• Today is: Monday, May 20, 2024

စစ်ကောင်စီ၏ ရွေးကောက်ပွဲ ရခိုင်ပြည်သူများအတွက် အထောက်အပံ့ မဖြစ်နိုင်ဟု ULA/ AA ပြော

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၃
စစ်ကောင်စီက ကျင်းပမည့်ရွေးကောက်ပွဲဟာ ရခိုင်ပြည်သူတို့အတွက် တစ်စုံတစ်ရာ အထောက်အပံ့ မဖြစ်နိုင်ဘူးလို့ ULA/AA က ဒီကနေ့ ဖေဖော်ဝါရီလ ၂၇ ရက်တွင် အွန်လှိုင်းကနေကျင်းပ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်ပါတယ်။
ULA/AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက”ရွေးကောက်ပွဲဟာ ရခိုင်ပြည်သူတွေ အတွက်အစုံတရာ ပြောင်းလဲမှု အထောက်အပံ့ မဖြစ်တဲ့အတွက် ထောက်ခံ ကန့်ကွက်တာနဲ့ ပတ်သတ်လို့ ပြောစရာမရှိပါ။ ပြည်သူတွေရဲ့ ဆန္ဒအရသာဖြစ်ပြီး ပြည်သူတွေ ထောက်ခံရင် ရွေးကောက်ပွဲဖြစ်မယ်၊ မထောက် ခံရင် ရွေးကောက်ပွဲ မဖြစ်ဘူး”လို့ ပြောပါတယ်။
စစ်ကောင်စီ၏ ကျင်းပလာမယ့် ရွေးကောက်ပွဲဟာ ရခိုင်ပြည်သူတွေအရေးတွေကို မဖြေရှင်းပေးနိုင်တဲ့အတွက် ကနေ့ချိန်ထိ လက်နက်ကိုင် တော်လှန်ရေး လုပ်နေရတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် စစ်ကောင်စီကတော့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့များနှင့် ၎င်း၏ဌာန ဆိုင်ရာ ဝန်ထမ်းအင်အားများကို အသုံးပြုကာ မြို့နယ်အလိုက် အိမ်ထောင်စု စာရင်းများ စီစစ် မှတ်တမ်း တင်ခြင်း များကို ပြုလုပ်နေတာ တွေ့ရပါတယ်။
စစ်ကောင်စီအသစ် ပြဋ္ဌာန်းထားသည့် ပါတီမှတ်ပုံအသစ်ဆိုင်ရာ ဥပဒေနှင့် ပတ်သက်ပြီး အသစ်ပြန်တင်ရန် မတင်ရန်အပေါ် ရခိုင် ပြည်ထဲက တိုင်းရင်းသား ပါတီများအနေဖြင့် ရှင်းရှင်းလင်းလင်း ထုတ်ပြန် ကြေညာ လာတာ မတွေ့ရသေးပါဘူး။