• Today is: Friday, April 19, 2024

၂၀၂၃ က NUG အတွက် အဆုံးအဖြတ်နှစ်ဖြစ်မလား

“၂၀၂၃ က NUG အတွက် အဆုံးအဖြတ်နှစ်ဖြစ်မလား”

ရဲထက် (Freedom Fighter) | သူ့အတွေးသူ့အမြင်

NUG အစိုးရကတော့ ၂၀၂၃ က တော်လှန်ရေးအောင်ပွဲအတွက် အဆုံးအဖြတ်နှစ်လို့ ကြုံးဝါးထားပါတယ်။ ဒီလိုမျိုး အောင်ပွဲခံရမယ်လို့ ကြုံးဝါးတာက နှစ်စဉ်နှစ်တိုင်း ဖြစ်လေတော့ ပြည်သူအများကတော့ ယုံရနိုးနိုး မယုံရနိုးနိုးပါပဲ။   စောင့်ကြည့်လေ့လာသူ အများစုကလည်း ၂၀၂၃ ခုနှစ် အတွင်း မှာ တော်လှန်ရေးရဲ့ အပြီးသတ်အောင်ပွဲမျိုးကို တွေ့မြင်ရဖို့ ခက်ခဲမယ်လို့ တွက်ဆကြပါတယ်။

ဒီလိုမျိုး ၂၀၂၃ က တော်လှန်ရေးအတွက် အဆုံးအဖြတ်မဖြစ်နိုင်ပေမယ့် NUG အစိုးရအတွက် ဆက်လက်ပြီး တော်လှန်ရေးတပ်ဦးအဖြစ် ဦးဆောင်နိုင်မလားဆိုတဲ့အပေါ်မှာ အဆုံးအဖြတ်ပေးမယ့် ခုနှစ် ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ NUG အစိုးရအနေနဲ့ တော်လှန်ရေးတပ်ဦးအဖြစ် ဆက်လက်ဦးဆောင်နိုင်ဖို့ စိန်ခေါ်ချက်များစွာကို ရင်ဆိုင်နေရလို့ပါ။ ဒီစိန်ခေါ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းပေါ်မူတည်ပြီး ၂၀၂၃ က NUG အတွက် အဆုံးအဖြတ်ခုနှစ်ဖြစ်လာနိုင်ပါတယ်။ ဒီစိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ။ 

၁။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆုပ်ကိုင်မှုများခြင်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကြောင့် CRPH သို့မဟုတ် NUG အစိုးရတို့က တရားဝင်မှုရှိတယ်ဆိုတဲ့ အတွေးအခေါ်ကို လက်ရှိ NUG ခေါင်းဆောင်များနှင့် ပြည်သူအများက လက်ခံထားကြပါတယ်။ NUG ခေါင်းဆောင်များအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတဲ့အခါ နိုင်ငံသစ် အနာဂတ်သစ်ကို တော်လှန်ပြောင်းလဲနေတယ်ဆိုတာထက် ၂၀၂၀ ရွေးကောက်ပွဲကြောင့် သူတို့ကသာ တရားဝင်မှုရှိတယ်ဆိုတဲ့ ဇာတ်ကြောင်းကို ကိုင်စွဲပြောကြတာများပါတယ်။ ဒီလိုမျိုး ရွေးကောက်ပွဲရလဒ်ကို ဆုပ်ကိုင်မှုများခြင်းက တော်လှန်ရေးအင်အားစုများကို ပေါင်းစည်းဆောင်ရွက်ဖို့နဲ့ ဖက်ဒရယ်စနစ်ကို ပြောင်းလဲဖော်ဆောင်ဖို့အတွက် အခက်အခဲဖြစ်စေတာကို ပြီးခဲ့တဲ့ တော်လှန်ရေးနှစ်နှစ်တာမှာ တွေ့မြင်ခဲ့ရပြီးဖြစ်ပါတယ်။ တော်လှန်ရေးမှာရှိရမယ့် ကျစ်လစ်ခိုင်မာတဲ့စုဖွဲ့မှုထက် ဝန်ကြီးဌာနများစွာနဲ့ ဗျူရိုကရေစီဆန်တဲ့ စုဖွဲ့မှုကို ဖြစ်ပေါ်လာခြင်းကလည်း ရွေးကောက်ပွဲရလဒ်ကို ဆုပ်ကိုင်ထားခြင်း အယူအဆကို အခြေခံပါတယ်။  တော်လှန်ရေးအောင်မြင်ဖို့ မဟာဗျူဟာလမ်းကြောင်းချမှတ်ခြင်းထက် အစိုးရတစ်ရပ်နှင့် အသွင်လုပ်သဏ္ဍာန်တူရေးကို ပိုပြီးဦးတည်လာခြင်းက လက်ရှိတော်လှန်ရေးကို ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေကို ရောက်ရှိစေပါတယ်။ အထူးသဖြင့် စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲအသစ်ပြုလုပ်တဲ့အခါ CRPH/NUG ရဲ့ ၂၀၂၀ ရွေးကောက်ပွဲအခြေခံတည်ရှိမှုအပေါ် ရှုပ်ထွေးမှုတွေ ဖြစ်လာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် NUG အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုသာ မလွှတ်တမ်းကိုင်စွဲမယ်ဆိုရင်တော့ ဆက်လက်ပြီး တော်လှန်ရေးတပ်ဦးအဖြစ် ဦးဆောင်နိုင်ဖို့ အဟန့်အတားများစွာ ဖြစ်လာစေမှာကို သတိပြုရပါလိမ့်မယ်။

