• Today is: Sunday, April 14, 2024

စစ်ကောင်စီ၏ ULA/AA နှင့် ရခိုင်လူထုကြား မထိတွေ့ဖို့ ဟန့်တားပြောဆိုမှုက တိုက်ပွဲသို့ ပြန်လည် ဦးတည် စေတယ်လို့ဆို

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၃
စစ်ကောင်စီ၏ ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်ထဲက မြို့နယ်တချို့မှာ တစ်ရွာဝင်တစ်ရွာထွက် သွားလာပြီး ULA/AA နှင့် မပတ်သက်ရန် တရားမဝင်အဖွဲ့အစည်းလို့ ပြောဆိုပြီး အဆက်အသွယ်မလုပ်ရန်၊ ကူညီ ထောက်ပံ့ ခြင်းများ မလုပ်ရန် ဟန့်တားပြောဆိုနေမှုဟာ အချိန်မရွေးတိုက်ပွဲလမ်းကြောင်းကို ပြန်ရောက်သွားနိုင်တယ်လို့ ရက္ခိုင် အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA)ပြောခွင့်ရ ဦးခိုင်သုခက ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က အွန်လှိုင်းကနေ ကျင်းပတဲ့ သတ္တမအကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
“မြန်မာစစ်တပ်အနေနဲ့ တောင်ကုတ်၊ သံတွဲ နှင့် မောင်တောမြို့နယ် ဘက်တွေမှာ တစ်ရွာဝင် တစ်ရွာထွက် သွား လာပြီး ULA/AA နှင့် မပတ်သက်ဖို့၊ အဆက် အသွယ်မလုပ်ဖို့၊ ကူညီ ထောက်ပံ့ခြင်းတွေ မလုပ်ဖို့နဲ့ ULA/AA ဟာ တရားမဝင်အဖွဲ့အစည်းဆိုပြီး ပြောဆိုနေတာတွေ ရှိတယ်။ ဒီလုပ်ရပ်များကို ဆက်တိုက် လုပ်ဆောင်လာနေတဲ့ အတွက် အချိန်မရွေးတိုက်ပွဲ လမ်းကြောင်းကို ပြန်ရောက်သွားနိုင်တယ်”လို့ ပြောဆိုလိုက်တာပါ။
ဒါ့အပြင် မြန်မာစစ်တပ်အနေနဲ့ ဒီလိုလုပ်ရပ်၊ အပြုအမူတွေကို ဆက်လက်ပြီး ဆိုးဆိုးဝါးဝါး လုပ်ဆောင်လာရင် တိုက်ပွဲ လမ်းကြောင်းကို အချိန်မရွေး ပြန်ရောက် သွားနိုင်ပါတယ်လို့ သူကပြောပါတယ်။
ရခိုင်တွင် အပစ်ရပ်ထားသော်လည်း နေ့စဉ်လူမှုဘဝလွတ်လပ်စွာ သွားလာနေထိုင်ခွင့်မရသေးဘဲ ကန့်သတ် တားဆီးပိတ်ပင်မှုများကို ပြည်သူများ ခံစားနေရဆဲဖြစ်ပြီး စစ်ကောင်စီက လူ၊ လက်နက်၊ ရိက္ခာအင်အားများ ဖြည့်တင်းမှုများကို နေစဉ်လုပ်ဆောင်နေလျက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
တကျော့ပြန်တိုက်ပွဲများကို ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ် စားလှယ် မစ္စတာ ဆာဆာကာဝါ၏ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်က စတင် ကာ နားလည်မှုဖြင့် နှစ်ဘက်အပစ်အခတ်ရပ်စဲထားတာ ဖြစ်ပါတယ်။
ULA/AA အနေနှင့် လက်ရှိ အပစ်ရပ်ကာလအတွင်းအုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကို ပိုမိုတိုးမြှင့် လုပ်ဆောင် လျက်ရှိပြီး စစ်ကောင်စီက ဖမ်းဆီးထားသည့် ဒေသခံပြည်သူများ ပြန်လည် လွတ်မြောက်ရေးကို လုပ်ဆောင် လျက် ရှိတယ်လို့ သိရပါတယ်။