• Today is: Monday, May 27, 2024

မွန်အမျိုးသား နိုင်ငံရေးဆိုင်ရာ မှတ်တမ်းများ

ဖတ်ရှုနိုင်ပြီ | မွန်အမျိုးသား နိုင်ငံရေးဆိုင်ရာ မှတ်တမ်းများ

နိဒါန်း |

စာအုပ်မိတ်ဆက်

မွန်အမျိုးသားဆိုင်ရာ သမိုင်းကြောင်း စာအုပ်သည် နိုင်ငံရေးဆိုင်ရာ သမိုင်းအချက်အလက်များကို စုဆောင်း တင်ပြသော စာတမ်းအမျိုးအစား စာအုပ်ဖြစ်သည်။ မွန်အမျိုးသားတို့သည် အမျိုးသားရေးဆိုင်ရာ လက္ခဏာ ဝိသေသများနှင့် ပြည့်စုံသော လူမျိုး ဖြစ်သလို သမိုင်းကြောင်းအရ ခိုင်မာသောနိုင်ငံရေးစနစ်( နိုင်ငံရေးယူနစ်) တစ်ခုအနေနဲ့ တည်ရှိနိုင်ခဲ့သော လူမျိုးဖြစ်သည်။ မွန်လူမျိုးများကို မြန်မာနိုင်ငံ အပါဝင် ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနဲ့ အခြားသော အာရှနိုင်ငံတွေမှာ လူမျိုးတစ်ခုအနေနဲ့ တွေ့ရှိနိုင်ပါသည်။ လက်ရှိ စာတမ်းသည် မြန်မာနိုင်ငံတွင်း နေထိုင်ကြသော မွန်လူမျိုးများကို အခြေပြု ရေးသားထားခြင်း ဖြစ်သည်။

စာတမ်းပြုစုရခြင်း၏ ရည်ရွယ်ချက်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး တည်ဆောက်နိုင်ရေးမှာ စစ်မှန်သော ဖက်ဒရယ်စနစ်အတွက် အခြေခံကျသော ဖက်ဒရယ်ယူနစ် (Political Unit) အဖြစ် မွန်ပြည်နယ်တည်ဆောက်နိုင်ရေး ဆိုင်ရာ ကြိုးပမ်း၊ ပြင်ဆင်၊ ဆောင်ရွက်မှုများနှင့် လိုအပ်သော အချက်အလက်များကို သိရှိပြီး ကြိုးပမ်းဖြည့်စည်းနိုင်ရန်အတွက် အချက်အလက်များကို လက်လှမ်းမှီ သလောက် စုစည်းတင်ပြရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင်းရှိ အခြားတိုင်းရင်းသားများနည်းတူ မွန်တို့၏ သီးခြားနိုင်ငံရေးယူနစ်ဖြစ်တည်မှုသည် လက်ရှိအချိန်အထိ အခိုင်အမာ တည်ရှိနေသော်လည်း လက်ရှိအချိန်အထိ ဖက်ဒရယ်ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရဖြစ်သည့် အမျိုးသားတန်းတူရေး၊ နိုင်ငံရေးအရအသိအမှတ်ပြုရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်းတီးပိုင်ခွင့်နှင့် အမျိုးသားရေးအမှတ်လက္ခဏာ၊ စာပေ၊ ယဉ်ကျေးမှုများကို တရားဝင် ထိန်းသိမ်းသုံးစွဲနိုင်ရေးအတွက် တောင်းဆိုညှိနှိုင်းတော်လှန်နေရဆဲ ဖြစ်သည်။ တနည်းဆိုသော နိုင်ငံရေးဂုဏ်သိက္ခာအရ မွန်ပြည်နယ်ကို တည်ဆောက်နိုင်ဖို့ ခက်ခဲနေဆဲဖြစ်သည်။

သမိုင်းကြောင်းအရ မွန်လူမျိုးတို့သည် ပဒေသရာဇ်စနစ်ကို အခြေတည်ပြီး မွန်နိုင်ငံတော်ကို တည်ထောင်နိုင်ခဲ့သည်။ ထိုသမိုင်းဆိုင်ရာအချက်အလက်များကို ယနေ့အချိန်အထိ သိသာထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ မွန်ယဉ်ကျေးမှုအနေနှင့် အတိအကျ သတ်မှတ်ပြဌာန်းထားသော ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာလက်ရာ၊ အမျိုးသားဝတ်စုံ၊ ရိုးရာဓလေ့ထုံးတမ်းကို ယနေ့တိုင် တွေ့မြင်နိုင်ပါသည်။ အချုပ်အားဖြင့်ဆိုသော် မွန်လူမျိုးတို့၏ ကြီးမြတ်သော နိုင်ငံရေးတည်ထောင်နိုင်မှုနှင့် တသီးတခြား ဖြစ်တည်နေသော အမျိုးသားရေးလက္ခဏာများကို ထီးနန်းပျက်သုန်းပြီး နှစ်ပေါင်းများစွာတိုင်အောင် မပျောက်ကွယ်အောင် လက်ရှိအချိန် ထိန်းသိမ်းထားနိုင်ခဲ့သည်။ ထိုခေတ်အချိန်အခါအရ တိုင်းပြည် အချင်းချင်း စစ်မက်ပြိုင်တိုက်၊ နိုင်သူ တိုင်းပြည်သိမ်းစတမ်းကြောင့် မွန်ထီးနန်းကြီး ဗမာပဒေသရာဇ် ရာဇာတွေအောက် အပြီးတိုင်ရောက်ခဲ့ရသည်။

