• Today is: Saturday, April 20, 2024

ရပ်ကွက်တခုလုံးကို စိစိညက်ညက်ကျေအောင် အရာရှိက လိုက်ပစ်တာ

ရပ်ကွက်တခုလုံးကို စိစိညက်ညက်ကျေအောင် အရာရှိက လိုက်ပစ်တာ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၂၃

ကျနော့်နာမည်က xxx ပါ။ အဆင့်ကတော့ ဗိုလ်ကြီးပေါ့။ ရာထူးက နောက်ဆုံး ထွက်လာတဲ့အချိန်မှာ G3 တာဝန်ပေါ့။ ဦးစီး အရာရှိ တတိယတန်း ဒုတပ်မမှူးရဲ့ PSO အနေနဲ့ လုပ်ပြီး နောက်ဆုံး ထွက်လာတာပေါ့။ တပ်ကတော့ အမှတ် xxx  စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် xxx မှာပါ။

၂၀၀၆ မှာ ဗိုလ်သင်တန်း စဖြေတယ်။ ၂၀၀၉ မှာ ကျောင်းဆင်းတယ်။ အဲဒီမှာ အရာရှိ စဖြစ်တယ်။ ဝင်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျနော် ၁၆နှစ်သားမှာ စပြီးဝင်တာဆိုတော့ အဲဒီတုန်းက ကျနော်တို့ အထင်ကြီး လေးစားခဲ့တာတွေ ပါမယ် ဂုဏ်ယူအားကျတာတွေ ရှိမယ် မိသားစုတွေကလည်း ဒီဟာ နဲ့ ပတ်သက်ရင် ဂုဏ်ယူကြတာ ရှိတယ် အဲဒီအပေါ်မှာ ကျနော်တို့ အားကျတာတွေ ရှိတယ်။ ဒါ မြင့်မြတ် တဲ့ အလုပ်လို့ပဲ ကျနော်တို့က ထင်ထားတာပါ။

ပြည်သူကို ကာကွယ်မယ်၊ တိုင်းပြည်ကို ကာကွယ်မယ် ဒီလိုတွေပဲ တွက်ခဲ့ကြတယ်။ စစ်သားတွေက ဒီအလုပ်အတွက် အသက်ပေးပြီး တာဝန်ထမ်းကြတယ် ဆိုတာတွေပါပဲ။ ကိုယ်ကိုယ်တိုင်လည်း အဲဒါတွေ လုပ်ချင်လို့ ကျနော် အသက်၁၆နှစ် ၁၀တန်းဖြေပြီးတဲ့ အချိန်မှာပဲ ဝင်ခဲ့တာပါ။ ဗိုလ်လောင်းစပြီး လုပ်တဲ့ အချိန်မှာ သင်တန်းသားပဲ ရှိသေးတယ်။ အသက် ၁၉ လောက်မှာ ကျောင်းဆင်းတော့မှ ကျနော်တို့က အရာရှိ ဖြစ်တာ။

အဓိကက ကျောင်းစဆင်းတဲ့ အချိန်မှာ စစ်တပ်အကြောင်း မသိသေးဘူး။ ဗိုလ်လောင်း သင်တန်း ၃နှစ် ပြီးတဲ့ အချိန်မှာ တပ်ရင်းဌာနချုပ်တွေ ရောက်တယ်။ ကျနော်က တိုက်ခိုက်ရေးဖြစ်တဲ့အတွက် ခြေမြန် တပ်ရင်းတခုကို ရောက်တယ်။ ရောက်တဲ့အချိန်မှာ ကျောင်းဆင်းခါစ အရာရှိ တယောက်မို့ တပ်ရဲ့အကြောင်းလည်းမသိဘူး၊ အထဲမှာ ဘယ်လိုမျိုး ပုံစံမျိုးတွေနဲ့ လှုပ်ရှားနေတယ် ခိုင်းစေနေတယ် အမိန့်ပေး ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီး သိပ် မသိဘူး။ ဒါပေမယ့် ကျွန်တော် တို့ စစ်တပ်ထဲမှာ နေလာပြီးလို့ သုံးလေးနှစ်ကြာတော့ နည်းနည်း သဘောပေါက်လာတယ်။

