• Today is: Thursday, March 28, 2024

မြစ်ကြီးနားမြို့စွန် ဒေသခံအချို့ အကြောင်းမဲ့ ရိုက်နှက်ခံရ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၂၊ ၂၀၂၃
 
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်းနန့်အနီးဝန်းကျင်ရှိ ကျေးရွာများက ဒေသခံအချို့ စစ်ကောင်စီတပ်ဖွဲ့၏ အကြောင်းမဲ့ ရိုက်နှက်တာကို ခံခဲ့ရတယ်လို့ သိရပါတယ်။
 
အဆိုပါ ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက် ၃ နာရီခန့်က စစ်ကောင်စီတပ်က မော်တော်ယာဉ် ၄ စီးဖြင့် မော်တောင်းကျေးရွာကို ဝင်ရောက်လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးဖို့ ရောက်ရှိလာတာဖြစ်ကာ အုပ်ချုပ်ရေးမှူးက နေအိမ်တွင်မရှိတာကြောင့် နီးစပ်ရာသို့ အတင်းအဓမ္မ ဝင်ရောက် စစ်ဆေးမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
 
အဆိုပါ အုပ်ချုပ်ရေးမှူးကို ဖမ်းဆီးနိုင်ဖို့ စစ်ကောင်စီတပ်က အုပ်ချုပ်ရေးမှူးနှင့် နီးစပ်တယ်ဟု ယူဆတဲ့ နေအိမ်သို့မှာ အတင်းအဓမ္မ ဝင်ရောက်စစ်ဆေးမှုပြုလုပ်ပြီး အိမ်ထောင်ဦးစီး အမျိုးသားတဦးကို ခြေ၊ လက်၊ လည်ပင်းများတွင် ပြင်းပြင်းထန်ထန် ရိုက်နှက် သွားတယ်လို့ ဆိုပါတယ်။
 
အလားတူ မနက် ၅ နာရီခွဲတွင်လည်း ဆယ်မိုင် ကျေးရွာတွင် ပြန်လည်ဝင်ရောက်ကာ လူငယ်တစ်ဦးကို ဖမ်းဆီးရိုက်နှက်မှု ပြုလုပ်ပြီး လူမှားယွင်းမိကြောင်း ပြောဆိုကာ နေအိမ်တွင်းရှိ တန်ဖိုးကြီးပစ္စည်းများဖြစ်တဲ့ ဖုန်းငါးလုံးနှင့် ပိုက်ဆံ ခုနှစ်သိန်းကိုလည်း အဓ္ဓမယူဆောင်သွားခဲ့ကြောင်း သိရပါတယ်။
 
“အဲဒီလူငယ်လေးက မနက် အစောကြီးထပြီး အိမ်အလုပ်လုပ်နေတာ၊ စစ်ကောင်စီတပ်ဖွဲ့တို့ကို တွေ့လို့ ပြေးမိတာ၊ အဲဒီမှာ သူက (လူငယ်လေး) က ကြောက်လို့ ထွက်ပြေးမိတာပေါ့ဗျာ။ အဲဒါကို လိုက်ဖမ်းပြီး သတိမေ့မျောသွားအောင်ကို ရိုက်နှက်သွားတာ” လို့ ဒေသခံတွေဆီက သိရပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့ ဝင်ရောက် ရိုက်နှက်သွားတဲ့ ဒေသခံများဟာ မြစ်ကြီးနား – ပူတာအိုကားလမ်းမဘေးတွင် တည်ရှိသော ကျေးရွာများမှာ နေထိုင်ကြတာ ဖြစ်ပါတယ်။