၂။ တာဝန်ယူမှု/တာဝန်ခံမှုမရှိခြင်း

NUG ရဲ့ ထိပ်ပိုင်းခေါင်းဆောင်များအနေနဲ့ သတင်းစကားတွေ၊ ကြွေးကြော်သံတွေကို လွယ်လွယ်ပြော / လွယ်လွယ်ပေးပြီး တာဝန်မခံတာက လုပ်ရိုးလုပ်စဉ် ဖြစ်နေပါတယ်။ ဒီလိုသတင်းတွေကို ဖော်ပြတင်ဆက်ခဲ့တဲ့ သတင်းမီဒီယာတွေ၊ ဂျာနယ်လစ်တွေကိုယ်တိုင်က ဒီလိုကိစ္စကို ပြန်လည်ထောက်ပြနိုင်ခြင်းမရှိဘဲ နှုတ်ဆိတ်နေနေကြတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီလိုမျိုး တော်လှန်ရေးခေါင်းဆောင်တွေ ကိုယ်တိုင်က မိမိတို့ နှုတ်ထွက်စကားတွေကို ပြန်လည်သုံးသပ်ဆင်ခြင်ခြင်း၊ တာဝန်ယူခြင်း၊ တာဝန်ခံခြင်း ကင်းမဲ့လာတာက NUG အစိုးရအပေါ် အယုံအကြည်ကျဆင်းလာစေမယ့် အချက်ဖြစ်ပါတယ်။

တော်လှန်ရေးခေါင်းဆောင်တွေကိုယ်တိုင်က တာဝန်ယူမှု/တာဝန်ခံမှုအားနည်းတဲ့အခါ ဆက်စပ်ပြီး အခြားသောတော်လှန်ရေးအင်အားစုတွေရဲ့ မှားယွင်းကျူးလွန်မှုတွေမှာ NUG ရဲ့ ဝင်ရောက်ဖြေရှင်းနိုင်စွမ်းက အားနည်းလာပါတယ်။ လက်နက်ကိုင်အစုအဖွဲ့တွေရဲ့ ပဋိပက္ခမဆိုထားနဲ့။ ပညာရေးနယ်ပယ်လို ဝန်ထမ်းအစုအဖွဲ့တွေကြား ပြဿနာမှာတောင် NUG အနေနဲ့ ဝင်ရောက်ဖြေရှင်းနိုင်စွမ်းနည်းပါးလှတာကို ပြီးခဲ့တဲ့ Kaung For You နဲ့ အခု FOEIM ကိစ္စတွေမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။

ဒါကြောင့် ပြည်သူတွေကြိုက်လောက်မယ့်စကားတွေနဲ့ မဲဆွယ်ရေးဆန်ဆန် ပြောဆိုစည်းရုံးမှုတွေကို ဆက်လက်လုပ်နေမယ်၊ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ အားနည်းချက်ကို ပြင်ဆင်တည့်မတ်နိုင်ခြင်းမရှိဘူးဆိုရင် ၂၀၂၃ အကျော်မှာ တော်လှန်ရေးမှာ ပါဝင်လုပ်ဆောင်နေတဲ့ အင်အားစုအသီးသီးရဲ့ ယုံကြည်လေးစားမှု ဆုံးရှုံးသွားနိုင်တဲ့ အခြေအနေ ဖြစ်တယ်ဆိုတာကို သတိပြုရမှာဖြစ်ပါတယ်။ 