စစ်တပ်က ကျနော်တို့ ဖြစ်စေချင်တဲ့အတိုင်း ဖြစ်ချင်တဲ့ အတိုင်း မဟုတ်ဘူးပေါ့။ ကြီးငယ်နိုင်ညှင်း ဝါဒတွေရှိတယ်။ ခွဲခြားဆက်ဆံတာတွေ ရှိတယ်။ အထက်အောက် အမိန့် နဲ့ အကြောက်တရား နဲ့ အုပ်ချုပ်တာတွေရှိတယ်။ အခွင့်အရေးတွေ ဆုံးရှုံးတာတွေ ရှိတယ်။ ဆိုလိုတာက ကျနော်တို့ ရဲ့ဘဝတခုလုံးကို သူတို့က အပိုင်ရသွားတဲ့ ပုံစံမျိုးနဲ့ သူတို့ ခိုင်းချင်တာတွေ ခိုင်းတယ်။  လိုအပ်ရင် အသက်ပါ ပေးခိုင်းတယ်။ အဲဒါတွေကြောင့် နောက်ပိုင်း လေးငါးနှစ် နေပြီးချိန်မှာ မပျော်တော့ဘူး။

စစ်တပ်ထဲမှာ ကျနော်တို့ လုပ်နေရတဲ့ အလုပ်ကို အဓိပ္ပါယ် မရှိသလိုလည်း ခံစားရတယ်။ မိသားစုတွေရဲ့ အဓိပ္ပါယ်ဆိုတာလည်း မသိဘူး မရှိဘူး။ အခွင့်အရေးဆိုတာလည်း မရှိဘူး။ အဲဒီနောက် ပိုင်းမှာ စစ်တပ်ထဲမှာ နေမပျော်တော့ဘူး။ အခုလို CDM လုပ်ရလောက်တဲ့အထိ အဲဒီတုန်းက မစဉ်းစားဘူး။

ကျနော်မှမဟုတ်ဘူး ထွက်တော့ထွက်ချင်ကြတယ်၊ ဒါပေမဲ့ ငါ လျှောက်တဲ့လမ်း ပြီးအောင်လျှောက်ရမယ် ငါရွေးချယ်တဲအလုပ် ပြီးအောင် လုပ်ရမယ် ဆိုတဲ့စိတ်တွေနဲ့ တော်တော်များများ ဖြတ်သန်း ကြတယ်။ အောင့်အီး သည်းခံပြီး လုပ်ကြတယ်။ ပြဿနာ မတက်အောင် နေကြတယ်။ အဲဒီလိုမျိုးနဲ့ပဲ သူတို့ အကုန်လုံးပဲ ပြီးသွားကြတယ်။ တဖြေးဖြေး ရာထူးရလာတယ်။ အကြီး ဖြစ်လာတယ်။ အဲဒီနောက်ပိုင်းမှာ  ကြာလာ​တော့ ကျနော် နေရထိုင်ရတာ ပိုပို ဆိုးလာတယ် ။

လုပ်သက်က စဝင်တာကနေ ထွက်တဲ့ အချိန်ထိဆို ၁၅နှစ်။ ၁၅နှစ်တာကာကလအတွင်းမှာ ပြောရရင် အများကြီး။ ပြောလို့ ကုန်မယ် မထင်ဘူး။ လူ့အခွင့်အရေး ချိုးဖောက်တာမျိုး အပြင် ခေါင်းပုံ ဖြတ်တာမျိုးတွေ  ခွဲခြားဆက်ဆံတာမျိုးတွေ ဖိနှိပ်ဆက်ဆံတာတွေ အများကြီးပဲ။ အကြောင်းအရာတွေ မတူရင်သာနေမယ် တပ်ထဲကို ဝင်သွားပြီးတဲ့ အဖွဲ့ အကုန် လုံးက အဲ့ဒီလိုမျိုးတွေ ကြုံရတယ် ။

အာဏာသိမ်းဖြစ်စဉ် ဖြစ်ပြီးသွားပြီးတော့ ကျနော်တို့ xxxမှာ လူထုဆန္ဒပြမှုတွေ ဖြစ်တယ်။ ကျနော်တို့ တပ်တွေကို ဆန္ဒပြမှုတွေ ထိန်းသိမ်းခိုင်းတာတွေ ရှိတယ်။ ကျနော်တို့တပ် တပ်မဌာနချုပ်က G1 ကြီးက သူကိုယ်တိုင် ပြည်သူကို ပစ်တာ ကြုံးခဲ့ရတယ်။ ဆန္ဒပြ ထိန်းသိမ်းတဲ့ အခါ မှာ လူအုပ်ကြီးကလည်း ဒီဘက်ကနေ မီးခိုးဗုံးတွေနဲ့ ပစ်တာရှိတယ်။