မွန်အမျိုးသားတို့သည် ကိုလိုနီအင်္ဂလိပ်နယ်ချဲ့လက်အောက်နှင့် ဖက်ဆစ်ဂျပန်လက်အောက်တွင် မှာပင် Burma Proper (ဗမာပြည်) နှင့် တသားတည်းတည်ရှိလိုစိတ်အရ ဗမာအမျိုးသားတို့နှင့် တန်းတူ ကရင်အမျိုးသား၊ ရခိုင်အမျိုးသား၊ မွန်အမျိုးသားတို့ တွန်းလှန်ခဲ့သည်။ သို့ပေမဲ့ ၁၉၄၈ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ မှာ ဗမာပြည်ကြီး လွတ်လပ်ရေးရပြီးသည့်တိုင်အောင် မွန်တို့သည် အမျိုးသားရေးအခွင့်အရေး၊ နိုင်ငံရေးရပိုင်ခွင့်ကို မရခဲ့ကြပေ။

ထို့ကြောင့် မိမိတို့ အမျိုးသားအခွင့်အရေး၊ မိမိကြမ္မာကို မိမိတို့ ကိုယ်တိုင် ရေးရမည်ဆိုသော စိတ်ဓာတ်ဖြင့် အကြမ်းမဖက် တော်လှန်ရေးနှင့် လက်နက်ကိုင်တော်လှန်ရေးတို့ ပေါ်ပေါက်လာခဲ့သည်။

ဗမာပြည်မကို လာရောက်ပူးပေါင်း လွတ်လပ်ရေးယူခဲ့ကြသော အခြားတိုင်းရင်းသား တို့သည်လည်း ဗမာ့နိုင်ငံရေးခေါင်းဆောင်များအနေနဲ့ ပင်လုံကတိကဝတ်အတိုင်း အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ကို တည်ဆောက်ခွင့်မရခဲ့သည့်အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုပါ ထိပါးလာတာကြောင့် ဒေသအသီးသီးတွင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အတွက် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ပေါ်ပေါက်လာခဲ့သည်။

ဖ.ဆ.ပ.လ ခေါင်းဆောင် ဝန်ကြီးချုပ်ဦးနုနှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်နေဝင်းတို့အပါအဝင် ဗမာ့နိုင်ငံရေး ခေါင်းဆောင်များသည် ကိုလိုနီနယ်ချဲ့၊ ဖက်ဆစ်နယ်ချဲ့တို့ လက်အောက်တွင် အခြားတိုင်းရင်းသား ဒေသများ နည်းတူ ကိုလိုနီသူ့ကျွန်ဘဝရောက်ခဲ့ချင်းအတူတူ ထိုဖြစ်ရပ်ဆိုးသမိုင်းသင်ခန်းစာကို လျှစ်လျူရှုပြီး တိုင်းရင်းသားများကို နိုင်ငံရေးအရ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် လွတ်လပ်ပိုင်ခွင့်ကို ပိတ်ပင်ခြင်း(တနည်း ဒေသတွင်း ကိုလိုနီပြုခြင်း) ကြောင့် မလိုလားအပ်သော ပြည်တွင်းစစ်ကြီး မီးတောက်လောင်ခဲ့ရသည်။

လက်နက်ကိုင်တော်လှန်ပြီး တိုင်းပြည်တစခုလုံး ဆင်းရဲမွဲတေမှုသည် တပြည်လုံး ပြည်သူများ၏ အေးချမ်းသာယာရေး၊ ကျန်းမာချမ်းသာရေးကို အလွန်တရာ ပျက်စီးစေသဖြင့် နိုင်ငံရေးပြဿနာဖြစ်သော အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး၊ နိုင်ငံရေးအအရ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရရှိရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နိုင်ဖို့အတွက် ရည်သန်ကြိုးပမ်းလျက်ရှိသည်။ အခြားတိုင်းရင်းသားများနည်းတူ မွန်တို့၏ အမျိုးသားအခြေပြု Political Unit တစ်ခု ခိုင်မာစွာ တည်ဆောက်နိုင်ဖို့ ကြိုးပမ်းချက်များကို ဤစာတမ်းတွင် တွေ့မြင်နိုင်ပါတယ်။ 

မြန်မာပြည်ကြီး ပြည်တွင်းစစ် ငြိမ်းချမ်းပြီး အမျိုးသားတန်းတူမှုရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် ရည်သန်ရင်းဖြင့် …။

စာတမ်းပြုစုရေးအဖွဲ့   

ဖတ်ရှုလိုပါက –

မွန်အမျိုးသား နိုင်ငံရေးဆိုင်ရာ မှတ်တမ်းများ PDF File လင့်ခ် – အခမဲ့ ဒေါင်းလုတ်ရယူပါ။

https://drive.google.com/file/d/1Lkz6FmbApeVDmMvvLQLGF06m0uwDrmIP/view?usp=share_link