခု NUCC မှာဆွေးနွေးတာတွေကို ကြည့်ရင်လည်း အိုင်ဒီယိုလိုဂျီကြေအောင် မဆွေးနိုင်ပဲ လည်နေတာကို တွေ့ရမှာပါ။ ဗမာအင်အားစုရဲ့ လစ်ဘရယ်အခြေပြုနိုင်ငံသားဝါဒနဲ့ တိုင်းရင်းသား တွေရဲ့ ကိုလိုနီစနစ် ပပျောက်ရေးအမြင်ဟာ ခုထိကြေလည်အောင် မဆွေးနွေးနိုင်သေးပါဘူး။

နောက်ပြီး မြန်မာနိုင်ငံမှာ အိုင်ဒီယိုလိုဂျီကို နားလည်မှုကလည်း လွဲမှားနေတာကို မြင်ရတတ်ပါတယ်။ ဥပမာ အမျိုးသားရေး ဝါဒကို ဖက်ဆစ်စနစ်နဲ့ တွဲမြင်တာမျိုး၊ ဒါမှမဟုတ် ဆိုရှယ်လစ်အိုင်ဒီယိုလိုဂျီကို စစ်အာဏာရှင်နဲ့ တွဲမြင်တာမျိုးတွေဟာ မှားယွင်းတဲ့အမြင်တွေပါပဲ။ ဒီအမြင်တွေရဲ့ ပုံစံတွေကိုတော့ နောက်အလျဉ်းသင့်သလို ဆွေးနွေးပါ့မယ်။

အချုပ်ပြောရရင်တော့ နိုင်ငံရေးအယူအဆ အိုင်ဒီယိုလိုဂျီကို ထိရောက်ပြတ်သားစွာ ကြေလည်အောင် ဆွေးနွေးဖို့ လိုနေပါတယ်။ တော်လှန်ရေးတိုင်းမှာ ဦးတည်ချက်ရှင်းဖို့ နိုင်ငံရေးစနစ်ကိုပြောရုံနဲ့ မရပဲ၊ အဲ့သည်နိုင်ငံရေး စနစ်တည်မယ့် အခြေခံနိုင်ငံရေးအယူအဆနဲ့ ဥပဒေသကို ပြတ်သားအောင် ဆွေးနွေးဖို့ရာ လိုပါတယ်။

တကယ်လို့ အယူအဆတွေ ကွဲပြားမှုများလာတဲ့အခါ အားလုံးစုစည်းကြဆိုတဲ့ ကြွေးကြော်သံအောက်ကနေ လုံးပေါင်းစုဖွဲ့တဲ့ အာဏာရှင်စနစ်၊ တနည်းပြောရင် ဖက်ဆစ်စနစ်က အရှိန်ရသွားတတ်ပါတယ်။

နိုင်ငံရေးအယူအမြင်ကြေလည်မှသာ ကျစ်လျစ်မှုရှိမှာဖြစ်ပြီး မဟုတ်ရင် လစ်ဘရယ်လုံးပေါင်း နိုင်ငံသားဝါဒ အောက်က ရုန်းကန်မှုနဲ့ မတူညီတဲ့ အစုစုသော အမျိုးသား လွတ်မြောက်ရေးဝါဒအရင်းခံ ကိုလိုနီတိုက်ဖျက်ရေး လှုပ်ရှားမှုတွေကြားမှာ တော်လှန်ရေး ဦးတည်ရာဟာ မပြတ်မသားနဲ့ ကျစ်လျစ်မှုအားနည်းနေပါလိမ့်မယ်။