ကျနော် တို့က ရဲတွေရဲ့ နောက်ဘက်မှာ နေရာယူရတယ်။ အဲဒီ အချိန်မှာ ရဲ က အရင်ထိန်းတော့ သူတို့ မထိန်းနိုင်ဘူး။ မထိန်းနိုင်တာလည်း ထက် ပြည်သူက အရမ်း စိတ်ဓာတ် တက်ကြွနေတာလည်းပါတယ်။ မီးခိုးဗုံးနဲ့ ခွဲတဲ့ အချိန်မှာပဲ ကွဲသွားတယ်၊ ပြီးရင် ချက်ခြင်း ပြန်စုပြီး ခုနကလို ဆန္ဒပြတာတွေ ဆန္ဒထုတ်ဖော်မှုတွေ ပြန်လုပ်တယ်။ လုပ်တဲ့ အချိန်မှာ ကျနော်တို့ G1 က စိတ်မရှည် တော့ဘူး။

ဒီဆန္ဒပြပွဲမှာ သူ ထိန်းသိမ်းနေရသရွေ့ နောက်တန်းဌာနချုပ်မှာ သူ့အလုပ်ကို ဆက်မလုပ် နိုင်ဘူး။ သူ အလုပ်မပြီးဘူး။ မပြီးတဲ့ အချိန်မှာ အထက်ကနေ ထောင်းတာတွေ ဖိတာတွေ ရှိမယ်။ အဲဒါအတွက် စိတ်မဖြောင့်တော့ ဒီဟာကို မြန်မြန်ပြီးချင်တယ် ကိစ္စမြန်မြန် ဖြတ်ချင်တာအတွက် ခုနက လမ်းကို သူ ရွေး လိုက်တယ်။ ပြည်သူကို လိုက်ပစ်တော့တာ။

ကျည်စစ်ကျည်မှန်နဲ့ကို လိုက်ပစ်ပြီး ဖြိုခွဲတာတွေလုပ်တယ်။ xxx မှာ ရှိတဲ့ xxxရပ်ကွက်တခုလုံးကို စိစိညက်ညက်ကျေအောင် လိုက်ပစ်တာ။ ပစ်တာမှ တိုက်ပွဲ တခု ဖြစ်နေသလိုကိုပစ်တာ။ သူဆို သူ့သေနတ်တလက် ကိုင်ထားတယ်၊ သူ့နောက်မှာ ရဲဘော် တယောက်က သေနတ် ၂လက် ကိုင်ထားရတယ်။ သူက ကျည်ကုန်သွားပြီဆိုတာနဲ့ သေနတ်ကို ကိုယ်တိုင် ကျည်ကဒ်ထုတ်၊ ကျည်ပြန်ထိုးပြီးမလုပ်တော့ဘဲ နောက်က ရဲဘော်က ကျည်ထိုးပြီးသား သေနတ်တလက်အသင့် သူ့ကို ပြန်ပေးရတယ်။ သေနတ် ကို ထည်လဲပြီး ပစ်တာ။ တကယ့်ကို ဇာတ်လမ်းတွေထဲမှာ ကြည့်ရတဲ့ အတိုင်း၊ စစ်ပွဲတွေ ဖြစ်နေတဲ့အတိုင်း။

သူ အဲဒီလောက်ကြီး ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်ခဲ့တယ်။ အဲဒီအချိန်မှာ ကျနော်က တအားစိတ်ပူတာပေါ့။ အဲဒီလောက်အထိ မထင်ထားဘူး။ ကျနော်တို့က ခြောက်လှန့် ပစ်ခတ်မယ်ပဲ ထင်တာ။ ဒါပေမယ့် သူက အကြီးဆုံး ဖြစ်တယ် သူကိုယ်တိုင်က ထိပ်ဆုံးကနေ ဒီလိုမျိုးကြီး လိုက်လုပ်နေတာ။

