• Today is: Friday, April 19, 2024

ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်(KSCU)၏ ပထမအကြိမ်ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

ဓါတ်ပုံ – Simsa Kasa
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၂၃
ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်(KSCU) ၏ ပထမအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ဆင်ပရော့မဂျွယ် ခန်းမမှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်၏ အဖွဲ့ဝင်တက္ကသိုလ်ဖြစ်သည့် ဝိဇ္ဇာ-တက္ကသိုလ်ကဖွင့်လစ်ခဲ့သည့် အဝေးသင် ပညာရေး အစီအစဉ်တွင် တက်ရောက်လေ့လာပြီး နောက်ဆုံးနှစ် စာမေးပွဲအောင်မြင်သူများနှင့် မြစ်ကြီးနား တက္ကသိုလ် ကြားကာလကောင်စီက ဖွင့်လှစ်ခဲ့သည့် အွန်လိုင်းအခြေပြု ပညာရေး အစီအစဉ်တို့မှာ တက်ရောက် လေ့လာပြီး နောက်ဆုံးနှစ် အောင်မြင်ခဲ့သူများကို ဘွဲ့ချီးမြှင့်ဂုဏ်ပြုတဲ့ အခမ်းအနား ဖြစ်ပါတယ်။
KSCU ၏ အဓိပတိကြီး၊ ဒု-ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်က “ကျွန်ုပ်တို့နိုင်ငံသားများအနယ်ဖြင့် မိမိကံကြမ္မာ မိမိဖန်တီးနိုင်ဖို့အတွက် ကြိုးစား နေကြရဆဲ ဖြစ်တယ်၊ ပြည်ထောင်စုတဝှမ်းတခဲနက် ပြိုင်တူဆင်နွဲနေကြသော တော်လှန်ရေးကြီး၌ အသိပညာရှင်၊ အတက် ပညာရှင်များ၊ လူငယ်များ၊ CDM ဝန်ထမ်းများ ကြီးမားကျယ်ပြန့်စွာ သင်ကြားပံ့ပိုးပေးနေသလို လူငယ်မောင်မယ်များဟာ သမိုင်းပေးတာဝန်များကို ထမ်းဆောင်ကြရတော့မည် ဖြစ်တယ်လို့” ဘွဲ့ယူ မောင်မယ်များအတွက်အခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အလားတူ အခမ်းအနားမှာ NUG အစိုးရ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး နှင့် ဒု-ဝန်ကြီး ဆရာမ ဂျာထွယ်ပန် တို့က အသီးသီး မိန့်ခွန်းပြောကြားခဲ့တာပါ။
ဒါ့အပြင် အခမ်းအနားအတွင်း ဘွဲ့ယူမောင်မယ်များကိုတော့ KSCU အဓိပတိ ဒု-ဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်က တက္ကသိုလ် ဘွဲ့ လက်မှတ်များကို ပေး အပ်ချီးမြင့် ပေးခဲ့ပါတယ်။
ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် (KSCU)၏ ပထမအကြိမ် ဘွဲ့ယူမောင် မယ်များဟာ မဟာဝိဇ္ဇာဘွဲ့ မြန်မာစာ အထူးပြု ၁ယောက်၊ သိပ္ပံ ဓာတုဗေဒအထူးပြု ၁ယောက်၊ ဝိဇ္ဇာဘွဲ့ မြန်မာစာအထူးပြု ၆ယောက်၊ ဝိဇ္ဇာဘွဲ့ အင်္ဂလိပ်စာ အထူးပြု ၉ယောက်၊ ဝိဇ္ဇာဘွဲ့ သမိုင်းအထူးပြု ၁၇ယောက်၊ ဝိဇ္ဇာဘွဲ့ ပထဝီအထူးပြု ၆ယောက်၊ ဝိဇ္ဇာဘွဲ့ စိတ်ပညာ အထူးပြု ၁၈ယောက်၊ ဝိဇ္ဇာဘွဲ့ ဒဿနိကဗေဒ အထူးပြု ၂ယောက်၊ ဥပဒေပညာအထူးပြု ၃ယောက်နှင့် ဝိဇ္ဇာဘွဲ့ စီးပွားရေး ပညာအထူးပြု ၁ယောက် စုစုပေါင်း ၆၄ ယောက် ဖြစ်ကြပါတယ်။
KSCU ဟာ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၏ ပညာရေး ဝန်ကြီးဌာန မူပါဒနှင့်အညီ ကေအိုင်အိုက ဖွဲ့စည်းပေးထားတဲ့ ကြားကာလနိုင်ငံရေးအတိုင်ပင်ခံအဖွဲ့(KPICT) တို့က ပူးပေါင်း ဖွင့်လှစ်ထားပြီး တက္ကသိုလ် CDM ဆရာ၊ ဆရာမများက ဦးဆောင် သင်ကြားပေးနေတဲ့ ကချင်ပြည်နယ် ပညာရပ်စုံ တက္ကသိုလ် ဖြစ်ပါတယ်။