၃။ ပေါ်ပြူလစ်စံနှုန်းမြင့်ခြင်း

ပေါ်ပြူလစ်ဝါဒ -တနည်းအားဖြင့် လူပိန်းကြိုက်ဝါဒဆိုတာကို အလွယ်ပြောရရင် ကြွေးကြော်သံတွေ မှာပဲလမ်းဆုံးပြီး အယူအဆ၊၊ ရပ်တည်ချက်၊ လမ်းစဉ်တခု ခိုင်ခိုင်မာမာမချမှတ်နိုင်တာ၊ မိမိတို့ကို ထောက်ခံအားပေးသူကိုသာ ပြည်သူလူထုအဖြစ်သတ်မှတ်တာ၊ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ပြည်သူလူထုကို တိုက်ရိုက်လွှမ်းမိုးဖို့ကြိုးစားပြီး ကြားခံအဖွဲ့အစည်းတွေအခန်းကဏ္ဍကို လျော့ချဖယ်ထုတ်ဖို့ ဦးတည်တာတွေကို ရည်ညွှန်းပါတယ်။

NUG အစိုးရရဲ့‌ ခေါင်းဆောင်သူအများစုက ဒီတော်လှန်ရေးကို ဦးဆောင်ပုံဖော်နေတဲ့သူတွေလို့ ကိုယ်ကိုယ်ကို မရှုမြင်ကြပါဘူး။ ပြည်သူတွေရဲ့ ဦးဆောင်မှုနောက်ကိုသာ ၎င်းတို့က လိုက်လံလုပ်ဆောင်နေတာဖြစ်တယ်ဆိုတဲ့ အတွေးအခေါ် အားကောင်းပါတယ်။ ဒါကြောင့် ပြည်သူလူထုရဲ့ စိတ်ခံစားချက်၊ ဆိုရှယ်မီဒီယာပေါ် ဖြစ်ပျက်နေတဲ့ ရေစီးကြောင်း၊ လူအများရဲ့ ပြုမှုဆောင်ရွက်ချက်တွေအပေါ် ရေလိုက်ငါးလိုက်နေတာပဲ အားကောင်းပြီး တော်လှန်ရေးလမ်းစဉ်တစ်ရပ် ခိုင်ခိုင်မာမာချမှတ်ဖို့ အားနည်းနေပါတယ်။

အခြားတစ်ဖက်မှာလည်း NUG ဦးဆောင်သူအများစုက နိုင်ငံတကာ မှာ ရောက်ရှိနေကြတာဖြစ်ပါတယ်။ ပြည်ပကနေ ပြည်သူလူထုနဲ့ ထိတွေ့ရာမှာတော့ ဆိုရှယ်မီဒီယာပေါ်က ဆက်သွယ်မှုတွေကို အားကိုးအားထားတာဖြစ်ပါတယ်။ ဒီအပေါ် အခြေခံပြီး NUG အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်း၊ နိုင်ငံတကာမှာရှိတဲ့ မြန်မာပြည်သူများ၊ ဆိုရှယ်မီဒီယာပေါ်က ပြည်သူတွေနှင့် ၎င်းတို့ကို လွှမ်းမိုးနိုင်တဲ့ ဆိုရှယ်အင်ဗလျူရန်ဆာတွေအပေါ် အဓိကဦးစားပေးအနေနဲ့ ထိတွေ့ဆက်ဆံစည်းရုံးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ ဒီလိုမျိုး နိုင်ငံတကာနှင့် ဆိုရှယ်မီဒီယာကို ဗဟိုပြုချက်များတဲ့အခါမှာ  တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါနေတဲ့ လူငယ်ကျောင်းသားအဖွဲ့အစည်းတွေ၊ မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင်အစုအဖွဲ့တွေ၊ ပဋိပက္ခနယ်မြေက ပြည်သူတွေရဲ့ အသံကိုနားထောင်မှု၊ ထိတွေ့ဆက်ဆံမှု၊ ယုံကြည်မှုတည်ဆောက်မှုနဲ့ ဦးဆောင်စည်းရုံးနိုင်စွမ်းမှာတော့ အားနည်းချက်များစွာ ရှိနေတာကို သုံးသပ်ဆင်ခြင်နိုင်ဖို့ လိုပါတယ်။ 