တခု သက်သာတာက နောက်မှာ ကျန်ခဲ့တဲ့ အဖွဲ့တွေက လိုက်မလုပ်ကြဘူး။ တချို့လုပ်ခဲ့တာကို တားဆီးခဲ့ရတာရှိတယ်၊ ပါးရိုက်နားရိုက် လုပ်ပြီးတောင် တားရတာတွေရှိတယ်။ အဲဒီလောက် တားဆီးခဲ့တာ တောင် xxx မှာ xxx ဆိုတဲ့ အမျိုးသမီး တယောက် ရင်ဘတ်ကနေ နောက်ကျောကို ဖောက်ထွက်ပြီး သေသွားတယ်။ သေနတ်ပစ်လိုက်တဲ့ အချိန်မှာ ကမ်းနားလမ်းဘက်မှာ ဖြစ်တာပေါ့။

ပစ်လိုက်လို့ ထိသွားပြီဆိုတာသိလို့ လိုက်ရှင်းကြတဲ့ အချိန်မှာ သွေးကွက် တွေ မြင်တော့ စိတ်ပူသွားပြီး လိုက်ရှင်းတဲ့ အချိန်မှာ သူက အိမ်တအိမ် ထဲမှာ။ သူ့ဘေးနားမှာလည်း ပတ်တီး တွေ ဂွမ်းတွေ အရက်ပြန်တွေ ဘေးနားမှာ ချထားတာတွေ့တယ်။ တခြား လူတွေတော့ မရှိတော့ဘူး။ စစ်တပ်နဲ့ရဲက ဝင်ရှင်းတဲ့ အချိန်မှာ ထွက်ပြေးကြတာ။ သူ့ရဲ့ အသက်မဲ့ ခန္ဓာကိုယ်ကို ကျွန်တော်တို့ တွေ့တယ်။ တွေ့တဲ့အချိန်မှာ စိတ်တိုတယ်။ G1 လုပ်တဲ့သူကို သွားပြန်ပြောတယ်။

G1 ကြီးပေါ့ ပစ် လိုက်တာ  တွေ့ပြီ အခု အသက်မရှိတော့ဘူး ဒီလိုမျိုး အပြစ်တင်တဲ့ ပုံစံမျိုးနဲ့ ဘယ်လိုလုပ်ရမှာလည်း ဆိုပြီး အပြစ်တင်တဲ့ ပုံစံမျိုးနဲ့ သွားပြောတဲ့ အချိန်မှာ သူက လုံးဝ အေးအေးဆေးဆေး သက်သက်သာသာပဲ။ အေး သေသွားရင် အဲဒီ အလောင်းကို ရဲလက်အပ်လိုက် ပြီးရင် ဆေးရုံ ပို့ ခိုင်းလိုက်ဆိုပြီး အေးအေးသက်သာပဲ သူပြောသွားတာ။

အဲဒီ အဖြစ်အပျက် ဖြစ်ပြီးတဲ့ နောက်မှာပဲ ကျနော် CDM လုပ်ဖို့ ဆုံးဖြတ်တာ။ ကျနော်တို့ ဒီလိုမျိုးတွေ လုံးဝလက်မခံနိုင်ဘူး။ အရင်တုန်းက ဘယ်လောက်ပဲ မနေချင်ပါစေ ကြိတ်တ်မှိတ် နေခဲ့တာ ရှိတယ်။ ဒီလိုမျိုးကြီး မျက်ဝါးထင်ထင် တွေ့လိုက်ရတဲ့အချိန်မှာ ဒီလိုမျိုး ဆက်မနေသင့်တော့ဘူးဆိုပြီး ဆုံးဖြတ်ချက် ချမိတာ။

နောက်တယောက်ကတော့ G1 ကြီးရဲ့နောက်မှာ သေနတ်လွယ်ပြီး လိုက်ပေးရတဲ့ တယောက်။ စစ်တပ်က ဒီလို လုပ်နေတာတွေကို ဆန္ဒပြပြည်သူက မကျေနပ်ဘူး။  တုတ်တို့ လေးခွတို့တော့ သူတို့မှာပါမှာပေါ့။ စစ်ခွေးတွေထွက်သွား ဘာဖြစ်တယ် ညာဖြစ်တယ် ပြည်သူ့အာဏာပြန်ပေး ဒီလိုမျိုးတွေနဲ့ ကြွေးကျော်တာတွေ ရှိမယ်။ အမှန်ဆို ကျနော်တို့က သေနတ်တွေ ကိုင်ထားတာ သူတို့က လေးခွတွေ ကိုင်ထားတာ အသက် အန္တရာယ်ချင်း ယှဉ်မယ်ဆို ရင် လေးခွဲနဲ့ ပစ်လို့ သေတဲ့သူ မရှိဘူး သေနတ် နဲ့ ပစ်လို့ သေတဲ့သူပဲ ရှိတယ်။

ဒါကိုပဲ စစ်သား တယောက်က သူ့နားကို ကပ်လာပါတယ် ဆိုပြီး ပြည်သူ တယောက်ကို သေနတ်နဲ့ ပစ်သတ်လိုက်တယ်။ နာမည်တော့ ပြန်ရှာကြည့်မှ သိ မယ် အရှည်ကြီးလို့ပဲ ကျနော် တို့က ခေါ်တာပေါ့။ အဲဒီ တယောက်က ပစ်လိုက်တဲ့ အချိန်မှာ ရင်ဘတ်ကို မှန်ပြီး သေသွားတယ်။ အဲဒီ ဖြစ်စဉ်ကို အကုန်လုံးက မြင်ကြတယ်။ အကုန်လုံးက သိကြတယ်။ ဒီတော့ အကုန်လုံး တွက်တာက ဒီကောင်တော့ ထောင်ကျ တော့ မယ် ဒီကောင်တော့ ဒုက္ခရောက်တော့မယ်၊ ပြဿနာ တက်ပြီ လူသတ်လိုက်ပြီဆိုပြီး ဒီလို တွေးလိုက်ကြတာ။ ဒါပေမယ့် ဒါကို သူတိုကဖုံးဖိပေးကြတယ်။ ဖြစ်စဉ်တွေကို လိမ်ပြီး တင်တယ်။

အဲဒီစစ်သားတာဝန်ကျတဲ့နေရာမှာ ပြည်သူတယောက်က အကြမ်းဖက် ပုံစံမျိုးနဲ့ သေနတ်ကို ဝင်လုတယ်၊ ဝင်လုတဲ့ အတွက် စစ်သားက ပြန်ပြီး ခုခံတယ်၊ သူ့ကိုယ်သူ ကာကွယ်တယ်၊ သေနတ်ကို ပြန်ဆွဲလုတယ်၊ ဒီလူကို တွန်းလိုက်တယ်၊တွန်းပြီး ခြေထောက်ကို ပစ်လိုက်တယ် ဒါပေမယ့် လူက လဲသွားတာ ဖြစ်တဲ့အတွက် ခြေထောက်ကိုမမှန်ဘဲ ရင်ဘတ်ကို မှန်ပြီး သေသွားတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သူက မတော်တဆ ဖြစ်စဉ်မျိုးဖြစ်သယောင် ဖန်တီးတာ၊ ဒီ စစ်သားမှာ အပြစ်မရှိဘဲ သူက သူ့ကိုယ်သူ ကာကွယ်တဲ့အနေနဲ့ ဒီလို လုပ်လိုက်ရတာဆိုပြီး ဖြစ်စဉ်ကို လိမ်လည် တင်တဲ့အတွက် အဲ့ဒီ စစ်သားက ဘာမှအပြစ်ပေး မခံရဘူး။ ဖြစ်ဖြစ်ချင်းမှာ သူ့ကို တပ်မဌာနချုပ် က ဗဟိုကင်း အချုပ်ထဲမှာ ရက်ပိုင်းလောက်ပဲ ထားတယ်။

ပြီးတာနဲ့ သူ့ကို လူမြင်ကွင်းကဖယ်ထုတ်ပြီး လုံခြုံရေးတာဝန် မထမ်း ဆောင်ခိုင်းတော့ဘဲ တခြား တနေရာ ဂိတ်လိုနေရာမျိုး၊ ကင်းလို နေရာမျိုးမှာပဲ ထပ်ပြီး တာဝန် ပေးထားတယ်။ ပြောချင်တာက အသတ်ခံလိုက်ရတဲ့ ပြည်သူက ၂ခါ ၃ခါ ပြန်သေရမယ့်အပေါက်မျိုး။ သူတို့ စီစဉ် လိုက်တာ ဒီပြည်သူက အပြစ်ရှိတယ်၊ ဒီ ပြည်သူက ဒီလိုလုပ်လို့ သူသေသင့်တယ်ဆိုတဲ့ ပုံစံမျိုး။ ကျူးလွန်တဲ့ စစ်သားကိုတော့  အရေးယူတာမျိုး မရှိဘူး။ သူက အခုထိလည်း ဆက်လက် တာဝန် ထမ်းဆောင် နေတုန်းပဲ ။