၄။ ရှင်းလင်းသော စုဖွဲ့လုပ်ဆောင်မှုမရှိခြင်း

NUG နှင့်  NUG ကိုစုဖွဲ့တည်ထောင်ပေးခဲ့တဲ့ CRPH နှစ်ခုလုံးမှာ တိကျရှင်းလင်းတဲ့ စုဖွဲ့လုပ်ဆောင်မှုပုံစံ မရှိပါဘူး။ ဝန်ကြီးချုပ်ဖြစ်စေ၊ ယာယီသမ္မတဖြစ်စေက ဘယ်လိုမျိုး အခွင့်အာဏာနဲ့ တာဝန်ယူလုပ်ဆောင်မှုတွေရှိတယ်ဆိုတာအတွက် တရားဝင်ပြဌာန်းချက်မရှိပါဘူး။ နောက်ပြီး ဝန်ကြီးတွေကို ဘယ်လိုမျိုး ခန့်အပ်ရွေးချယ်တယ်၊ ဝန်ကြီးတွေက ဘယ်သူတွေကို ပြန်လည်တာဝန်ခံရတယ်၊ ဘယ်လိုမျိုး တိုးတက်မှုရလဒ်ကို စောင့်ကြည့်အကဲဖြတ်မှုတွေရှိတယ်ဆိုတာကလည်း မပြဌာန်းထားပါဘူး။ ဒီတော့ တော်လှန်ရေးအဖွဲ့အစည်း ဒါမှမဟုတ် အစိုးရတစ်ရပ်နဲ့ မတူဘဲ ဝန်ကြီးဌာနအလိုက် Project ဆန်ဆန် လှုပ်ရှားတာတွေ၊ အမှန်တကယ်ရလဒ်ထွက်ဖို့ထက် “မလုပ်၊ မရှုပ်၊ မပြုတ်”  ဖြစ်လာတာတွေ၊ ၊ အထိန်းအကွပ်မဲ့ပြောဆိုတာတွေ၊ ရုပ်ပြကောင်းဖို့ ဦးစားပေးတာတွေ၊ ဝန်ကြီးဌာနတခုနဲ့တခု အတိုင်အဖောက်မညီတာတွေကို ပြီးခဲ့တဲ့ တော်လှန်ရေးကာလတွေမှာ တွေ့မြင်ရတာဖြစ်ပါတယ်။ ဒီလိုမျိုး စုဖွဲ့လုပ်ဆောင်မှုပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိရင်တော့ ဆက်လက်ပြီး တော်လှန်ရေးကို ဦးဆောင်နိုင်ဖို့ စွမ်းဆောင်ရည်ပိုင်းကော၊  ပွင့်လင်းမြင်သာမှုအပိုင်းမှာပါ အားနည်းချက်တွေရှိနေဦးမှာဖြစ်ပါတယ်။

၅။ အာဏာရှင်ဆန်ခြင်း

ဖက်ဒရယ်ဒီမိုကရေစီပဋိညာန်မှာ နွေဦးတော်လှန်ရေးရည်မှန်းချက်က စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အားလုံးကို အမြစ်ပျက်တိုက်ခိုက်ရေးလို့ ပြောပါတယ်။ ဒီလိုမျိုး အာဏာရှင်စနစ်တွေကို တိုက်ခိုက်နေတဲ့ NUG ကိုယ်တိုင်က အာဏာရှင်ဆန်တယ်လို့ပြောရင် ပြည်သူအများက သဘောကျမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် NUG ရဲ့ တည်ဆောက်မှုပုံစံက အာဏာရှင်စနစ်ဆန်နေပြီလားဆိုတာကိုတော့ ပြန်လည်ဆန်းစစ်သုံးသပ်ဖို့ လိုနေပါပြီ။ 

အာဏာရှင်စနစ်လို့ပြောတဲ့အခါမှာ နိုင်ငံရေးအာဏာကို အစုအဖွဲ့တခုခု သို့မဟုတ် လူပုဂ္ဂိုလ်တဦးဦးက ဆုပ်ကိုင်ထားပြီး အပြန်အလှန်ထိန်းကျောင်းမှု ပုံစံမရှိတာ၊ တရားဥပဒေစိုးမိုးမှုမရှိတာ တနည်းအားဖြင့် ဥပဒေအထက်မှာ ခြွင်းချက်များရှိနေတဲ့ အခြေအနေကို ရည်ညွှန်းပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံက အာဏာသုံးရပ်ကို ခွဲဝေမှုမရှင်းလင်းတာ၊ တပ်ချုပ်က တပ်တွင်းအာဏာသုံးရပ်ကို အလုံးစုံ ဆုပ်ကိုင်ထားပြီး တပ်ပြင်ပ နိုင်ငံရေးအာဏာသုံးရပ်ရဲ့ အထက်မှာရှိနေခြင်းက အာဏာရှင်စနစ်ရဲ့ မူလဘူတဖြစ်တာကြောင့်  အခုချိန်မှာ ဒီအကြောင်းတရားများကို တော်လှန်ရေးအားဖြင့် ပြောင်းလဲဖို့ လုပ်နေရခြင်းဖြစ်ပါတယ်။