ကျနော် CDM လုပ်မယ် ဆိုတာ ကျနော့် မိသားစု က အကုန်လုံး သဘောတူတယ်။ ကျနော့်မိသားစုက ကျနော့်နောက်မှာရှိတယ်။ တကယ်တမ်း ပြောရရင် ကျနော်က CDM မလုပ်ခင်မှာ စစ်တပ်က ဒီလိုမျိုး ပြည်သူကို သတ်ဖြတ်နေပါတယ်ဆိုတာ မယုံတဲ့အထဲမှာ ပါတယ်။ ကိုယ့်စိတ်နဲ့ကိုယ် နှိုင်းခဲ့မိတာ။ ငါ ဆိုရင် ပြည်သူကို သတ်ခဲ့မှာ မဟုတ်ဘူး ပြည်သူကို ကာကွယ်မှာ စစ်တပ်က ပြည်သူကို ခေါင်း တွေ လိုက်ပစ်နေတယ်လို့ ကျနော့် အမျိုးသမီးက ပြောတဲ့ အချိန်မှာ ကျနော်က မယုံဘူး။ ဒါ မဖြစ်နိုင်ဘူး လို့ပဲ တွေးခဲ့မိတာ။ ဝါဒမှိုင်းတွေ မိခဲ့တာပေါ့။

နောက်ပိုင်း မျက်မြင်ကြီး မြင်လိုက်ရတဲ့ အချိန်မှာ ဒါကြီးကို လုံးဝ ရွံသွားတယ်။ ဒီလူတွေနဲ့ တဖွဲ့ထဲနေ နေရတာကို စိတ်မသန့်တော့ဘူး။ ဒီ ယူနီဖောင်း တွေကို ရွံလာတယ်။ အဓိကကတော့ ကျနော့် မိသားစုက ကျနော့် ဘက်မှာ အမြဲ ရှိပေးခဲ့တယ်။ ကျနော် အခုလို CDM လုပ်မယ် ဆိုတဲ့အချိန်မှာ ကျနော့်အမျိုးသမီး က ကျနော့်ကို အရင်ဆုံး တိုက်တွန်းတယ်။ နောက်ဆုံး ကျနော် သဘောတူပြီး လုပ်မယ်ဆိုပြီး တိုင်ပင်တဲ့ အခါမှာ အစစအရာ ရာ သူက ပါဝင်ပေးတယ်။ ဆိုလိုတာက တဦးတယောက်တည်းအားနဲ့ ဖြတ်သန်းခဲ့တာ မဟုတ်ဘူး။

ကျနော် ဖြတ်သန်းတဲ့ အခက်အခဲ အကုန်လုံးက ကျနော့် မိသားစုအားတွေ အကုန်ပါတယ်။ ကျနော့်မှာ အရမ်းကြီး ခက်ခဲတဲ့ အခြေအနေ မျိုး မဟုတ်ဘူး။ ဆိုလိုတာက ကျနော်တို့က ဒီအခက် အခဲတွေကို ရင်ဆိုင်ရမယ် ဆိုတာ ကြိုတွက်ထားပြီးသား။ ဘယ်လိုအခြေအနေမှာ ဖြစ်ဖြစ် ငါတို့ ရအောင် ကျော်ဖြတ်မယ် ဆိုတဲ့စိတ် ထားခဲ့တယ်။

အခက်အခဲ ကတော့ ရှိတော့ ရှိခဲ့တယ်၊ ရအောင် ကျော်ဖြတ်နိုင်ဖို့ ကြိုးစားတယ်။ ဒီအခက်အခဲကြီးကို ထိုင်ပြီး စိတ်ညစ်နေတာမျိုး ဒါကြီးကို စိတ်ဓာတ် ကျနေတာမျိုးတော့ မရှိဘူး။ ကျနော့် အခက်အခဲဆုံး အချိန်က CDM လုပ်မလား မလုပ်ဘူးလားဆိုပြီး ဆုံးဖြတ်တဲ့အချိန်က အခက်အခဲဆုံးပဲ။ လုပ်မယ်လို့ ဆုံးဖြတ်ပြီးတဲ့နောက်မှာ ကျနော့် အတွက် အကုန်လုံး လွယ်ကူတယ်။ အခုလက်ရှိမှာလည်း ထွက်လာပြီးတဲ့နောက်မှာ ပြည်သူ တွေ အတွက် တော်လှန်ရေး အဖွဲ့တွေ အတွက် ဒီလိုမျိုး ပုံစံမျိုးနဲ့ ပါဝင်ဖို့ အစက မစဉ်းစားမိဘူး။ ဒီ မတရားတဲ့ အဖွဲ့အစည်း မှာ မနေနိုင်ဘူး ဆိုတဲ့ စိတ်ပဲ ကနဦး စဉ်းစားမိတာ။

အဲဒါကြောင့် ငါ ရုန်းထွက်မယ် ဆိုပြီး ရုန်းထွက်ခဲ့တယ်။ ဒါပေမဲ့လည်း ကျနော် ထွက်လာပြီးတဲ့ အချိန်မှာ တချို့ အခက်အခဲတွေ ကြုံရတော့ ငါကမှ မိသားစုက င့ါဘက်မှာ ရှိသေးတယ် ၊ငါ ဘာလုပ်လုပ် ထောက်ခံတယ် အားပေးတယ်။ ငါ့လိုမျိုး မဟုတ်တဲ့ တခြားသူတွေ ထွက်လာရင် ပိုပြီး ခက်ခဲမှာပါလား ဆိုတဲ့ အတွေး၊ ငါ တတ်နိုင်သလောက် ပြန်ကူရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပြန်ကူညီတယ်။

ကျနော် CDM ထုတ်ပေးတဲ့ စစ်သည်တွေ ရှိတယ် မိသားစုတွေ ရှိတယ် သူတို့တွေကို ကူညီပေးခဲ့တာ ရှိတယ်။ ကျနော် တို့ ထွက်လာပြီးတဲ့ အချိန်မှာ ဒီလိုကူညီရတာကိုက ကျနော်တို့ လုပ်ချင်တဲ့ အလုပ် ဖြစ်သွားပြီ။ အထဲထဲမှာ နေခဲ့ရတုန်းက တချို့အလုပ်တွေမှာ ကျနော် တို့ မလုပ်ချင်ပဲနဲ့ လုပ်ခဲ့ရတာ ရှိတယ်။ အမိန့်ပေးတယ် အကြောက်တရား နဲ့ အုပ်ချုပ်ခဲ့ရတာ ဖြစ်တဲ့ အတွက် ဘယ်လို မှ ဘာမှ ပြန်ပြောခွင့် မရှိဘူး။ ဟုတ်ကဲ့ တလုံးပဲ။

ကိုယ်မမှားရင်တောင်မှ ခေါင်းငြိမ့်နေရတဲ့ ပုံစံမျိုး အဲလို ဘဝမျိုးနဲ့ နေခဲ့ရတာ ဆိုတော့ အခု ကျနော် လုပ်နေရတဲ့ အလုပ်က ကျနော် တကယ် လုပ်ချင်တဲ့ အလုပ်။ ကျနော် အတွက်က ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လုပ်နေရတာ ဖြစ်တဲ့ အတွက် ဒီဘက်မှာ ရှိတဲ့ဟာတွေ အကုန်လုံးက အဆင်ပြေတယ် ။

အဓိကကတော့ ၁၅နှစ်လုံးလုံး လူလို မနေခဲ့ရဘူး။ ၁၅နှစ်လုံး အထဲမှာ ကျွန်သာသာ နေခဲ့ရတယ်။ အခုလို ထွက် လာ တဲ့ အချိန် မှာ တိုင်းရင်းသား နယ်မြေ တွေ ရောက်တယ် ပြည်သူတွေကြားထဲရောက်တယ်၊ အဲဒီ အချိန်မှာ စစ်တပ်က ပြည်သူတွေအပေါ်နဲ့ တိုင်းရင်းသားတွေအပေါ် မှာ ဘယ်လောက် ဖိနှိပ်ခဲ့တယ်ဆိုတာ ပိုပြီး သိလာရတယ်။ အဲသလိုမျိုးတွေ သိလာရလေ ကိုယ့်စိတ်ကိုယ် ခံစားရတယ်။