ထိုနည်းတူစွာပဲ လက်ရှိ NUG အစိုးရမှာ အတွင်းစုဖွဲ့မှုလုပ်ဆောင်မှုမရှင်းလင်းသလို အာဏာခွဲဝေမှုနဲ့ အပြန်အလှန်ထိန်းကျောင်းမှုကလည်း မရှိပါဘူး။ NUG အစိုးရက အုပ်ချုပ်ရေးအာဏာကို ဆုပ်ကိုင်နေတဲ့အချိန်မှာ ဒါကို အပြန်အလှန်ထိန်းကျောင်းဖို့ လွှတ်တော်မရှိပါဘူး။CRPH အနေနဲ့ လွှတ်တော်ကိုယ်စားပြု အစုအဖွဲ့သာဖြစ်ပြီး သူကိုယ်တိုင် ရှေ့လျှောက် ဘယ်လိုအခန်းကဏ္ဍကနေ တော်လှန်ရေးမှာ ပါဝင်မလဲ မရှင်းလင်းတဲ့ အခြေအနေမှာ  NUG ကိုအပြန်အလှန်ထိန်းကျောင်းဖို့ တတ်စွမ်းနိုင်မှာ မဟုတ်ပါဘူး။ NUG ရဲ့ တရားစီရင်ရေးမဏ္ဍိုင် ဆိုသည်မှာလည်း လက်ရှိ အုပ်ချုပ်ရေးအစိုးရအဖွဲ့အတွင်း ပါဝင်နေတဲ့ MOJ လို့ အများကသိကြတဲ့ တရားရေးဝန်ကြီးဌာန ပေါ်ပေါက်ရုံမှာသာ ရှိနေပြီး တရားစီရင်ရေးယန္တရားအဖြစ် ဖြစ်ထွန်းတည်ဆောက်နိုင်ခြင်းမရှိသေးပါ။ (စကားချုပ်       တရားရေးဝန်ကြီးဌာနသည် NUG အစိုးရ၏ အုပ်ချုပ်ရေးမဏ္ဍိုင်အောက်ရှိ စီမံခန့်ခွဲရေး ကိစ္စရပ်များကိုသာ လုပ်ကိုင်ဆောင်ရွက်ရသည့် အစုအဖွဲ့ဖြစ်ပြီး တရားစီရင်ရေးယန္တရား မဟုတ်ပါ) 

အခြားတစ်ဖက်မှာလည်း NUCC တည်ထောင်စမှာတော့ NUG ကိုမူဝါဒအရထိန်းကျောင်းမှုတွေ လုပ်မယ်လို့ ဆိုပေမယ့် လက်ရှိမှာတော့ အမှန်တကယ် ထိန်းကျောင်းနိုင်စွမ်း မရှိတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပါဝင်ပက်သက်တဲ့သူတွေက ဘယ်လောက်ပဲ တော်လှန်ရေးစိတ်ဓာတ် ရှိပါတယ်လို့ ယုံကြည်ရပါစေ၊  စုဖွဲ့တည်ဆောက်ပုံအရ အာဏာရှင်စနစ်အသွင်ဆန်နေခြင်းကိုတော့ သတိပြုပြင်ဆင်နိုင်ဖို့ အရေးတကြီးလိုအပ်နေပါပြီ။ 

အထက်မှာ ထောက်ပြခဲ့တဲ့ အချက်တွေကို တာဝန်ရှိသူများအနေနဲ့ လေးလေးနက်နက် ဆင်ခြင်သုံးသပ်ပြီး ပြင်ဆင်မှုတွေ ပြုလုပ်မယ်ဆိုရင် NUGအနေနဲ့  ခိုင်မာအားကောင်းတဲ့ တော်လှန်ရေးတပ်ဦး အခန်းကဏ္ဍကိုဖော်ဆောင်နိုင်ပါလိမ့်မယ်။ တစ်ဖက်မှာလည်း NUG အနေနဲ့ ပြင်ဆင်ပြောင်းလဲမှုတွေကို အချိန်ကိုက်မလုပ်နိုင်တဲ့ အခြေအနေအတွက် အခြားသော လူငယ် အင်အားစု၊ တိုင်းရင်းသားအင်အားစုနဲ့  တော်လှန်ရေးအင်အားစု အသီးသီး အနေဖြင့် ဘယ်လိုမျိုး တော်လှန်ရေးတပ်ဦးခေါင်းဆောင်မှုတစ်ရပ်ကို ဖော်ဆောင်လုပ်ကိုင်ကြမလဲ ဆိုတာကို အခုချိန်ထဲကပင် ဆွေးနွေးအဖြေရှာဖို့ လိုအပ်နေပြီဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ 

ရဲထက် (Freedom Fighter)