ငါတို့ တာဝန်မကျေခဲ့ပါလား ငါတို့ တကယ် အထင်ကြီး လေးစားခဲ့တဲ့ တပ်မတော်က ဟိုးအရင် အဆက်ဆက် ကတည်းက လူမျိုးတွေအပေါ်မှာ ပြည်သူတွေ အပေါ်မှာ ဖိနှိပ် ချုပ်ချယ်ဆက်ဆံခဲ့တာပါလား၊ နှိပ်စက်ခဲ့တာပါလား ဆိုတဲ့ အတွေးပေါ့။ အဲ့ဒါကြောင့် ကိုယ့်ကိုကိုယ် အပြစ်ရှိသလို ခံစားရတယ်။ အဲဒါကြောင့် အခု နောက်ပိုင်းမှာ တော်လှန်ရေး နိုင်ဖို့ အတွက်ကို ကျနော် တတ်နိုင်တဲ့ အလုပ် မှန်သမျှ အကုန် ကြိုးစားတယ်။

ကျနော်ကရော ကျနော့်အမျိုးသမီးပါ တတ်နိုင်တဲ့ဟာ  ကူညီနိုင်တယ် ဆိုတဲ့ဟာ အကုန်လုံး ကျနော်တို့ကူညီတယ်။ ဒီအပေါ်မှာ ဘာမှ ရခွင့် ဘာခွင့် ညာခွင့်မရှိဘူး။ ဒီဟာ လုပ်ပေးလို့ ဒါ ပြန်ရရမယ် ဆိုတဲ့ အတွေးမျိုးလည်း မရှိဘူး။ ဒီတော်လှန်ရေးသာ အောင်မြင်ပြီး သွားမယ်ဆိုရင် ဒါတွေ နဲ့ ကျနော်ဝေးဝေးနေမယ်။ ကျနော် တပ်ထဲမှာ နေပြီးတော့ တောက်လျောက်က မငြိမ်းချမ်းခဲ့တာ တော်တော်ကြာပြီ။ ကျနော့် မိသားစုမှာဆိုလည်း ကျနော့် အဖေ အမေ ဆုံး သွားတယ်။ ပြန်ခွင့်မရခဲ့တာတွေရှိတယ်။

မိသားစု ဆိုတာ ဘာမှန်းမသိခဲ့ရဘူး။ ကျနော် ၁၅နှစ် လုံးလုံး ဒီလိုမျိုး နေခဲ့ပြီးပြီ။ အခု ထွက်လာတဲ့ အချိန်မှာလည်း ကျနော် ဒီလိုအလုပ်တွေ လုပ်နေ တဲ့ အတွက် တချို့ဟာတွေမှာ ဘာမှ အချိန်မပေးနိုင်ဘူး။ ဒါတွေ ပြီးသွားရင်တော့ မိသားစု ပုံစံလေး နွေးနွေး ထွေးထွေး ဖြစ်အောင် တည်ဆောက်မယ်။ နောက်တခုကတော့ တော်လှန်ရေးမှာ အခုလို ကူညီနေရင်းနဲ့  တပ်ထဲမှာ ကိုယ့်ထက်နိမ့်ကျတဲ့ စစ်သည် ရဲမေ တွေ ဆိုရင် ကူညီ ချင်တဲ့စိတ် အမြဲ ရှိတယ်။ 

အဲဒီစိတ်က ဒီထိပါလာတယ်။ တော်လှန်ရေး လုပ်ရင်း ပေးကမ်းတာပဲ ဖြစ်ဖြစ် ကူညီတာပဲ ဖြစ်ဖြစ် ဘာမှ မျှော်လင့်ချက် မထားဘူး။ လုပ်ပေးလိုက်တယ်။ အဲဒီကနေ သူတို့ အဆင်ပြေသွားတာ မြင်ရရင် အရမ်းပီတိဖြစ်ရတယ်။ အဲဒီစိတ်ကိုတော့ တောက်လျောက် မွေးမြူသွားမယ် ။ တော်လှန်ရေးအလွန် အောင်မြင်ပြီးတဲ့ ကာလတွေမှာ ကျနော် ပရဟိတ လုပ်ရင်လုပ်မယ် ။ဒီလိုပုံစံမျိုးနဲ့ ဖြတ်သန်းမယ် ဆိုပြီး စဉ်းစားထားပါတယ်။